မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ဟာ ‘ကောင်းသောအမှု၌ စိတ်အားထက်သန်’ သူလား

သင်ဟာ ‘ကောင်းသောအမှု၌ စိတ်အားထက်သန်’ သူလား

‘ခရစ်တော်ယေရှုသည် ကောင်းသောအမှု၌ စိတ်အား ထက်သန်သည့် ကိုယ်တော့်အထူး ပိုင်ဆိုင်ရာအဖြစ် ငါတို့ကို သန့်ရှင်းစေရန် မိမိကိုယ်ကို စွန့်တော်မူ၏။’—တိ. ၂:၁၃၊ ၁၄

၁၊ ၂။ ယေဟောဝါသက်သေတွေမှာ ဘယ်အထူးဂုဏ်ယူစရာအကြောင်း ရှိသလဲ။ အဲဒါနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။

လူတွေဟာ မိမိတို့ရဲ့ ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခုအတွက် ဆုချီးမြှင့်ခံရတယ်ဆိုရင် ဂုဏ်ယူကြတယ်။ ဥပမာ၊ တချို့သူတွေဟာ မသင့်မြတ်တဲ့နိုင်ငံနှစ်နိုင်ငံကို သင့်မြတ်ငြိမ်းချမ်းအောင် လုပ်ပေးတဲ့အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရကြတယ်။ ဒါပေမဲ့ လူတွေကို ဘုရားသခင်နဲ့သင့်မြတ်အောင်လုပ်ဖို့ ဘုရားသခင်ရဲ့ စေလွှတ်ခြင်းခံရတာက ပိုပြီး ဂုဏ်ယူစရာကောင်းပါတယ်။

ယေဟောဝါသက်သေတွေအနေနဲ့ ကျွန်ုပ်တို့ဟာ အထူးဂုဏ်တင်ခံရသူတွေဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ လမ်းညွှန်မှုအောက်မှာ လူတွေကို “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင်၊” တစ်နည်းအားဖြင့် ကိုယ်တော့်မိတ်ဆွေတွေဖြစ်လာအောင် ကူညီပေးကြတယ်။ (၂ ကော. ၅:၂၀) ယေဟောဝါက ကျွန်ုပ်တို့ကိုသုံးပြီး လူတွေ မိမိထံချဉ်းကပ်လာအောင် လုပ်ဆောင်နေတယ်။ အကျိုးရလဒ်ကတော့ နိုင်ငံနဲ့ နယ်မြေ ၂၃၅ ခုကျော်မှာရှိတဲ့ သန်းနဲ့ချီတဲ့လူတွေဟာ ဘုရားသခင်နဲ့ ကောင်းတဲ့ဆက်ဆံရေးရှိလာပြီး ထာဝရအသက်မျှော်လင့်ချက် ရှိလာကြတယ်။ (တိ. ၂:၁၁) ကျွန်ုပ်တို့ဟာ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန်ပါဝင်ပြီး “ဆန္ဒရှိသူတိုင်း အသက်ရေကို အခမဲ့ယူ” ဖို့ ဖိတ်ခေါ်နေပါတယ်။ (ဗျာ. ၂၂:၁၇) ကျွန်ုပ်တို့က အလွန်မွန်မြတ်တဲ့ ဒီတာဝန်ကို တန်ဖိုးထားပြီး လုံ့လဝီရိယရှိရှိ လုပ်ဆောင်နေတဲ့အတွက် ကျွန်ုပ်တို့ကို ‘ကောင်းသောအမှု၌ စိတ်အားထက်သန်’ သူတွေလို့ ခေါ်နိုင်ပါတယ်။ (တိ. ၂:၁၄) ကောင်းတဲ့အမှုမှာ ကျွန်ုပ်တို့ စိတ်အားထက်သန်တာက လူတွေကို ယေဟောဝါထံ ချဉ်းကပ်လာအောင် ဘယ်လို ကူညီပေးတယ်ဆိုတာကို လေ့လာကြည့်ကြစို့။ နည်းလမ်းတစ်ခုကတော့ ဟောပြောခြင်းလုပ်ငန်းအားဖြင့် ဖြစ်တယ်။

ယေဟောဝါနဲ့ ယေရှုရဲ့ ထက်သန်မှုကို တုပပါ

၃။ ယေဟောဝါရဲ့ စိတ်အားထက်သန်မှုက ဘာကို ယုံကြည်စိတ်ချစေသလဲ။

ဘုရားသခင့်သားတော်ဟာ ဘုရင်အဖြစ်အုပ်ချုပ်မယ်၊ ကိုယ်တော်က လူသားတွေအတွက် ကောင်းတဲ့အရာတွေလုပ်ဆောင်ပေးမယ်လို့ ဟေရှာယ ၉:၇ (ကဘ) မှာ ဖော်ပြထားတယ်။ အဲဒါတွေအားလုံးဟာ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ ဇွဲထက်သန်မှု” ကြောင့် အကောင်အထည်ပေါ်လာမယ်။ ဇွဲထက်သန်တယ်ဆိုတာက တစ်ခုခုကိုလုပ်ဖို့ ဆန္ဒပြင်းပြတာဖြစ်တယ်။ ဒါကြောင့် ဟေရှာယရဲ့ အထက်ပါစကားတွေက လူသားတွေကို ယေဟောဝါ တကယ် ကယ်တင်ချင်တယ်ဆိုတာကို ယုံကြည်စိတ်ချစေတယ်။ ယေဟောဝါဘုရားသခင်က စိတ်အားထက်သန်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့လည်း ဟောပြောခြင်းလုပ်ငန်းမှာ စိတ်အားထက်သန်သင့်တယ်။ သင်ဟာ ဘုရားသခင့် လုပ်ဖော်ဆောင်ဖက်တစ်ယောက်အနေနဲ့ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ အစွမ်းကုန်လုပ်ဆောင်နေသလား။—၁ ကော. ၃:၉

၄။ ယေရှုဟာ အမှုဆောင်လုပ်ငန်းမှာ စိတ်အားထက်သန်မှုစံနမူနာကို ဘယ်လိုပြခဲ့သလဲ။

ယေရှုလည်း အမှုဆောင်လုပ်ငန်းမှာ စိတ်အားထက်သန်မှုစံနမူနာ ပြခဲ့တယ်။ လူများစွာက သူ့ကို ဆန့်ကျင်ပြီး သတ်ပစ်ချင်ပေမဲ့ သူ့ရဲ့ မြေကြီးအသက်တာ ကုန်ဆုံးချိန်အထိ ဟောပြောခြင်းလုပ်ငန်းမှာ စိတ်အားထက်သန်မှု ပြခဲ့တယ်။ (ယော. ၁၈:၃၆၊ ၃၇) ယေရှုဟာ မိမိ မကြာခင်မှာ ဝေဒနာတွေခံစားပြီး အသေခံရမယ်ဆိုတာ သိတဲ့အတွက်ကြောင့် လူတွေ ယေဟောဝါကို သိရှိနိုင်ဖို့ ပိုပြီး ကြိုးစားအားထုတ် လုပ်ဆောင်ခဲ့တယ်။

၅။ ယေရှုဟာ မိမိရဲ့ သဖန်းပင်ပုံဥပမာနဲ့အညီ ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

သာဓကအနေနဲ့ အေဒီ ၃၂ မှာ ယေရှုဟာ အသီးမသီးတဲ့ သဖန်းပင်တစ်ပင်ကိုပိုင်တဲ့ လူတစ်ယောက်အကြောင်း ပုံဥပမာတစ်ခု ပြောခဲ့တယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ ပိုင်ရှင်က အဲဒီအပင်ကိုခုတ်ပစ်လိုက်ဖို့ ပြောတဲ့အခါ ဥယျာဉ်စောင့်က အသီးသီးအောင်လုပ်ဖို့ အချိန်ပေးပါလို့ တောင်းဆိုခဲ့တယ်။ (လုကာ ၁၃:၆-၉ ကိုဖတ်ပါ။) ဒီအကြောင်းကို ယေရှုပြောခဲ့တုန်းက တပည့်တွေရဲ့အရေအတွက် နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ ပုံဥပမာမှာဖော်ပြတဲ့အတိုင်း ဥယျာဉ်စောင့်ဖြစ်တဲ့ ယေရှုဟာ သူ မသေဆုံးမီ အချိန်တိုလေးအတွင်းမှာ ပိုကြိုးစားအားထုတ်ပြီး လုပ်ဆောင်ချင်ခဲ့တယ်။ ဒါကြောင့် ယေရှုဟာ ယုဒနဲ့ ပေရိယနယ်မှာ ခြောက်လလောက် ထက်ထက်သန်သန် ဟောပြောခဲ့တယ်။ ယေရှုဟာ သူမသေဆုံးခင် ရက်အနည်းငယ်မှာ သူဟောတဲ့သတင်းကို လက်မခံတဲ့လူတွေအတွက် ငိုခဲ့တယ်။—မ. ၁၃:၁၅; လု. ၁၉:၄၁

၆။ ကျွန်ုပ်တို့ ဘာကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ အရှိန်မြှင့် လုပ်ဆောင်ဖို့လိုသလဲ။

အဆုံးက အရမ်းနီးနေပြီဖြစ်လို့ ကျွန်ုပ်တို့ဟာ ဟောပြောခြင်းလုပ်ငန်းမှာ အရှိန်မြှင့်ပြီး ပါဝင်လုပ်ဆောင်ဖို့လိုတယ်။ (ဒံယေလ ၂:၄၁-၄၅ ကိုဖတ်ပါ။) ယေဟောဝါသက်သေဖြစ်ရတာ ဘယ်လောက်တောင် အခွင့်ထူးလိုက်သလဲ။ လူ့ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းအမှန်ကို ပြောပြနိုင်တာ ကမ္ဘာပေါ်မှာ ယေဟောဝါသက်သေတွေပဲရှိတယ်။ သိပ်မကြာသေးခင်မှာ သတင်းစာဆရာတစ်ယောက်က “လူကောင်းတွေ ဘာကြောင့် ဆင်းရဲဒုက္ခခံစားရသလဲ” ဆိုတဲ့မေးခွန်းဟာ အဖြေမရှိတဲ့မေးခွန်းဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် နားထောင်လိုစိတ်ရှိသူတွေကို ဒီလိုမေးခွန်းမျိုးတွေရဲ့ ကျမ်းစာအဖြေ ပြောပြရတာက ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်တာဝန်နဲ့ အခွင့်ထူးဖြစ်တယ်။ ယေဟောဝါအပ်နှင်းထားတဲ့ အလုပ်ကို လုပ်ဆောင်ရာမှာ ကျွန်ုပ်တို့ဟာ “စွမ်းအားတော်ဖြင့် စိတ်ထက်သန်” နေသင့်တယ်။ (ရော. ၁၂:၁၁) ယေဟောဝါ ကောင်းချီးပေးတဲ့အတွက် ကျွန်ုပ်တို့ဟာ လူတွေ ကိုယ်တော့်ကို သိကျွမ်းပြီး ချစ်လာအောင် ကူညီပေးနိုင်ကြတယ်။

ကျွန်ုပ်တို့ရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ယေဟောဝါကို ဂုဏ်တင်

၇၊ ၈။ ကျွန်ုပ်တို့ရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ယေဟောဝါကို ဘယ်လိုဂုဏ်တင်မှု ဖြစ်စေသလဲ။

တမန်တော်ပေါလု ကြုံတွေ့ခဲ့ရတဲ့အတိုင်းပဲ ကျွန်ုပ်တို့လည်း အမှုဆောင်လုပ်ငန်းမှာ “အအိပ်ပျက်ခြင်း၊ အစားပျက်ခြင်း” တွေနဲ့ ကြုံတွေ့ရနိုင်တယ်။ (၂ ကော. ၆:၅) ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုညီအစ်မတွေလည်း အမှုဆောင်လုပ်ငန်းကြောင့် အဲဒီလို ကိုယ်ကျိုးစွန့်ကြရတယ်။ အမှုဆောင်လုပ်ငန်းကို အရေးကြီးတဲ့အလုပ်အဖြစ် ယူမှတ်တဲ့ ရှေ့ဆောင်တွေဟာ သူတို့ကိုယ်သူတို့ ထောက်ပံ့ဖို့ အလုပ်လုပ်ကြရတယ်။ တခြားတိုင်းပြည်တွေမှာရှိတဲ့လူတွေကို ကူညီပေးဖို့ ကြိုးစားလုပ်ဆောင်ကြတဲ့ သာသနာပြုတွေအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ (ဖိ. ၂:၁၇) တစ်ခါတလေ အသင်းတော်အကြီးအကဲတွေလည်း ယေဟောဝါရဲ့သိုးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ အစားပျက်၊ အအိပ်ပျက်ကြရတယ်။ အသင်းတော်မှာရှိတဲ့ အသက်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေဆိုရင်လည်း အစည်းအဝေးတွေတက်ဖို့နဲ့ အမှုဆောင်လုပ်ငန်းမှာပါဝင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ကြရတယ်။ ဘုရားသခင်ရဲ့ ဒီကျေးကျွန်တွေ အမှုဆောင်လုပ်ငန်းအတွက် ကိုယ်ကျိုးစွန့်ဖို့ တလိုတလားရှိနေတာကို မြင်ရတာက အားရှိစရာပါပဲ။ ဒါတွေကြောင့် အသင်းတော်ပြင်ပက တခြားသူတွေတောင် ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းက ဘယ်လောက်အထိအရေးကြီးတယ်ဆိုတာကို သတိပြုမိကြတယ်။

ဗြိတိန်နိုင်ငံက သတင်းစာတစ်စောင်မှာ သက်သေခံမဟုတ်တဲ့ စာဖတ်သူတစ်ဦးက အခုလိုပြောခဲ့တယ်– “လူတွေက ဘာသာရေးကို အယုံအကြည်မရှိကြတော့ဘူး။ . . . အဲဒီချာ့ခ်ျက ဆရာတွေ တစ်နေကုန် ဘာလုပ်နေကြသလဲ။ သူတို့တွေက ခရစ်တော်လို လူတွေကိုတွေ့ဖို့ အပြင်မသွားကြဘူး။ . . . လူတွေကို အရေးစိုက်တဲ့ဘာသာက ယေဟောဝါသက်သေတွေပဲရှိတယ်၊ သူတို့က လူတွေကိုတွေ့ဖို့ အပြင်ထွက်ပြီး အမှန်တရားဟောပြောခြင်းလုပ်ငန်းမှာ တကယ်ပါဝင်ကြတယ်။” အများစုက ကိုယ်ကျိုးရှာနေတဲ့ ဒီလောကမှာ ကျွန်ုပ်တို့ရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်က ယေဟောဝါဘုရားသခင်ကို ဂုဏ်တင်မှုဖြစ်စေပါတယ်။—ရော. ၁၂:၁

အမှုဆောင်လုပ်ငန်းမှာ သင်ပါဝင်နေတာက ကြည့်နေတဲ့လူတွေအတွက် သက်သေခံချက်ကောင်းတစ်ခုဖြစ်

၉။ ကောင်းသောအမှုမှာ စိတ်အားထက်သန်ဖို့ ကျွန်ုပ်တို့ကို ဘာက လှုံ့ဆော်ပေးနိုင်သလဲ။

ဒါပေမဲ့ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ရဲ့ စိတ်အားထက်သန်မှု လျော့နည်းလာပုံပေါက်တယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။ ဟောပြောခြင်းလုပ်ငန်းအားဖြင့် ယေဟောဝါ ပြီးမြောက်စေတဲ့အရာတွေကို ပြန်စဉ်းစားတာက အထောက်အကူပြုပါတယ်။ (ရောမ ၁၀:၁၃-၁၅ ကိုဖတ်ပါ။) ကယ်တင်ခြင်းရဖို့က ယေဟောဝါကိုယုံကြည်ပြီး ကိုယ်တော့်နာမည်ကို ခေါ်ခြင်းအပေါ် မူတည်နေတယ်၊ ဒါပေမဲ့ ကျွန်ုပ်တို့ မဟောပြောဘူးဆိုရင် လူတွေ ဘုရားသခင့်နာမည်ကို ခေါ်နိုင်မှာမဟုတ်ဘူး။ ဒီအချက်ကို သိထားတဲ့အတွက် ကောင်းတဲ့အမှုမှာ စိတ်အားထက်သန်ဖို့၊ နိုင်ငံတော်သတင်းကောင်း ဟောပြောရာမှာ လုံ့လဝီရိယရှိဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်တယ်။

အမူအကျင့်ကောင်းက လူတွေကို ဘုရားသခင်အကြောင်း သိလိုစိတ်ရှိစေ

သင့်ရဲ့ ရိုးသား၊ ကြိုးစားမှုကို လူတွေ မမြင်ဘဲမနေဘူး

၁၀။ ကျွန်ုပ်တို့ရဲ့ အမူအကျင့်ကောင်းက တခြားသူတွေ ယေဟောဝါအကြောင်း သိချင်စိတ်ရှိလာအောင် လုပ်နိုင်တယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။

၁၀ လူတွေကို ဘုရားသခင်အကြောင်းသိချင်စိတ်ရှိလာအောင် လုပ်ဆောင်ရာမှာ အမှုဆောင်လုပ်ငန်းအတွက် စိတ်အားထက်သန်မှုတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ သူတို့အတွက် အကူအညီဖြစ်စေတဲ့ ဒုတိယအချက်တစ်ချက်က ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်အမူအကျင့်ကောင်းဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့အမူအကျင့် အရေးကြီးပုံအကြောင်း ပေါလု ဒီလိုပြောခဲ့တယ်– “ငါတို့၏အမှုတော်ဆောင်ခြင်းကို အပြစ်ရှာမတွေ့နိုင်စေရန် တိုက်မိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှ ငါတို့မပြု။” (၂ ကော. ၆:၃) ကျွန်ုပ်တို့ရဲ့ သန့်ရှင်းဖြူစင်တဲ့ အပြောအဆိုနဲ့ အမူအကျင့်ကောင်းက တခြားသူတွေ ယေဟောဝါကို ဝတ်ပြုချင်စိတ်ရှိလာအောင် လုပ်ဆောင်နိုင်တယ်။ (တိ. ၂:၁၀) ဒါကြောင့် ခရစ်တော်ကို ကျွန်ုပ်တို့တုပတာကို လူတွေ မြင်တွေ့တဲ့အခါ အမှန်တရားကို လက်ခံလာကြတဲ့အကြောင်း မကြာခဏ ကြားရလေ့ရှိတယ်။

၁၁။ ကျွန်ုပ်တို့ရဲ့အမူအကျင့်က တခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကို ဘာကြောင့် အသေအချာ ဆုတောင်းသုံးသပ်သင့်သလဲ။

၁၁ ကျွန်ုပ်တို့ရဲ့ကောင်းတဲ့အမူအကျင့်က လူတွေကို အမှန်တရားအကြောင်း သိချင်လာအောင် လုပ်ဆောင်နိုင်သလို မကောင်းတဲ့အမူအကျင့်က လူတွေကို ယေဟောဝါအကြောင်း လုံးဝမသိချင်တော့အောင်လည်း လုပ်ဆောင်နိုင်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ အလုပ်ခွင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းနဲ့ အမူအကျင့်ကို အပြစ်တင်စရာဖြစ်စေမယ့်အရာကို ရှောင်ကြတယ်။ အကယ်၍ ကျွန်ုပ်တို့က တမင်တကာ အပြစ်ပြုလုပ်တယ်ဆိုရင် ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး ထာဝစဉ်ပြတ်တောက်သွားပါလိမ့်မယ်။ (ဟေဗြဲ ၁၀:၂၆၊ ၂၇) ဒီအချက်က ကျွန်ုပ်တို့ရဲ့အမူအကျင့်နဲ့ အဲဒီအမူအကျင့်က တခြားသူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာကို အသေအချာ ဆုတောင်းသုံးသပ်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသင့်တယ်။ ဒီလောကရဲ့ စာရိတ္တစံနှုန်းတွေ ပိုပြီးနိမ့်ကျလာတဲ့အတွက် “ဘုရားသခင်ကို အမှုဆောင်တဲ့သူနဲ့ အမှုမဆောင်တဲ့သူရဲ့ ကွာခြားမှု” ကို စိတ်နှလုံးရိုးဖြောင့်သူတွေ ပိုပြီး အလွယ်တကူ တွေ့မြင်လာမှာဖြစ်တယ်။ (မာလ. ၃:၁၈ကဘ) မှန်ပါတယ်၊ လူတွေကို ဘုရားသခင့်မိတ်ဆွေဖြစ်ဖို့ ကူညီရာမှာ ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်အမူအကျင့်ကောင်းတွေက အရေးပါတဲ့ကဏ္ဍတစ်ခုဖြစ်တယ်။

၁၂–၁၄။ စမ်းသပ်မှုတွေကို ကျွန်ုပ်တို့ခံနိုင်ရည်ရှိခြင်းက အမှန်တရားအပေါ် တခြားသူတွေရဲ့ရှုမြင်ပုံကို ဘယ်လိုအကျိုးသက်ရောက်သလဲ။ ဥပမာပေးပါ။

၁၂ ကောရိန္သုအသင်းတော်ကို ရေးတဲ့ ဒုတိယစာမှာ ပေါလုက သူ ဆင်းရဲဒုက္ခတွေ၊ အခက်အခဲတွေ ကြုံရတဲ့အကြောင်း၊ အရိုက်ခံရ၊ ထောင်ချခံရတဲ့အကြောင်း ပြောပြခဲ့တယ်။ (၂ ကောရိန္သု ၆:၄၊ ၅ ကိုဖတ်ပါ။) ယုံကြည်ခြင်းစမ်းသပ်မှုတွေ ခံရတဲ့အခါ ကျွန်ုပ်တို့ရဲ့ခံနိုင်ရည်ကို မြင်တွေ့တဲ့သူတွေဟာ အမှန်တရားကိုလက်ခံဖို့ လှုံ့ဆော်ခံရနိုင်တယ်။ သာဓကအနေနဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က အင်ဂိုလာနိုင်ငံရဲ့ နေရာတစ်နေရာမှာ ယေဟောဝါသက်သေတွေကို အပြတ်ရှင်းပစ်ဖို့ ကြိုးစားခဲ့တယ်။ နှစ်ခြင်းခံပြီးသား သက်သေခံမောင်နှံတစ်စုံနဲ့ အစည်းအဝေးတွေတက်နေပြီဖြစ်တဲ့ စိတ်ဝင်စားသူအယောက် ၃၀ ဟာ အဖမ်းခံရတယ်။ ပြီးတဲ့နောက် ဒီအပြစ်မဲ့တဲ့သူတွေကို သွေးထွက်သံယိုဖြစ်တဲ့အထိ ရိုက်နှက်တာကို လာကြည့်ကြဖို့ လူတွေကို ခေါ်တယ်။ အမျိုးသမီးနဲ့ ကလေးတွေကိုလည်း အလွတ်မပေးဘဲ ရိုက်နှက်ကြတယ်။ ရည်ရွယ်ချက်က ယေဟောဝါသက်သေတွေ ဟောပြောတာကို လူတွေ နားမထောင်ရဲအောင် လုပ်တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ပြီးနောက်မှာ လူတွေက သက်သေခံတွေဆီလာပြီး ကျမ်းစာသင်ပေးဖို့ တောင်းဆိုကြတယ်။ ရလဒ်အနေနဲ့ ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ပြီး လူများစွာဟာ အမှန်တရားထဲရောက်လာကြတယ်၊ ညီအစ်ကိုညီအစ်မတွေ ကောင်းချီးခံစားခဲ့ကြရတယ်။

၁၃ လူတွေဟာ စမ်းသပ်မှုတစ်ခုကို ကျွန်ုပ်တို့ ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ခံရပ်တာကို မြင်တွေ့တဲ့အခါ အမှန်တရားကို လက်ခံဖို့ ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်တယ်ဆိုတာကို ဒီနမူနာက ဖော်ပြတယ်။ ပေတရုနဲ့ တခြားတမန်တော်တွေရဲ့ ရဲစွမ်းသတ္တိက တခြားသူတွေကို ဘုရားသခင့်မိတ်ဆွေဖြစ်လာစေဖို့ အားပေးရာရောက်တယ်။ (တ. ၅:၁၇-၂၉) မှန်ရာကိုပြုလုပ်ဖို့ ကျွန်ုပ်တို့ အခိုင်အမာရပ်တည်တာကို အလုပ်ဖော်တွေ၊ ကျောင်းနေဖက်တွေ၊ မိသားစုဝင်တွေ မြင်တွေ့တဲ့အခါမှာ သူတို့လည်း အမှန်တရားကို လက်ခံလာနိုင်တယ်။

၁၄ အချိန်တိုင်းမှာ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မတချို့ဟာ နှိပ်စက်ညှဉ်းပန်းခံနေရတယ်။ သာဓကအနေနဲ့ အာမေးနီးယားနိုင်ငံမှာဆိုရင် ညီအစ်ကို ၄၀ လောက်ဟာ သူတို့ရဲ့ကြားနေမှုကြောင့် ထောင်ကျနေတယ်။ လာမယ့်လတွေမှာလည်း ထောင်ကျနိုင်တဲ့သူတွေ ရှိသေးတယ်။ အဲရိထရိအာနိုင်ငံမှာ သက်သေခံညီအစ်ကိုညီအစ်မ ၅၅ ယောက် ထောင်ချခံနေရတယ်၊ အဲဒီထဲကတချို့ဆိုရင် အသက် ၆၀ ကျော်တွေဖြစ်တယ်။ တောင်ကိုရီးယားမှာလည်း သက်သေခံ ၇၀၀ လောက်ဟာ သူတို့ရဲ့ယုံကြည်ချက်ကြောင့် ထောင်ချခံနေရတယ်။ ဒီလိုကြုံတွေ့နေရတာ အနှစ် ၆၀ ကျော်ရှိနေပြီ။ နှိပ်စက်ညှဉ်းပန်းခံရတဲ့ ဒီညီအစ်ကိုတွေရဲ့ သစ္စာရှိမှုကြောင့် ဘုရားသခင့်ဘုန်းထင်ရှားစေဖို့နဲ့ တခြားသူတွေ အမှန်တရားကို လက်ခံလာအောင် အကူအညီဖြစ်စေဖို့ ဆုတောင်းပေးကြစို့။—ဆာ. ၇၆:၈-၁၀

၁၅။ ကျွန်ုပ်တို့ရဲ့ရိုးသားမှုက လူတွေကို အမှန်တရားထဲရောက်အောင် ဆွဲဆောင်နိုင်တယ်ဆိုတာ ဥပမာပေးပါ။

၁၅ ကျွန်ုပ်တို့ရဲ့ရိုးသားမှုကလည်း လူတွေကို အမှန်တရားထဲရောက်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ (၂ ကောရိန္သု ၆:၄၊ ကိုဖတ်ပါ။) ဥပမာ၊ ဒီတွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ– ညီအစ်မတစ်ယောက်က ဘတ်စကားပေါ်က လက်မှတ်ရောင်းတဲ့စက်ထဲ ပိုက်ဆံထည့်လိုက်တဲ့အခါ သူ့အသိတစ်ယောက်က သွားမယ့်ခရီးက နီးနီးလေးဖြစ်လို့ လက်မှတ်ဝယ်စရာမလိုဘူးလို့ ပြောလိုက်တယ်။ ညီအစ်မက တစ်မှတ်တိုင်ပဲစီးတယ်ဆိုရင်တောင် လက်မှတ်ဝယ်ရမယ်လို့ ရှင်းပြတယ်။ အဲဒီနောက် ညီအစ်မရဲ့အသိက ဘတ်စကားပေါ်က ဆင်းသွားတယ်။ အဲဒီအချိန်မှာ ဘတ်စကားမောင်းတဲ့သူက ညီအစ်မဘက်လှည့်ပြီး “ခင်ဗျားက ယေဟောဝါသက်သေလား” လို့မေးတယ်၊ ညီအစ်မက “ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ” လို့ ပြန်မေးလိုက်တယ်။ “ခင်ဗျားတို့ ဘတ်စကားလက်မှတ်ဝယ်တဲ့အကြောင်း ပြောနေတာကို ကျွန်တော်ကြားတယ်၊ အဲဒီလိုလုပ်တဲ့လူနည်းစုထဲမှာ ယေဟောဝါသက်သေတွေပါတယ်၊ သူတို့တွေက အရာရာမှာ ရိုးသားတယ်ဆိုတာ ကျွန်တော်သိတယ်” လို့ ကားသမားက ပြောပြတယ်။ လအနည်းငယ်ကြာပြီးနောက် အစည်းအဝေးတစ်ခုမှာ အဲဒီညီအစ်မဆီကို လူတစ်ယောက် ချဉ်းကပ်လာပြီး “ကျွန်တော့်ကို သိသလား၊ ကျွန်တော်က ခင်ဗျားနဲ့ ကားလက်မှတ်ဝယ်တဲ့အကြောင်းပြောခဲ့တဲ့ ဘတ်စကားမောင်းသမားပါ။ ခင်ဗျားရဲ့အမူအကျင့်ကို ကြည့်ပြီး ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်” လို့ပြောပြတယ်။ ကျွန်ုပ်တို့ရဲ့ရိုးသားမှုကို လူတွေ တွေ့တဲ့အခါမှာ ကျွန်ုပ်တို့ဟောပြောတဲ့ သတင်းကောင်းကို ယုံကြည်လာကြတယ်။

ဘုရားသခင်ကိုဂုဏ်တင်တဲ့အရည်အသွေးတွေကို အမြဲပြသပါ

၁၆။ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ ကြင်နာခြင်းစတဲ့ အရည်အသွေးတွေက လူတွေရဲ့နှလုံးကို ဘာကြောင့်ထိမိစေနိုင်သလဲ။ ဥပမာပေးပါ။

၁၆ ကျွန်ုပ်တို့က စိတ်ရှည်တယ်၊ ချစ်ခြင်းမေတ္တာရှိတယ်၊ ကြင်နာတယ်ဆိုရင် လူတွေကို ယေဟောဝါထံချဉ်းကပ်လာအောင် ဆွဲဆောင်နိုင်တယ်။ ကျွန်ုပ်တို့ကိုကြည့်နေတဲ့ တချို့သူတွေရဲ့စိတ်ထဲမှာ ယေဟောဝါ၊ ကိုယ်တော့်ရည်ရွယ်ချက်နဲ့ ကိုယ်တော့်လူတွေအကြောင်း သိချင်တဲ့ဆန္ဒပေါ်လာနိုင်တယ်။ ခရစ်ယာန်စစ်တွေရဲ့ စိတ်သဘောထားနဲ့ အမူအကျင့်တွေက ဘုရားသခင်ရဲ့ဘုန်းကို ထင်ရှားစေတယ်။ တချို့ဘာသာရေးခေါင်းဆောင်တွေက သူတော်ကောင်းယောင်ဆောင်ကြတယ်။ တချို့ဆိုရင် သူတို့ရဲ့အသင်းသားတွေဆီကနေ ငွေတွေ လိမ်ညာယူပြီး ကြီးပွားချမ်းသာနေကြတယ်။ အဲဒီငွေတွေနဲ့ တန်ဖိုးကြီးတဲ့အိမ်တွေ၊ ကားတွေ ဝယ်ကြတယ်။ ဘာသာရေးခေါင်းဆောင်တစ်ယောက်ဆိုရင် လေအေးပေးစက်တပ်ထားတဲ့ ခွေးလှောင်အိမ်တစ်လုံးဆောက်တယ်။ သူတို့တွေဟာ “အခမဲ့ပေးကမ်း” ပါဆိုတဲ့ ယေရှုရဲ့မိန့်မှာချက်အတိုင်း မလုပ်ကြဘူး။ (မ. ၁၀:၈) သူတို့ဟာ ရှေးအချိန်က ထင်ရာစိုင်းတဲ့ အစ္စရေးယဇ်ပုရောဟိတ်တွေနဲ့တူတယ်။ အဲဒီယဇ်ပုရောဟိတ်တွေဟာ ‘အခကြေးငွေရဖို့ပဲ သွန်သင်နေကြ’ ပြီး သူတို့ရဲ့သွန်သင်ချက်အတော်များများက ကျမ်းစာနဲ့မညီဘူး။ (မိ. ၃:၁၁) ဒီလိုသူတော်ကောင်းယောင်ဆောင်တဲ့အကျင့်တွေက ဘုရားသခင့်မိတ်ဆွေဖြစ်လာအောင် ဘယ်သူ့ကိုမှ ကူညီပေးနိုင်မှာမဟုတ်ဘူး။

၁၇၊ ၁၈။ (က) ဘုရားသခင်ကို ကျွန်ုပ်တို့ရဲ့အမူအကျင့်ကောင်းနဲ့ ဘယ်လို ဂုဏ်တင်နိုင်သလဲ။ (ခ) သင် ဘာကြောင့် ကောင်းသောအမှုမှာ စိတ်အားထက်သန်ချင်တာလဲ။

၁၇ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ စစ်မှန်တဲ့ခရစ်ယာန်သွန်သင်ချက်တွေနဲ့ လူလူချင်းကို ကြင်ကြင်နာနာ ဆက်ဆံတာက လူတွေရဲ့နှလုံးကို ထိမိစေပါတယ်။ ဥပမာ၊ ရှေ့ဆောင်တစ်ယောက်က တစ်အိမ်တက်ဆင်း ဟောပြောရင်းနဲ့ သက်ကြီးရွယ်အိုမုဆိုးမတစ်ယောက်ရဲ့အိမ်ကို ရောက်သွားတယ်၊ ဒါပေမဲ့ အဲဒီမုဆိုးမက ချက်ချင်းပဲ စိတ်မဝင်စားဘူးလို့ပြောတယ်။ ရှေ့ဆောင်ညီအစ်ကို တံခါးခေါင်းလောင်းတီးတဲ့အချိန်မှာ သူက မီးဖိုချောင်မှာရှိတဲ့ မီးသီးကိုလဲဖို့ လှေကားပေါ်တက်နေတာလို့ ပြောပြတယ်။ ဒါနဲ့ ရှေ့ဆောင်ညီအစ်ကိုက “တစ်ယောက်တည်းလုပ်တာ အန္တရာယ်ရှိတယ်” လို့ပြောပြီး မီးသီးလဲပေးလိုက်တယ်။ အဲဒီနောက် နောက်တစ်အိမ်ဆက်သွားလိုက်တယ်။ အဲဒီအမျိုးသမီးရဲ့သားက အဲဒီအဖြစ်အပျက်ကို သိလိုက်တဲ့အခါ အရမ်းအထင်ကြီးလေးစားသွားပြီး ကျေးဇူးတင်စကားပြောဖို့ ညီအစ်ကို,ကိုလိုက်ရှာတယ်။ နောက်ဆုံးမှာ သားဖြစ်သူက ကျမ်းစာသင်အံမှု လက်ခံလိုက်တယ်။

၁၈ သင် ဘာကြောင့် ကောင်းသောအမှုမှာ စိတ်အားထက်သန်ချင်တာလဲ။ အမှုဆောင်လုပ်ငန်းမှာ စိတ်အားထက်သန်တာ၊ အမှုအကျင့်ကောင်းရှိတာက ယေဟောဝါကို ဂုဏ်တင်မှုဖြစ်စေပြီး တခြားသူတွေကို ကယ်တင်ခြင်းရစေနိုင်တယ်ဆိုတာ သိလို့ဖြစ်နိုင်တယ်။ (၁ ကောရိန္သု ၁၀:၃၁-၃၃ ကိုဖတ်ပါ။) ကျွန်ုပ်တို့ ဟောပြောခြင်းလုပ်ငန်းမှာ စိတ်အားထက်သန်ပြီး ကောင်းတဲ့အမှုအကျင့်တွေပြရတဲ့ နောက်အကြောင်းရင်းတစ်ခုက ယေဟောဝါနဲ့ လူသားချင်းတွေကို ချစ်တယ်ဆိုတာ ဖော်ပြချင်လို့ပဲ။ (မ. ၂၂:၃၇-၃၉) ကောင်းတဲ့အမှုမှာ ကျွန်ုပ်တို့စိတ်အားထက်သန်တယ်ဆိုရင် အခုအချိန်မှာ စစ်မှန်တဲ့ရွှင်လန်းမှု၊ ကျေနပ်ပျော်ရွှင်မှု ခံစားရမယ်။ ဒါ့အပြင် လူသားအားလုံး စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်အားထက်သန်ပြီး ဖန်ဆင်းရှင်ယေဟောဝါကို ဂုဏ်တင်မယ့်အချိန်ကို မျှော်လင့်နိုင်ကြပါတယ်။