မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းတဲ့ဆက်သွယ်မှုအားဖြင့် သင့်အိမ်ထောင်ကို ခိုင်မြဲစေပါ

ကောင်းတဲ့ဆက်သွယ်မှုအားဖြင့် သင့်အိမ်ထောင်ကို ခိုင်မြဲစေပါ

“သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားတစ်ခွန်းက ငွေလင်ပန်းထဲမှာထည့်ထားတဲ့ ရွှေပန်းသီးတွေနဲ့တူတယ်။”—သု. ၂၅:၁၁၊ ကဘ။

၁။ ကောင်းတဲ့ပြောဆိုဆက်သွယ်မှုက အိမ်ထောင်ကို ဘယ်လို အထောက်အကူပြုသလဲ။

ကနေဒါက ညီအစ်ကိုတစ်ယောက်က “ကျွန်တော်က တခြားသူတွေထက် ကျွန်တော့်ဇနီးနဲ့ပဲ အတူရှိနေချင်တယ်။ အဲဒါက ဘဝမှာ ပျော်စရာဆိုရင် ပိုပျော်ရပြီး အခက်အခဲဒုက္ခတွေဆိုရင် ခံစားရတာ ပိုသက်သာစေတယ်” လို့ပြောတယ်။ ဩစတြေးလျက လင်ယောက်ျားတစ်ဦးက ဒီလိုပြောတယ်– “အတူနေခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ ကျွန်တော့်ဇနီးနဲ့ ကျွန်တော် စကားမပြောတဲ့ရက်ဆိုလို့ တစ်ရက်မှ မရှိခဲ့ဘူး။ ကျွန်တော်တို့အိမ်ထောင်မှာ စိတ်မချတာ၊ အိမ်ထောင်ပြိုကွဲသွားမှာကို စိုးရိမ်တယ်ဆိုတာ မရှိဘူး။ အဲဒီလိုဖြစ်ဖို့ဆိုရင် မှန်မှန်နဲ့ အဓိပ္ပာယ်ရှိရှိ ပြောဆိုဆက်သွယ်တာက အဓိကအချက်ပဲ။” ကော့စ်တာရီကာက ညီအစ်မတစ်ယောက် ဒီလိုပြောပြခဲ့တယ်– “ကောင်းတဲ့ပြောဆိုဆက်သွယ်မှုက အိမ်ထောင်ကို ပိုပျော်ရွှင်စေရုံသာမကဘူး၊ ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်၊ သွေးဆောင်မှုတွေကနေ ကာကွယ်ပေးတယ်၊ အိမ်ထောင်ကိုစည်းလုံးစေတယ်၊ ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာကို ပိုတိုးပွားစေတယ်။”

၂။ ဘယ်အချက်တွေက ကောင်းကောင်း ပြောဆိုဆက်သွယ်ဖို့ အခက်တွေ့စေနိုင်သလဲ။

သင်တို့ရဲ့အိမ်ထောင်မှာ ကောင်းကောင်း ဆက်သွယ်ပြောဆိုကြသလား။ တစ်ခါတလေ ပြောဆိုဆက်သွယ်မှုမှာ ပြဿနာတွေပေါ်နိုင်တာတော့ အမှန်ပါပဲ။ သင်နဲ့ သင့်အိမ်ထောင်ဖက်က မစုံလင်သူတွေဖြစ်ပြီး စရိုက်ချင်းလည်း မတူကြဘူး။ (ရော. ၃:၂၃) ဒါ့အပြင် သင်တို့ရဲ့ ယဉ်ကျေးမှုနောက်ခံ မတူတာ၊ ကြီးပြင်းလာပုံချင်း မတူတာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် သင်တို့ရဲ့ ပြောဆိုဆက်သွယ်ပုံက မတူတာဖြစ်နိုင်တယ်။ အိမ်ထောင်ရေးပညာရှင် ဂျွန် အမ် ဂေါ့မန်းနဲ့ နန် ဆေလ်ဗားက အိမ်ထောင်မှာ ကောင်းတဲ့ပြောဆိုဆက်သွယ်မှု ရှိချင်တယ်၊ အိမ်ထောင်ကို ရေရှည်တည်မြဲစေချင်တယ်ဆိုရင် မောင်နှံစုံတွေဟာ တကယ့်ကို ကြိုးစားအားထုတ်ဖို့လိုတယ်လို့ ပြောခဲ့တယ်။

၃။ အိမ်ထောင်တည်မြဲဖို့ ဘယ်အရာက အိမ်ထောင်သည်မောင်နှံတွေကို ကူညီပေးသလဲ။

ခိုင်မြဲတဲ့အိမ်ထောင်ဖြစ်ဖို့ဆိုတာ တကယ့်ကို ကြိုးစားအားထုတ်ဖို့လိုတယ်။ ဒါပေမဲ့ ခိုင်မြဲတဲ့အိမ်ထောင်က ဇနီးမောင်နှံကို အလွန်ပျော်ရွှင်စေနိုင်တယ်။ (ဒေ. ၉:၉) ဣဇာက်နဲ့ ရေဗက္ကတို့ရဲ့ သာယာတဲ့အိမ်ထောင်ကို လေ့လာကြည့်ပါ။ (က. ၂၄:၆၇) ဇနီးမောင်နှံအဖြစ် အတူနေထိုင်လာတာ နှစ်ပေါင်းများစွာ ကြာနေပေမဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာ လျော့နည်းသွားတယ်လို့ သမ္မာကျမ်းစာမှာ မဖော်ပြထားဘူး။ ယနေ့အချိန်မှာရှိတဲ့ အိမ်ထောင်သည်စုံတွဲများစွာလည်း အဲဒီလိုပဲ။ သူတို့ကို ဘာက ကူညီပေးသလဲ။ သူတို့က သူတို့ရဲ့ အတွေးနဲ့ ခံစားချက်တွေကို ရိုးရိုးသားသား၊ ကြင်ကြင်နာနာ အပြန်အလှန်ပြောဆိုတတ်ဖို့ သင်ယူထားကြတယ်။ သူတို့တွေဟာ ထိုးထွင်းသိမြင်မှု၊ ချစ်ခြင်းမေတ္တာ၊ ရိုသေလေးစားမှုနဲ့ နှိမ့်ချမှုအရည်အသွေးတွေကို တင်ပြကြတယ်။ ဒီအရည်အသွေးတွေက ကောင်းစွာ ဆက်သွယ်ပြောဆိုဖို့ အိမ်ထောင်သည်မောင်နှံတွေကို ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ ကျွန်ုပ်တို့ တွေ့ရပါလိမ့်မယ်။

ထိုးထွင်းသိမြင်မှု ပြပါ

၄၊ ၅။ ထိုးထွင်းသိမြင်မှုက အိမ်ထောင်သည်တွေကို အပြန်အလှန်နားလည်မှုရှိဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။ ဥပမာပေးပါ။

သုတ္တံ ၁၆:၂၀ (ကဘ) မှာ “ကိစ္စတစ်ခုကို ထိုးထွင်းသိမြင်တတ်သူက အောင်မြင်မှုရလိမ့်မယ်” လို့ ဖော်ပြထားတယ်။ အိမ်ထောင်နဲ့ မိသားစုဘဝမှာ ဒီအချက်က တကယ်မှန်ကန်တယ်။ (သုတ္တံ ၂၄:၃ ကိုဖတ်ပါ။) ထိုးထွင်းသိမြင်မှုနဲ့ ဉာဏ်ပညာရနိုင်တဲ့ အဓိကနေရာကတော့ သမ္မာကျမ်းစာပဲ။ ကမ္ဘာဦး ၂:၁၈ မှာ ဘုရားသခင်က ယောက်ျားအတွက် အထောက်အမဖြစ်ဖို့ မိန်းမတစ်ယောက် ဖန်ဆင်းပေးခဲ့တယ်၊ ယောက်ျားရဲ့ပုံတူ ဖန်ဆင်းခဲ့တာမဟုတ်ဘူး။ ဒီအချက်က မိန်းမနဲ့ ယောက်ျားဆိုတာ မတူဘူး၊ ဒါကြောင့် သူတို့ဟာ အချင်းချင်းရဲ့လိုအပ်ချက်တွေကို အပြန်အလှန် ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါကြောင့် မိန်းမတွေနဲ့ ယောက်ျားတွေရဲ့ ပြောဆိုဆက်သွယ်ပုံက ကွာခြားတယ်။ အမျိုးသမီးအများစုက သူတို့ရဲ့ ခံစားချက်အကြောင်း၊ လူတွေအကြောင်း၊ လူတွေနဲ့ဆက်ဆံရေးအကြောင်း ပြောချင်ကြတယ်။ ချစ်ခင်ရင်းနှီးတဲ့ ပြောဆိုဆက်သွယ်မှုကို သူတို့နှစ်သက်တယ်၊ အဲဒါက အချစ်ခံရတယ်လို့ သူတို့ကို ခံစားရစေတယ်။ အမျိုးသားများစွာကတော့ သူတို့ရဲ့ခံစားချက်ထက် အလုပ်တွေ၊ ပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေအကြောင်း ပိုပြောချင်ကြတယ်။ သူတို့လည်း လေးစားခံချင်ကြတယ်။

ဗြိတိန်နိုင်ငံက ညီအစ်မတစ်ယောက်က ဒီလိုပြောပြတယ်– “ကျွန်မရဲ့ယောက်ျားက ကျွန်မပြောတာကို နားထောင်ပေးမယ့်အစား ပြဿနာကိုပဲ ချက်ချင်းဖြေရှင်းချင်တယ်။ အဲဒါက စိတ်ပျက်စရာဖြစ်နိုင်တယ်။ ကျွန်မလိုချင်တာက သေချာနားထောင်ပေးပြီး ကျွန်မရဲ့ခံစားချက်တွေကို နားလည်ပေးဖို့ဖြစ်တယ်။” လင်ယောက်ျားတစ်ယောက်က ဒီလိုရေးတယ်– “ကျွန်တော်နဲ့ ကျွန်တော့်ဇနီး လက်ထပ်ပြီးခါစမှာ ကျွန်တော်ဟာ ကျွန်တော့်ဇနီးရဲ့ပြဿနာမှန်သမျှကို ချက်ချင်းဖြေရှင်းပေးလိုက်ချင်တဲ့ သဘောထားရှိတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူတကယ်လိုချင်တာက သူပြောတာကို နားထောင်ပေးဖို့ဖြစ်တယ်ဆိုတာ ကျွန်တော်သိလာတယ်။” (သု. ၁၈:၁၃; ယာ. ၁:၁၉) ထိုးထွင်းသိမြင်မှုရှိတဲ့ လင်ယောက်ျားတစ်ဦးဟာ ဇနီးရဲ့ခံစားချက်တွေကိုသိမြင်ပြီး ဇနီးသည်ကို အချစ်ခံရတယ်လို့ ခံစားရစေတဲ့နည်းနဲ့ ပြောဆိုဆက်ဆံတယ်။ တစ်ချိန်တည်းမှာ ဇနီးရဲ့အတွေးနဲ့ ခံစားချက်တွေက သူ့အတွက်အရေးပါတယ်ဆိုတာကိုလည်း ဇနီးကို သိရှိစေတယ်။ (၁ ပေ. ၃:၇) အပြန်အလှန်အနေနဲ့ ဇနီးကလည်း လင်ယောက်ျားရဲ့ ရှုမြင်ချက်ကို နားလည်ပေးဖို့ ကြိုးစားတယ်။ ယောက်ျားနဲ့မိန်းမ အပြန်အလှန် နားလည်မှုရှိတယ်၊ တန်ဖိုးထားလေးမြတ်တယ်၊ သူတို့ရဲ့ကျမ်းပေးတာဝန်တွေကို ကျေပွန်တယ်ဆိုရင် သူတို့ရဲ့ အိမ်ထောင်က တကယ် ပျော်ရွှင်သာယာမှာဖြစ်တယ်။ ဒါ့အပြင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချရာမှာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မယ်။

၆၊ ၇။ (က) ဇနီးမောင်နှံတွေ ထိုးထွင်းသိမြင်မှုပြနိုင်ဖို့ ဒေသနာ ၃:၇ က ဘယ်လိုကူညီပေးနိုင်သလဲ။ (ခ) ဇနီးတစ်ဦးဟာ သူ့ခင်ပွန်းနဲ့ စကားပြောတဲ့အခါ ထိုးထွင်းသိမြင်မှုကို ဘယ်လို ပြသနိုင်သလဲ။ လင်ယောက်ျားဘက်က ဘယ်လို ကြိုးစားအားထုတ်သင့်သလဲ။

ထိုးထွင်းသိမြင်မှုရှိတဲ့ အိမ်ထောင်ရှင်တွေဟာ “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ” တယ်ဆိုတာ သိတယ်။ (ဒေ. ၃:၁၊) အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ်တဲ့ ညီအစ်မတစ်ယောက် ဒီလိုရေးတယ်– “ကိစ္စရပ်တစ်ခုကိုပြောဖို့ မသင့်တော်တဲ့အချိန်ရှိတယ်ဆိုတာ ကျွန်မ အခုသိလာပြီ။ ကျွန်မရဲ့ယောက်ျားက အလုပ်တွေ၊ တခြားတာဝန်တွေနဲ့ အလုပ်ရှုပ်နေတယ်ဆိုရင် ပြဿနာကိုမပြောဘဲ ခဏထားလိုက်တယ်။ အကျိုးကတော့ ကျွန်မတို့ရဲ့ဆက်ဆံရေး ပိုကောင်းလာတယ်။” ဇနီးတစ်ယောက်က စကားကို နှစ်သက်စရာကောင်းတဲ့နည်းနဲ့ “သင့်တော်တဲ့အချိန်မှာ” ပြောတယ်ဆိုရင် သူ့ခင်ပွန်းက ဝမ်းမြောက်ဝမ်းသာ နားထောင်ပေးမှာပဲ။—သုတ္တံ ၂၅:၁၁ ကိုဖတ်ပါ။

အသေးအမွှားလုပ်ရပ်လေးတွေက အိမ်ထောင်ကို အကြီးအကျယ် ထူးခြားသွားစေနိုင်

ခရစ်ယာန်လင်ယောက်ျားတစ်ဦးဟာ ဇနီးပြောတာကို နားထောင်ရုံသာမက မိမိကိုယ်တိုင်ရဲ့ ခံစားချက်တွေကို ရှင်းရှင်းလင်းလင်းဖော်ပြတတ်ဖို့လည်း ကြိုးစားတယ်။ အိမ်ထောင်သက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ အကြီးအကဲတစ်ယောက်က “ကျွန်တော့်စိတ်နှလုံးထဲမှာ ဘာရှိတယ်ဆိုတာ ကျွန်တော့်ဇနီးကို ပြောဖို့ ခက်ခက်ခဲခဲကြိုးစားရတယ်” လို့ပြောခဲ့တယ်။ အိမ်ထောင်ပြုတာ ၂၄ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်က သူဟာ သူ့ရဲ့ပြဿနာတွေအကြောင်း တခြားသူတွေကို ပြောပြလေ့မရှိဘူးလို့ ပြောတယ်။ ပြဿနာတွေအကြောင်း မပြောဘူးဆိုရင် သူ့ဘာသာသူ အဆင်ပြေသွားမယ်လို့ သူယူဆတယ်။ ဒါပေမဲ့ သူ ဒီလိုဆက်ပြောတယ်– “ကိုယ့်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုတာက စိတ်ဓာတ်ပျော့ညံ့တာမဟုတ်ဘူးဆိုတာ ကျွန်တော်သိလာတယ်။ ကျွန်တော့်ခံစားချက်တွေကို ပြောဖို့ ကြိုးစားအားထုတ်တဲ့အခါ သင့်တော်တဲ့စကားလုံးတွေကို သင့်တော်တဲ့နည်းနဲ့ ပြောနိုင်ဖို့ ဆုတောင်းတယ်။ အဲဒီနောက် အသက်ပြင်းပြင်းရှူပြီး စပြောတယ်။” ဇနီးမောင်နှံတွေ စကားပြောဖို့ သင့်တော်တဲ့အချိန်ကို ရွေးတာကလည်း အရေးကြီးတယ်။ သူတို့နှစ်ယောက်တည်းရှိတဲ့ နေ့စဉ်ကျမ်းချက်ဖတ်တဲ့အချိန်၊ ကျမ်းစာဖတ်တဲ့အချိန်မျိုးမှာ စကားပြောနိုင်ပါတယ်။

၈။ အိမ်ထောင်ရှင်တွေ သူတို့ရဲ့ပြောဆိုဆက်သွယ်ရေးကို တိုးတက်စေလိုတဲ့ဆန္ဒရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။

မောင်နှံစုံတွေ အပြန်အလှန် ပြောဆိုဆက်သွယ်ဖို့ဆိုတာ အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးဟာ ဘုရားသခင့်စွမ်းအားတော်ရဖို့ ဆုတောင်းပြီး သူတို့ရဲ့ဆက်သွယ်ရေးကို တိုးတက်စေချင်တဲ့ စိတ်ဆန္ဒရှိဖို့လိုတယ်။ အကယ်၍ သူတို့က ယေဟောဝါကိုချစ်တယ်၊ ကိုယ်တော့်နှစ်သက်မှု ရချင်တယ်၊ သူတို့ရဲ့အိမ်ထောင်ကို သန့်ရှင်းတဲ့အရာအဖြစ် ရှုမြင်တယ်ဆိုရင် အိမ်ထောင်ဆက်ဆံရေးကို တိုးတက်စေချင်တဲ့ ဆန္ဒရှိမှာဖြစ်တယ်။ အိမ်ထောင်ပြုတာ ၂၆ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်မတစ်ယောက် ဒီလိုရေးတယ်– “ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ အိမ်ထောင်ကို ဘုရားသခင်ရှုမြင်သလိုပဲ ရှုမြင်တယ်။ ဒါကြောင့် လင်မယားခွဲနေဖို့ဆိုတာကို စဉ်းတောင်မစဉ်းစားဖူးဘူး။ ဒါကြောင့် ပြဿနာတွေကို အတူတကွ ဆွေးနွေးပြီး ဖြေရှင်းဖို့ ကြိုးစားအားထုတ်ကြတယ်။” ဒီလိုနည်းနဲ့ ဘုရားသခင်အပေါ် သစ္စာရှိကြောင်း ပြသတဲ့ ဇနီးမောင်နှံတွေဟာ ကိုယ်တော့်ကို ပျော်ရွှင်စေပြီး ကြွယ်ဝတဲ့ကောင်းချီး ခံစားရမှာဖြစ်တယ်။—ဆာ. ၁၂၇:၁

သင့်မေတ္တာကို ကြီးထွားစေပါ

၉၊ ၁၀။ မောင်နှံတစ်စုံဟာ သူတို့ရဲ့မေတ္တာကို ကြီးထွားလာအောင် ဘယ်လိုလုပ်နိုင်သလဲ။

အိမ်ထောင်မှာ အရေးကြီးဆုံးက “စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုး” ဖြစ်တဲ့ ချစ်ခြင်းမေတ္တာပဲ။ (ကော. ၃:၁၄) ဇနီးမောင်နှံနှစ်ဦးဟာ ပျော်ရွှင်ကြည်နူးစရာတွေနဲ့ အခက်အခဲဒုက္ခတွေကို အတူတကွ မျှဝေခံစားခဲ့ရတဲ့အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ စစ်မှန်တဲ့မေတ္တာလည်း ကြီးထွားလာတယ်။ အဲဒီလိုအိမ်ထောင်ရှင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာရုံသာမက အပြန်အလှန် တန်ဖိုးထား မြတ်နိုးလာကြတယ်။ သူတို့တွေရဲ့အိမ်ထောင်ခိုင်မြဲတာက ရုပ်ရှင်၊ တီဗွီဇာတ်လမ်းတွေထဲမှာ လုပ်သလို ကြီးကျယ်ခမ်းနားတဲ့လုပ်ရပ်တွေကြောင့်မဟုတ်ဘူး။ ပွေ့ဖက်တာ၊ ကြင်နာတဲ့ချီးမွမ်းစကားတစ်ခွန်းပြောတာ၊ ကြင်နာတဲ့လုပ်ရပ်တစ်ခုလုပ်ပေးတာ၊ နွေးထွေးကြင်နာတဲ့အပြုံး ဒါမှမဟုတ် “ဒီနေ့ အဆင်ပြေရဲ့လား” လို့မေးတာ စတဲ့ အသေးအမွှားလုပ်ရပ်လေးတွေကြောင့် ဖြစ်တယ်။ ဒီအသေးအမွှားလုပ်ရပ်လေးတွေက အိမ်ထောင်ကို အကြီးအကျယ် ထူးခြားသွားစေနိုင်ပါတယ်။ ပျော်ရွှင်စရာအိမ်ထောင်သက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ မောင်နှံတစ်စုံဟာ နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် “အခြေအနေ ဘယ်လိုရှိသလဲ၊ အဆင်ပြေရဲ့လား” လို့ ဖုန်းနဲ့ အပြန်အလှန်စာပို့ကြတယ်။

၁၀ တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့ လင်မယားတွေဟာ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လုပ်ကြတယ်။ (ဖိ. ၂:၄) အဲဒါက မစုံလင်မှုကြားမှာ သူတို့နှစ်ယောက်ရဲ့မေတ္တာကို ပိုခိုင်မြဲစေတယ်။ ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ ပိုခိုင်မြဲလာတယ်။ ဒါကြောင့် သင်ဟာ အိမ်ထောင်သည်ဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒီလိုမေးကြည့်ပါ– ‘ငါ့အိမ်ထောင်ဖက်အကြောင်း ငါ ဘယ်လောက် ကောင်းကောင်းသိသလဲ။ ကိစ္စရပ်တွေအပေါ်မှာ သူ့အတွေးနဲ့ သူ့ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ ငါသိသလား။ ငါ မြင်မြင်ချင်း သဘောကျခဲ့တဲ့ ငါ့အိမ်ထောင်ဖက်ရဲ့အရည်အချင်းတွေကို ငါ မကြာခဏ ပြန်စဉ်းစားသလား။’

အပြန်အလှန် လေးစားပါ

၁၁။ အောင်မြင်တဲ့အိမ်ထောင်တစ်ခုမှာ လေးစားမှုက ဘာကြောင့် အရေးကြီးသလဲ။ ဥပမာပေးပါ။

၁၁ အပျော်ရွှင်ဆုံးအိမ်ထောင်တွေတောင်မှ ပြီးပြည့်စုံတဲ့ အိမ်ထောင်တွေမဟုတ်ဘူး။ တစ်ဦးနဲ့တစ်ဦး သဘောထား မတိုက်ဆိုင်တဲ့အချိန်တွေလည်း ရှိတတ်တယ်။ အာဗြဟံနဲ့ စာရာဆိုရင်လည်း တစ်ချိန်လုံး စိတ်တူသဘောတူ ရှိခဲ့တာမဟုတ်ဘူး။ (က. ၂၁:၉-၁၁) ဒါပေမဲ့ သဘောထားကွဲလွဲမှုက သူတို့အိမ်ထောင်ကို မထိခိုက်ခဲ့ဘူး။ ဘာကြောင့်လဲ။ သူတို့က တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဆက်ဆံတယ်။ ဥပမာ၊ အာဗြဟံက စာရာကို စကားပြောတဲ့အခါ “ကျေးဇူးပြုပြီး” ဆိုတဲ့စကားလုံးကို သုံးတယ်။ (က. ၁၂:၁၁၊ ၁၃ကဘ) စာရာကလည်း အာဗြဟံကို သူ့ရဲ့ “သခင်” အဖြစ်ယူမှတ်ပြီး နာခံခဲ့တယ်။ (က. ၁၈:၁၂) ဇနီးမောင်နှံတွေဟာ တစ်ယောက်ကိုတစ်ယောက် မလေးစားဘူးဆိုရင် သူတို့ရဲ့အပြောအဆိုနဲ့ လေသံမှာ ပေါ်လွင်တယ်။ (သု. ၁၂:၁၈) အပြန်အလှန် လေးစားမှုမရှိတဲ့ အိမ်ထောင်မှာ ဝမ်းနည်းစရာပြဿနာတွေ ကြုံတွေ့ရနိုင်တယ်။—ယာကုပ် ၃:၇-၁၀၊ ၁၇၊ ၁၈ ကိုဖတ်ပါ။

၁၂။ အိမ်ထောင်ကျခါစ ဇနီးမောင်နှံတွေဟာ စကားကို လေးလေးစားစား ပြောဆိုတတ်ဖို့ ဘာကြောင့် အထူးကြိုးစားအားထုတ်သင့်သလဲ။

၁၂ အိမ်ထောင်ကျခါစ ဇနီးမောင်နှံတွေဟာ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာနဲ့ လေးလေးစားစား ပြောဆိုတတ်ဖို့ ကြိုးစားအားထုတ်သင့်တယ်၊ ဒါမှ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်သွယ်ဖို့ ပိုလွယ်ကူမယ်။ ခင်ပွန်းတစ်ဦးက သူတို့အိမ်ထောင်ကျခါစ အစောပိုင်းနှစ်တွေမှာ တစ်ယောက်ရဲ့ခံစားချက်၊ အကျင့်စရိုက်နဲ့ လိုအပ်ချက်တွေကို နောက်တစ်ယောက်က မသိခဲ့ဘူး၊ အဲဒါက တစ်ခါတလေ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောပြတယ်။ ဒါပေမဲ့ သူတို့မှာ အကျိုးသင့်အကြောင်းသင့်သဘောနဲ့ ဟာသဉာဏ်ရှိလို့ ကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်ခဲ့ကြတယ်။ နှိမ့်ချဖို့၊ စိတ်ရှည်ဖို့နဲ့ ယေဟောဝါကို ယုံကြည်ကိုးစားဖို့လည်း အရေးကြီးတယ်လို့ ပြောပြတယ်။ အဲဒါက ကျွန်ုပ်တို့အားလုံးအတွက် အကြံဉာဏ်ကောင်းပါပဲ။

စစ်မှန်တဲ့နှိမ့်ချမှုပြပါ

၁၃။ ပျော်ရွှင်တဲ့အိမ်ထောင်မှာ စိတ်နှိမ့်ချခြင်းက ဘာကြောင့် အရမ်းအရေးပါသလဲ။

၁၃ အိမ်ထောင်မှာ ကောင်းတဲ့ပြောဆိုဆက်သွယ်မှုက သာယာလှပတဲ့ဥယျာဉ်ထဲမှာ ညင်ညင်သာသာ စီးဆင်းနေတဲ့ စမ်းချောင်းနဲ့တူတယ်။ ဒီစမ်းချောင်း ဆက်စီးဆင်းနေဖို့ဆိုရင် အဓိက,ကတော့ “စိတ်နှိမ့်ချခြင်း” ရှိဖို့လိုအပ်တယ်။ (၁ ပေ. ၃:၈) “နှိမ့်ချခြင်းက ပြဿနာကို အလျင်မြန်ဆုံး ဖြေရှင်းနိုင်တဲ့နည်းပဲ၊ ဘာကြောင့်လဲဆိုတော့ နှိမ့်ချမှုက ‘ကျွန်တော်မှားသွားတယ်’ လို့ပြောဖို့ လှုံ့ဆော်ပေးတယ်” လို့ အိမ်ထောင်ပြုတာ ၁၁ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်က ပြောပြတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သက် အနှစ် ၂၀ ရှိပြီဖြစ်တဲ့ အကြီးအကဲတစ်ယောက် ဒီလိုပြောတယ်– “တစ်ခါတလေ ‘ငါ မှားသွားတယ်’ ဆိုတဲ့စကားက ‘ငါ မင်းကိုချစ်တယ်’ ဆိုတဲ့စကားထက် ပိုအရေးကြီးတယ်။ အမြန်ဆုံး နှိမ့်ချမှုပြနိုင်တဲ့နည်းက ဆုတောင်းခြင်းပဲ။ ယေဟောဝါဆီ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး အတူတူဆုတောင်းတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့မစုံလင်မှုနဲ့ ဘုရားသခင့် မဟာကရုဏာတော်ကို ပြန်သတိရလာတယ်။ ဒီအချက်က ကိစ္စရပ်တွေကို မှန်မှန်ကန်ကန် ရှုမြင်တတ်ဖို့ ကျွန်တော့်ကို ကူညီပေးတယ်။”

သင့်အိမ်ထောင်မှာ ကောင်းတဲ့ဆက်သွယ်မှု ဆက်ရှိနေစေပါ

၁၄။ မာနက ဘယ်လိုနည်းနဲ့ အိမ်ထောင်ကို ပျက်စီးစေနိုင်သလဲ။

၁၄ ဒါပေမဲ့ မာနကတော့ ဇနီးမောင်နှံတွေကို ပြဿနာတွေ ဖြေရှင်းဖို့နဲ့ ပြောဆိုဆက်သွယ်ဖို့ အခက်တွေ့စေတယ်။ မာနကြီးတဲ့လူတစ်ယောက်မှာ “ငါမှားသွားတယ်၊ ငါ့ကိုခွင့်လွှတ်ပါ” လို့ပြောချင်တဲ့ဆန္ဒမရှိဘူး၊ အဲဒီလိုပြောဖို့ သတ္တိလည်းမရှိဘူး။ သူ့လုပ်ရပ်တွေအတွက် အကြောင်းပြချက်တွေပေးတယ်၊ သူ့အမှားကို ဝန်ခံမယ့်အစား တခြားသူအပေါ် အပြစ်ပုံချတယ်။ သူ ထိခိုက်နစ်နာတဲ့အခါမှာလည်း ပြန်ပြီး သင့်မြတ်အောင်လုပ်ဖို့ မကြိုးစားဘူး။ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတာ ဒါမှမဟုတ် ဘာမှမပြောတော့ဘဲ ပါးစပ်ပိတ်နေတာမျိုး လုပ်တတ်တယ်။ (ဒေ. ၇:၉) မာနက အိမ်ထောင်ကို ပျက်စီးစေတာ အမှန်ပါပဲ။ “ဘုရားသခင်သည် မောက်မာသောသူတို့ကို ဆန့်ကျင်၍ စိတ်နှိမ့်ချသောသူတို့ကို မဟာကရုဏာတော် ပေးသနားတော်မူသည်” ဆိုတဲ့အချက်ကို သတိရသင့်တယ်။—ယာ. ၄:၆

၁၅။ ဧဖက် ၄:၂၆၊ ၂၇ က မောင်နှံတစ်စုံ ပြဿနာဖြေရှင်းရာမှာ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၅ လင်နဲ့မယားကြားမှာ ပြဿနာပေါ်လာပြီဆိုရင် မာနနဲ့ တင်းခံနေမယ့်အစား ချက်ချင်း ဖြေရှင်းသင့်တယ်။ ပေါလုက ခရစ်ယာန်ချင်းတွေကို “အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်” လို့ ပြောခဲ့တယ်။ (ဧ. ၄:၂၆၊ ၂၇) ဒီကျမ်းစာအကြံပြုချက်ကို နားမထောင်တဲ့ အိမ်ထောင်သည်စုံတွဲ ဘာဖြစ်နိုင်သလဲ။ “ရလဒ်ကတော့ အိပ်ရေးမဝတဲ့ညတွေ ရှိလာတယ်” လို့ ညီအစ်မတစ်ယောက်က ပြောပြတယ်။ ပြဿနာကို ချက်ချင်း ပြေပြေလည်လည် ဖြေရှင်းဖို့ကြိုးစားတာက ပိုကောင်းပါတယ်။ ဒါပေမဲ့ စကားမပြောခင် စိတ်တည်ငြိမ်သွားဖို့ တစ်ယောက်ကိုတစ်ယောက် အချိန်အနည်းငယ်ပေးဖို့တော့လိုမယ်။ နှိမ့်ချမှုရှိအောင် ကူညီပေးဖို့ ယေဟောဝါထံ ဆုတောင်းသင့်ပါတယ်။ အဲဒါက ကိုယ့်ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ပြဿနာဖြေရှင်းဖို့ အဓိကအာရုံစိုက်နိုင်အောင် ကူညီပေးပါလိမ့်မယ်။—ကောလောသဲ ၃:၁၂၊ ၁၃ ကိုဖတ်ပါ။

၁၆။ နှိမ့်ချမှုက မောင်နှံတစ်စုံကို အချင်းချင်းရဲ့အရည်အသွေးကောင်းတွေကို အပြန်အလှန် တန်ဖိုးထားဖို့ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၆ နှိမ့်ချမှုနဲ့ ကျိုးနွံမှုက ကိုယ့်အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းတွေကို တန်ဖိုးထားတတ်ဖို့ ကူညီပေးတယ်။ ဥပမာ၊ ဇနီးတစ်ဦးမှာ မိသားစုအတွက် အကျိုးရှိစေတဲ့ အရည်အချင်းကောင်းတစ်ခုရှိမယ်။ နှိမ့်ချမှုရှိတဲ့ ခင်ပွန်းတစ်ယောက်က သူဟာ သူ့ဇနီးထက် အဘက်ဘက်မှာ သာလွန်ရမယ်ဆိုတဲ့ ခံစားချက်မျိုးရှိမှာမဟုတ်ဘဲ သူ့ဇနီးမှာရှိတဲ့ အရည်အချင်းကောင်းတွေကို ဆက်ရှိနေစေဖို့ ဇနီးကို အားပေးမှာဖြစ်တယ်။ ဒီလိုနည်းအားဖြင့် သူက သူ့ဇနီးကို ချစ်မြတ်နိုးကြောင်း၊ တန်ဖိုးထားကြောင်း ဖော်ပြတယ်။ (သု. ၃၁:၁၀၊ ၂၈; ဧ. ၅:၂၈၊ ၂၉) တစ်ချိန်တည်းမှာ ဇနီးသည်ကလည်း သူ့ကိုယ်သူ အမွှမ်းတင်ပြီး သူ့လိုအရည်အချင်းမျိုးမရှိတဲ့ ခင်ပွန်းကို အထင်သေးမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်က “တစ်သားတစ်ကိုယ်တည်း” ဖြစ်လို့ တစ်ယောက်ကိုထိခိုက်ရင် နောက်တစ်ယောက်ကို ထိခိုက်တာနဲ့အတူတူပဲ။—မ. ၁၉:၄၊ ၅

၁၇။ ပျော်ရွှင်ပြီး ဘုရားသခင်ကိုဂုဏ်တင်တဲ့ အိမ်ထောင်ဖြစ်အောင် ဘာက ထောက်ကူပေးနိုင်သလဲ။

၁၇ သင်လည်း အာဗြဟံနဲ့စာရာလို၊ ဣဇာက်နဲ့ ရေဗက္ကလို သာယာပျော်ရွှင်ပြီး တည်မြဲတဲ့၊ ယေဟောဝါကို ဂုဏ်တင်တဲ့ အိမ်ထောင်မျိုး လိုချင်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် အိမ်ထောင်ကို ဘုရားသခင် ရှုမြင်သလို ရှုမြင်ပါ။ ကိုယ်တော့်တရားစကားတော်မှာပါတဲ့ ထိုးထွင်းသိမြင်မှုနဲ့ ဉာဏ်ပညာကို ရှာဖွေပါ။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်းတွေကို တန်ဖိုးထားလေးမြတ်ပါ၊ အဲဒီလိုဆိုရင် တစ်ဦးကိုတစ်ဦးချစ်တဲ့ သင်တို့ရဲ့မေတ္တာ တိုးပွားလာပါလိမ့်မယ်။ (သီ. ၈:၆) နှိမ့်ချမှုပြဖို့ ကြိုးစားအားထုတ်ပါ။ တစ်ဦးကိုတစ်ဦး လေးလေးစားစားဆက်ဆံပါ။ သင် အဲဒီအချက်တွေကို လုပ်ဆောင်မယ်ဆိုရင် သင့်အိမ်ထောင်က သင်နဲ့ သင့်ကောင်းကင်ဖခင်ကို ပျော်ရွှင်စေပါလိမ့်မယ်။ (သု. ၂၇:၁၁) အိမ်ထောင်ပြုတာ ၂၇ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်က ဒီလိုပြောတယ်– “ကျွန်တော့်ဇနီးမရှိတဲ့ဘဝကို ကျွန်တော် စဉ်းစားလို့တောင်မရဘူး။ ကျွန်တော်တို့ရဲ့အိမ်ထောင်က တစ်ရက်ထက်တစ်ရက် ပိုပြီး ခိုင်မြဲလာတယ်။ အဲဒီလိုဖြစ်တာက ကျွန်တော်တို့ ယေဟောဝါကိုချစ်ပြီး တစ်ယောက်နဲ့တစ်ယောက် မှန်မှန် ပြောဆိုဆက်သွယ်လို့ပဲ။” သင့်အိမ်ထောင်လည်း အဲဒီလို ခိုင်မြဲနိုင်ပါတယ်။