မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆိုဆက်သွယ်ကြပါ

မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆိုဆက်သွယ်ကြပါ

“လူတိုင်းသည် နားထောင်ခြင်း၌ လျင်မြန်ရမည်၊ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်း၌ နှေးရမည်။”—ယာ. ၁:၁၉

၁၊ ၂။ ယေဘုယျအားဖြင့် သားသမီးနဲ့မိဘကြားမှာ ဘယ်လိုသဘောရှိသလဲ။ ဒါပေမဲ့ တစ်ခါတလေ သူတို့ ဘာလုပ်ဖို့ ခက်သလဲ။

“သင့်မိဘတွေ မနက်ဖြန်သေတော့မယ်လို့ သင် တစ်နည်းနည်းနဲ့ သိထားတယ်ဆိုရင် သူတို့ကို သင် ဘယ်စကား အပြောချင်ဆုံးလဲ” ဆိုတဲ့မေးခွန်းကို အမေရိကန်နိုင်ငံက ထောင်နဲ့ချီတဲ့ လူငယ်တွေကို မေးခဲ့တယ်။ အားလုံးနီးပါးကတော့ ပြဿနာတွေအကြောင်း၊ မကျေနပ်ချက်တွေအကြောင်း မပြောချင်ကြဘူး။ အဲဒီအစား “သား/သမီး မှားသွားပါတယ်၊” “အဖေ့ကို/အမေ့ကို အရမ်းချစ်တယ်” ဆိုတဲ့စကား ပြောမယ်လို့ ပြန်ဖြေကြတယ်။—ရှန်တီ ဖီဟန်နဲ့ လီစာ ရိုက်စ်ရေးတဲ့ မိဘများအတွက်သာ (For Parents Only) စာအုပ်။

ယေဘုယျအားဖြင့်တော့ သားသမီးတွေက မိဘတွေကိုချစ်တယ်၊ မိဘတွေက သားသမီးတွေကိုချစ်တယ်။ အထူးသဖြင့် ဒီအချက်က ဘုရားသခင့်လူမျိုးအလယ်မှာ မှန်ကန်တယ်။ ဒါပေမဲ့ မိဘနဲ့သားသမီးတွေကြား ပြောဆိုဆက်သွယ်မှုက တစ်ခါတလေကျတော့ ခက်တယ်။ ဘာကြောင့် အဲဒီလိုဖြစ်တာလဲ။ မိဘနဲ့ သားသမီးကြားမှာ တချို့ကိစ္စတွေကို ဘာကြောင့် လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်း မပြောနိုင်တာလဲ။ ကောင်းစွာပြောဆိုဆက်သွယ်ဖို့ ဘာတွေက အတားအဆီး ဖြစ်နေသလဲ။ ဘယ်လို အောင်မြင်ကျော်လွှားနိုင်သလဲ။

တခြားအရာတွေလုပ်ဆောင်မယ့်အစား သင့်မိသားစုကို အချိန်ပိုပေးနိုင်မလား

ပြောဆိုဆက်သွယ်ဖို့ အချိန်ဝယ်ယူပါ

၃။ (က) မိသားစုများစွာဟာ ဘာကြောင့် ကောင်းကောင်း ပြောဆိုဆက်သွယ်ဖို့ ခက်သလဲ။ (ခ) ရှေးခေတ်အစ္စရေးမိသားစုတွေ ဘာကြောင့် ပြောဆိုဆက်သွယ်ဖို့ လွယ်ကူသလဲ။

မိသားစုများစွာမှာ ပြောဆိုဆက်သွယ်ဖို့ အချိန်အလုံအလောက် မရှိကြဘူး။ ဒါပေမဲ့ ရှေးခေတ်အစ္စရေးအချိန်တုန်းကတော့ အခုလို မဟုတ်ဘူး။ အစ္စရေးဖခင်တွေကို မောရှေ ဒီလိုညွှန်ကြားခဲ့တယ်– “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ ထိုစကားကို ပြောရမည်။” (တရား. ၆:၆၊ ၇) ကလေးတွေက နေ့မှာဆိုရင် အိမ်မှာ သူတို့အမေနဲ့ အတူရှိနေနိုင်တယ်၊ ဒါမှမဟုတ် အလုပ်မှာ အဖေနဲ့အတူ ရှိနေနိုင်တယ်။ သားသမီးနဲ့မိဘ အတူရှိနေပြီး စကားပြောဖို့ အချိန်အများကြီး ရရှိပါတယ်။ ဒါကြောင့် မိဘတွေက သားသမီးတွေရဲ့ လိုအပ်ရာတွေ၊ လိုချင်တာတွေနဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေကို အလွယ်တကူသိမြင်နိုင်တယ်။ သားသမီးတွေကလည်း သူတို့ရဲ့မိဘအကြောင်း ကောင်းကောင်း သိနိုင်တယ်။

၄။ ဒီနေ့အချိန်မှာ မိသားစုတွေ ပြောဆိုဆက်သွယ်ဖို့ ဘာကြောင့် ခက်ခဲသလဲ။

အခုအချိန်မှာတော့ အဲဒီလိုမဟုတ်တော့ဘူး။ တချို့နိုင်ငံတွေမှာဆိုရင် ကလေးတွေဟာ ငယ်ငယ်လေးနဲ့ မူကြိုကျောင်း ရောက်သွားကြတယ်၊ တချို့ဆိုရင် အသက်နှစ်နှစ်ပဲရှိသေးတယ်။ တချို့အဖေအမေတွေကျတော့ အိမ်နဲ့အဝေးကြီးမှာ သွားအလုပ်လုပ်ကြရတယ်။ မိဘနဲ့သားသမီးတွေ အတူရှိတဲ့အချိန်ကျပြန်တော့ ကိုယ့်ဘာသာကိုယ် တီဗွီကြည့်လိုက်၊ ကွန်ပျူတာသုံးလိုက်၊ ဖုန်းဆက်လိုက်နဲ့ အချိန်ကုန်သွားကြတယ်။ မိသားစုများစွာမှာ မိဘနဲ့ သားသမီးတွေ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း မသိကြဘူး။ ပြောဆိုဆက်သွယ်တယ်ဆိုတာ မရှိသလောက်ပဲ။

၅၊ ၆။ တချို့မိဘတွေဟာ သူတို့ရဲ့သားသမီးတွေအတွက် အချိန် ပိုပေးနိုင်ဖို့ ဘယ်လို အပြောင်းအလဲတွေ လုပ်ခဲ့ကြသလဲ။

သင့်မိသားစုကို အချိန်ပိုပေးနိုင်ဖို့ တခြားအရာတွေကနေ အချိန်ကို “ဝယ်ယူ” နိုင်မလား။ (ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။) မိသားစုတချို့ကတော့ တီဗွီကြည့်တဲ့အချိန်၊ ကွန်ပျူတာသုံးတဲ့အချိန်ကို လျှော့ကြတယ်။ တချို့ကျတော့ တစ်ရက်မှာ အနည်းဆုံးတစ်ခါတော့ ထမင်းလက်ဆုံစားဖို့ ကြိုးစားကြတယ်။ မိသားစုဝတ်ပြုမှုကတော့ မိဘနဲ့ သားသမီးတွေ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိအောင်လုပ်ဖို့နဲ့ အတူတကွ ကျမ်းစာလေ့လာဖို့ အကောင်းဆုံးအချိန်ပါပဲ။ အဲဒီလိုလုပ်ဖို့ တစ်ပတ်မှာတစ်နာရီလောက် အချိန်ဖယ်ထားနိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာပဲ မိသားစုတွေ အတူတူ တွေ့ဆုံဖို့မဟုတ်ပါဘူး။ နေ့တိုင်း စကားပြောဖို့ အချိန်ရှာယူသင့်တယ်။ သင့်ကလေးတွေ ကျောင်းမသွားခင်မှာ အားပေးစကားတစ်ခုခု ပြောပါ၊ နေ့စဉ်ကျမ်းချက် အတူဖတ်ပါ၊ ဒါမှမဟုတ် အတူတူ ဆုတောင်းပါ။ အဲဒါက တစ်နေ့တာလုံးမှာ သူတို့အတွက် အများကြီးအထောက်အကူပြုမှာဖြစ်တယ်။

မိဘတချို့က သူတို့ရဲ့သားသမီးတွေအတွက် အချိန် ပိုပေးနိုင်ဖို့ သူတို့ရဲ့ဘဝပုံစံကို အပြောင်းအလဲ လုပ်ခဲ့ကြတယ်။ ဥပမာ၊ လော်ရာ *ဆိုတဲ့ ကလေးနှစ်ယောက်အမေဟာ ကလေးတွေကို အချိန်ပေးဖို့ အလုပ်ကနေ ထွက်လိုက်တယ်။ သူ ဒီလိုပြောတယ်– “မနက်ဆိုရင် ကျွန်မတို့အားလုံး အလုပ်နဲ့ ကျောင်းကို အချိန်မီရောက်ဖို့ ကပျာကယာ အိမ်က ထွက်ကြရတယ်။ ညဘက် ကျွန်မအိမ်ပြန်ရောက်တဲ့အချိန်ဆိုရင် ကလေးထိန်းက ကလေးတွေကို သိပ်ထားလို့ အိပ်ပျော်နေပြီ။ ကျွန်မအလုပ်ကထွက်လိုက်တော့ လျော့နည်းသွားတဲ့ဝင်ငွေကို ချိန်ဆပြီး သုံးရတယ်။ ဒါပေမဲ့ အခုမှပဲ ကလေးတွေရဲ့ အတွေးနဲ့ ပြဿနာတွေကို သိရတော့တယ်လို့ ကျွန်မခံစားရတယ်။ သူတို့ဆုတောင်းတာကို ကျွန်မနားထောင်ပြီး သူတို့ကို လမ်းပြပေးနိုင်၊ အားပေးနိုင်ပြီး သွန်သင်ပေးနိုင်တယ်။”

“နားထောင်ခြင်း၌ လျင်မြန်” ပါ

၇။ မိဘနဲ့သားသမီးတွေ ဘယ်မကျေနပ်ချက်ကိုပဲ အပြန်အလှန် ပြောဆိုကြသလဲ။

လူငယ်များစွာကို လူတွေ့မေးမြန်းပြီးနောက်မှာ မိဘများအတွက်သာ စာအုပ်ရဲ့ စာရေးဆရာတွေက ဒီလိုပြောတယ်– “ကလေးတွေ သူတို့မိဘတွေနဲ့ပတ်သက်ပြီး အပြောအများဆုံး မကျေနပ်ချက်တစ်ခုကတော့ သူတို့ပြောတဲ့စကားကို ‘မိဘတွေ နားမထောင်ပေးဘူး’ ဆိုတာပါပဲ။” မိဘတွေဘက်ကလည်း ကလေးတွေနဲ့ပတ်သက်ပြီး အဲဒီလိုပဲ မကျေမနပ် ပြောကြတယ်။ ဒါကြောင့် မိသားစုဝင်တွေအနေနဲ့ ပြောဆိုဆက်သွယ်မှုလမ်းကြောင်း ဖွင့်ဖို့ဆိုရင် အပြန်အလှန် သေချာနားထောင် ပေးရမှာဖြစ်တယ်။—ယာကုပ် ၁:၁၉ ကိုဖတ်ပါ။

၈။ သားသမီးတွေပြောတာကို မိဘတွေ ဘယ်လိုနည်းနဲ့ သေချာနားထောင်ပေးနိုင်သလဲ။

မိဘတို့၊ သင်တို့ရဲ့သားသမီးတွေ စကားပြောတဲ့အခါ သေချာနားထောင်ပေးသလား။ သင် ပင်ပန်းနေတဲ့အခါ ဒါမှမဟုတ် အရေးမကြီးဘူးလို့ သင်ယူဆတဲ့အကြောင်းအရာတစ်ခုကို သူတို့ပြောဆိုတဲ့အခါ သေချာနားထောင်ပေးဖို့ အခက်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အရေးမကြီးဘူးလို့ သင် ယူဆတဲ့အရာက သင့်ကလေးအတွက် အရမ်းအရေးကြီးတဲ့အရာ ဖြစ်နေနိုင်တယ်ဆိုတာ သတိရပါ။ “နားထောင်ခြင်း၌ လျင်မြန်” ပါဆိုတာက သင့်ကလေးပြောတာကို နားထောင်ရုံသာမက သူ ဘယ်လိုပြောနေတယ်ဆိုတာကိုပါ အာရုံစိုက်ပါဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ သူစကားပြောတဲ့လေသံနဲ့ သူ့ရဲ့မျက်နှာ၊ ကိုယ်ဟန်အမူအယာက သူ ဘယ်လိုခံစားနေရတယ်ဆိုတာ ပိုသိစေနိုင်တယ်။ မေးခွန်းတွေမေးဖို့လည်း အရေးကြီးတယ်။ “လူတစ်ယောက်ရဲ့စိတ်နှလုံးထဲက အတွေးအခေါ်တွေဟာ နက်တဲ့ရေနဲ့တူတယ်။ ပိုင်းခြားသိမြင်မှုရှိသူကတော့ ခပ်ယူတတ်တယ်” လို့ကျမ်းစာကပြောတယ်။ (သု. ၂၀:၅ကဘ) သင့်ကလေးတွေနဲ့ စကားပြောတဲ့အခါ ထိုးထွင်းသိမြင်မှုရှိဖို့ လိုတယ်၊ ဆိုလိုတာက သူ့ရဲ့တကယ့်ခံစားချက်ကို သိအောင်လုပ်ဖို့ဖြစ်တယ်။ အထူးသဖြင့် သူတို့ ပြောရခက်တဲ့အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါမှာဖြစ်တယ်။

၉။ သားသမီးတွေ ဘာကြောင့် မိဘစကား နားထောင်သင့်သလဲ။

သားသမီးတို့၊ သင်တို့မိဘတွေရဲ့စကားကို သင်တို့နားထောင်သလား။ “ငါ့သား၊ သင့်အဖေရဲ့ဆုံးမစကားကို နားထောင်ပါ။ သင့်အမေရဲ့သွန်သင်ချက်ကို မပစ်ပယ်နဲ့” လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။ (သု. ၁:၈ကဘ) သင်တို့ရဲ့မိဘတွေက သင်တို့ကိုချစ်တယ်၊ သင်တို့ကို အကောင်းဆုံးဖြစ်စေချင်တယ်ဆိုတာ သတိရပါ၊ ဒါကြောင့် မိဘတွေပြောတဲ့စကားကို နားထောင်ပြီး နာခံတာက ပညာရှိရာကျတယ်။ (ဧ. ၆:၁) သင်တို့နဲ့ သင်တို့ရဲ့မိဘအကြားမှာ ကောင်းတဲ့ပြောဆိုဆက်သွယ်မှုရှိမယ်၊ သင်တို့ကို မိဘတွေချစ်တယ်ဆိုတာ သတိရမယ်ဆိုရင် သူတို့ပြောတာကို နားထောင်ဖို့ ပိုလွယ်ကူပါတယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး သင်တို့ ဘယ်လိုခံစားနေရတယ်ဆိုတာ မိဘတွေကို ပြောပြပါ။ အဲဒါက သင်တို့အကြောင်းနားလည်အောင် သူတို့ကို ကူညီပေးပါလိမ့်မယ်။ သင်တို့ဘက်ကလည်း သူတို့ကို နားလည်ဖို့ ကြိုးစားသင့်ပါတယ်။

၁၀။ ရောဗောင်ရဲ့နမူနာကနေ ကျွန်ုပ်တို့ ဘာသင်ယူရသလဲ။

၁၀ သင်တို့ရဲ့ရွယ်တူချင်းတွေပြောတဲ့အတိုင်း လိုက်လုပ်ဖူးသလား။ အဲဒီအချက်ကို ဂရုစိုက်ပါ။ သူတို့ပြောတာတွေက မှန်တယ်လို့ ထင်ရပေမဲ့ အမြဲတမ်းတော့ မမှန်နိုင်ဘူး၊ အန္တရာယ်တောင်ဖြစ်နိုင်တယ်။ လူငယ်တွေမှာ လူကြီးတွေလောက် ဉာဏ်ပညာနဲ့ အတွေ့အကြုံမရှိဘူး။ သူတို့ အခုချလိုက်တဲ့ ဆုံးဖြတ်ချက်တွေက နောင်တစ်ချိန်ကျရင် သူတို့ကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ လူငယ်အများစုက မသိကြဘူး။ ဘုရင်ရှောလမုန်ရဲ့သား ရောဗောင်ရဲ့ နမူနာကို သတိရပါ။ သူ အစ္စရေးဘုရင်ဖြစ်လာတဲ့အခါမှာ လူကြီးတွေရဲ့အကြံဉာဏ်ကို နားထောင်သင့်တယ်။ ဒါပေမဲ့ သူက သူ့ရဲ့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ လူငယ်တွေရဲ့ မိုက်မဲတဲ့အကြံကို နားထောင်ခဲ့တယ်။ အကျိုးကတော့ သူ့တိုင်းပြည်မှာ လူအများစုက သူ့ကို ပုန်ကန်ခဲ့ကြတယ်။ (၃ ရာ. ၁၂:၁-၁၇) ရောဗောင်လို မလုပ်ပါနဲ့။ သင့်အတွေးနဲ့ သင့်ခံစားချက်တွေအကြောင်း သင့်မိဘတွေကို ပြောပြပါ။ သူတို့ရဲ့အကြံပေးစကားကို နားထောင်ပါ၊ သူတို့ရဲ့အသိပညာကနေ သင်ယူပါ။—သု. ၁၃:၂၀

၁၁။ မိဘတွေဆီချဉ်းကပ်ပြီး စကားပြောဖို့ မလွယ်ဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။

၁၁ မိဘတို့၊ သင်တို့ရဲ့ကလေးတွေ အကြံဉာဏ်ရယူဖို့အတွက် သူတို့နဲ့ သက်တူရွယ်တူလူငယ်တွေဆီ သွားမယ့်အစား သင်တို့ထံ ချဉ်းကပ်တာကို လိုချင်ပါသလား။ လိုချင်တယ်ဆိုရင် သင်တို့ထံချဉ်းကပ်ပြီး စကားပြောရလွယ်ကူအောင် ပြုလုပ်ပါ။ ဆယ်ကျော်သက်ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မ ယောက်ျားလေးတစ်ယောက်ရဲ့နာမည်ကို ပြောလိုက်ပြီဆိုတာနဲ့ ကျွန်မရဲ့မိဘတွေက အထိတ်တလန့်ဖြစ်သွားတယ်။ အဲဒါက ကျွန်မကို အနေရခက်စေပြီး စကားဆက်ပြောဖို့ အတားအဆီးဖြစ်စေတယ်။” နောက်ညီအစ်မငယ်တစ်ယောက်ကျတော့ ဒီလိုရေးတယ်– “ဆယ်ကျော်သက်များစွာဟာ သူတို့ရဲ့မိဘတွေဆီက အကြံဉာဏ်လိုချင်ကြတယ်၊ ဒါပေမဲ့ မိဘတွေက သူတို့ကို အရေးတယူမလုပ်ဘူးဆိုရင် ကလေးတွေက အတွေ့အကြုံနုနယ်သူတွေဆီကိုပဲ သွားကြမှာဖြစ်တယ်။” မိဘတို့၊ ကလေးတွေ ဘာအကြောင်းပဲပြောပြော သူတို့ပြောတာကို တလိုတလား နားထောင်ပေးပြီး သူတို့ရဲ့ခံစားချက်ကို နားလည်ပေးပါ။ သင် အဲဒီလိုလုပ်တယ်ဆိုရင် ကလေးတွေက သင်တို့နဲ့စကားပြောရတာ လွတ်လွတ်လပ်လပ်ရှိလာမှာဖြစ်ပြီး သင်တို့ရဲ့အကြံဉာဏ်ကိုလည်း လိုလိုလားလား လိုက်နာကြပါလိမ့်မယ်။

စကားပြောခြင်း၌ နှေးပါ

၁၂။ မိဘတွေရဲ့တုံ့ပြန်ပုံတွေက သားသမီးတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ ဘယ်လိုနည်းနဲ့ ခက်ခဲစေနိုင်သလဲ။

၁၂ ကလေးတွေစကားပြောတဲ့အခါ မိဘတွေက စိတ်လှုပ်ရှားပြီး ကောင်းကောင်း မတုံ့ပြန်ဘူးဆိုရင် အပြန်အလှန်ပြောဆိုဆက်သွယ်ဖို့ အတားအဆီးဖြစ်သွားတယ်။ ခရစ်ယာန်မိဘတွေက သားသမီးတွေကို ကာကွယ်ပေးချင်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒီ “နောက်ဆုံးသောနေ့ရက်များ” မှာ ကလေးတွေအတွက် အန္တရာယ်တွေ အများကြီးရှိတယ်။ (၂ တိ. ၃:၁-၅) ဒါပေမဲ့ မိဘတွေဘက်က ကာကွယ်မှုလို့ ယူဆတဲ့အရာကို သားသမီးတွေဘက်က ချုပ်ချယ်မှုလို့ မြင်နိုင်တယ်။

၁၃။ မိဘတွေက မိမိတို့ရဲ့အမြင်ကို မြန်မြန်ဆန်ဆန် ထုတ်မပြောမိဖို့ ဘာကြောင့် ဂရုပြုသင့်သလဲ။

၁၃ မိဘတွေက မိမိတို့ရဲ့အမြင်ကို မြန်မြန်ဆန်ဆန် ထုတ်မပြောမိဖို့ ဂရုပြုသင့်တယ်။ သင့်ကလေးတွေက စိတ်ဆိုးနေပြီး သင့်ကို စိတ်ပူစေတဲ့ ကိစ္စတစ်ခုခုပြောတဲ့အခါမှာ ပါးစပ်ပိတ်နေဖို့ ခက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခုခုကို မပြောခင် သေချာဂရုစိုက်နားထောင်ဖို့ အရေးကြီးတယ်။ “ကိစ္စတစ်ခုကို နားမထောင်ခင် ပြန်ပြောတဲ့သူတိုင်းက မိုက်မဲသူဖြစ်ရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်” လို့ ပညာရှိဘုရင် ရှောလမုန်က ရေးခဲ့တယ်။ (သု. ၁၈:၁၃ကဘ) ကလေးပြောတာကို တည်တည်ငြိမ်ငြိမ်နဲ့ ဂရုတစိုက်နားထောင်ပေးတယ်ဆိုရင် သင့်ကလေး ဘာကြောင့် “မဆင်မခြင်ပြော” တယ်ဆိုတာကို သိရမှာဖြစ်တယ်။ (ယောဘ ၆:၁-၃ကဘ) အခြေအနေအရပ်ရပ်ကို သင်သိမယ်ဆိုရင် သင့်ကလေးကို ကူညီပေးနိုင်မယ်။ မေတ္တာပြည့်ဝတဲ့ မိဘတို့၊ သင်တို့ရဲ့သားသမီးတွေ ပြောတာကိုနားထောင်ပြီး သူတို့ကို နားလည်ပေးဖို့ ကြိုးစားပါ၊ အဲဒီလိုဆိုရင် သူတို့အတွက် တကယ်အကျိုးရှိတဲ့စကားကို သင်တို့ ပြောနိုင်မှာဖြစ်တယ်။

၁၄။ သားသမီးတွေက ဘာကြောင့် စကားပြောခြင်းမှာ နှေးဖို့လိုသလဲ။

၁၄ သားသမီးတို့၊ သင်တို့လည်း စကားပြောခြင်းမှာ နှေးဖို့လိုပါတယ်။ သင်တို့ရဲ့မိဘတွေမှာ သင်တို့ကို လေ့ကျင့်သွန်သင်ပေးရမယ့် ဘုရားပေးတာဝန် ရှိတဲ့အတွက် သူတို့ပြောတာကို ချက်ချင်း မငြင်းပယ်ပါနဲ့။ (သု. ၂၂:၆) သူတို့လည်း ငယ်ရာကကြီးလာလို့ သင်တို့ရဲ့ လက်ရှိအခြေအနေတွေကို ဖြတ်သန်းခဲ့ရတယ်။ ဒါ့အပြင် သူတို့ငယ်ရွယ်စဉ်က လုပ်ခဲ့တဲ့အမှားမျိုး သင်တို့ကို ထပ်မမှားစေချင်ဘူး။ သင်တို့ရဲ့မိဘတွေက သင်တို့ရဲ့မိတ်ဆွေဖြစ်တယ်၊ ရန်သူမဟုတ်ဘူး။ သင်တို့ကို ကူညီပေးချင်ကြတယ်၊ မထိခိုက်စေချင်ဘူး။ (သုတ္တံ ၁:၅၊ ၆ ကိုဖတ်ပါ။) “မိဘကို ရိုသေသမှုပြု” ပါ၊ သူတို့ သင့်ကိုချစ်သလို သင်ကလည်း သူတို့ကိုချစ်တယ်ဆိုတာ ဖော်ပြပါ။ အဲဒါက သင်တို့ကို “ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူ” ဖို့ မိဘတွေအတွက် ပိုလွယ်ကူစေပါလိမ့်မယ်။—ဧ. ၆:၂၊

အမျက်ထွက်ခြင်း၌ နှေးပါ

၁၅။ ကျွန်ုပ်တို့ ချစ်တဲ့သူတွေအပေါ် တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ရှည်မှုပြနိုင်ဖို့ ဘာက ကူညီပေးမလဲ။

၁၅ ကျွန်ုပ်တို့ချစ်တဲ့သူတွေအပေါ် တစ်ချိန်လုံး စိတ်ရှည်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တမန်တော်ပေါလုက ကောလောသဲ ခရစ်ယာန်တွေကို ဒီလို စာရေးခဲ့တယ်– “ခင်ပွန်းဖြစ်သူတို့၊ သင်တို့၏ဇနီးကို ဆက်၍ချစ်ကြလော့။ သူတို့ကို ခါးသီးစွာ အမျက်မထွက်ကြနှင့်။ အဖဖြစ်သူတို့၊ သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ်ကြလိမ့်မည်။” (ကော. ၁:၁၊ ၂; ၃:၁၉၊ ၂၁) ဧဖက်မြို့က ခရစ်ယာန်တွေကို ပေါလု ဒီလို အားပေးတိုက်တွန်းခဲ့တယ်– ‘ခပ်သိမ်းသော ခါးသီးနာကြည်းခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ဆဲဆိုခြင်းတို့ကို ဖယ်ရှားကြလော့။’ (ဧ. ၄:၃၁) ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့အရည်အသွေးတွေဖြစ်တဲ့ စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းစတဲ့ အရည်အသွေးတွေကို မွေးမြူမယ်ဆိုရင် စိတ်ပူပန်စရာအခြေအနေမှာတောင် တည်တည်ငြိမ်ငြိမ် ရှိမှာဖြစ်တယ်။—ဂလ. ၅:၂၂၊ ၂၃

၁၆။ တပည့်တွေကို ယေရှု ဘယ်လို ဆုံးမသွန်သင်ခဲ့သလဲ။ ယေရှု အဲဒီလိုတုံ့ပြန်တာ ဘာကြောင့် မှတ်သားစရာကောင်းသလဲ။

၁၆ မိဘတို့၊ ယေရှုရဲ့စံနမူနာကို စဉ်းစားကြည့်ပါ။ တမန်တော်တွေနဲ့ နောက်ဆုံးညစာစားတဲ့အချိန်မှာ ယေရှု ဘယ်လောက်အထိ စိတ်ပူပန်နေမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ နောက်ထပ်နာရီပိုင်းအတွင်းမှာ သူဟာ နာကြင်မှုကို တမြည့်မြည့်ခံစားရင်း သေဆုံးရမယ်ဆိုတာ သူသိတယ်။ သူ့ခမည်းတော်ရဲ့နာမည် သန့်ရှင်းမြင့်မြတ်ရေးနဲ့ လူသားတွေရဲ့ ကယ်တင်ခြင်းက သူ့ရဲ့သစ္စာတည်ကြည်မှုအပေါ် မူတည်နေတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တမန်တော်တွေဟာ သူတို့အထဲမှာ ဘယ်သူက အကြီးမြတ်ဆုံးလဲဆိုတာကို ငြင်းခုံနေကြတယ်။ ယေရှု သူတို့ကို အော်ငေါက်ဆူပူတာ၊ ခက်ခက်ထန်ထန် ပြောဆိုတာမျိုး မလုပ်ခဲ့ဘူး။ အဲဒီအစား သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးမသွန်သင်ခဲ့တယ်။ ယေရှု ဆင်းရဲဒုက္ခခံစားရချိန်တွေမှာ တပည့်တွေ သူ့ကို ထောက်မကူညီပေးခဲ့တဲ့အကြောင်း ပြန်ပြောပြတယ်။ စာတန် သူတို့ကိုစမ်းသပ်တဲ့အခါမှာလည်း သူတို့ ဆက်သစ္စာတည်ကြည်မယ်ဆိုတာကို ယေရှု ယုံကြည်ကြောင်း ဖော်ပြခဲ့တယ်။ သူတို့ဟာ မိမိနဲ့အတူတွဲဖက်ပြီး ကောင်းကင်မှာ အုပ်ချုပ်ခွင့်ရမယ်လို့တောင် ကတိပေးခဲ့တယ်။—လု. ၂၂:၂၄-၃၂

သင့်သားသမီးတွေ စကားပြောတဲ့အခါ သင် သေချာနားထောင်သလား

၁၇။ သားသမီးတွေ တည်တည်ငြိမ်ငြိမ်ရှိဖို့ ဘာက ကူညီပေးမလဲ။

၁၇ ကလေးတွေလည်း တည်တည်ငြိမ်ငြိမ် ရှိဖို့လိုတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာဖြစ်တယ်။ ကလေးတွေက မိဘတွေ သူတို့ကို လမ်းညွှန်ပြသတာကို မကြိုက်ကြဘူး။ အဲဒီလိုလုပ်တာက သူတို့အပေါ် ယုံကြည်စိတ်ချမှု မရှိတာလို့ ယူဆကြတယ်။ ဒါပေမဲ့ သင်တို့ရဲ့မိဘတွေက သင်တို့ကိုချစ်လို့ သင်တို့အတွက် စိတ်ပူတယ်ဆိုတာ သတိရပါ။ သင်တို့က မိဘတွေ လမ်းညွှန်ပြသတာကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံမယ်ဆိုရင် သူတို့က သင့်ကို လေးစားပြီး ယုံကြည်လာမယ်။ အဲဒီအခါ သင့်ဘဝရဲ့တချို့ကဏ္ဍတွေမှာ သင့်ကို လွတ်လပ်မှု ပိုပေးလာမယ်။ ကိုယ့်ကိုယ်ကို ချုပ်တည်းခြင်းကလည်း ပညာရှိလမ်းစဉ်ပဲ။ “လူမိုက်က သူ့ခံစားချက်အားလုံးကို ဖွင့်ချတတ်တယ်။ ပညာရှိသူကတော့ အေးဆေးတည်ငြိမ်စွာ မျိုသိပ်ထားတတ်တယ်” လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—သု. ၂၉:၁၁ကဘ။

၁၈။ မိသားစု ပြောဆိုဆက်သွယ်မှု တိုးတက်ကောင်းမွန်လာအောင် မေတ္တာက ဘယ်လို ကူညီပေးသလဲ။

၁၈ ဒါကြောင့် ချစ်ခင်ရတဲ့ မိဘနဲ့ သားသမီးတို့၊ သင်တို့ရဲ့မိသားစုအတွင်းမှာ သင်တို့လိုချင်တဲ့ ပြောဆိုဆက်သွယ်မှုပုံစံမျိုးမရှိဘူးဆိုရင် စိတ်မပျက်ပါနဲ့။ ဆက်ကြိုးစားပါ၊ သမ္မာကျမ်းစာ အကြံပြုချက်အတိုင်း ဆက်လုပ်ဆောင်ပါ။ (၃ ယော. ၄) ကမ္ဘာသစ်မှာဆိုရင် ကျွန်ုပ်တို့ဟာ စုံလင်လာကြမှာဖြစ်လို့ ပြောဆိုဆက်သွယ်မှုပြဿနာတွေ ရှိတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအချိန် မရောက်မချင်းတော့ ကျွန်ုပ်တို့ အမှားတွေ လုပ်မိနေဦးမှာပဲ။ ဒါကြောင့် တောင်းပန်ဖို့ မတွန့်ဆုတ်ပါနဲ့။ အကြွင်းမဲ့ခွင့်လွှတ်ကြပါ။ “ချစ်ခြင်းမေတ္တာအားဖြင့် သင့်မြတ်စွာပေါင်းသင်း” ပါ။ (ကော. ၂:၂) ချစ်ခြင်းမေတ္တာမှာ အစွမ်းတန်ခိုးရှိတယ်။ ‘မေတ္တာက စိတ်ရှည်တယ်၊ ကြင်နာတယ်။ အမျက်မထွက်တတ်ဘူး၊ ထိခိုက်နစ်နာမှုကို မှတ်မထားဘူး။ အရာရာကို သည်းခံတတ်တယ်၊ အရာရာကို ယုံတတ်တယ်။ အရာရာကို မျှော်လင့်တတ်တယ်၊ အရာရာကို ခံရပ်နိုင်တယ်။’ (၁ ကော. ၁၃:၄-၇) ဆက်ပြီး မေတ္တာပြမယ်ဆိုရင် သင့်တို့မိသားစုရဲ့ ပြောဆိုဆက်သွယ်မှုက ပိုပိုပြီး တိုးတက်ကောင်းမွန်လာမယ်။ အဲဒါက သင်တို့ကို ပျော်ရွှင်စေပြီး ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။

^ စာပိုဒ်၊ 6 နာမည်ပြောင်းထား။