မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ခြင်းအားဖြင့် သင့်အမွေကို စောင့်ရှောက်ပါ

မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်ခြင်းအားဖြင့် သင့်အမွေကို စောင့်ရှောက်ပါ

“ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းသောအရာကို မှီဝဲဆည်းကပ်ကြလော့။”—ရော. ၁၂:၉

၁၊ ၂။ (က) ဘုရားသခင့်အမှုဆောင်ဖို့ ဆုံးဖြတ်ချက်ချရာမှာ သင့်ကို ဘာက ကူညီပေးခဲ့သလဲ။ (ခ) ဒီဆောင်းပါးမှာ ကျွန်ုပ်တို့ရဲ့အမွေနဲ့ပတ်သက်တဲ့ ဘယ်မေးခွန်းတွေကို ဖြေဆိုပေးမလဲ။

သန်းနဲ့ချီတဲ့သူတွေဟာ ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကိုဆောင်ဖို့ မှန်ကန်တဲ့ရွေးချယ်မှု ပြုလုပ်ခဲ့ကြပြီး ယေရှုခရစ်ရဲ့ စံနမူနာကို ထက်ကြပ်မကွာ လိုက်လျှောက်ကြတယ်။ (မ. ၁၆:၂၄; ၁ ပေ. ၂:၂၁) ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားတဲ့ အဲဒီလိုအသက်တာကို ကျွန်ုပ်တို့ ပေါ့ပေါ့တန်တန် သဘောမထားကြဘူး။ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုက ကျမ်းချက်အနည်းအကျဉ်းလောက်ကိုသာသိတဲ့ အပေါ်ယံအသိပညာပေါ် အခြေခံတာမဟုတ်ဘူး။ သမ္မာကျမ်းစာကို စေ့စေ့စပ်စပ် သေသေချာချာလေ့လာပြီး ယေဟောဝါ ကတိပြုထားတဲ့အမွေကို ယုံကြည်ခြင်းအပေါ် အခြေခံထားတာဖြစ်တယ်။ ဘုရားသခင်က အဲဒီအမွေကို ‘ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသူ ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို ဆည်းပူးနေ’ သူတွေကို ပေးမှာဖြစ်တယ်။—ယော. ၁၇:၃; ရော. ၁၂:၂

ကျွန်ုပ်တို့က ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေး ဆက်ရှိချင်တယ်ဆိုရင် ကိုယ်တော်နှစ်သက်တဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေကို ဆက်လုပ်နေရမယ်။ ဒါကြောင့် ဒီဆောင်းပါးက အရေးကြီးတဲ့ဒီမေးခွန်းတွေကို ဖြေဆိုပေးပါလိမ့်မယ်– ကျွန်ုပ်တို့ရဲ့အမွေက ဘာလဲ။ အဲဒါကို ကျွန်ုပ်တို့ ဘယ်လိုရှုမြင်သင့်သလဲ။ ကျွန်ုပ်တို့ရဲ့အမွေကို ရရှိထားပြီး ဆက်ထိန်းသိမ်းထားကြောင်း ဘယ်လို သေချာစေနိုင်သလဲ။ မှန်ကန်တဲ့ရွေးချယ်မှုတွေ ပြုလုပ်ဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးမလဲ။

ကျွန်ုပ်တို့ရဲ့အမွေက ဘာလဲ

၃။ (က) ဘိသိက်ခံတွေ ဘာအမွေရမလဲ။ (ခ) “အခြားသိုး” တွေကော ဘာအမွေရမလဲ။

ခရစ်ယာန်တွေထဲမှာ အရေအတွက်အနည်းငယ်က “မပျက်စီးနိုင်သော၊ မညစ်ညူးသော၊ မညှိုးနွမ်းသောအမွေ” ရဖို့ မျှော်လင့်ကြတယ်၊ အဲဒါက ကောင်းကင်မှာ ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်ခွင့်ရမယ့် အထူးအခွင့်အရေး ဖြစ်တယ်။ (၁ ပေ. ၁:၃၊ ၄) အဲဒီအမွေရဖို့အတွက် သူတို့ဟာ ‘တစ်ဖန်မွေးဖွားခြင်းခံ’ ရမှာဖြစ်တယ်။ (ယော. ၃:၁-၃) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ဘိသိက်ခံတွေနဲ့ တွဲဖက်လုပ်ဆောင်နေတဲ့ ယေရှုရဲ့ သန်းနဲ့ချီတဲ့ “အခြားသိုး” တွေကော ဘာအမွေရမလဲ။ (ယော. ၁၀:၁၆) အာဒံနဲ့ဧဝ မရခဲ့တဲ့အမွေကို သူတို့ရကြမယ်။ အဲဒါကတော့ ဆင်းရဲဒုက္ခ၊ သေခြင်းနဲ့ ငိုကြွေးမြည်တမ်းခြင်းမရှိတဲ့ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ခြင်းဖြစ်တယ်။ (ဗျာ. ၂၁:၁-၄) ဒါကြောင့် ယေရှုက သူနဲ့အတူ သေဒဏ်စီရင်ခံရတဲ့ လူဆိုးကို “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ရှိလိမ့်မည်” လို့ ကတိပေးခဲ့တယ်။—လု. ၂၃:၄၃

၄။ ဘယ်ကောင်းချီးတွေကို ကျွန်ုပ်တို့ ခံစားနေကြရသလဲ။

ကျွန်ုပ်တို့ရဲ့အမွေထဲမှာ အခုလက်ရှိ ခံစားနေရတဲ့ ကောင်းချီးတချို့လည်း ပါတယ်။ ကျွန်ုပ်တို့က “ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုး” ကို ယုံကြည်တဲ့အတွက် စိတ်ငြိမ်သက်မှုခံစားရပြီး ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိကြတယ်။ (ရော. ၃:၂၃-၂၅) သမ္မာကျမ်းစာမှာပါတဲ့ အနာဂတ်ကတိတော်တွေအကြောင်း ရှင်းရှင်းလင်းလင်း နားလည်ခွင့်ရတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေ အချင်းချင်းပြတဲ့ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့ကို အလွန်ပျော်ရွှင်စေတယ်။ ယေဟောဝါသက်သေဖြစ်ခွင့်ရတာကလည်း အခွင့်ထူးတစ်ခုပါပဲ။ ကျွန်ုပ်တို့ရဲ့အမွေတွေအတွက် ကျေးဇူးတင်လေးမြတ်ဖို့ အကြောင်းကောင်းတွေ ကျွန်ုပ်တို့မှာရှိတယ်။

၅။ ဘုရားသခင့်ကျေးကျွန်တွေကို စာတန် ဘာလုပ်ဖို့ ကြိုးစားနေသလဲ။ စာတန်ရဲ့ စဉ်းလဲတဲ့ပရိယာယ်တွေကို ခုခံဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။

ကျွန်ုပ်တို့ရရှိထားတဲ့ကောင်းချီးတွေ မဆုံးၡုံးသွားစေဖို့အတွက် စာတန်ရဲ့ထောင်ချောက်တွေကို သတိထားရမှာဖြစ်တယ်။ ဘုရားသခင့်ကျေးကျွန်တွေ ရရှိထားတဲ့အမွေ ဆုံးၡုံးသွားစေဖို့ မှားယွင်းတဲ့ရွေးချယ်မှုတွေ လုပ်မိအောင် စာတန် အမြဲကြိုးစားနေတယ်။ (တော. ၂၅:၁-၃၊) စာတန်ဟာ သူမကြာခင် ဖျက်ဆီးခံရတော့မယ်ဆိုတာ သိလို့ ကျွန်ုပ်တို့ကို သွေးဆောင်လှည့်ဖြားတဲ့နေရာမှာ အရှိန်မြှင့်ပြီး လုပ်ဆောင်နေတယ်။ (ဗျာဒိတ် ၁၂:၁၂၊ ၁၇ ကိုဖတ်ပါ။) “မာရ်နတ်၏စဉ်းလဲသည့် ပရိယာယ်များကို ခုခံ၍ အခိုင်အမာရပ်တည်” ချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အမွေကို ဆက်ပြီး တန်ဖိုးထားလေးမြတ်ရမှာဖြစ်တယ်။ (ဧ. ၆:၁၁) ဒီအချက်နဲ့ပတ်သက်ပြီး ဣဇာက်ရဲ့သားဦး ဧသောထံကနေ အရေးကြီးတဲ့သင်ခန်းစာတွေ သင်ယူရရှိနိုင်ပါတယ်။

ဧသောလို မဖြစ်စေပါနဲ့

၆၊ ၇။ ဧသောဆိုတာ ဘယ်သူလဲ။ သူ ဘာအမွေရဖို့ အလားအလာရှိသလဲ။

လွန်ခဲ့တဲ့ အနှစ် ၄,၀၀၀ လောက်က ဣဇာက်နဲ့ ရေဗက္ကမှာ ဧသောနဲ့ ယာကုပ်ဆိုတဲ့ အမြွှာသားနှစ်ယောက် ရှိခဲ့တယ်။ အဲဒီအမြွှာနှစ်ယောက်ဟာ စိတ်သဘောထားချင်းလည်း မတူ၊ အလုပ်အကိုင်ရွေးချယ်ရာမှာလည်း လုံးဝမတူဘဲ ကြီးပြင်းလာကြတယ်။ ‘ဧသောက ကျွမ်းကျင်တဲ့မုဆိုးဖြစ်လာပြီး ယာကုပ်ကတော့ တဲတွေမှာပဲ အနေများပြီး အပြစ်ကင်းသူဖြစ်တယ်။’ (က. ၂၅:၂၇ကဘ) ယာကုပ်ဟာ သမာဓိရှိပြီး အပြစ်မလုပ်တဲ့အတွက်ကြောင့် သူ့ကို အပြစ်ကင်းသူလို့ခေါ်တယ်။

ဧသောနဲ့ယာကုပ် အသက် ၁၅ နှစ်ရှိတဲ့အချိန်မှာ သူတို့ရဲ့အဘိုး အာဗြဟံ သေဆုံးသွားတယ်။ ဒါပေမဲ့ အာဗြဟံကို ပေးခဲ့တဲ့ကတိကို ယေဟောဝါ မမေ့ခဲ့ဘူး။ ယေဟောဝါက အာဗြဟံရဲ့ “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်း ကောင်းချီးခံစားရမယ်ဆိုတဲ့ ကတိကို နောက်ပိုင်းမှာ ဣဇာက်ကို ပြန်ပြောပြတယ်။ (ကမ္ဘာဦး ၂၆:၃-၅ ကိုဖတ်ပါ။) အဲဒီကတိက ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ သစ္စာရှိ “အမျိုးအနွယ်၊” မေရှိယဟာ အာဗြဟံရဲ့သားစဉ်မြေးဆက်ကနေ ပေါ်ထွက်လာမယ်ဆိုတာ ဖော်ပြတယ်။ ဣဇာက်ရဲ့သားဦးဖြစ်တဲ့ ဧသောဟာ အဲဒီကတိတော်ကို တရားဝင်ဆက်ခံပိုင်ခွင့်ရှိသူဖြစ်တယ်။ ဒါကြောင့် မေရှိယဟာ ဧသောရဲ့ သားစဉ်မြေးဆက်ကနေ ပေါ်ထွက်လာရမယ်။ ဒါက ဧသောအတွက် တကယ်ထူးမြတ်တဲ့ အမွေတစ်ခုပဲ။ ဒါပေမဲ့ အဲဒီအမွေကို သူ တန်ဖိုးထားလေးမြတ်ခဲ့သလား။

သင့်အမွေကို လက်လွတ်ဆုံးၡုံးစေမယ့် ဘယ်အရာကိုမှ မလုပ်ပါနဲ့

၈၊ ၉။ (က) ဧသောဟာ သူရမယ့်အမွေနဲ့ပတ်သက်ပြီး ဘယ်လို ရွေးချယ်ခဲ့သလဲ။ (ခ) နှစ်တွေကြာပြီးနောက်မှာ ဧသောဟာ သူ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘာသိလာသလဲ။ သူဘယ်လို တုံ့ပြန်ခဲ့သလဲ။

တစ်နေ့မှာ ဧသောဟာ အမဲလိုက်ရာကနေပြန်လာပြီး ယာကုပ် “ပဲဟင်းချက်နေ” တာကို မြင်သွားတယ်။ ဧသောက “မင်းချက်နေတဲ့ အနီရောင်ပဲဟင်း ငါ့ကို ကျွေးပါအုံး။ မြန်မြန်လုပ်ပါ။ ငါမောလာလို့” ဆိုပြီး တောင်းလိုက်တယ်။ ဒါနဲ့ ယာကုပ်က “မင်းရဲ့သားဦးအခွင့်အရေးကို အရင်ရောင်းပါ” လို့ပြောလိုက်တယ်။ ဧသော ဘာလုပ်မလဲ။ မယုံနိုင်စရာပါပဲ၊ ဧသောဟာ “ဒီမွေးရာပါအခွင့်အရေးက ငါ့အတွက် ဘာအသုံးဝင်မှာလဲ” လို့ ပြောလိုက်တယ်။ မှန်ပါတယ်၊ ဧသောဟာ သားဦးအခွင့်အရေးကို မရွေးဘဲ ပဲဟင်းတစ်ခွက်ကို ရွေးလိုက်တယ်။ မွေးရာပါအခွင့်အရေးကို တရားဝင်လွှဲပြောင်းရယူဖို့အတွက် ယာကုပ်က “ဒါဆို ငါ့ရှေ့မှာ အရင်ကျိန်ဆိုပါ” လို့ တောင်းဆိုလိုက်တယ်။ ဧသောဟာ တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ မွေးရာပါအခွင့်အရေးကို စွန့်လွှတ်လိုက်တယ်။ အဲဒီနောက် “ယာကုပ်က ဧသောကို မုန့်နဲ့ ပဲနီလေးဟင်းပေးလိုက်တော့ သူစားသောက်ပြီး ထွက်သွားတယ်။ ဒီနည်းနဲ့ ဧသောဟာ မွေးရာပါအခွင့်အရေးကို မထီလေးစားလုပ်ခဲ့တယ်။”—က. ၂၅:၂၉-၃၄ကဘ။

နှစ်တွေကြာပြီးနောက် ဣဇာက်က သူသေတော့မယ်ဆိုတာ သိတဲ့အချိန်မှာ ရေဗက္ကက ဧသောရောင်းလိုက်တဲ့ မွေးရာပါအခွင့်အရေးကို ယာကုပ်ရရှိအောင် သေချာစီစဉ်ခဲ့တယ်။ ဧသောက သူ့ရဲ့မွေးရာပါအခွင့်အရေးကို ရောင်းလိုက်ခြင်းအားဖြင့် သူ မိုက်မဲတဲ့ ရွေးချယ်မှုလုပ်လိုက်ပြီဆိုတာ သိတဲ့အချိန်မှာ “အဖေ၊ ကျွန်တော့်ကို ကောင်းချီးပေးပါ၊ ကျွန်တော့်ကိုလည်း ကောင်းချီးပေးပါအုံး။ . . . ကျွန်တော့်အတွက် ကောင်းချီးတစ်ခုလောက် အဖေ မချန်ထားဘူးလား” လို့ တောင်းပန်ခဲ့တယ်။ ယာကုပ်ကိုပေးပြီးသား ကောင်းချီးကို ပြန်ယူလို့မရတော့ဘူးလို့ ဣဇာက်ပြောလိုက်တဲ့အခါမှာတော့ ဧသောဟာ “အသံကျယ်ကြီးနဲ့ ချုံးပွဲချငိုတော့တယ်။”—က. ၂၇:၃၀-၃၈ကဘ။

၁၀။ ဧသောနဲ့ ယာကုပ်ကို ယေဟောဝါ ဘယ်လို ရှုမြင်ခဲ့သလဲ၊ ဘာကြောင့်လဲ။

၁၀ ဒီကျမ်းမှတ်တမ်းကနေပြီး ဧသောရဲ့စိတ်သဘောထားအကြောင်း ဘာသိနိုင်သလဲ။ သူဟာ သူ့အမွေကနေရရှိလာမယ့် ယေဟောဝါရဲ့ကတိတော်ဆိုင်ရာ အနာဂတ်ကောင်းချီးတွေကို ရရှိဖို့ထက် သွေးသားအလိုဆန္ဒ ပြည့်ဝဖို့က သူ့အတွက်ပိုအရေးကြီးကြောင်း ဖော်ပြခဲ့တယ်။ ဧသောဟာ သူ့ရဲ့မွေးရာပါအခွင့်အရေးကို တန်ဖိုးမထားဘူး၊ ဘုရားသခင်ကို တကယ်မချစ်ဘူး။ ဒါ့အပြင် ဧသောဟာ သူ့ရွေးချယ်မှုက သူ့သားစဉ်မြေးဆက်အပေါ် ဘယ်လို ထိခိုက်မယ်ဆိုတာ ထည့်မစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ ယာကုပ်ကတော့ သူ့ရဲ့အမွေကို အရမ်းတန်ဖိုးထားတယ်။ သာဓကအနေနဲ့ ယာကုပ်ဟာ ဇနီးရွေးချယ်တဲ့အခါမှာ မိဘတွေရဲ့အကြံဉာဏ်ကို နားထောင်ခဲ့တယ်။ (က. ၂၇:၄၆–၂၈:၃) အဲဒီလိုရွေးချယ်ရာမှာ ယာကုပ်ဘက်က စိတ်ရှည်ပြီး ကိုယ်ကျိုးစွန့်ခဲ့လို့ သူဟာ မေရှိယရဲ့ ဘိုးဘေးတစ်ဦးဖြစ်ခွင့်ရခဲ့တယ်။ ဧသောနဲ့ယာကုပ်ကို ဘုရားသခင် ဘယ်လိုရှုမြင်ခဲ့သလဲ။ ပရောဖက်မာလခိကတစ်ဆင့် ယေဟောဝါက “ယာကုပ်ကို ငါချစ်တယ်။ ဧသောကိုတော့ ငါမုန်းတယ်” လို့ပြောခဲ့တယ်။—မာလ. ၁:၂၊ ၃ကဘ။

၁၁။ (က) ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ဧသောအကြောင်း မှတ်တမ်းကနေ ဘယ်လို အကျိုးရရှိနိုင်သလဲ။ (ခ) ပေါလုက ဘာကြောင့် ဧသောရဲ့လုပ်ရပ်ကို မတရားမေထုန်နဲ့ ဆက်စပ်ဖော်ပြတာလဲ။

၁၁ ဧသောအကြောင်းဖော်ပြထားတဲ့ ကျမ်းစာမှတ်တမ်းကနေ ကျွန်ုပ်တို့ အကျိုးရယူနိုင်ပါတယ်။ “မတရားမေထုန်ပြုသူ၊ မိမိ၏သားဦးအခွင့်အရာကို တစ်နပ်စာအတွက် စွန့်လွှတ်သော ဧသောကဲ့သို့ မြင့်မြတ်သောအရာများကို တန်ဖိုးမထားသူ မရှိစေရန် သတိပြုကြလော့” လို့ တမန်တော်ပေါလုက ခရစ်ယာန်တွေကို သတိပေးခဲ့တယ်။ (ဟေဗြဲ ၁၂:၁၆) အဲဒီသတိပေးချက်က ခရစ်ယာန်တွေနဲ့ သက်ဆိုင်နေဆဲပဲ။ ကျွန်ုပ်တို့ဟာ မြင့်မြတ်တဲ့အရာတွေကို အမြဲ တန်ဖိုးထားရမယ်၊ ဒါမှ သွေးသားအလိုဆန္ဒတွေကို တွန်းလှန်နိုင်မှာဖြစ်ပြီး ကျွန်ုပ်တို့ရဲ့အမွေကို ကာကွယ်နိုင်မယ်။ ပေါလုက ဘာကြောင့် ဧသောရဲ့လုပ်ရပ်ကို မတရားမေထုန်နဲ့ ဆက်စပ်ဖော်ပြတာလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့က ဧသောလို သွေးသားအလိုဆန္ဒအတိုင်း လုပ်လိုက်မယ်ဆိုရင် မတရားမေထုန်လိုမျိုး အပြစ်တစ်ခုကို အလွယ်တကူ ကျူးလွန်မိနိုင်တယ်၊ အဲဒါက ကျွန်ုပ်တို့ရဲ့အမွေကို ဆုံးၡုံးသွားစေနိုင်တယ်။

သင့်နှလုံးကို အခုပဲ ပြင်ဆင်ပါ

၁၂။ (က) ကျွန်ုပ်တို့ကို သွေးဆောင်ဖို့ စာတန် ဘယ်လိုလုပ်ဆောင်နေသလဲ။ (ခ) အမှားကျူးလွန်ဖို့ သွေးဆောင်ခံရတဲ့အခါ ဘယ်ကျမ်းစာပုံနမူနာတွေက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။

၁၂ ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ လိင်အကျင့်ယိုယွင်းစေနိုင်တဲ့ အခြေအနေမှန်သမျှကို ရှောင်ကြတယ်။ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို သွေးဆောင်တယ်ဆိုရင် သွေးဆောင်မှုကို တွန်းလှန်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဘုရားသခင်ထံ ဆုတောင်းကြတယ်။ (မ. ၆:၁၃) ကျွန်ုပ်တို့က ဆက်ပြီး သစ္စာတည်ကြည်ဖို့ ကြိုးစားနေပေမဲ့ စာတန်က ယေဟောဝါနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ အဆက်မပြတ် ကြိုးစားနေတယ်။ (ဧ. ၆:၁၂) စာတန်ဟာ ဒီဆိုးညစ်တဲ့လောကရဲ့ဘုရားဖြစ်တယ်၊ လူတွေကို သူတို့ရဲ့မကောင်းတဲ့အလိုဆန္ဒအတိုင်း လုပ်မိအောင် ဘယ်လို သွေးဆောင်ရမယ်ဆိုတာ သူသိတယ်။ (၁ ကော. ၁၀:၈၊ ၁၃) ဥပမာအနေနဲ့ အကျင့်ယိုယွင်းတဲ့နည်းနဲ့ ကိုယ့်အလိုဆန္ဒကို ဖြည့်ဆည်းဖို့ အခွင့်အရေးပေါ်လာတယ်လို့ စဉ်းစားကြည့်ပါ။ သင် ဘာကိုရွေးချယ်မလဲ။ ဧသောလိုပဲ ‘ငါ့ကိုပေးပါ၊ မြန်မြန်လုပ်ပါ’ လို့ပြောမလား။ ဒါမှမဟုတ် ပေါတိဖာရဲ့မိန်းမ သွေးဆောင်တာကို ငြင်းပယ်ခဲ့တဲ့ ယာကုပ်ရဲ့သား ယောသပ်လို သွေးဆောင်မှုကို တွန်းလှန်ပြီး ထွက်ပြေးမလား။—ကမ္ဘာဦး ၃၉:၁၀-၁၂ ကိုဖတ်ပါ။

၁၃။ (က) ဒီနေ့အချိန်မှာ ညီအစ်ကိုညီအစ်မများစွာဟာ ဘယ်လိုနည်းနဲ့ ယောသပ်လို တုံ့ပြန်ခဲ့ကြသလဲ၊ ဒါပေမဲ့ တချို့က ဘယ်လိုနည်းနဲ့ ဧသောလို တုံ့ပြန်ကြသလဲ။ (ခ) ဧသောလို မလုပ်မိဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။

၁၃ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုညီအစ်မများစွာဟာ ဧသောလို တုံ့ပြန်မလား၊ ယောသပ်လို တုံ့ပြန်မလားဆိုတာ ရွေးချယ်ရမယ့် သွေးဆောင်မှုတွေနဲ့ ကြုံတွေ့နေရတယ်။ အများစုကတော့ ပညာရှိရှိ လုပ်ဆောင်ခြင်းအားဖြင့် ယေဟောဝါရဲ့စိတ်တော်ကို ရွှင်လန်းစေခဲ့ကြတယ်။ (သု. ၂၇:၁၁) ဒါပေမဲ့ တချို့ကတော့ ဧသောလိုလုပ်ဖို့ ရွေးချယ်ခြင်းအားဖြင့် မိမိတို့ရဲ့အမွေကို မထိန်းသိမ်းမစောင့်ရှောက်ကြဘူး။ သူတို့ထဲက များစွာဟာ လိင်အကျင့်ယိုယွင်းခဲ့ကြလို့ နှစ်စဉ်နှစ်တိုင်း တရားရေးအရကိုင်တွယ်ခံရကြ၊ နှင်ထုတ်ခံရကြတယ်။ ဒါကြောင့် အနာဂတ်မှာ ရင်ဆိုင်ကြုံတွေ့ရမယ့် ဘယ်သွေးဆောင်မှုမျိုးကိုမဆို တွန်းလှန်နိုင်အောင် အခုကတည်းက ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ (ဆာ. ၇၈:၈) သွေးဆောင်မှုကိုတွန်းလှန်ပြီး အဲဒီနောက် မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တဲ့ အရာနှစ်ခုအကြောင်း ဆွေးနွေးကြည့်ကြစို့။

စဉ်းစားပါ၊ ပြင်ဆင်ပါ

သမ္မာကျမ်းစာကိုလေ့လာခြင်းက သွေးဆောင်မှုကို တွန်းလှန်စေနိုင်

၁၄။ “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာ” ပြီး “ကောင်းသောအရာကို မှီဝဲဆည်းကပ်” ဖို့ ဘယ်မေးခွန်းတွေက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

၁၄ ပထမတစ်ခုကတော့ အပြစ်ရဲ့အကျိုးဆက်ကို စဉ်းစားခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ယေဟောဝါကို ပိုချစ်လေ ကျွန်ုပ်တို့ရထားတဲ့အမွေကို ပိုတန်ဖိုးထားလေပဲ။ တစ်ယောက်ယောက်ကို ကျွန်ုပ်တို့ချစ်တယ်ဆိုရင် သူ စိတ်ထိခိုက်အောင် ကျွန်ုပ်တို့ မလုပ်ချင်ကြဘူး။ အဲဒီအစား သူပျော်ရွှင်စေဖို့ ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒါကြောင့် မသန့်ရှင်းတဲ့ သွေးသားအလိုဆန္ဒအတိုင်း လုပ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်နဲ့ တခြားသူတွေအပေါ် ဘယ်လိုအကျိုးဆက်တွေ သက်ရောက်မယ်ဆိုတာကို အချိန်ယူပြီး စဉ်းစားသင့်တယ်။ ကိုယ့်ကိုယ်ကို ဒီလိုမေးသင့်တယ်– ‘ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့လုပ်ရပ်က ယေဟောဝါနဲ့ ငါ့ရဲ့ဆက်ဆံရေးကို ဘယ်လိုထိခိုက်စေမလဲ။ ငါ့ရဲ့အမှားက ငါ့မိသားစုကို ဘယ်လိုထိခိုက်စေမလဲ။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို ဘယ်လို ထိခိုက်မလဲ။ ငါ့ကြောင့် တခြားသူတွေ ထိမိလဲသွားမလား။’ (ဖိ. ၁:၁၀) ဒီလိုလည်း မေးနိုင်ပါတယ်– ‘ခဏတာ အကျင့်ပျက်ပျော်ပါးမှုအတွက် ငါပြန်ပေးဆပ်ရတဲ့အရာက တန်ရဲ့လား။ အပြစ်ရဲ့အကျိုးဆက်ကို သိတဲ့အခါ ယူကျုံးမရ အော်ဟစ်ငိုကြွေးခဲ့တဲ့ ဧသောလို ငါတကယ်ဖြစ်ချင်သလား။’ (ဟေဗြဲ ၁၂:၁၇) ဒီမေးခွန်းတွေကို အသေအချာစဉ်းစားမယ်ဆိုရင် “ဆိုးညစ်သောအရာကို စက်ဆုပ်ရွံရှာ” ပြီး “ကောင်းသောအရာကို မှီဝဲဆည်းကပ်” ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ (ရော. ၁၂:၉) ယေဟောဝါကို ကျွန်ုပ်တို့ တကယ်ချစ်တယ်ဆိုရင် ကျွန်ုပ်တို့ရဲအမွေကို ကာကွယ်စောင့်ရှောက်ဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။—ဆာ. ၇၃:၂၈

၁၅။ သွေးဆောင်မှုကိုတွန်းလှန်နိုင်ဖို့နဲ့ ဘုရားသခင်နဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ကာကွယ်ဖို့ အသင့်ပြင်ဆင်ရာမှာ ဘာက ကျွန်ုပ်တို့ကို ကူညီပေးမလဲ။

၁၅ ဒုတိယအချက်ကတော့ သွေးဆောင်မှုကို တွန်းလှန်ဖို့ ကိုယ့်ကိုယ်ကို ပြင်ဆင်ခြင်းဖြစ်တယ်။ သွေးဆောင်မှုကိုတွန်းလှန်ဖို့နဲ့ ကိုယ်တော်နဲ့ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ကာကွယ်ဖို့ ယေဟောဝါက နည်းလမ်းများစွာ ပြင်ဆင်ပေးထားတယ်။ ကိုယ်တော်ပြင်ဆင်ပေးထားတဲ့အရာတွေထဲမှာ ကျမ်းစာလေ့လာခြင်း၊ ခရစ်ယာန်အစည်းအဝေးတွေ၊ အမှုဆောင်လုပ်ငန်းနဲ့ ဆုတောင်းခြင်းတို့ ပါဝင်တယ်။ (၁ ကော. ၁၅:၅၈) ယေဟောဝါဘုရားထံ ရင်ဖွင့်ဆုတောင်းတဲ့အခါတိုင်း၊ အမှုဆောင်လုပ်ငန်းမှာ အဓိပ္ပာယ်ရှိရှိပါဝင်တဲ့အခါတိုင်းမှာ အဲဒါက သွေးဆောင်မှုတွေကို တွန်းလှန်ဖို့ ကျွန်ုပ်တို့ကိုယ်ကို ပြင်ဆင်နေတာနဲ့တူတယ်။ (၁ တိမောသေ ၆:၁၂၊ ၁၉ ကိုဖတ်ပါ။) သွေးဆောင်မှုကိုတွန်းလှန်ရာမှာ အောင်မြင်ချင်တယ်ဆိုရင် ကျွန်ုပ်တို့က အထက်ပါအချက်တွေကို အစွမ်းကုန် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်နေရမှာဖြစ်တယ်။ (ဂလ. ၆:၇) ဒီအချက်ကို သုတ္တံအခန်းကြီး နှစ်မှာ ဖော်ပြထားတယ်။

အဲဒါတွေကို ရှာဖွေနေပါ

၁၆၊ ၁၇။ မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးမလဲ။

၁၆ သုတ္တံအခန်းကြီး ၂ မှာ ကျွန်ုပ်တို့ကို ဉာဏ်ပညာနဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိဖို့ ကြိုးစားအားထုတ်ပါလို့ တိုက်တွန်းထားတယ်။ အဲဒါတွေက အမှန်နဲ့အမှားကို ရွေးချယ်ဖို့၊ ကိုယ့်စိတ်ကို အလိုလိုက်မလား၊ ကိုယ့်ကိုယ်ကို ကြပ်မတ်ထိန်းချုပ်မလား ဆိုတာ ဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်နိုင်ဖို့ဆိုရင် ကျွန်ုပ်တို့မှာ ကြိုးစားအားထုတ်ချင်စိတ်ရှိရမယ်။ သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ငါ့သား၊ သင်က ငါ့စကားတွေကိုလက်ခံပြီး ငါ့ပညတ်ချက်တွေကို သိမ်းဆည်းထားမယ်ဆိုရင်၊ သင့်နားက ဉာဏ်ပညာကို အာရုံစိုက်နားထောင်ပြီး သင့်စိတ်နှလုံးက ပိုင်းခြားသိမြင်မှုဘက် တိမ်းညွတ်မယ်ဆိုရင်၊ သိနားလည်မှုကို အော်ခေါ်ပြီး ပိုင်းခြားသိမြင်မှုကို အသံပေးမယ်ဆိုရင်၊ ငွေကိုရှာသလို အဲဒါတွေကိုရှာနေပြီး ရတနာသိုက်တွေကို ရှာဖွေသလို အဲဒါတွေကို ရှာဖွေနေမယ်ဆိုရင် သင်က ယေဟောဝါကိုကြောက်ရွံ့ခြင်းအကြောင်း နားလည်လာပြီး ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာကို ရှာတွေ့လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဉာဏ်ပညာကို ယေဟောဝါကိုယ်တိုင်ပေးတယ်။ အသိပညာနဲ့ ပိုင်းခြားသိမြင်မှုက ကိုယ်တော့်နှုတ်ကနေ ထွက်လာတယ်။”—သု. ၂:၁-၆ကဘ။

၁၇ အဲဒီကျမ်းချက်တွေမှာပါတဲ့အတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်တယ်ဆိုရင် မှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်နိုင်မှာဖြစ်တယ်။ ယေဟောဝါရဲ့မိန့်မှာချက်တွေနဲ့အညီ ကျွန်ုပ်တို့ရဲ့အတွင်းလူကို ပြုပြင်မယ်ဆိုရင်၊ ဘုရားသခင့်လမ်းညွှန်မှုအတွက် ကျွန်ုပ်တို့ ဆက်ဆုတောင်းနေမယ်ဆိုရင်၊ ရတနာသိုက်ရှာဖွေသလို ဘုရားသခင်ရဲ့အသိပညာတွေကို ဆက်ရှာဖွေနေမယ်ဆိုရင် သွေးဆောင်မှုတွေကို ကျွန်ုပ်တို့ တွန်းလှန်နိုင်ပါလိမ့်မယ်။

၁၈။ သင် ဘာဆက်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ၊ ဘာကြောင့်လဲ။

၁၈ ယေဟောဝါက ကြိုးစားအားထုတ်ပြီး ရှာဖွေသူတွေကို အသိပညာ၊ သိနားလည်မှု၊ ပိုင်းခြားသိမြင်မှုနဲ့ ဉာဏ်ပညာ ပေးတယ်။ အဲဒါတွေကို ရှာဖွေပြီး အသုံးပြုလေ အဲဒါတွေကိုပေးတဲ့အရှင် ယေဟောဝါနဲ့ ပိုရင်းနှီးလေပဲ။ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးက သွေးဆောင်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါလိမ့်မယ်။ ကျွန်ုပ်တို့က ယေဟောဝါနဲ့ ရင်းရင်းနှီးနှီးရှိပြီး ကိုယ်တော့်ကို ကြောက်ရွံ့တယ်ဆိုရင် အပြစ်မပြုလုပ်ဖို့ ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားကြပါလိမ့်မယ်။ (ဆာ. ၂၅:၁၄; ယာ. ၄:၈) ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းနဲ့ ကိုယ်တော်ပေးတဲ့ ဉာဏ်ပညာက ကိုယ်တော့်ကို ပျော်ရွှင်စေတဲ့ မှန်ကန်တဲ့ရွေးချယ်မှုတွေ ပြုလုပ်ဖို့၊ ကျွန်ုပ်တို့ရဲ့အမွေကို ကာကွယ်စောင့်ရှောက်ဖို့ ကူညီပေးပါလိမ့်မယ်။