မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါကို နာခံခြင်းကြောင့် ကျွန်မ ကောင်းချီးများစွာ ခံစားရ

ယေဟောဝါကို နာခံခြင်းကြောင့် ကျွန်မ ကောင်းချီးများစွာ ခံစားရ

“နောဧဆီကနေ အဖေတို့ တကယ်ကောင်းတဲ့ သင်ခန်းစာတစ်ခု သင်ယူရရှိကြတယ်။ နောဧဟာ ယေဟောဝါကို နာခံပြီး သူ့ရဲ့မိသားစုကိုချစ်တယ်၊ ပြီးတော့ မိသားစုဝင်တွေအားလုံး သင်္ဘောထဲကို ဝင်ခဲ့တဲ့အတွက် ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်ခဲ့တယ်” ဆိုပြီး အဖေ ပြောပြတယ်။

ဒါက ရိုးသားပြီး အလုပ်ကြိုးစားတဲ့ အဖေနဲ့ပတ်သက်လို့ ကျွန်မမှတ်မိတာတွေထဲက တစ်ခုဖြစ်တယ်။ သူက တရားမျှတမှုကို မြတ်နိုးတယ်၊ ဒါကြောင့် ၁၉၅၃ ခုနှစ်မှာ ကျမ်းစာသတင်းစကားကို သူကြားတော့ ချက်ချင်း သဘောကျသွားတယ်။ အဲဒီအချိန်ကစပြီး သူသိရှိခဲ့တာတွေကို သားသမီးတွေကို လက်ဆင့်ကမ်းသင်ပေးဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့တယ်။ အစပိုင်းမှာတော့ အမေက သူ့ရဲ့ကက်သလစ်ဓလေ့ထုံးစံတွေကို စွန့်ဖို့ တွန့်ဆုတ်ခဲ့တယ်။ နောက်တော့ သူလည်း ကျမ်းစာသွန်သင်ချက်တွေကို လက်ခံလာတယ်။

ကျွန်မရဲ့မိဘတွေဟာ ကျွန်မတို့နဲ့အတူ လေ့လာဖို့ ခက်တယ်။ အမေက စာကောင်းကောင်းမတတ်ဘူး၊ အဖေကတော့ စိုက်ခင်းတွေထဲမှာ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်။ တစ်ခါတလေ သူအရမ်းပင်ပန်းလို့ လေ့လာနေချိန်မှာ အိပ်ငိုက်နေတတ်တယ်။ ဒါပေမဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုကနေ အကျိုးခံစားခဲ့ရပါတယ်။ ကျွန်မက အကြီးဆုံးဆိုတော့ ကျွန်မရဲ့ညီမလေးနဲ့ မောင်လေးနှစ်ယောက်ကို သင်ပေးရာမှာ ကူညီပေးခဲ့တယ်။ နောဧက သူ့မိသားစုကိုချစ်တယ်၊ ဘုရားသခင့်စကားကို သူဘယ်လို နားထောင်ခဲ့တယ်ဆိုတာတွေကို ကျွန်မတို့ မကြာမကြာ ပြောဆိုကြတယ်။ အဲဒီကျမ်းစာမှတ်တမ်းကို ကျွန်မ အရမ်းကြိုက်တယ်။ မကြာခင်မှာပဲ ကျွန်မတို့အားလုံး အီတလီနိုင်ငံ၊ အေဒရီအက်တစ်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ရိုဇေတိုဒဲယီ အဘရူစီမှာရှိတဲ့ နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေကို အတူတက်ခဲ့ကြတယ်။

၁၉၅၅ ခုနှစ်မှာ အမေနဲ့ကျွန်မဟာ အနောက်ဘက်မှာရှိတဲ့ရောမမြို့မှာ ကျွန်မတို့ရဲ့ပထမဆုံးစည်းဝေးကြီးကိုတက်ဖို့ တောင်တွေကိုဖြတ်တဲ့အချိန်မှာ ကျွန်မအသက် ၁၁ နှစ်ပဲရှိသေးတယ်။ အဲဒီအချိန်ကစပြီး ဒီလိုစည်းဝေးကြီးတွေဟာ ခရစ်ယာန်အသက်တာရဲ့ နှစ်သက်စရာတွေထဲက တစ်ခုဖြစ်တယ်လို့ ကျွန်မ ယူမှတ်ခဲ့တယ်။

နောက်တစ်နှစ်မှာ ကျွန်မ နှစ်ခြင်းခံပြီး မကြာခင်မှာပဲ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ကျွန်မအသက် ၁၇ နှစ်မှာ ရောမမြို့တောင်ဘက်၊ အိမ်နဲ့ မိုင် ၁၉၀ (၃၀၀ ကီလိုမီတာ) ဝေးတဲ့ လတ်တီနာမှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ အဲဒီမြို့လေးက မြို့သစ်ဖြစ်တဲ့အတွက် ဘယ်သူကမှ အိမ်နီးချင်းတွေ ဘာလုပ်နေသလဲဆိုတာကို စိတ်မဝင်စားဘူး။ ဒါကြောင့် ကျွန်မနဲ့ ကျွန်မရဲ့အထူးရှေ့ဆောင်အဖော် ညီအစ်မဟာ ကျမ်းစာ,စာပေတွေ အများကြီးဝေငှခဲ့ရလို့ ပျော်တယ်၊ ဒါပေမဲ့ အသက်ကငယ်သေးတော့ အိမ်ကိုလွမ်းလာတယ်။ ဒါပေမဲ့ ကျွန်မရရှိတဲ့ လမ်းညွှန်ချက်ကို ဆက်ပြီးနာခံသွားချင်တယ်။

ကျွန်မတို့ မင်္ဂလာဆောင်တဲ့နေ့

နောက်ပိုင်း၊ ၁၉၆၃ ခုနှစ်မှာကျင်းပတဲ့ “ထာဝရသတင်းကောင်း” ဆိုတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးအတွက် ပြင်ဆင်တဲ့နေရာမှာ ကူညီပေးဖို့ မီလန်မှာ တာဝန်ကျခဲ့တယ်။ စည်းဝေးကြီးအတွင်းမှာ ကျွန်မဟာ ဖလောရန့်စ်မြို့က ညီအစ်ကိုငယ် ပေအိုလို ပစ်စီအိုလီ အပါအဝင် တခြားသူတွေနဲ့အတူ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးခဲ့တယ်။ စည်းဝေးကြီး ဒုတိယနေ့မှာ အဲဒီညီအစ်ကိုက တစ်ကိုယ်ရေဘဝနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားစရာဟောပြောချက်တစ်ခု ဟောခဲ့တယ်။ ‘ဒီညီအစ်ကိုကတော့ ဘယ်တော့မှ အိမ်ထောင်ပြုမှာ မဟုတ်ဘူးဆိုတာ သေချာတယ်’ လို့ ကျွန်မတွေးခဲ့တာ မှတ်မိသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ အပြန်အလှန် စာတွေရေးကြတယ်၊ အဲဒီအခါမှာ ကျွန်မတို့ရဲ့ပန်းတိုင်တွေ၊ ယေဟောဝါကို ချစ်တာနဲ့ ကိုယ်တော့်ကိုနာခံချင်တဲ့ ကျွန်မတို့ရဲ့ ထက်သန်တဲ့ဆန္ဒတွေ တူညီနေတယ်ဆိုတာ သိလာခဲ့တယ်။ ၁၉၆၅ ခုနှစ်မှာ ပေအိုလိုနဲ့ကျွန်မ လက်ထပ်လိုက်တယ်။

ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ထိပ်တိုက်တွေ့

ကျွန်မ ဖလောရန့်စ်မြို့မှာ ဆယ်နှစ်ကြာ မှန်မှန်ရှေ့ဆောင်လုပ်ခဲ့တယ်။ အသင်းတော်တွေတိုးတက်လာတာကို တွေ့ရတာ တကယ်ပျော်စရာကောင်းတယ်၊ အထူးသဖြင့် လူငယ်တွေတိုးတက်လာကို တွေ့ရတဲ့အခါမှာပေါ့။ ပေအိုလိုနဲ့ကျွန်မဟာ သူတို့နဲ့အတူ ကျမ်းစာအကြောင်းတွေပြောတာ၊ အပန်းဖြေတာတွေနဲ့ အချိန်ကုန်ရတာကို နှစ်သက်တယ်၊ အပန်းဖြေတဲ့အခါမှာတော့ ပေအိုလိုက ထုံးစံအတိုင်း ဘောလုံးကန်တယ်။ ကျွန်မယောက်ျားနဲ့ အတူရှိတဲ့အချိန်တွေကို ကျွန်မ တန်ဖိုးထားတယ်၊ ဒါပေမဲ့ ဒီလူငယ်တွေနဲ့ အသင်းတော်မှာရှိတဲ့ မိသားစုတွေဟာ သူ့ရဲ့ကြင်နာတဲ့စိတ်ဝင်စားမှုနဲ့ အချိန်တွေကို လိုအပ်ခဲ့ပြီး အဲဒီကနေ သူတို့ အကျိုးခံစားကြရတယ်ဆိုတာကို ကျွန်မတွေ့ခဲ့ရတယ်။

ကျွန်မတို့ ကျမ်းစာသင်အံမှုတွေ အများကြီးလုပ်နိုင်ခဲ့တာကို ပြန်စဉ်းစားတိုင်း ပျော်ရွှင်မှုခံစားနေရတုန်းပဲ။ သင်အံမှုတစ်ခုကတော့ အန်ဒရီယာနာဖြစ်ပြီး သူက သူသိခဲ့တဲ့အကြောင်းတွေကို အခြားမိသားစုနှစ်စုကို ပြန်ပြောပြခဲ့တယ်။ သူတို့တွေက သုံးပါးပေါင်းတစ်ဆူနဲ့ ဝိညာဉ်မသေနိုင် စတဲ့ချာ့ခ်ျအယူဝါဒတွေကို ခရစ်ယာန်ဘုန်းကြီးတစ်ဦးနဲ့ ဆွေးနွေးဖို့ စီစဉ်ပေးကြတယ်။ ခရစ်ယာန်ဘုန်းကြီးသုံးဦး ရောက်လာတယ်။ သူတို့ရဲ့ရှင်းပြချက်တွေက ရှုပ်ထွေးပြီး ရှေ့နောက်မညီဘူး၊ အဲဒီသွန်သင်ချက်တွေက ကျမ်းစာနဲ့မကိုက်ညီဘူးဆိုတာကို ကျွန်မတို့ရဲ့ကျမ်းစာသင်သားတွေ အလွယ်တကူ သိမြင်နိုင်ခဲ့တယ်။ တကယ်ပါပဲ၊ ဒီဆွေးနွေးမှုက အပြောင်းအလဲတစ်ခုကို ဖြစ်စေခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီမိသားစုတွေထဲက ၁၅ ယောက်လောက်ဟာ သက်သေခံတွေ ဖြစ်လာခဲ့ကြတယ်။

ဒီနေ့အချိန်မှာတော့ ကျွန်မတို့ ဟောပြောတဲ့နည်းလမ်းတွေက လုံးဝပြောင်းလဲသွားပြီ။ အဲဒီတုန်းက ပေအိုလိုဟာ ခရစ်ယာန်ဘုန်းကြီးတွေနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးတဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်ခဲ့တယ်၊ အဲဒီလိုဆွေးနွေးမှုတွေကို အတော်များများ လုပ်ခဲ့တယ်။ သက်သေခံမဟုတ်တဲ့အဖွဲ့တစ်ဖွဲ့နဲ့ ဆွေးနွေးတာကို ကျွန်မ မှတ်မိသေးတယ်။ အတိုက်အခံလုပ်သူတွေက စိတ်ကသိကအောက်ဖြစ်စေတဲ့မေးခွန်းတွေ မေးဖို့ ကြိုတင်ဇာတ်တိုက်ထားတယ်ဆိုတာ သိသာတယ်။ ဒါပေမဲ့ ဆွေးနွေးမှုက ခရစ်ယာန်ဘုန်းကြီးတွေ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ အဲဒီထဲကတစ်ယောက်က ချာ့ခ်ျဟာ အရင်တုန်းကလိုပဲ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်ရှိသလားလို့ မေးခဲ့တယ်။ ဒီအချက်က ဘုန်းကြီးတွေကို အခက်တွေ့စေခဲ့တယ်။ ရုတ်တရက်ပဲ မီးပျက်သွားလို့ ဆွေးနွေးပွဲကို ရပ်လိုက်ရတယ်။ ဆက်ပြီး မဆွေးနွေးနိုင်တော့ဘူးဆိုရင် မီးဖြတ်လိုက်ဖို့ ဘုန်းကြီးက ကြိုပြောထားတယ်ဆိုတာ နောက်ပိုင်းကျမှ ကျွန်မတို့သိရတယ်။

တာဝန်သစ်များ

ပေအိုလိုနဲ့ကျွန်မ လက်ထပ်ပြီး ဆယ်နှစ်အကြာမှာ တိုက်နယ်အဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ပေအိုလိုရဲ့အလုပ်က ကောင်းတော့ ဆုံးဖြတ်ချက်ချရတာ မလွယ်ဘူး။ ဆုတောင်း၊ စဉ်းစားပြီးတဲ့နောက်မှာ တာဝန်ကိုလက်ခံဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မတို့ကို တည်းခိုခွင့်ပေးတဲ့မိသားစုတွေနဲ့ အချိန်ကုန်ရတာ ပျော်စရာပါပဲ။ ညနေပိုင်းမှာဆိုရင် ကျွန်မတို့အုပ်စုလိုက် ကျမ်းစာလေ့လာကြတယ်၊ အဲဒီနောက်မှာ ပေအိုလိုက ကလေးတွေကို အိမ်စာကူလုပ်ပေးတယ်၊ အဓိကတော့ သင်္ချာပဲ။ ဒါ့အပြင် ပေအိုလိုက စာဖတ်ရတာကိုကြိုက်တယ်၊ သူဖတ်ထားတဲ့အကြောင်းအရာတွေထဲက စိတ်ဝင်စားစရာတွေ၊ တည်ဆောက်မှုဖြစ်စေတဲ့အရာတွေကို ဝေမျှပေးတယ်။ တနင်္လာနေ့မှာတော့ သက်သေခံတွေမရှိတဲ့မြို့တွေမှာ အမှုဆောင်ထွက်လေ့ရှိပြီး ညနေပိုင်းမှာဟောမယ့် ဟောပြောချက်ကို လာနားထောင်ဖို့ လူတွေကို ဖိတ်ခေါ်တယ်။

ပေအိုလိုနဲ့ကျွန်မဟာ လူငယ်တွေနဲ့အတူ အချိန်ကုန်ရတာ ပျော်ရွှင်ပြီး ပေအိုလိုက ထုံးစံအတိုင်း ဘောလုံးကန်တယ်

တိုက်နယ်လုပ်ငန်းမှာ နှစ်,နှစ်ကြာ ပါဝင်ပြီးတဲ့နောက် ရောမမှာရှိတဲ့ ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ပေအိုလိုက တရားရေးဌာနမှာ အလုပ်လုပ်ပြီး ကျွန်မကတော့ မဂ္ဂဇင်းဌာနမှာ တာဝန်ကျတယ်။ ဒီလိုအပြောင်းအလဲလုပ်ဖို့ဆိုတာ မလွယ်ကူပေမဲ့ နာခံဖို့ ကျွန်မတို့ ဆုံးဖြတ်ထားတယ်။ အီတလီမှာရှိတဲ့ ဗေသလကို တဖြည်းဖြည်းတိုးချဲ့တာနဲ့ ညီအစ်ကိုညီအစ်မတွေ တိုးများလာတာကို မြင်ရတာ စိတ်လှုပ်ရှားစရာပဲ။ အဲဒီအချိန်အတွင်းမှာ အီတလီအစိုးရက ယေဟောဝါသက်သေတွေကို တရားဝင်ဘာသာရေးအဖွဲ့အဖြစ် အသိအမှတ်ပြုခဲ့တယ်။ ကျွန်မတို့ အဲဒီတာဝန်သစ်မှာ အမှုဆောင်ရတာ တကယ် ပျော်ရွှင်ခဲ့တယ်။

ပေအိုလိုက ဗေသလက သူ့အလုပ်ကို နှစ်သက်တယ်

၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်း၊ ကျွန်မတို့ ဗေသလမှာ အမှုဆောင်နေတုန်း အီတလီမှာဖြစ်ခဲ့တဲ့ တရားရေးကိစ္စတစ်ခုကို လူသိများခဲ့တယ်။ သက်သေခံမောင်နှံတစ်စုံဟာ သူတို့ရဲ့သမီးကို သွေးသွင်းခွင့်မပြုတဲ့အတွက် သမီးကိုသေဆုံးစေသူတွေအဖြစ် တရားစွဲခံရတယ်။ အဲဒီစွပ်စွဲချက်က မမှန်ဘူး။ တကယ်တော့ အဲဒီမိန်းကလေးဟာ အီတလီနဲ့ အနီးအနားတိုင်းပြည်တွေမှာ အများဆုံးဖြစ်လေ့ရှိတဲ့ ပြင်းထန်တဲ့ သွေးရောဂါတစ်မျိုးကြောင့် သေဆုံးတာပါ။ ဗေသလက ညီအစ်ကိုညီအစ်မတွေဟာ မိဘတွေဘက်က ကိုယ်စားလှယ်ဖြစ်တဲ့ ရှေ့နေတွေကို ကူညီပေးကြတယ်။ အမှုရဲ့အခြေအနေမှန်နဲ့ သွေးနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘယ်လိုဖော်ပြထားတယ်ဆိုတာ မှန်မှန်ကန်ကန် နားလည်စေဖို့ ဝေစာတစ်စောင်နဲ့ အထူးထုတ် နိုးလော့! တစ်စောင်ကို ပုံနှိပ်ပြီး လူတွေကို ဝေငှခဲ့တယ်။ အဲဒီလတွေတုန်းကဆိုရင် ပေအိုလိုဟာ နေ့တိုင်းလိုလို တစ်ရက်ကို ၁၆ နာရီ မနားမနေ အလုပ်လုပ်ရတယ်။ အဲဒီအချိန်မှာ ကျွန်မ သူ့ကို အတတ်နိုင်ဆုံး ကူညီပေးခဲ့တယ်။

အခြေအနေ ပြောင်းလဲသွား

မမျှော်လင့်ထားတဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်မတို့ အိမ်ထောင်သက်က အနှစ် ၂၀ ရှိနေပြီ။ ကျွန်မ ကိုယ်ဝန်ရှိနေပြီလို့ ပေအိုလိုကို ပြောပြတဲ့အချိန်မှာ သူ့ရဲ့အသက်က ၄၉ နှစ်နဲ့ ကျွန်မက ၄၁ နှစ်ရှိနေပြီ။ ပေအိုလိုရဲ့နေ့စဉ်မှတ်တမ်းစာအုပ်မှာ ဒီလိုရေးထားတယ်– “ဆုတောင်းချက်– ဒါသာ အမှန်တကယ်ဆိုရင် အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်ဖို့၊ ဘုရားသခင်နဲ့ ကျွန်တော်တို့ရဲ့ဆက်ဆံရေး အားမနည်းသွားစေဖို့နဲ့ ကျွန်တော်တို့ရဲ့ပုံသက်သေအားဖြင့် မိဘကောင်းဖြစ်နိုင်ဖို့ ကူညီပေးပါ။ လွန်ခဲ့တဲ့အနှစ် ၃၀ လုံးလုံး စင်မြင့်ပေါ်မှာ ကျွန်တော် ဟောပြောခဲ့တာတွေရဲ့ အနည်းဆုံး ၁ ရာခိုင်နှုန်းလောက် လုပ်ဆောင်နိုင်အောင် ကူညီပေးပါ။” ရလဒ်တွေကို ပြန်ကြည့်တဲ့အခါမှာ ယေဟောဝါဟာ ပေအိုလိုနဲ့ ကျွန်မရဲ့ဆုတောင်းချက်တွေကို နားထောင်ပေးခဲ့တယ်ဆိုတာ သိနိုင်တယ်။

အီလာရီယာကို မွေးပြီးတဲ့နောက်မှာ ကျွန်မတို့ရဲ့ဘဝအခြေအနေ အကြီးအကျယ် ပြောင်းလဲသွားတယ်။ အမှန်အတိုင်းပြောရရင် သုတ္တံ ၂၄:၁၀ (ကဘ) မှာ “သင်က ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေမယ်ဆိုရင် အားအင်တွေ လျော့နည်းသွားလိမ့်မယ်” လို့ပြောထားသလိုပဲ စိတ်ဓာတ်ကျတဲ့အခါတွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ အပြန်အလှန်အားပေးမှုရဲ့တန်ဖိုးကို သတိရပြီး ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် အားပေးထောက်မခဲ့ကြတယ်။

အချိန်ပြည့်လုပ်ငန်းမှာ အလုပ်များနေတဲ့ သက်သေခံမိဘနှစ်ပါးကနေ မွေးဖွားလာရလို့ ပျော်တယ်လို့ အီလာရီယာက မကြာခဏပြောတတ်တယ်။ သူဟာ မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်မှုကို အချိန်ပြည့် ခံစားခဲ့ရတယ်။ နေ့မှာတော့ ကျွန်မက သမီးကို ကြည့်ရှုစောင့်ရှောက်တယ်။ ညနေပိုင်း ပေအိုလို အိမ်ပြန်လာတဲ့အခါ သူ့မှာ လုပ်စရာအလုပ်တွေရှိပေမဲ့ သမီးနဲ့အတူ ကစားပေးပြီး သမီးရဲ့အိမ်စာတွေ ကူလုပ်ပေးတယ်။ သူ့ရဲ့အလုပ်ပြီးဖို့ တစ်ခါတလေ မနက် နှစ်နာရီ၊ သုံးနာရီအထိ အလုပ်လုပ်ရပေမဲ့ သမီးကို အချိန်ပေးတယ်။ အီလာရီယာက “အဖေဟာ သမီးရဲ့ အကောင်းဆုံးသူငယ်ချင်းပဲ” လို့ မကြာခဏပြောတယ်။

မှန်ကန်ရာကိုပြုလုပ်တတ်အောင် အီလာရီယာကို ကူညီပေးရာမှာ ပြတ်ပြတ်သားသား ဆုံးမရတဲ့အခါတွေတော့ ရှိပါတယ်။ ဥပမာ၊ တစ်ခါက သူ့သူငယ်ချင်းတစ်ယောက်နဲ့ ကစားနေတုန်းမှာ အဲဒီသူငယ်ချင်းကို သူ ကောင်းကောင်းမဆက်ဆံတာကို သတိရမိတယ်။ ကျွန်မတို့က သူဘာကြောင့် အဲဒီလို မပြုမူသင့်ဘူးဆိုတာကို ကျမ်းစာနဲ့ပြောပြတယ်။ ဒါ့အပြင် ကျွန်မတို့ရှေ့မှာပဲ သူ့သူငယ်ချင်းကို တောင်းပန်ခိုင်းလိုက်တယ်။

အီလာရီယာက မိဘတွေ အမှုဆောင်လုပ်ငန်းကို ချစ်မြတ်နိုးလို့ သူလည်း အမှုဆောင်လုပ်ငန်းကို ချစ်မြတ်နိုးတာလို့ ပြောပြတယ်။ အခုတော့ သူက လူကြီးတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်ကျသွားပြီ၊ ယေဟောဝါကိုနာခံခြင်းနဲ့ ကိုယ်တော်ရဲ့လမ်းညွှန်ချက်ကို လိုက်လျှောက်တာက ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူ ပိုပြီနားလည်လာတယ်။

ဝမ်းနည်းတဲ့အခြေအနေတွေမှာတောင် နာခံမှုပြ

၂၀၀၈ ခုနှစ်မှာ ပေအိုလိုဟာ သူ့မှာ ကင်ဆာရောဂါရှိနေပြီဆိုတာ သိလိုက်ရတယ်။ အစပိုင်းမှာတော့ ပေအိုလိုက သူ ပြန်ကောင်းလာမယ်လို့ထင်ပြီး ကျွန်မကို အများကြီးအားပေးခဲ့တယ်။ ပေအိုလိုကို ကုသဖို့ အကောင်းဆုံးဆရာဝန်တွေကို ရှာဖွေခဲ့ကြတယ်။ အီလာရီယာနဲ့ ကျွန်မဟာ ခွန်အားနဲ့ခံနိုင်ရည်ရရှိဖို့ ယေဟောဝါဆီကို အချိန်အကြာကြီး အတူတူ ဆုတောင်းခဲ့ကြတယ်။ တကယ့်ကို ခွန်အားရှိတဲ့သူတစ်ယောက်က တဖြည်းဖြည်း အားအင်ဆုတ်ယုတ်လာတာကို ကျွန်မ ကြည့်နေခဲ့ရတယ်။ ၂၀၁၀ မှာ ပေအိုလို ဆုံးပါးသွားတော့ ကျွန်မ အရမ်းဝမ်းနည်းခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့အိမ်ထောင်သက် ၄၅ နှစ်အတွင်းမှာ ကျွန်မတို့ လုပ်နိုင်ခဲ့တာတွေကို ပြန်စဉ်းစားတာက ကျွန်မအတွက် နှစ်သိမ့်မှုဖြစ်စေခဲ့တယ်။ ယေဟောဝါကို ကျွန်မတို့ အကောင်းဆုံးပေးဆက်ခဲ့ကြတယ်၊ အဲဒါတွေကို ကိုယ်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။ ယောဟန် ၅:၂၈၊ ၂၉ ပြည့်စုံပြီး ပေအိုလို ပြန်အသက်ရှင်လာမယ့်အချိန်ကို ကျွန်မ စိတ်အားထက်သန်စွာ မျှော်လင့်နေပါတယ်။

“ကျွန်မစိတ်ထဲမှာတော့ ကျွန်မက နောဧပုံပြင်ကို ကြိုက်တဲ့ ကလေးမလေး ဖြစ်နေတုန်းပါပဲ။ ကျွန်မရဲ့ဆုံးဖြတ်ချက်က မပြောင်းလဲဘူး”

ကျွန်မစိတ်ထဲမှာတော့ ကျွန်မက နောဧပုံပြင်ကိုကြိုက်တဲ့ ကလေးမလေးဖြစ်နေတုန်းပါပဲ။ ကျွန်မရဲ့ဆုံးဖြတ်ချက်က မပြောင်းလဲဘူး။ ယေဟောဝါ တောင်းဆိုသမျှကို ကျွန်မ နာခံချင်တယ်။ ကျွန်မတို့ကြုံတွေ့ခဲ့ရတဲ့ အတားအဆီးတွေ၊ စွန့်လွှတ်မှုတွေနဲ့ ဆုံးၡုံးမှုတွေက ယေဟောဝါပေးတဲ့ကောင်းချီးတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တကယ့်ကို ဘာမှမဟုတ်တဲ့အရာတွေပဲ။ ယေဟောဝါကိုနာခံခြင်းက အမြဲပဲ အကျိုးရှိတယ်ဆိုတာ ကျွန်မ ကိုယ်တွေ့သိရှိခဲ့ရတယ်။