မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ ရက်ရောမှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို တန်ဖိုးထားလေးမြတ်ပါ

ယေဟောဝါရဲ့ ရက်ရောမှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို တန်ဖိုးထားလေးမြတ်ပါ

“ယေဟောဝါက သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတိုင်းမှာ ကိုယ်တော့် ကရုဏာကို တွေ့မြင်ရတယ်။”—ဆာ. ၁၄၅:၉၊ ကဘ။

၁၊ ၂။ ဘယ်အရာကို ကျွန်ုပ်တို့ ထာဝစဉ် လုပ်ဆောင်သွားရမလဲ။

အိမ်ထောင်ကျတာ ၃၅ နှစ်နီးပါးရှိနေပြီဖြစ်တဲ့ မော်နီကာဆိုတဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “ကျွန်မယောက်ျားနဲ့ ကျွန်မဟာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဒီနှစ်တွေတစ်လျှောက်မှာ တစ်ယောက်အကြောင်း တစ်ယောက် မသိသေးတာတွေရှိနေပြီး အဲဒါတွေကို သိအောင် လုပ်နေရတုန်းပဲ။” ကျွန်ုပ်တို့ထဲက အတော်များများဟာလည်း ကျွန်ုပ်တို့ရဲ့ခင်ပွန်း၊ ဇနီး၊ မိတ်ဆွေတွေနဲ့ပတ်သက်ပြီး အဲဒီလိုပြောဖူးကြမှာပဲ။

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ချစ်ခင်တဲ့သူတွေအကြောင်း ပိုပြီး သိချင်ကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့ ယေဟောဝါအကြောင်း သိအောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်။ ကိုယ်တော့်အကြောင်းကို ကျွန်ုပ်တို့ ဘယ်တော့မှ အကုန်လုံးသိနိုင်မှာမဟုတ်ပါဘူး။ (ရော. ၁၁:၃၃) ယေဟောဝါရဲ့အရည်အသွေးတွေအကြောင်း ထာဝစဉ် ဆက်လေ့လာသွားရမှာဖြစ်ပြီး အဲဒီအခါမှာ ကိုယ်တော့်အရည်အသွေးတွေကို ပိုပိုပြီး တန်ဖိုးထားလေးမြတ်လာမှာဖြစ်တယ်။—ဒေ. ၃:၁၁

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

ယေဟောဝါရဲ့အရည်အသွေးနှစ်ခုကို ပိုတန်ဖိုးထားလေးမြတ်တတ်ဖို့ ပြီးခဲ့တဲ့ဆောင်းပါးက ကျွန်ုပ်တို့ကို ကူညီပေးခဲ့တယ်။ ကိုယ်တော်ဟာ ချဉ်းကပ်ရလွယ်ကူပြီး မျက်နှာမလိုက်ဘူးဆိုတာ ကျွန်ုပ်တို့ သိခဲ့ကြတယ်။ အခုတော့ ယေဟောဝါရဲ့ နှစ်သက်ဖွယ်အရည်အသွေး နောက်နှစ်ခုဖြစ်တဲ့ ရက်ရောမှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို လေ့လာကြပါမယ်။ အဲဒီလိုလေ့လာခြင်းက “ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။ ကိုယ်တော်ရဲ့လုပ်ဆောင်မှုတိုင်းမှာ ကိုယ်တော့်ကရုဏာကို တွေ့မြင်ရတယ်” ဆိုတဲ့အချက်ကို ပိုပြီးနားလည်ရမယ်။—ဆာ. ၁၄၅:၉ကဘ။

ယေဟောဝါက ရက်ရောတယ်

၄။ ရက်ရောတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ရက်ရောတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဖြေကို တမန်တော် ၂၀:၃၅ မှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့စကားမှာ တွေ့ရတယ်၊ အဲဒီမှာ “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” လို့ဖော်ပြထားတယ်။ ရက်ရောတဲ့လူတစ်ယောက်ဟာ တခြားသူတွေကို ကူညီဖို့ သူ့မှာရှိတဲ့အချိန်၊ ခွန်အားနဲ့ ဥစ္စာပစ္စည်းတွေကို ဝမ်းမြောက်ဝမ်းသာ ပေးကမ်းတယ်။ လူတစ်ယောက်ရဲ့ရက်ရောမှုကို သူပေးတဲ့လက်ဆောင်ရဲ့ အရွယ်အစားနဲ့ မတိုင်းတာဘူး၊ ပေးကမ်းဖို့လှုံ့ဆော်တဲ့ သူ့ရဲ့စိတ်ရင်းစေတနာနဲ့ တိုင်းတာတယ်။ (၂ ကောရိန္သု ၉:၇ ကိုဖတ်ပါ။) ဘယ်သူမှ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါလောက် မရက်ရောပါဘူး။—၁ တိ. ၁:၁၁

၅။ ယေဟောဝါဟာ မိမိရဲ့ရက်ရောမှုကို ဘယ်လိုဖော်ပြသလဲ။

ရက်ရောမှုကို ယေဟောဝါ ဘယ်လိုပြသလဲ။ ကိုယ်တော်ဟာ မိမိကို ဝတ်မပြုသူတွေအပါအဝင် လူသားအားလုံးရဲ့ လိုအပ်ရာတွေကို ထောက်ပံ့ပေးထားတယ်။ ‘ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။’ “လူဆိုး၊ လူကောင်းတို့အပေါ် နေကိုထွက်စေ၍ ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတို့အပေါ် မိုးရွာစေ” တယ်။ (မ. ၅:၄၅) ဒါကြောင့် တမန်တော်ပေါလုက မယုံကြည်သူတွေနဲ့စကားပြောတဲ့အခါ ယေဟောဝါဟာ “သင်တို့အပေါ် ကောင်းမှုပြုလျက် အစားအစာကို အလျှံပယ်ပေး၍ သင်တို့၏စိတ်နှလုံးကို ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံစေရန် မိုးကောင်းကင်မှ မိုးရွာစေ၍ အသီးအနှံတို့ကို သီးစေတတ်သောဥတုကို ပေးတော်မူ” တယ်လို့ ပြောနိုင်ခဲ့ခြင်းဖြစ်တယ်။ (တ. ၁၄:၁၇) ယေဟောဝါဟာ လူသားအားလုံးအပေါ် ရက်ရောတယ်ဆိုတာ ထင်ရှားပါတယ်။—လု. ၆:၃၅

၆၊ ၇။ (က) ယေဟောဝါဟာ အထူးသဖြင့် ဘယ်သူတွေကို ကူညီပေးရတာကို ပျော်သလဲ။ (ခ) ဘုရားသခင်က မိမိရဲ့သစ္စာရှိဝတ်ပြုသူတွေကို ကူညီပေးတယ်ဆိုတာ ဘယ်ဥပမာက ဖော်ပြသလဲ။

ယေဟောဝါဟာ အထူးသဖြင့် မိမိရဲ့သစ္စာရှိဝတ်ပြုသူတွေရဲ့ လိုအပ်တာတွေ ဖြည့်ဆည်းပေးရတာကို ပျော်ရွှင်တယ်။ “ဖြောင့်မတ်သူတစ်ယောက် စွန့်ပစ်ခံရပြီး သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးတဲ့အထိ ငါတစ်ခါမှ မတွေ့ဖူးဘူး” လို့ ဘုရင်ဒါဝိဒ်ပြောခဲ့တယ်။ (ဆာ. ၃၇:၂၅ကဘ) သစ္စာရှိခရစ်ယာန်များစွာဟာ ယေဟောဝါ သူတို့ကို ဂရုစိုက်တယ်ဆိုတာ ကိုယ်တွေ့ခံစားခဲ့ကြရတယ်။ ဥပမာတစ်ခုကို လေ့လာကြည့်ကြစို့။

ဥပမာ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က နန်စီဆိုတဲ့ ရှေ့ဆောင်တစ်ယောက်ဟာ အခက်အခဲတစ်ခု ကြုံတွေ့ခဲ့ရတယ်။ နောက်တစ်နေ့မှာ သူဟာ အိမ်ငှားခ အမေရိကန်ဒေါ်လာ ၆၆ ဒေါ်လာကို ပေးရမှာဖြစ်တယ်။ ဒါပေမဲ့ သူ့မှာ ပေးစရာမရှိဘူး။ သူ ဒီလိုပြောတယ်– “ကျွန်မရဲ့ ပြဿနာကို ယေဟောဝါကို ဆုတောင်း ပြောပြတယ်၊ အဲဒီနောက် ညနေပိုင်းမှာ ကျွန်မရဲ့အလုပ်ကို သွားလိုက်တယ်။ အဲဒီနေ့က သီတင်းပတ်ရဲ့ကြားရက်ဖြစ်လို့ သိပ်အလုပ်မများဘူး၊ ဒါကြောင့် ဘောက်ဆူးများများရဖို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ စားသောက်ဆိုင်ထဲကို စားသုံးသူတွေ အများကြီးဝင်လာလို့ ကျွန်မ အံ့ဩသွားတယ်။ ကျွန်မရဲ့အလုပ်ချိန်ပြီးသွားလို့ ရ,ထားတဲ့ဘောက်ဆူးတွေကို ရေကြည့်လိုက်တဲ့အခါမှာ အမေရိကန်ဒေါ်လာ ၆၆ ဒေါ်လာ ရှိတယ်။” သူလိုအပ်တာကို ယေဟောဝါ ကူညီပေးတယ်ဆိုတာ နန်စီ ယုံကြည်စိတ်ချခဲ့တယ်။—မ. ၆:၃၃

၈။ ယေဟောဝါပေးတဲ့ အရက်ရောဆုံးလက်ဆောင်က ဘာလဲ။

ယေဟောဝါပေးတဲ့ အရက်ရောဆုံးလက်ဆောင်ကို လူတိုင်း ရရှိနိုင်ပါတယ်။ အဲဒါက ဘာလဲ။ ကိုယ်တော့်သားတော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သက္ကာပဲ။ ယေရှု ဒီလိုပြောခဲ့တယ်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယော. ၃:၁၆) ကျမ်းချက်မှာပါတဲ့ “ဤလောက” ဆိုတာက လူသားတွေကို ပြောတာဖြစ်တယ်။ မှန်ပါတယ်၊ ယေဟောဝါပေးတဲ့ အရက်ရောဆုံး လက်ဆောင်က လက်ခံဖို့ရွေးချယ်သူအားလုံးအတွက်ဖြစ်တယ်။ ယေရှုကို ယုံကြည်ကြောင်းတင်ပြသူ ဘယ်သူမဆို ထာဝရအသက် ရရှိမှာဖြစ်တယ်။ (ယော. ၁၀:၁၀) ဒါက ယေဟောဝါရက်ရောကြောင်း ဖော်ပြတဲ့ အကောင်းဆုံးသက်သေပဲ။

ယေဟောဝါလို ရက်ရောပါ

ယေဟောဝါရဲ့ရက်ရောမှုကို တုပဖို့ အစ္စရေးလူမျိုး တိုက်တွန်းခံရ ( အပိုဒ် ၉ ကိုကြည့်ပါ)

၉။ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့ ယေဟောဝါလို ရက်ရောနိုင်သလဲ။

 ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့ ယေဟောဝါလို ရက်ရောနိုင်သလဲ။ ယေဟောဝါဟာ ကျွန်ုပ်တို့ ‘ပျော်မွေ့နိုင်ဖို့ အရာခပ်သိမ်းကို ကြွယ်ဝစွာ ပေးသနား’ တယ်၊ ဒါကြောင့် ကျွန်ုပ်တို့လည်း တခြားသူတွေ ပျော်ရွှင်ဖို့အတွက် “ဝေမျှရန်အသင့်ရှိ” သင့်တယ်။ (၁ တိ. ၆:၁၇-၁၉) ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ချစ်ခင်တဲ့သူတွေကို လက်ဆောင်ပေးဖို့နဲ့ အကူအညီလိုအပ်သူတွေကို ကူညီပေးဖို့အတွက် ကျွန်ုပ်တို့မှာရှိတဲ့အရာတွေကို ဝမ်းမြောက်ဝမ်းသာ အသုံးပြုကြတယ်။ (တရားဟောရာ ၁၅:၇ ကိုဖတ်ပါ။) ရက်ရောမှုပြဖို့ သတိရအောင် ဘာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သလဲ။ တချို့က ကိုယ်တိုင် လက်ဆောင်ရတဲ့အခါတိုင်း တခြားသူတွေကို လက်ဆောင်ပြန်ပေးဖို့ အခွင့်အရေးရှာကြတယ်။ ယေဟောဝါရဲ့ကျေးကျွန်များစွာဟာ ရက်ရောတဲ့နေရာမှာ စံနမူနာပါပဲ။

၁၀။ ကျွန်ုပ်တို့ ရက်ရောမှုပြနိုင်တဲ့ အကောင်းဆုံးနည်းတစ်ခုက ဘာလဲ။

၁၀ ရက်ရောမှုပြနိုင်တဲ့ အကောင်းဆုံးနည်းကတော့ တခြားသူတွေကို အားပေး၊ ကူညီရာမှာ ကျွန်ုပ်တို့ရဲ့ အချိန်နဲ့ ခွန်အားတွေကို အသုံးပြုခြင်းဖြစ်တယ်။ (ဂလ. ၆:၁၀) အဲဒီလိုနည်းနဲ့ သင် ရက်ရောမှု ပြသလား။ သင့်ကိုသင် ဒီလိုမေးနိုင်ပါတယ်– ‘တခြားသူတွေစကားပြောတဲ့အခါ ငါလိုလိုလားလား နားထောင်သလား။ တစ်ယောက်ယောက်က ငါ့ကို အကူအညီတစ်ခုခုတောင်းရင် ဒါမှမဟုတ် တစ်ခုခုလုပ်ပေးဖို့ပြောရင် ငါ လိုလိုလားလား ကူညီပေးသလား။ မိသားစုဝင်တစ်ယောက်ယောက် ဒါမှမဟုတ် အသင်းတော်ထဲက တစ်ယောက်ယောက်ကို ငါ နောက်ဆုံး ချီးမွမ်းခဲ့တဲ့အချိန်က ဘယ်အချိန်လဲ။ ကျွန်ုပ်တို့က “ပေးကမ်းခြင်းကို ကျင့်ယူ” တဲ့အခါမှာ ယေဟောဝါနဲ့ရော ကျွန်ုပ်တို့ရဲ့မိတ်ဆွေတွေနဲ့ပါ ပိုရင်းနှီးလာတယ်။—လု. ၆:၃၈; သု. ၁၉:၁၇

၁၁။ ယေဟောဝါအပေါ် ကျွန်ုပ်တို့ ရက်ရောမှု ပြနိုင်တဲ့နည်းလမ်းတချို့က ဘာတွေလဲ။

 ၁၁ ယေဟောဝါအပေါ်လည်း ကျွန်ုပ်တို့ ရက်ရောမှု ပြနိုင်ပါတယ်။ ကျွန်ုပ်တို့မှာရှိတဲ့ “အဖိုးတန်အရာတွေ” နဲ့ ယေဟောဝါကိုဂုဏ်တင်ဖို့ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်းထားတယ်။ (သု. ၃:၉ကဘ) “အဖိုးတန်အရာတွေ” ထဲမှာ ကိုယ်တော့်အမှုတော်မှာ အသုံးပြုနိုင်တဲ့ ကျွန်ုပ်တို့ရဲ့အချိန်၊ ခွန်အားနဲ့ ငွေကြေးတွေ ပါဝင်တယ်။ ကလေးငယ်တွေတောင် ယေဟောဝါအပေါ် ရက်ရောမှုပြဖို့ သင်ယူနိုင်တယ်။ ဂျေဆင်လို့ခေါ်တဲ့ ဖခင်တစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော်တို့မိသားစု နိုင်ငံတော်ခန်းမမှာ အလှူငွေထည့်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ကလေးတွေကို အလှူငွေပုံးထဲမှာ ထည့်ခိုင်းတယ်။ အဲဒီလိုလုပ်ရတာကို သူတို့ပျော်တယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါက သူတို့ ‘ယေဟောဝါကို တစ်ခုခုပေး’ တာဖြစ်လို့ပဲ။” ယေဟောဝါကိုပေးတာက သူတို့ကို ပျော်ရွှင်စေတယ်ဆိုတာ ကလေးတွေ ငယ်ငယ်လေးကတည်းကသိထားရင် သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း အဲဒီအတိုင်းပဲ ဆက်ပြီး ရက်ရောမှုပြသွားကြပါလိမ့်မယ်။—သု. ၂၂:၆

ယေဟောဝါဟာ အကျိုးသင့်အကြောင်းသင့်ရှိ

၁၂။ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

၁၂ ယေဟောဝါရဲ့ နှစ်သက်စရာကောင်းတဲ့ နောက်အရည်အသွေးတစ်ခုက အကျိုးသင့်အကြောင်းသင့်ရှိတာဖြစ်တယ်။ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ (တိ. ၃:၁၊ ၂) အကျိုးသင့်အကြောင်းသင့်ရှိသူတစ်ဦးဟာ အလျှော့ပေးလိုက်လျောလိုစိတ်ရှိတယ်။ သူက စည်းကမ်းတစ်ခုကိုပဲ အမြဲမလိုက်ဘူး။ မတင်းကျပ်ဘူး၊ မခက်ထန်ဘူး။ သူဟာ လူတွေကို ကြင်ကြင်နာနာဆက်ဆံပြီး သူတို့ရဲ့အခြေအနေတွေကို နားလည်ပေးဖို့ ကြိုးစားတယ်။ တခြားသူတွေပြောတာကို နားထောင်ပေးလိုစိတ်ရှိတယ်၊ သင့်လျော်မယ်ဆိုရင် သူတို့လိုချင်တာကို ဖြည့်ဆည်းပေး၊ လုပ်ဆောင်ပေးတယ်။

၁၃၊ ၁၄။ (က) အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာကို ယေဟောဝါက ဘယ်လိုပြသလဲ။ (ခ) လောတနဲ့ ဘုရားသခင် ဆက်ဆံပုံကနေ အကျိုးသင့်အကြောင်းသင့်ရှိမှုနဲ့ပတ်သက်ပြီး ဘာသင်ယူနိုင်သလဲ။

၁၃ အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ယေဟောဝါ ဘယ်လိုပြသလဲ။ ကိုယ်တော်ဟာ မိမိကျေးကျွန်တွေရဲ့ ခံစားချက်ကို ထည့်စဉ်းစားပေးတယ်၊ သူတို့လုပ်ချင်တဲ့ဆန္ဒအတိုင်း လုပ်ခွင့်ပေးလေ့ရှိတယ်။ ဥပမာ၊ ဖြောင့်မတ်သူလောတကို ယေဟောဝါ ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးပစ်မယ်လို့ ယေဟောဝါ ဆုံးဖြတ်လိုက်တဲ့အခါ လောတကို တောင်ပေါ်ကိုပြေးဖို့ သေချာပြောခဲ့တယ်။ ဒါပေမဲ့ အကြောင်းရင်းတချို့ကြောင့် လောတဟာ တခြားနေရာတစ်ခုကို ပြေးဖို့ တောင်းဆိုခဲ့တယ်။ စဉ်းစားကြည့်ပါ၊ တကယ်ဆိုရင် လောတဟာ ဘုရားသခင့်လမ်းညွှန်ချက်ကို ပြောင်းလဲဖို့ ပြောနေတာဖြစ်တယ်။—ကမ္ဘာဦး ၁၉:၁၇-၂၀ ကိုဖတ်ပါ။

၁၄ အဲဒီအကြောင်းကို သင်ဖတ်တဲ့အခါ လောတဟာ ယုံကြည်ခြင်းအားနည်းတယ်၊ နာခံမှုမရှိဘူးလို့ သင် ယူဆမိနိုင်တယ်။ တကယ်ဆိုရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် သူတို့ရဲ့အသက်ကို ယေဟောဝါ ကယ်တင်နိုင်တယ်၊ လောတမှာ စိုးရိမ်စရာအကြောင်းမရှိဘူး။ ဒါပေမဲ့ လောတ စိုးရိမ်ကြောက်လန့်ခဲ့တယ်။ ယေဟောဝါဟာ လောတရဲ့ခံစားချက်ကို ထောက်ထားပြီး ကိုယ်တော် ဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ နောက်မြို့တစ်မြို့ကိုပြေးဖို့ လောတကို ခွင့်ပြုခဲ့တယ်။ (ကမ္ဘာဦး ၁၉:၂၁၊ ၂၂ ကိုဖတ်ပါ။) ဒါက ယေဟောဝါဟာ မတင်းကျပ်ဘူး၊ မခက်ထန်ဘူးဆိုတဲ့ အထောက်အထားပဲ။ ကိုယ်တော်ဟာ အမြဲပဲ အကျိုးသင့်အကြောင်းသင့်ရှိတယ်။

၁၅၊ ၁၆။ အစ္စရေးလူတွေကို ယေဟောဝါပေးခဲ့တဲ့ ပညတ်တရားက ကိုယ်တော့်မှာ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ ဘယ်လိုဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၅ အစ္စရေးလူတွေကို ယေဟောဝါပေးခဲ့တဲ့ ပညတ်တရားကလည်း ကိုယ်တော့်မှာ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ ဖော်ပြတယ်။ ဥပမာ၊ အစ္စရေးလူတစ်ယောက်ဟာ သိပ်ဆင်းရဲလို့ ယဇ်ပူဇော်ဖို့အတွက် သိုးတစ်ကောင် ဒါမှမဟုတ် ဆိတ်တစ်ကောင် မတတ်နိုင်ဘူးဆိုရင် ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုနှစ်ကောင် ပူဇော်နိုင်ပါတယ်။ ဆင်းရဲလွန်းလို့ ခိုနှစ်ကောင်တောင် မတတ်နိုင်ဘူးဆိုရင်ကော။ အဲဒီအစား ဂျုံမှုန့်တချို့ ပူဇော်ဖို့ ယေဟောဝါ ခွင့်ပြုတယ်။ ဒါပေမဲ့ ယေဟောဝါက ဂျုံမှုန့်ဖြစ်ရင်ပြီးရော ဆိုတာမျိုး မလိုချင်ဘူး။ “ဂျုံနု” ဖြစ်ရမယ်လို့ ပညတ်တရားက တောင်းဆိုတယ်။ (က. ၁၈:၆ကဘ) ဒီပညတ်က ယေဟောဝါမှာ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ ဘယ်လိုဖော်ပြသလဲ။—ဝတ်ပြုရာ ၅:၇၊ ၁၁ ကိုဖတ်ပါ။

၁၆ သင့်ကိုသင် အရမ်းဆင်းရဲတဲ့ အစ္စရေးလူမျိုးတစ်ယောက်အဖြစ် မြင်ယောင်ကြည့်ပါ။ သင်ဟာ ယဇ်ပူဇော်ဖို့ ဂျုံမှုန့်တချို့ယူပြီး တဲတော်ကိုသွားတဲ့အခါ သင့်ထက် ပိုက်ဆံရှိတဲ့ တခြားအစ္စရေးလူတွေက ယဇ်ပူဇော်ဖို့ တိရစ္ဆာန်တွေ ယူလာတာကို သင်တွေ့ရတယ်။ တန်ဖိုးမများတဲ့ သင့်ရဲ့ပူဇော်သက္ကာအတွက် သင့်မှာ ရှက်ရွံ့စိတ် ဝင်လာနိုင်တယ်။ ဒါပေမဲ့ သင်က သင့်ရဲ့ပူဇော်သက္ကာကို ယေဟောဝါ အလွန်တန်ဖိုးထားတယ်ဆိုတာကို သတိရသွားတယ်။ ဘာကြောင့်လဲ။ တစ်ချက်အနေနဲ့ ယေဟောဝါဟာ အရည်အသွေးကောင်းတဲ့ဂျုံမှုန့်ကို တောင်းဆိုတယ်။ အဲဒါက ယေဟောဝါ သင့်ကို အခုလို ပြောလိုက်တာတဲ့တူတယ်– ‘သင် တခြားသူတွေလောက် မတတ်နိုင်တာကို ငါသိတယ်၊ ဒါပေမဲ့ သင်ဟာ သင့်မှာရှိတဲ့အကောင်းဆုံးကို ငါ့ကိုပေးတယ်ဆိုတာ ငါသိတယ်။’ အဲဒီအချက်က ယေဟောဝါမှာ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ ဖော်ပြတယ်။ ကိုယ်တော်ဟာ မိမိကျေးကျွန်တွေ မပေးနိုင်တာကို မတောင်းဆိုဘူး။—ဆာ. ၁၀၃:၁၄

၁၇။ ဘယ်လိုအမှုဆောင်ခြင်းမျိုးကို ယေဟောဝါ လက်ခံသလဲ။

 ၁၇ ယေဟောဝါမှာ အကျိုးသင့်အကြောင်းသင့်သဘောရှိတယ်၊ ကိုယ်တော့်ကိုအမှုဆောင်ရာမှာ ကျွန်ုပ်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်တဲ့အခါ အဲဒါကို ကိုယ်တော်လက်ခံတယ်ဆိုတာ သိရတဲ့အတွက် ကျွန်ုပ်တို့ စိတ်သက်သာရာရကြတယ်။ (ကော. ၃:၂၃) အီတလီလူမျိုး သက်ကြီးညီအစ်မတစ်ယောက်ဖြစ်တဲ့ ကွန်စတန် ဒီလိုပြောတယ်– “ကျွန်မရဲ့ဖန်ဆင်းရှင်အကြောင်း တခြားသူတွေကို ပြောပြတာက ကျွန်မ အလုပ်ချင်ဆုံးအလုပ်ပဲ။ ဒါကြောင့် ကျွန်မ ဆက်ဟောပြောတယ်၊ ကျမ်းစာသင်အံမှုတွေ ပြုလုပ်တယ်။ တစ်ခါတလေ ကျွန်မရဲ့ကျန်းမာရေးကြောင့် ပိုမလုပ်နိုင်လို့ ကျွန်မ ဝမ်းနည်းတယ်။ ဒါပေမဲ့ ကျွန်မရဲ့အခြေအနေကို ယေဟောဝါသိတယ်၊ ကိုယ်တော် ကျွန်မကိုချစ်တယ်၊ ကျွန်မလုပ်တာတွေကို ကိုယ်တော် တန်ဖိုးထားလေးမြတ်တယ်ဆိုတာ ကျွန်မသိတယ်။”

ယေဟောဝါလိုပဲ အကျိုးသင့်အကြောင်းသင့်ရှိပါ

၁၈။ ယေဟောဝါရဲ့စံနမူနာကို မိဘတွေ တုပနိုင်တဲ့နည်းတစ်နည်းက ဘာလဲ။

၁၈ ကျွန်ုပ်တို့လည်း ယေဟောဝါလို အကျိုးသင့်အကြောင်းသင့်ရှိဖို့ ဘာလုပ်နိုင်သလဲ။ လောတကို ယေဟောဝါ ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ ပြန်စဉ်းစားပါ။ လောတ ဘာလုပ်ရမယ်ဆိုတာကို ညွှန်ကြားဖို့ ယေဟောဝါမှာ အခွင့်အာဏာရှိတယ်။ ဒါပေမဲ့ ယေဟောဝါဟာ ကြင်နာတယ်၊ လောတရဲ့ခံစားချက်တွေကို နားထောင်ပေးတယ်၊ လောတရဲ့တောင်းဆိုချက်ကို ကိုယ်တော်လက်ခံခဲ့တယ်။ သင့်မှာ သားသမီးရှိတယ်ဆိုရင် ယေဟောဝါရဲ့ပုံနမူနာကို သင် လိုက်နိုင်မလား။ သင့်ကလေးတွေပြောတာကို နားထောင်ကြည့်၊ ပြီးတဲ့နောက် သူတို့ပြောတာက သင့်တော်တယ်ဆိုရင် လိုက်လျောပေးနိုင်မလား။ အဲဒါကို သင် ဘယ်လိုလုပ်နိုင်သလဲ။ စက်တင်ဘာ ၁၊ ၂၀၀၇ ကင်းမျှော်စင်မှာ မိဘတချို့ဟာ အိမ်တွင်းစည်းကမ်းတွေ ထုတ်တော့မယ်ဆိုရင် သားသမီးတွေကို ပါဝင်ဆွေးနွေးစေတယ်လို့ ဖော်ပြထားတယ်။ ဥပမာ၊ ကလေးတွေ အိမ်ပြန်ရောက်ရမယ့်အချိန်ကို သတ်မှတ်ဖို့ မိဘက ဆုံးဖြတ်တယ်ဆိုပါစို့။ မိဘတွေမှာ အချိန်သတ်မှတ်ပိုင်ခွင့်နဲ့ အဲဒီအချိန်မှာ ကလေးတွေ အိမ်ပြန်ရောက်ဖို့ တောင်းဆိုပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်မိဘတွေဟာ အချိန်နာရီသတ်မှတ်တာနဲ့ပတ်သက်ပြီး သားသမီးတွေပြောတာကို နားထောင်ပေးနိုင်ပါတယ်။ တချို့အခြေအနေတွေမှာ သင့်တော်မယ်ဆိုရင် အိမ်ပြန်ရောက်ရမယ့်အချိန်ကို ပြုပြင်ပေးဖို့ မိဘတွေ ဆုံးဖြတ်နိုင်ပါတယ်။ မိဘတွေ စည်းကမ်းမထုတ်ခင်မှာ သားသမီးတွေရဲ့အမြင်ကို ထည့်စဉ်းစားပေးမယ်ဆိုရင် သားသမီးတွေကလည်း စည်းကမ်းတွေကို ပိုနားလည်လာပြီး နာခံချင်စိတ်ရှိလာမှာဖြစ်တယ်။

၁၉။ အကြီးအကဲတွေဟာ ယေဟောဝါရဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ဘယ်လိုတုပနိုင်သလဲ။

၁၉ အသင်းတော်အကြီးအကဲတွေဟာ ယုံကြည်သူချင်းတွေရဲ့ အခြေအနေကို ထည့်တွက်စဉ်းစားပေးခြင်းအားဖြင့် ယေဟောဝါရဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို ကြိုးစားတုပသင့်တယ်။ ဆင်းရဲတဲ့အစ္စရေးလူတွေရဲ့ ပူဇော်သက္ကာကိုတောင် ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သတိရပါ။ အလားတူပဲ တချို့ ညီအစ်ကိုညီအစ်မတွေဟာ အမှုဆောင်လုပ်ငန်းမှာ အချိန်အနည်းငယ်ပဲ ပါဝင်နိုင်ကြတယ်၊ သူတို့မှာ ကျန်းမာရေးပြဿနာရှိလို့ ဒါမှမဟုတ် အသက်အရွယ်ကြီးရင့်လို့ ဖြစ်နိုင်ပါတယ်။ သူတို့တွေက ဆန္ဒရှိသလောက် မလုပ်နိုင်တော့လို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ယေဟောဝါရဲ့အမှုတော်မှာ သူတို့အတတ်နိုင်ဆုံး ပါဝင်လုပ်ဆောင်နေတာကို ယေဟောဝါ နှစ်သက်တယ်ဆိုတာ သူတို့သိရှိအောင် အကြီးအကဲတွေက ကူညီပေးနိုင်ပါတယ်။—မာ. ၁၂:၄၁-၄၄

၂၀။ ဘုရားသခင့်အမှုဆောင်ရာမှာ အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

၂၀ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိတယ်ဆိုတာ “ကိုယ့်ကိုယ်ကိုယ် သနား” ပြီး ဘုရားသခင့်အမှုဆောင်လုပ်ငန်းမှာ လျှော့လျှော့ပေါ့ပေါ့ လုပ်ဆောင်တာကို မဆိုလိုဘူး။ (မ. ၁၆:၂၂) ကျွန်ုပ်တို့က ပိုလုပ်နိုင်ရက်သားနဲ့ မဆိုစလောက်ပဲလုပ်တာမျိုး မဖြစ်ချင်ဘူး။ အဲဒီအစား “ကြိုးစားအားထုတ်ကြ” ပါဆိုတဲ့ ယေရှုရဲ့စကားတွေကို ကျွန်ုပ်တို့အားလုံး သတိရဖို့လိုတယ်။ (လု. ၁၃:၂၄) ဒါကြောင့် ကျွန်ုပ်တို့က ဟန်ချက်ညီဖို့လိုတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင့်အမှုတော်မှာ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြပြီး တစ်ချိန်တည်းမှာ ယေဟောဝါက ကျွန်ုပ်တို့ မတတ်နိုင်တာကို ဘယ်တော့မှ မတောင်းဆိုဘူးဆိုတာကို သတိရကြတယ်။ ကျွန်ုပ်တို့ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တော့်နှစ်သက်မှုကို ရရှိမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဒီလို အကျိုးသင့်အကြောင်းသင့်ရှိတဲ့ဘုရားကို ဝတ်ပြုကိုးကွယ်ရတာဟာ ကောင်းမြတ်လှပါတယ်။ လာမယ့်ဆောင်းပါးမှာ ယေဟောဝါရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ အရည်အသွေးနှစ်ခုကို ထပ်လေ့လာရပါဦးမယ်။—ဆာ. ၇၃:၂၈

‘သင့်မှာရှိတဲ့ အဖိုးတန်အရာတွေနဲ့ ယေဟောဝါကို ဂုဏ်တင်ပါ။’—သု. ၃:၉၊ ကဘ ( အပိုဒ် ၁၁ ကိုကြည့်ပါ)

‘သင်တို့ပြုလေသမျှကို စိတ်နှလုံးအကြွင်းမဲ့ ဆောင်ရွက်ကြလော့။’—ကော. ၃:၂၃ ( အပိုဒ် ၁၇ ကိုကြည့်ပါ)