မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ကမ္ဘာဦး ၆:၂၊ (ကဘ) မှာဖော်ပြထားတဲ့ ရေလွှမ်းမိုးဘေးမတိုင်ခင် ရှိခဲ့တဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” ဆိုတာ ဘယ်သူတွေလဲ။

အထောက်အထားအရ ဒီအသုံးအနှုန်းက ဘုရားသခင်ရဲ့ နာမ်ဝိညာဉ်သားတွေကို ရည်ညွှန်းတယ်။ ဘာအထောက်အထားရှိသလဲ။

ပထမအခန်းငယ်မှာ ဒီလိုဖတ်ရတယ်– “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေက လူ့သမီးတွေ ချောမောလှပကြောင်း သတိပြုမိလာတယ်။ ဒါနဲ့ သူတို့နှစ်သက်သူတွေကို မယားအဖြစ်ယူကြတယ်။”—က. ၆:၂ကဘ။

ဟေဗြဲကျမ်းစောင်တွေမှာဆိုရင် “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” နဲ့ “ဘုရားသခင်ရဲ့သားတွေ” ဆိုတဲ့ အသုံးအနှုန်းကို ကမ္ဘာဦး ၆:၂၊ (ကဘ); ယောဘ ၁:၆; ၂:၁; ၃၈:၇ (ကဘ) နဲ့ ဆာလံ ၈၉:၆ (ကဘ) မှာ တွေ့ရတယ်။ ဒီကျမ်းချက်တွေက “ဘုရားသခင်ရဲ့သားတွေ” နဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြသလဲ။

ယောဘ ၁:၆ (ကဘ) မှာဖတ်ရတဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” က ဘုရားသခင်ရှေ့မှာ စုရုံးရောက်ရှိနေတဲ့ နာမ်ဝိညာဉ်သတ္တဝါတွေဆိုတာ ရှင်းနေပါတယ်။ သူတို့အထဲမှာ “မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာ” ခဲ့တဲ့ စာတန်လည်းပါတယ်။ (ယော. ၁:၇; ၂:၁၊ ၂) အလားတူပဲ ယောဘ ၃၈:၄-၇ (ကဘ) မှာလည်း ဘုရားသခင်က မြေကြီးကို “အုတ်မြစ်ချ” တဲ့အခါ “ဘုရားသခင်ရဲ့သားတွေအားလုံးကလည်း လက်ခုပ်လက်ဝါးတီးပြီး ဩဘာပေးကြတယ်” လို့ ဖတ်ရတယ်။ အဲဒီအချိန်မှာ လူသားတွေကို မဖန်ဆင်းရသေးတဲ့အတွက်ကြောင့် သူတို့တွေဟာ ကောင်းကင်တမန်တွေပဲဖြစ်ရမယ်။ ဆာလံ ၈၉:၆ မှာ ဖော်ပြထားတဲ့ ‘ဘုရားသခင့်သားတွေ’ ဟာ ကောင်းကင်မှာ ဘုရားသခင်နဲ့အတူရှိနေတဲ့ နာမ်ဝိညာဉ်သတ္တဝါတွေပဲ၊ လူတွေမဟုတ်ဘူး။

ဒါဆိုရင် ကမ္ဘာဦး ၆:၂၊ (ကဘ) မှာပါတဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” ဆိုတာ ဘယ်သူတွေလဲ။ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းစာပါ အချက်အလက်တွေအရ သူတို့တွေက မြေကြီးပေါ်ကို ရောက်လာကြတဲ့ ဘုရားသခင့်နာမ်ဝိညာဉ်သားတွေ ဖြစ်တယ်လို့ ယုတ္တိရှိရှိ ကောက်ချက်ချရမှာဖြစ်တယ်။

ကောင်းကင်တမန်တွေ လိင်ဆက်ဆံဖို့ စိတ်ဝင်စားတယ်ဆိုတဲ့အချက်ကို တချို့က လက်ခံဖို့ အခက်တွေ့ကြတယ်။ မဿဲ ၂၂:၃၀ မှာပါတဲ့ ယေရှုရဲ့စကားတွေအရ ကောင်းကင်မှာ ထိမ်းမြားပေးစားခြင်း၊ လိင်ဆက်ဆံခြင်းမရှိဘူးလို့ ဖော်ပြတယ်။ ဒါပေမဲ့ ကောင်းကင်တမန်တွေ လူသားကိုယ်ခန္ဓာတွေနဲ့ပေါ်လာတဲ့ အခါတွေရှိတယ်၊ လူတွေနဲ့တောင် အတူ စားသောက်ကြတယ်။ (က. ၁၈:၁-၈; ၁၉:၁-၃) ဒါကြောင့် အဲဒီလို လူသားကိုယ်ခန္ဓာမျိုးနဲ့ဆိုရင် အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံလို့ရနိုင်တယ်လို့ ကျိုးကြောင်းညီညွတ်စွာ ကောက်ချက်ချနိုင်ပါတယ်။

တချို့ကောင်းကင်တမန်တွေ အဲဒီလိုလုပ်ကြတယ်လို့ ယုံကြည်လက်ခံနိုင်တဲ့ ကျမ်းစာအခြေခံ အကြောင်းပြချက်တွေရှိပါတယ်။ ယုဒ ၆၊ ၇ မှာ သဘာဝနဲ့ဆန့်ကျင်တဲ့ လိင်ဆန္ဒရှိသူ သောဒုံမြို့သားတွေရဲ့အပြစ်ကို “မိမိတို့၏မူလအခွင့်အရာကို မစောင့်ရုံမက မိမိတို့နေသင့်ရာအရပ်ကို စွန့်ခွာသည့် ကောင်းကင်တမန်” တွေရဲ့အပြစ်နဲ့ နှိုင်းယှဉ်ထားတယ်။ ကောင်းကင်တမန်တွေနဲ့ သောဒုံမြို့သားတွေရဲ့ တူညီတဲ့အပြစ်ကတော့ “သဘာဝနှင့်ဆန့်ကျင်၍ မတရားမေထုန်ကို လွန်ကျူးစွာပြုပြီး သွေးသားအလိုသို့ လိုက်” ခြင်းဖြစ်တယ်။ ၁ ပေတရု ၃:၁၉၊ ၂၀ မှာလည်း “နောဧခေတ်” က နာခံမှုမရှိတဲ့ကောင်းကင်တမန်တွေအကြောင်း ဖော်ပြထားတယ်။ (၂ ပေ. ၂:၄၊ ၅) ဒါကြောင့် နောဧခေတ်က နာခံမှုမရှိတဲ့ကောင်းကင်တမန်တွေရဲ့လမ်းစဉ်ကို သောဒုံနဲ့ဂေါမောရမြို့သားတွေရဲ့အပြစ်နဲ့ နှိုင်းယှဉ်နိုင်တယ်။

ကမ္ဘာဦး ၆:၂၊ (ကဘ) မှာပါတဲ့ “စစ်မှန်တဲ့ဘုရားသခင်ရဲ့သားတွေ” ဆိုတာ လူသားကိုယ်ခန္ဓာနဲ့ပေါ်လာပြီး အမျိုးသမီးတွေနဲ့ လိင်အကျင့်ယိုယွင်းခဲ့ကြတဲ့ ကောင်းကင်တမန်တွေလို့ ကျွန်ုပ်တို့ပြောတာက ကျိုးကြောင်းညီညွတ်တဲ့ ကောက်ချက်တစ်ခုဖြစ်ပါတယ်။

သမ္မာကျမ်းစာမှာ ယေရှုက “ထောင်ကျနေသော နာမ်ဝိညာဉ်သတ္တဝါများထံသွား၍ ဟောပြော” တယ်လို့ ဖော်ပြထားတယ်။ (၁ ပေ. ၃:၁၉) အဲဒါ ဘာကို ဆိုလိုတာလဲ။

တမန်တော်ပေတရုက ဒီနာမ်ဝိညာဉ်သတ္တဝါတွေကို ‘နောဧခေတ်မှာ ဘုရားသခင် စိတ်ရှည်စွာစောင့်ဆိုင်းခဲ့တဲ့ နာခံမှုမရှိသူများ’ ဖြစ်တယ်လို့ ပြောခဲ့တယ်။ (၁ ပေ. ၃:၂၀) စာတန်ရဲ့ပုန်ကန်မှုမှာ ပူးပေါင်းပါဝင်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေကို ပေတရု ရည်ညွှန်းနေတယ်ဆိုတာ ရှင်းနေပါတယ်။ ယုဒကလည်း “မိမိတို့၏မူလအခွင့်အရာကို မစောင့်ရုံမက မိမိတို့နေသင့်ရာအရပ်ကို စွန့်ခွာ” တဲ့ ကောင်းကင်တမန်တွေကို ဘုရားသခင်က “တရားစီရင်ရာနေ့ကြီးအတွက် မှောင်မိုက်တွင် ထာဝရချည်နှောင်ထား” တယ်လို့ ပြောတယ်။—ယု. ၆

နောဧခေတ်မှာ နာမ်ဝိညာဉ်သတ္တဝါတွေဟာ ဘယ်လိုနည်းနဲ့ နာခံမှုမရှိခဲ့ကြသလဲ။ ရေလွှမ်းမိုးဘေး မကျရောက်ခင်မှာ အဲဒီဆိုးညစ်တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေဟာ လူသားကိုယ်ခန္ဓာအဖြစ် ပြောင်းလဲခဲ့ကြတယ်၊ သူတို့အတွက် ဘုရားသခင် အဲဒီလို မရည်ရွယ်ခဲ့ဘူး။ (က. ၆:၂၊) ဒါ့အပြင် ဒီကောင်းကင်တမန်တွေဟာ သဘာဝနဲ့ဆန့်ကျင်ပြီး အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံခဲ့ကြတယ်။ အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံဖို့ နာမ်ဝိညာဉ်သတ္တဝါတွေကို ဘုရားသခင် ဖန်ဆင်းခဲ့တာမဟုတ်ဘူး။ (က. ၅:၂) ဒီဆိုးညစ်တဲ့၊ နာခံမှုမရှိတဲ့ ကောင်းကင်တမန်တွေဟာ ဘုရားသခင်သတ်မှတ်ထားတဲ့အချိန်မှာ ဖျက်ဆီးခံရပါလိမ့်မယ်။ အခုအချိန်မှာတော့ ယုဒပြောသလိုပဲ သူတို့ဟာ “မှောင်မိုက်” မှာရှိနေတယ်၊ တစ်နည်းအားဖြင့် ထောင်ထဲမှာ ချုပ်နှောင်ခံထားရသလို ဖြစ်နေတယ်။

ယေရှုက “ထောင်ကျနေသော နာမ်ဝိညာဉ်သတ္တဝါများ” ကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဟောပြောခဲ့သလဲ။ ယေရှုဟာ “နာမ်ဝိညာဉ်အဖြစ် အသက်ရှင်” ပြီးနောက်ပိုင်းမှာ အဲဒီလိုဟောပြောခဲ့တယ်လို့ ပေတရုရေးခဲ့တယ်။ (၁ ပေ. ၃:၁၈၊ ၁၉) ပေတရု သူ့ရဲ့ပထမစာကို မရေးခင်မှာ ယေရှုဟောပြောခဲ့တယ်ဆိုတာ ဖော်ပြဖို့ အဲဒီကျမ်းချက်ရဲ့ မူရင်းဂရိအရေးအသားမှာ အတိတ်ကာလသဏ္ဌာန်ကို အသုံးပြုထားတယ်။ ဒါကြောင့် ယေရှုဟာ ဆိုးညစ်တဲ့နာမ်ဝိညာဉ်သတ္တဝါတွေ ခံရမယ့် တရားစီရင်ချက်ပြစ်ဒဏ်အကြောင်းကို သူထမြောက်ပြီးနောက် တစ်ချိန်ချိန်မှာ ကြေညာခဲ့ပုံရတယ်။ ယေရှု သူတို့ကို မျှော်လင့်ချက်အကြာင်း မဟောခဲ့ဘူး။ တရားစီရင်ချက်အကြောင်းပဲ ဟောပြောတာဖြစ်တယ်။ (ယောန ၁:၁၊ ၂) ယေရှုဟာ သေတဲ့အထိ ယုံကြည်ခြင်းနဲ့ သစ္စာတည်ကြည်မှုကိုပြပြီး ပြန်ထမြောက်လာခြင်းက သူ့ကို မာရ်နတ် မချုပ်ကိုင်နိုင်ဘူးဆိုတာ သက်သေပြနေခြင်းဖြစ်တယ်၊ အဲဒါကြောင့် ယေရှုမှာ အဲဒီပြစ်ဒဏ်စီရင်ချက်ကို ကြေညာနိုင်တဲ့ အခြေခံအကြောင်းရင်းရှိတယ်။—ယော. ၁၄:၃၀; ၁၆:၈-၁၁

အနာဂတ်မှာ ယေရှုဟာ စာတန်နဲ့ အဲဒီကောင်းကင်တမန်ဆိုးတွေကို ချည်နှောင်ပြီး တွင်းထဲပစ်ချမှာဖြစ်တယ်။ (လု. ၈:၃၀၊ ၃၁; ဗျာ. ၂၀:၁-၃) အဲဒီအချိန်အထိတော့ ဒီနာခံမှုမရှိတဲ့ကောင်းကင်တမန်တွေဟာ မှောင်မိုက်ထဲမှာ ရှိနေမှာဖြစ်ပြီး နောက်ဆုံးမှာ အပြီးသတ်ဖျက်ဆီးခံရမှာ သေချာတယ်။—ဗျာ. ၂၀:၇-၁၀