မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

မကြာသေးမီက ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင်စာစောင်တွေကို သင် အသေအချာဖတ်ရှုခဲ့ပါသလား။ ဒီမေးခွန်းတွေကို သင် ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

သမ္မာကျမ်းစာကို အယူသီးတဲ့သဘောနဲ့ အသုံးပြုတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အဲဒါကို ခရစ်ယာန်တွေ ဘယ်လို ရှုမြင်သင့်သလဲ။

အဲဒါကတော့ သမ္မာကျမ်းစာကို ဖွင့်လိုက်တာနဲ့ အရင်ဆုံးတွေ့ရတဲ့ ကျမ်းပိုဒ်မှာပါတဲ့အချက်က သူတို့လိုအပ်တဲ့လမ်းညွှန်ချက်ပဲလို့ ယုံကြည်တာဖြစ်တယ်။ ခရစ်ယာန်စစ်တွေဟာ အတိတ်နိမိတ်ကောက်တာမျိုး မလုပ်ကြဘူး။ အဲဒီအစား တိကျမှန်ကန်တဲ့အသိပညာနဲ့ ဘုရားသခင့်လမ်းညွှန်မှုရဖို့ သမ္မာကျမ်းစာကို လေ့လာကြတယ်။—၁၂/၁၅၊ စာမျက်နှာ ၃

ဘယ် “လောက” ကွယ်ပျောက်သွားမှာလဲ။

ကွယ်ပျောက်သွားမယ့် “လောက” ဆိုတာက ဘုရားသခင့်အလိုတော်နဲ့အညီ မနေထိုင်တဲ့ လူသားအားလုံးကို ပြောနေတာဖြစ်တယ်။ (၁ ယော. ၂:၁၇) ကမ္ဘာမြေကြီးနဲ့ သစ္စာရှိလူသားတွေကတော့ အသက်ရှင်ကျန်ရစ်မယ်။—၁/၁၊ စာမျက်နှာ ၅-၇

အာဗေလ သေဆုံးသွားပေမဲ့ ဘယ်လိုနည်းနဲ့ ဟောပြောနေသေးသလဲ။ (ဟေဗြဲ ၁၁:၄)

ယုံကြည်ခြင်းအားဖြင့် ဟောပြောနေပါတယ်။ ကျွန်ုပ်တို့ သူ့ရဲ့ယုံကြည်ခြင်းကနေ သင်ယူပြီး တုပနိုင်ပါတယ်။ သူ့ရဲ့စံနမူနာဟာ ယနေ့အချိန်အထိ အတုယူစရာဖြစ်နေတုန်းပဲ။—၁/၁၊ စာမျက်နှာ ၁၂

ဘုရားသခင်နဲ့ ကျွန်ုပ်တို့ ဝေးကွာမသွား အောင် ဘယ်ဘဝကဏ္ဍတွေမှာ ဂရုစိုက်ဖို့လိုသလဲ။

ကဏ္ဍတချို့ကတော့ ကျွန်ုပ်တို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ ကျွန်ုပ်တို့ရွေးချယ်တဲ့ အပန်းဖြေမှုနဲ့ ဖျော်ဖြေရေး၊ နှင်ထုတ်ခံထားရတဲ့ ဆွေမျိုးတွေနဲ့ ပေါင်းသင်းခြင်း၊ ခေတ်သစ်နည်းပညာတွေအသုံးပြုခြင်း၊ ကိုယ့်ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ခြင်း၊ ငွေအပေါ် လွဲမှားတဲ့အမြင်ထားရှိခြင်း၊ ကျွန်ုပ်တို့ရဲ့အမြင်နဲ့ အနေအထားကို အလွန်အလေးထားခြင်းတို့ ဖြစ်ပါတယ်။—၁/၁၅၊ စာမျက်နှာ ၁၂-၂၁

မောရှေရဲ့နှိမ့်ချမှုကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

မောရှေဟာ အခွင့်အာဏာကြောင့် မာနကြီးမယ့်အစား ဘုရားသခင်ကို မှီခိုအားကိုးတယ်၊ သူ့ကိုယ်သူ အားမကိုးခဲ့ဘူး။ ကျွန်ုပ်တို့မှာရှိတဲ့ အခွင့်အာဏာ၊ အစွမ်းအစကြောင့် မာနမကြီးသင့်ဘူး၊ ကျွန်ုပ်တို့ဟာ ယေဟောဝါကို ယုံကြည်ကိုးစားလိုကြတယ်။ (သု. ၃:၅၊ ၆)—၂/၁၊ စာမျက်နှာ ၅

ရှင်ပြန်ထမြောက်လာမယ့်သူတွေ ဘယ်မှာနေကြမလဲ။

အရေအတွက်ကန့်သတ်ထားတဲ့ ၁၄၄,၀၀၀ ကတော့ ကောင်းကင်မှာနေကြမယ်။ ဒါပေမဲ့ ထမြောက်လာမယ့်သူ အများစုကတော့ ထာဝစဉ်အသက်ရှင်မယ့်အလားအလာနဲ့ မြေကြီးပေါ်မှာပဲ နေထိုင်ကြမယ်။—၃/၁၊ စာမျက်နှာ ၆

အစ္စရေးလူတွေ “စိတ်နှလုံးကို အရေပြားမဖြတ်ထား” ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ (ယေ. ၉:၂၆ကဘ)

သူတို့က ခေါင်းမာမာနဲ့ ပုန်ကန်ကြတယ်၊ သူတို့ရဲ့စိတ်နှလုံးကို တုံ့ ပြန်မှုကင်းမဲ့စေတဲ့ ဘုရားသခင်နဲ့ဆန့်ကျင်တဲ့ သူတို့ရဲ့အတွေးတွေ၊ နှစ်သက်စွဲလမ်းရာတွေနဲ့ လိုအင်ဆန္ဒတွေကို ဖယ်ထုတ်ပစ်ဖို့လိုတယ်။ (ယေ. ၅:၂၃၊ ၂၄)—၃/၁၅၊ စာမျက်နှာ ၉-၁၀

အဓိပ္ပာယ်ရှိတဲ့ဘဝကို ပိုင်ဆိုင်တဲ့နေရာမှာ ယေရှုဟာ ဘယ်လိုနည်းနဲ့ စံနမူနာကောင်းဖြစ်သလဲ။

ယေရှုရဲ့ဘဝမှာ ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်။ သူက သူ့ခမည်းတော်ကို နှစ်နှစ်ကာကာချစ်ပြီး လူတွေကိုလည်းချစ်တယ်။ ယေရှုဟာ မိမိကို ခမည်းတော်ချစ်မြတ်နိုးပြီး နှစ်သက်လက်ခံတယ်ဆိုတာ သိရှိခဲ့တယ်။ ဒါတွေက ဘဝကိုအဓိပ္ပာယ်ရှိစေတဲ့ အဓိကအချက်တွေပဲ။—၄/၁၊ စာမျက်နှာ ၄-၅

ဘုရားသခင့်အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာအပိုင်းမှာ ဘာပါဝင်သလဲ။

အုပ်ချုပ်ရေးအဖွဲ့၊ ဌာနခွဲကော်မတီတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေ၊ အကြီးအကဲအဖွဲ့တွေ၊ အသင်းတော်တွေနဲ့ သက်သေခံတစ်ယောက်ချင်းစီ ပါဝင်တယ်။—၄/၁၅၊ စာမျက်နှာ ၂၉

ဘုရားသခင့်တရားစီရင်ချက်တွေက ရက်စက်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ဘာကြောင့်ပြောနိုင်သလဲ။

လူဆိုးတွေ သေကျေပျက်စီးတာကို ယေဟောဝါမနှစ်သက်ဘူး။ (ယေဇ. ၃၃:၁၁) လူတွေကို ဘုရားသခင် တရားမစီရင်ခင်မှာ မေတ္တာနဲ့ သတိပေးတယ်ဆိုတာ ကိုယ်တော့်ရဲ့အတိတ်က တရားစီရင်ချက်တွေက ဖော်ပြတယ်။ ဒါက အနာဂတ်မှာ တရားစီရင်တဲ့အခါ ကျွန်ုပ်တို့ အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက်ရှိစေပါတယ်။—၅/၁၊ စာမျက်နှာ ၅-၆

အစ္စရေးလူမျိုးဟာ ရာဇဝတ်သားတွေကို သစ်တိုင်ပေါ်မှာချိတ်ဆွဲပြီး ကွပ်မျက်ခဲ့သလား။

မကွပ်မျက်ခဲ့ပါဘူး။ ရှေးအချိန်က တခြားလူမျိုးတွေ အဲဒီလိုလုပ်ခဲ့ပေမဲ့ အစ္စရေးလူမျိုးကတော့ အဲဒီလို မလုပ်ပါဘူး။ ဟေဗြဲကျမ်းစောင်တွေရေးသားတဲ့အချိန်တုန်းကဆိုရင် လူဆိုးတွေကို အရင်ဆုံး ကျောက်ခဲနဲ့ပေါက်သတ်တာမျိုး လုပ်တယ်။ (ဝတ်. ၂၀:၂၊ ၂၇) အဲဒီနောက်မှာမှ တခြားသူတွေအတွက် သတိပေးချက်ဖြစ်စေဖို့ အလောင်းကို သစ်တိုင်ပေါ်မှာ ချိတ်ဆွဲတာဖြစ်နိုင်တယ်။—၅/၁၅၊ စာမျက်နှာ ၁၃

ကမ္ဘာ့ငြိမ်းချမ်းရေး ဘာကြောင့် မရရှိတာလဲ။

လူသားတွေဟာ အရာများစွာကို လုပ်ဆောင်နိုင်ခဲ့ကြပေမဲ့ မိမိတို့ရဲ့ခြေလှမ်းတွေကို လမ်းညွှန်ပေးနိုင်စွမ်း မရှိကြဘူး။ (ယေ. ၁၀:၂၃) ကမ္ဘာကြီးကို စာတန်ထိန်းချုပ်ထားလို့ လူသားတွေက ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ (၁ ယော. ၅:၁၉)—၆/၁၊ စာမျက်နှာ ၁၆