မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”

“ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း”

“ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ။”—မ. ၂၄:၃

၁။ တမန်တော်တွေလိုပဲ ကျွန်ုပ်တို့လည်း ဘာကိုသိချင်ကြသလဲ။

ယေရှုရဲ့ မြေကြီးပေါ်အမှုဆောင်လုပ်ငန်းက ပြီးတော့မယ်၊ သူ့ရဲ့တပည့်တွေက ရှေ့မှာ သူတို့ ဘာတွေကြုံတွေ့ရမယ်ဆိုတာကို သိပ်သိချင်နေကြတယ်။ ဒါကြောင့် ယေရှုမသေဆုံးခင် ရက်အနည်းငယ်လောက်မှာ သူ့ရဲ့တပည့်လေးယောက်က ဒီလိုမေးခဲ့တယ်– “ထိုအမှုအရာတို့သည် မည်သည့်အချိန်တွင် ဖြစ်ပျက်မည်နည်း။ ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို အမိန့်ရှိတော်မူပါ။” (မ. ၂၄:၃; မာ. ၁၃:၃) အဲဒီမေးခွန်းကို ယေရှုက အသေးစိတ်အချက်အလက်များစွာပါဝင်တဲ့ ပရောဖက်ပြုချက်တစ်ခုနဲ့ အဖြေပေးခဲ့တယ်။ အဲဒီပရောဖက်ပြုချက်ကို မဿဲ အခန်းကြီး ၂၄ နဲ့ ၂၅ မှာ တွေ့နိုင်တယ်။ အဲဒီပရောဖက်ပြုချက်မှာ ယေရှုက အချက်အလက်များစွာကို ကြိုပြောခဲ့တယ်။ သူပြောခဲ့တာတွေက ကျွန်ုပ်တို့အတွက်လည်း သိပ်အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့လည်း ရှေ့မှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာကို သိချင်နေကြလို့ပဲ။

၂။ (က) နှစ်တွေတစ်လျှောက်မှာ ဘယ်အချက်ကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ ကြိုးစားခဲ့ကြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းသုံးခုကို ဖြေဆိုပေးမလဲ။

နှစ်တွေတစ်လျှောက်မှာ ဦးဆောင်နေတဲ့ဘိသိက်ခံညီအစ်ကိုတွေက နောက်ဆုံးသောနေ့ရက်များနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်ကို သေသေချာချာ လေ့လာခဲ့ကြတယ်၊ အဲဒါကိုနားလည်ဖို့ ဘုရားသခင့်အကူအညီအတွက် ဆုတောင်းခဲ့ကြတယ်။ သူတို့ဟာ ယေရှုရဲ့စကားတွေ ပြည့်စုံမယ့်အချိန်နဲ့ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒီဆောင်းပါးမှာ အောက်ပါမေးခွန်းသုံးခုကို ဖြေဆိုပေးပါလိမ့်မယ်– ဘယ်အချိန်မှာ “ကြီးစွာသောဒုက္ခ” စမလဲ။ ဘယ်အချိန်မှာ ယေရှုက “သိုး” နဲ့ “ဆိတ်” ခွဲပြီး တရားစီရင်မလဲ။ ဘယ်အချိန်မှာ ယေရှု “ကြွလာ၊” ဒါမှမဟုတ် ရောက်လာသလဲ။—မ. ၂၄:၂၁; ၂၅:၃၁-၃၃

ဘယ်အချိန်မှာ “ကြီးစွာသောဒုက္ခ” စမလဲ

၃။ အရင်တုန်းက ကြီးစွာသောဒုက္ခနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘယ်လို နားလည်ခဲ့ကြသလဲ။

ကြီးစွာသောဒုက္ခက ပထမကမ္ဘာစစ်နဲ့အတူ ၁၉၁၄ ခုနှစ်မှာစတယ်၊ စစ်ပြီးသွားတဲ့ ၁၉၁၈ ခုနှစ်မှာ ယေဟောဝါဟာ ကြီးစွာသောဒုက္ခကို “တို” စေခဲ့တယ်၊ အဲဒါကြောင့် ဘိသိက်ခံအကြွင်းအကျန်တွေဟာ လူမျိုးအားလုံးကို သတင်းကောင်းဟောပြောဖို့ အခွင့်အရေးရခဲ့တယ်ဆိုပြီး ကျွန်ုပ်တို့ အရင်က ယူဆခဲ့ကြတယ်။ (မ. ၂၄:၂၁၊ ၂၂) ဟောပြောခြင်းလုပ်ငန်း ပြီးဆုံးသွားပြီဆိုရင် စာတန့်လောက ဖျက်ဆီးခံရဖို့ ကျွန်ုပ်တို့ မျှော်လင့်ခဲ့ကြတယ်။ ဒါကြောင့် ကြီးစွာသောဒုက္ခက အပိုင်းသုံးပိုင်းရှိမယ်။ ကြီးစွာသောဒုက္ခဟာ ၁၉၁၄ ခုနှစ်မှာစမယ်၊ ၁၉၁၈ ခုနှစ်မှာ ခဏပြတ်တောက်သွားပြီး အာမဂေဒုန်မှာ အဆုံးသတ်မယ်လို့ ကျွန်ုပ်တို့ ယူဆခဲ့ကြတယ်။

၄။ ယေရှုရဲ့ပရောဖက်ပြုချက်နဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာကို နားလည်ခဲ့ကြသလဲ။

နောက်ဆုံးသောနေ့ရက်တွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်ထဲက အပိုင်းတစ်ပိုင်းဟာ နှစ်ကြိမ်ပြည့်စုံမယ်ဆိုတာ နောက်ပိုင်းမှာ ကျွန်ုပ်တို့ နားလည်လာတယ်။ (မ. ၂၄:၄-၂၂) ပထမအကြိမ်ပြည့်စုံချက်က အေဒီပထမရာစုအချိန် ယုဒနယ်မှာဖြစ်ပြီး နောက်တစ်ကြိမ်အနေနဲ့ ကျွန်ုပ်တို့အချိန်မှာ ကမ္ဘာချီပြည့်စုံမှာဖြစ်တယ်။ ဒါကြောင့် ပရောဖက်ပြုချက်ရဲ့ တချို့အပိုင်းတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ အရင်ကနားလည်ထားတာတွေကို ပြုပြင်ဖို့လိုလာတယ်။ *

၅။ (က) ၁၉၁၄ ခုနှစ်မှာ ဘာအစပြုခဲ့သလဲ။ (ခ) အဲဒီလိုဆင်းရဲဒုက္ခမျိုး ပထမရာစုတုန်းက ဘယ်အချိန်မှာ ဖြစ်ပျက်ခဲ့သလဲ။

ကြီးစွာသောဒုက္ခက ၁၉၁၄ ခုနှစ်မှာ စတာမဟုတ်ဘူးဆိုတာကိုလည်း နားလည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကြီးစွာသောဒုက္ခက အယူမှားဘာသာကို တိုက်ခိုက်ခြင်းနဲ့စမယ်၊ နိုင်ငံအချင်းချင်းကြားမှာဖြစ်တဲ့ စစ်ပွဲတစ်ခုနဲ့ စမှာမဟုတ်ဘူးလို့ ကျမ်းစာပရောဖက်ပြုချက်က ဖော်ပြတယ်။ ဒါကြောင့် ၁၉၁၄ ခုနှစ်မှာစတင်ဖြစ်ပျက်တဲ့စစ်ပွဲဟာ ကြီးစွာသောဒုက္ခရဲ့အစမဟုတ်ဘူး၊ “ဆင်းရဲဒုက္ခ၏အစ” ဖြစ်တယ်။ (မ. ၂၄:၈) ဒီ “ဆင်းရဲဒုက္ခ” က အေဒီ ၃၃ ကနေ ၆၆ အထိ ဂျေရုဆလင်နဲ့ ယုဒနယ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆင်တူတယ်။

၆။ ကြီးစွာသောဒုက္ခ စမယ့်အချိန်ကို ကျွန်ုပ်တို့ ဘယ်လိုသိရမလဲ။

ကြီးစွာသောဒုက္ခစမယ့်အချိန်ကို ကျွန်ုပ်တို့ ဘယ်လိုသိရမလဲ။ ယေရှု ဒီလိုကြိုပြောခဲ့တယ်– “ပရောဖက်ဒံယေလ ဟောသည့်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်ရာသည် သန့်ရှင်းရာအရပ်၌ရှိနေသည်ကို သင်တို့မြင်ရလျှင် (စာရှုသူသည် ပိုင်းခြားသိမြင်ပါစေ)၊ ယုဒနယ်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။” (မ. ၂၄:၁၅၊ ၁၆) ပထမအကြိမ်ပြည့်စုံချက်အနေနဲ့ ‘သန့်ရှင်းရာအရပ်၌ရှိနေ’ တယ်ဆိုတဲ့အချက်က အေဒီ ၆၆ မှာဖြစ်ပျက်ခဲ့တယ်၊ အဲဒီအချိန်မှာ ရောမစစ်တပ် (ရွံရှာဖွယ်ရာ) က ဂျေရုဆလင်နဲ့ အဲဒီမှာရှိတဲ့ ဗိမာန်တော် (ဂျူးတွေရဲ့အမြင်မှာ သန့်ရှင်းရာအရပ်) ကို တိုက်ခိုက်ခဲ့တယ်။ ဒီပရောဖက်ပြုချက်က ပိုကြီးမားတဲ့အတိုင်းအတာနဲ့ ဒုတိယအကြိမ်ပြည့်စုံဦးမှာဖြစ်တယ်။ ကုလသမဂ္ဂဟာ “ရွံရှာဖွယ်ရာ” ဖြစ်ပြီး ခရစ်ယာန်ဘောင်ကို သူ့ရဲ့နောက်လိုက်တွေက “သန့်ရှင်းရာအရပ်” အဖြစ် ရှုမြင်တယ်။ ဗျာဒိတ် ၁၇:၁၆-၁၈ မှာ ကြိုပြောထားတဲ့အတိုင်း ကုလသမဂ္ဂက ခရစ်ယာန်ဘောင်နဲ့ မဟာဗာဗုလုန်ရဲ့ ကျန်တဲ့အစိတ်အပိုင်းကို တိုက်ခိုက်မှာဖြစ်တယ်။ ဒီတိုက်ခိုက်မှုက ကြီးစွာသောဒုက္ခရဲ့အစ ဖြစ်ပါလိမ့်မယ်။

၇။ (က) ပထမရာစုတုန်းက ဘယ်လိုနည်းနဲ့ အသက်ဘေးကနေ လွတ်ခဲ့ကြသလဲ။ (ခ) အနာဂတ်မှာ ဘာဖြစ်လာမယ်လို့ ကျွန်ုပ်တို့ မျှော်လင့်နိုင်သလဲ။

“ထိုနေ့ရက်ကာလကိုတိုစေ” မယ်လို့လည်း ယေရှု ကြိုပြောခဲ့တယ်။ ဒီအချက်ဟာ ရောမစစ်တပ်က သူ့ရဲ့တိုက်ခိုက်မှုကို “တိုစေ” ခဲ့တဲ့ အေဒီ ၆၆ မှာ ဦးဆုံးအကြိမ်အနေနဲ့ ပြည့်စုံခဲ့တယ်။ အဲဒီနောက် ဂျေရုဆလင်နဲ့ ယုဒနယ်မှာရှိတဲ့ ဘိသိက်ခံခရစ်ယာန်တွေဟာ ထွက်ပြေးခဲ့ကြလို့ “[အသက်] ဘေးလွတ်” ခဲ့ကြတယ်။ (မဿဲ ၂၄:၂၂ ကိုဖတ်ပါ; မာလ. ၃:၁၇) ဒါကြောင့် ရောက်လာမယ့်ကြီးစွာသောဒုက္ခမှာ ဘာဖြစ်ပျက်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်နိုင်သလဲ။ အယူမှားဘာသာကို ကုလသမဂ္ဂတိုက်ခိုက်တာကို ယေဟောဝါ “တိုစေ” မှာဖြစ်တယ်၊ အယူမှားဘာသာနဲ့အတူ စစ်မှန်တဲ့ဘာသာ ဖျက်ဆီးခံရဖို့ ယေဟောဝါ ခွင့်ပြုမှာမဟုတ်ဘူး။ ဘုရားသခင့်လူမျိုး ကယ်တင်ခံရမှာ သေချာပါတယ်။

၈။ (က) ကြီးစွာသောဒုက္ခ အစပိုင်းပြီးတဲ့နောက်မှာ ဘယ်အဖြစ်အပျက်တွေ ဖြစ်ပျက်လာမလဲ။ (ခ) ၁၄၄,၀၀၀ ထဲက ကျန်ကြွင်းသူအားလုံးဟာ ဘယ်အချိန်မှာ ကောင်းကင်ဆုကျေးဇူးကို ရရှိမယ်လို့ ယူဆနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

 ကြီးစွာသောဒုက္ခ အစပိုင်းပြီးတဲ့နောက်မှာ ဘာဖြစ်လာမလဲ။ ယေရှုရဲ့စကားတွေက အာမဂေဒုန်မစတင်ခင်အထိ အချိန်အပိုင်းအခြားတစ်ခုရှိမယ်ဆိုတာကို ဖော်ပြတယ်။ အဲဒီစပ်ကြားကာလအတွင်းမှာ ဘယ်အဖြစ်အပျက်တွေ ဖြစ်ပျက်လာမလဲ။ အဲဒီအဖြစ်အပျက်တွေကို ယေဇကျေလ ၃၈:၁၄-၁၆ နဲ့ မဿဲ ၂၄:၂၉–၃၁ (ဖတ်ပါ။) * မှာ ဖော်ပြထားတယ်။ အဲဒီနောက်မှာ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အာမဂေဒုန်ကို ကျွန်ုပ်တို့ မြင်တွေ့ရပါလိမ့်မယ်။ ဒီအဖြစ်အပျက်က ပရောဖက်ပြုချက် ပထမအကြိမ်ပြည့်စုံချက်ရဲ့ အထွတ်အထိပ်ဖြစ်ခဲ့တဲ့ ဂျေရုဆလင်မြို့ပျက်စီးခြင်းနဲ့ဆင်တူတယ်။ (မာလ. ၄:၁) အထွတ်အထိပ်ဖြစ်တဲ့ အာမဂေဒုန်စစ်ပွဲနဲ့အတူ ရောက်လာတော့မယ့် ကြီးစွာသောဒုက္ခဟာ ‘ဤလောကတည်ချိန်မှစ၍ မဖြစ်စဖူး’ တဲ့ အဖြစ်အပျက်ဖြစ်ပါလိမ့်မယ်။ (မ. ၂၄:၂၁) အဲဒီနောက်မှာ ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှု စတင်ပါလိမ့်မယ်။

၉။ ကြီးစွာသောဒုက္ခနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်က ကျွန်ုပ်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ။

ကြီးစွာသောဒုက္ခနဲ့ပတ်သက်တဲ့ ဒီပရောဖက်ပြုချက်က ကျွန်ုပ်တို့ကို အားရှိစေပါတယ်။ ဘာကြောင့်လဲ။ အကြောင်းကတော့ ကြီးစွာသောဒုက္ခအတွင်းမှာ ကျွန်ုပ်တို့ ဘယ်လိုအခက်အခဲမျိုးနဲ့ပဲ ရင်ဆိုင်ရပါစေ ယေဟောဝါရဲ့လူတွေဟာ အုပ်စုလိုက်အနေနဲ့ ကပ်ကျော်လွတ်မြောက်မယ်ဆိုတာ ယုံကြည်စိတ်ချစေလို့ပဲ။ (ဗျာ. ၇:၉၊ ၁၄) ဒါ့အပြင် အာမဂေဒုန်မှာ ယေဟောဝါဟာ မိမိသာလျှင် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ အကောင်းဆုံးအုပ်စိုးရှင်ဖြစ်ကြောင်း သက်သေပြပြီး မိမိရဲ့နာမည်ကို သန့်ရှင်းမြင့်မြတ်စေမယ်။—ဆာ. ၈၃:၁၈; ယေဇ. ၃၈:၂၃

ဘယ်အချိန်မှာ ယေရှုက သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်မလဲ

၁၀။ အရင်တုန်းက သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်မယ့်အချိန်ကို ကျွန်ုပ်တို့ ဘယ်လို နားလည်ခဲ့ကြသလဲ။

၁၀ ယေရှုပရောဖက်ပြုချက်ရဲ့ နောက်အပိုင်းတစ်ပိုင်းက သိုးနဲ့ဆိတ်ပုံဥပမာဖြစ်တယ်။ ယေရှုဟာ ဘယ်အချိန်မှာ သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်မလဲ။ (မ. ၂၅:၃၁-၄၆) ယေရှုဟာ ၁၉၁၄ ခုနှစ်ကစပြီး လူတွေကို သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်နေတယ်လို့ ကျွန်ုပ်တို့ အရင်ကနားလည်ခဲ့ကြတယ်။ နိုင်ငံတော်သတင်းကို ငြင်းပယ်ပြီး ကြီးစွာသောဒုက္ခမတိုင်ခင်မှာ သေဆုံးသွားတဲ့သူတွေဟာ ဆိတ်အဖြစ် တရားစီရင်ခံရသူတွေဖြစ်တယ်၊ သူတို့မှာ ထမြောက်ခြင်းမျှော်လင့်ချက်မရှိဘူးလို့ ကျွန်ုပ်တို့ ယူဆခဲ့ကြတယ်။

၁၁။ ၁၉၁၄ ခုနှစ်မှာ လူတွေကို သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်တာကို ယေရှု ဘာကြောင့် မစတင်နိုင်ခဲ့သလဲ။

၁၁ ၁၉၉၅ ခုနှစ်တုန်းက ကင်းမျှော်စင်မှာ မဿဲ ၂၅:၃၁ နဲ့ပတ်သက်ပြီး ရှင်းပြချက်အသစ်ကို ဖော်ပြခဲ့တယ်။ အဲဒီကျမ်းချက်မှာ ‘လူသားသည် မိမိဘုန်းတော်ကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်ပေါ်မှာထိုင်လိမ့်’ မယ်လို့ ဖော်ပြထားတယ်။ ယေရှုဟာ ၁၉၁၄ ခုနှစ်မှာ ဘုရင်ဖြစ်လာတယ်၊ ဒါပေမဲ့ “လူမျိုးအပေါင်း” ကို တရားစီရင်ဖို့ “ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ” မထိုင်သေးဘူးလို့ အဲဒီကင်းမျှော်စင်မှာ ဖော်ပြခဲ့တယ်။ (မ. ၂၅:၃၂; ဒံယေလ ၇:၁၃ နဲ့နှိုင်းယှဉ်ပါ။) ဒါပေမဲ့ သိုးနဲ့ဆိတ်ပုံဥပမာမှာ ယေရှုဟာ တရားသူကြီးအဖြစ် လုပ်ဆောင်မယ်ဆိုတဲ့အချက်ကို အဓိကဖော်ပြတယ်။ (မဿဲ ၂၅:၃၁-၃၄၊ ၄၁၊ ၄၆ ကိုဖတ်ပါ။) ၁၉၁၄ ခုနှစ်မှာ ယေရှုဟာ လူမျိုးအားလုံးကို တရားစီရင်မယ့် တရားသူကြီးအဖြစ် မလုပ်ဆောင်သေးတဲ့အတွက်ကြောင့် လူတွေကို သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်မယ့်လုပ်ငန်းဟာ ၁၉၁၄ ခုနှစ်မှာ မစတင်သေးဘူး။ * ဒါဆိုရင် ယေရှု ဘယ်အချိန်မှာ လူမျိုးအပေါင်းကို စတင်တရားစီရင်မလဲ။

၁၂။ (က) ယေရှုဟာ ပထမဆုံးအကြိမ်အနေနဲ့ လူမျိုးအပေါင်းကို တရားစီရင်မယ့်တရားသူကြီးအဖြစ် ဘယ်အချိန်မှာ လုပ်ဆောင်မလဲ။ (ခ) မဿဲ ၂၄:၃၀၊ ၃၁ နဲ့ မဿဲ ၂၅:၃၁-၃၃၊ ၄၆ မှာ ဘယ်အဖြစ်အပျက်တွေကို ဖော်ပြထားသလဲ။

 ၁၂ အယူမှားဘာသာ ပျက်စီးပြီးနောက်မှသာ ပထမဆုံးအကြိမ်အနေနဲ့ လူမျိုးအပေါင်းကို တရားစီရင်မယ့်လုပ်ငန်း စတင်မယ်ဆိုတာ နောက်ဆုံးသောနေ့ရက်များနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်က ဖော်ပြတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဖြစ်ပျက်မယ့် အဖြစ်အပျက်တချို့ကို မဿဲ ၂၄:၃၀၊ ၃၁ မှာဖော်ပြထားတယ်ဆိုတာ  အပိုဒ် ၈ မှာတွေ့ခဲ့ရတယ်။ ဒီအခန်းငယ်တွေမှာ ယေရှုပြောခဲ့တဲ့အဖြစ်အပျက်တွေက သိုးနဲ့ဆိတ်ပုံဥပမာမှာပါတဲ့ အချက်တွေနဲ့ ဆင်တူတယ်ဆိုတာ သတိပြုပါ။ ဥပမာ၊ လူသားဟာ မိမိဘုန်းတော်ကိုဆောင်ပြီး ကောင်းကင်တမန်တွေနဲ့အတူ ကြွလာမယ်၊ လူမျိုးအပေါင်းက ရှေ့တော်မှာစုဝေးမယ်၊ သိုးအဖြစ်သတ်မှတ်ခံရသူတွေက “ထာဝရအသက်ကိုရကြ” မှာဖြစ်လို့ “[သူတို့ရဲ့] ခေါင်းကိုမော့ကြ” တယ်။ * ဆိတ်အဖြစ် သတ်မှတ်ခံရသူတွေက “ထာဝရသေဒဏ်စီရင်” ခံရမယ်ဆိုတာသိလို့ “ငိုကြွေးမြည်တမ်း” ကြတယ်။—မ. ၂၅:၃၁-၃၃၊ ၄၆

၁၃။ (က) ယေရှုက လူတွေကို ဘယ်အချိန်မှာ သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်မလဲ။ (ခ) ဒီနားလည်မှုက အမှုဆောင်လုပ်ငန်းအပေါ် ကျွန်ုပ်တို့ရဲ့ရှုမြင်ပုံကို ဘယ်လိုအကျိုးသက်ရောက်သလဲ။

၁၃ ကြီးစွာသောဒုက္ခအတွင်းမှာ ယေရှုကြွလာတဲ့အခါ လူမျိုးအပေါင်းကို သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်ပါလိမ့်မယ်။ အဲဒီနောက် ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ်ဖြစ်တဲ့ အာမဂေဒုန်မှာ ဆိတ်နဲ့တူတဲ့သူတွေဟာ ထာဝရသေဒဏ်စီရင်ခြင်း ခံရပါလိမ့်မယ်။ ဒါကြောင့် ဒီနားလည်မှုက ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်း ဘယ်လောက်ထိအရေးကြီးသလဲဆိုတာ ဖော်ပြတယ်။ ကြီးစွာသောဒုက္ခ မစခင်အချိန်အထိ လူတွေဟာ သူတို့ရဲ့အတွေးအခေါ်ကိုပြောင်းလဲပြီး “အသက်ရှင်ခြင်းသို့ရောက်သော” လမ်းကျဉ်းကိုဝင်ဖို့ အချိန်ရသေးတယ်။ (မ. ၇:၁၃၊ ၁၄) သေချာတာက အခုအချိန်မှာ လူတွေက မိမိတို့ဟာ သိုးလိုသဘောထားရှိသူလား၊ ဆိတ်လိုသဘောထား ရှိသူလားဆိုတာ ဖော်ပြနေကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဘယ်သူက ဆိတ်၊ ဘယ်သူကသိုးဖြစ်တယ်ဆိုတာကိုတော့ ကြီးစွာသောဒုက္ခအတွင်းမှာ ယေရှုက နောက်ဆုံးတရားစီရင်မယ်ဆိုတာ သတိရသင့်တယ်။ ဒါကြောင့် အတတ်နိုင်ဆုံး လူများနိုင်သလောက်များများကို နိုင်ငံတော်သတင်းနားထောင်ပြီး လက်ခံဖို့ အခွင့်အရေးရရှိအောင် ဆက်ဟောပြောနေဖို့ အလွန်အရေးကြီးပါတယ်။

လူတွေဟာ ကြီးစွာသောဒုက္ခ မစခင်အချိန်အထိ မိမိတို့ရဲ့အတွေးအခေါ်ကို ပြောင်းလဲဖို့ အချိန်ရသေးတယ် (အပိုဒ် ၁၃ ကိုကြည့်ပါ)

ဘယ်အချိန်မှာ ယေရှု ကြွလာ၊ ဒါမှမဟုတ် ရောက်လာမလဲ

၁၄၊ ၁၅။ ဘယ်ကျမ်းစာဖော်ပြချက်လေးခုက အနာဂတ်မှာ တရားသူကြီးအဖြစ် ခရစ်တော်ရဲ့ကြွလာခြင်းကို ရည်ညွှန်းသလဲ။

၁၄ ယေရှုရဲ့ပရောဖက်ပြုချက်ကို ဆက်လေ့လာကြည့်တဲ့အခါ အရေးကြီးတဲ့ တခြားအဖြစ်အပျက်တွေနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့ နားလည်မှုကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်မလား။ အဲဒါကို ပရောဖက်ပြုချက်ကိုယ်နှိုက်က အဖြေပေးပါလိမ့်မယ်။ ကြည့်ကြပါစို့။

၁၅ ယေရှုရဲ့ပရောဖက်ပြုချက် တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မဿဲ ၂၄:၂၉–၂၅:၄၆ မှာ ယေရှုက နောက်ဆုံးသောနေ့ရက်များနဲ့ လာမယ့်ကြီးစွာသောဒုက္ခအတွင်းမှာ ဖြစ်ပျက်မယ့်အဖြစ်အပျက်တွေကို အဓိကဖော်ပြထားတယ်။ အဲဒီမှာ ယေရှုက “ကြွလာ” ဒါမှမဟုတ် ရောက်လာ ဆိုတာကို ရှစ်ကြိမ် ဖော်ပြထားတယ်။ * ကြီးစွာသောဒုက္ခနဲ့ပတ်သက်ပြီး ယေရှုက “မိုးတိမ်ကိုစီး၍ လူသားကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်” လို့ပြောခဲ့တယ်။ “သင်တို့၏သခင် ရောက်လာမည့်နေ့ရက်ကို သင်တို့မသိ။” “သင်တို့ မထင်မမှတ်သောအချိန်နာရီတွင် လူသားသည် ကြွလာလိမ့်မည်။” ယေရှုက မိမိရဲ့သိုးနဲ့ဆိတ်ပုံဥပမာမှာ ‘လူသားသည် မိမိဘုန်းတော်ကိုဆောင်လျက် ကြွလာ’ မယ်လို့ပြောခဲ့တယ်။ (မ. ၂၄:၃၀၊ ၄၂၊ ၄၄; ၂၅:၃၁) ဒီဖော်ပြချက်လေးခုစလုံးက အနာဂတ်မှာ တရားသူကြီးအဖြစ် ခရစ်တော်ရဲ့ကြွလာခြင်းနဲ့ သက်ဆိုင်တယ်။ နောက်ထပ် ဖော်ပြချက်လေးခုကို ယေရှုပရောဖက်ပြုချက်ရဲ့ ဘယ်မှာတွေ့ရသလဲ။

၁၆။ ယေရှုရောက်လာခြင်းအကြောင်းကို နောက်ထပ် ဘယ်ကျမ်းချက်တွေမှာ ဖော်ပြထားသလဲ။

၁၆ သစ္စာနဲ့သတိပညာရှိကျွန်နဲ့ပတ်သက်ပြီး ယေရှုက “ထိုသို့ပြုလျက်နေသည်ကို သခင်ပြန်လာ၍တွေ့လျှင် ထိုကျွန်သည် ပျော်ရွှင်၏” လို့ပြောခဲ့တယ်။ အပျိုကညာပုံဥပမာမှာ ယေရှုက “သူတို့ ဆီသွားဝယ်ခိုက်တွင် သတို့သားရောက်လာ” တယ်လို့ ပြောခဲ့တယ်။ တဲလင့်ပုံဥပမာမှာတော့ “ကာလအတန်ကြာပြီးနောက် ထိုကျွန်တို့၏သခင်သည် လာတယ်လို့ ပြောတယ်။ အဲဒီပုံဥပမာမှာပဲ သခင်က “ငါပြန်လာသောအခါ ငါ့ငွေရင်းနှင့်တကွ အတိုးကို ရဦးမည်” လို့ပြောတယ်။ (မ. ၂၄:၄၆; ၂၅:၁၀၊ ၁၉၊ ၂၇) ဒီကျမ်းချက်လေးချက်မှာ ဖော်ပြထားတဲ့အတိုင်း ယေရှု ဘယ်အချိန်မှာ လာမလဲ။

၁၇။ မဿဲ ၂၄:၄၆ မှာပါတဲ့ ပြန်လာချိန်ကို ကျွန်ုပ်တို့ အရင်က ဘယ်လို ပြောခဲ့ကြသလဲ။

၁၇ အရင်တုန်းကတော့ အဲဒီကျမ်းချက်လေးချက်ဟာ ၁၉၁၈ ခုနှစ်မှာ ယေရှုရောက်လာခြင်း ဒါမှမဟုတ် ကြွလာခြင်းနဲ့သက်ဆိုင်တယ်လို့ ကျွန်ုပ်တို့ရဲ့စာပေတွေမှာ ဖော်ပြခဲ့တယ်။ ဥပမာအနေနဲ့ “သစ္စာနှင့်သတိပညာရှိသောကျွန်” အကြောင်း ယေရှုရဲ့ဖော်ပြချက်ကို ကြည့်ကြစို့။ (မဿဲ ၂၄:၄၅-၄၇ ကိုဖတ်ပါ။) အခန်းငယ် ၄၆ မှာဖော်ပြထားတဲ့ “ပြန်လာ” ချိန်ဟာ ၁၉၁၈ ခုနှစ်မှာ ဘိသိက်ခံတွေရဲ့အခြေအနေကို ယေရှုစစ်ဆေးတဲ့အချိန်နဲ့ ၁၉၁၉ ခုနှစ်မှာ သခင်က မိမိရဲ့ဥစ္စာရှိသမျှအပေါ် ကျွန်ကိုခန့်အပ်တဲ့အချိန်ဖြစ်တယ်လို့ ကျွန်ုပ်တို့ နားလည်ခဲ့ကြတယ်။ (မာလ. ၃:၁) ဒါပေမဲ့ ယေရှုပရောဖက်ပြုချက်ရဲ့ တချို့အပိုင်းတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ရဲ့နားလည်မှုကို ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်။ ဘာကြောင့်လဲ။

၁၈။ ယေရှုရဲ့ပရောဖက်ပြုချက်က ယေရှုကြွလာခြင်းနဲ့ပတ်သက်ပြီး ဘယ်လိုနားလည်စေသလဲ။

၁၈ မဿဲ ၂၄:၄၆ ရဲ့ရှေ့ပိုင်း အခန်းငယ်တွေမှာပါတဲ့ “ကြွလာ၊” “ရောက်လာ” ဆိုတဲ့စကားလုံးတွေက ကြီးစွာသောဒုက္ခအတွင်းမှာ ယေရှုရောက်လာပြီး လူတွေကို စီရင်ချက်ချ၊ စီရင်ချက်နဲ့အညီ လုပ်ဆောင်မယ့်အချိန်ကို ရည်ညွှန်းတယ်။ (မ. ၂၄:၃၀၊ ၄၂၊ ၄၄)  အပိုဒ် ၁၂ မှာလေ့လာခဲ့တဲ့အတိုင်း မဿဲ ၂၅:၃၁ မှာပါတဲ့ ယေရှုရဲ့ ‘ကြွလာခြင်း’ က အနာဂတ်မှာ လူတွေကို ယေရှုတရားစီရင်မယ့်အချိန်ကိုပဲ ရည်ညွှန်းတာဖြစ်တယ်။ ဒါကြောင့် မဿဲ၂၄:၄၆၊ ၄၇ မှာဖော်ပြထားတဲ့ ယေရှုပြန်လာပြီး မိမိရဲ့သစ္စာရှိကျွန်ကို မိမိရဲ့ဥစ္စာရှိသမျှအပေါ်မှာ ခန့်အပ်ခြင်းကလည်း ကြီးစွာသောဒုက္ခအတွင်းမှာဖြစ်မယ့် ယေရှုရဲ့ အနာဂတ်ကြွလာချိန်နဲ့သက်ဆိုင်တယ်လို့ ကောက်ချက်ချတာက ကျိုးကြောင်းညီညွတ်ပါတယ်။ * ကြွလာခြင်းနဲ့သက်ဆိုင်တဲ့ ကျမ်းချက်ရှစ်ချက်စလုံးဟာ ကြီးစွာသောဒုက္ခအတွင်း တရားစီရင်ချိန်ကို ရည်ညွှန်းတယ်ဆိုတာ ယေရှုပရောဖက်ပြုချက်က ဖော်ပြတယ်။

၁၉။ ဒီဆောင်းပါးမှာ ဘယ်ပြုပြင်ပြောင်းလဲမှုအသစ်တွေကို ကျွန်ုပ်တို့ လေ့လာခဲ့ကြသလဲ၊ နောက်ဆောင်းပါးတွေမှာ ဘယ်မေးခွန်းတွေကို ဖြေဆိုပေးမလဲ။

၁၉ ဒီဆောင်းပါးမှာ ကျွန်ုပ်တို့ ဘာတွေကို လေ့လာခဲ့ကြသလဲ။ ဆောင်းပါးအစမှာ “အချိန်” နဲ့ပတ်သက်တဲ့ မေးခွန်းသုံးခုကို မေးခဲ့ကြတယ်။ ပထမဆုံးအနေနဲ့ ကြီးစွာသောဒုက္ခက ၁၉၁၄ ခုနှစ်မှာစတာမဟုတ်ဘဲ ကုလသမဂ္ဂက မဟာဗာဗုလုန်ကို တိုက်ခိုက်ချိန်မှာ စတင်မယ်။ ဒုတိယ၊ သိုးနဲ့ဆိတ်ခွဲပြီး တရားစီရင်ခြင်းက ၁၉၁၄ ခုနှစ်မှာ စတင်တာမဟုတ်ဘဲ ကြီးစွာသောဒုက္ခအတွင်းမှာ စတင်မယ်။ တတိယ၊ ယေရှုဟာ ၁၉၁၉ ခုနှစ်မှာ မိမိရဲ့သစ္စာရှိကျွန်ကို မိမိရဲ့ဥစ္စာရှိသမျှအပေါ်မှာ မခန့်အပ်ခဲ့ဘူး။ ကြီးစွာသောဒုက္ခအတွင်းမှာ ခန့်အပ်မှာဖြစ်တယ်။ ဒါကြောင့် အချိန်နဲ့ပတ်သက်တဲ့ မေးခွန်းသုံးခုစလုံးက ကြီးစွာသောဒုက္ခအတွင်းမှာပဲ ဖြစ်ပျက်ပါလိမ့်မယ်။ ဒီပြုပြင်ပြောင်းလဲမှုက သစ္စာရှိကျွန်ပုံဥပမာနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့နားလည်မှုအပေါ် ဘယ်လို ထပ်ဆင့် အကျိုးသက်ရောက်ပါသလဲ။ ဒါ့အပြင် ဒီဆုံးခန်းကာလအတွင်းမှာပြည့်စုံနေတဲ့ ယေရှုရဲ့တခြားပုံဥပမာတွေနဲ့ပတ်သက်တဲ့ ကျွန်ုပ်တို့ရဲ့နားလည်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်ပါသလဲ။ ဒီအရေးကြီးတဲ့မေးခွန်းတွေကို နောက်ဆောင်းပါးတွေမှာ လေ့လာသုံးသပ်ကြပါမယ်။

 

^ စာပိုဒ်၊ 4 အပိုဒ် ၄– [၁] ထပ်ဆင့်အချက်အလက်တွေအတွက် ကင်းမျှော်စင်၊ ဖေဖော်ဝါရီ ၁၅၊ ၁၉၉၄၊ စာမျက်နှာ ၈-၂၁ နဲ့ မေ ၁၊ ၁၉၉၉၊ စာမျက်နှာ ၈-၂၀ ကိုကြည့်ပါ။

^ စာပိုဒ်၊ 8 အပိုဒ် ၈– [၂] ဒီအခန်းငယ်တွေမှာ ဖော်ပြထားတဲ့အဖြစ်အပျက်တစ်ခုက ‘ရွေးကောက်တော်မူသောသူတို့ကို စုရုံး’ ခြင်းဖြစ်တယ်။ (မ. ၂၄:၃၁) ဒါကြောင့် ကြီးစွာသောဒုက္ခရဲ့အစပိုင်းပြီးတဲ့နောက်မှာ မြေကြီးပေါ်မှာရှိနေသေးတဲ့ ဘိသိက်ခံအားလုံးဟာ အာမဂေဒုန်စစ်ပွဲမစတင်ခင် တစ်ချိန်ချိန်မှာ ကောင်းကင်ကို ရောက်ရှိသွားမယ်လို့ ယူဆရနိုင်တယ်။ ဒီနားလည်မှုက ၁၉၉၀၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၃၀ [အင်္ဂလိပ်] က “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ ပါတဲ့အချက်ကို ပြုပြင်ပြောင်းလဲလိုက်တာဖြစ်တယ်။

^ စာပိုဒ်၊ 11 အပိုဒ် ၁၁– [၃] ၁၉၉၅၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၈ ကိုကြည့်ပါ။

^ စာပိုဒ်၊ 12 အပိုဒ် ၁၂– [၄] လုကာ ၂၁:၂၈ ပါကျမ်းပြိုင်မှတ်တမ်းကို ကြည့်ပါ။

^ စာပိုဒ်၊ 15 အပိုဒ် ၁၅– [၅] “ကြွလာ” နဲ့ ‘ရောက်လာ’ ဆိုတဲ့စကားလုံးတွေက ဂရိကြိယာ အဲရ်ခိုမိုင်ကနေ ပြန်ဆိုထားတာဖြစ်တယ်။

^ စာပိုဒ်၊ 18 အပိုဒ် ၁၈– [၆] မဿဲ ၂၄:၄၆ မှာ “ပြန်လာ” လို့ပြန်ဆိုထားတဲ့ ဂရိစကားလုံးကြိယာပုံစံနဲ့ မဿဲ ၂၄:၃၀၊ ၄၂၊ ၄၄ မှာ “ကြွလာ၊” “ရောက်လာ” လို့ပြန်ဆိုတဲ့ ဂရိစကားလုံးကြိယာပုံစံက အတူတူပဲ။