မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူအနည်းငယ်ကတစ်ဆင့် လူအများကြီးကို ကျွေး

လူအနည်းငယ်ကတစ်ဆင့် လူအများကြီးကို ကျွေး

“မုန့်ကိုဖဲ့ပြီးနောက် တပည့်တော် တို့ကို ဝေပေးတော်မူ၏။ တစ်ဖန် တပည့်တော်တို့က လူအုပ်ကို ဝေပေးကြ၏။” —မ. ၁၄:၁၉

၁–၃။ ဘက်ဆိုင်းဒါရွာအနီးမှာ လူအုပ်ကြီးတစ်အုပ်ကို ယေရှု ဘယ်လိုကျွေးခဲ့သလဲဆိုတာ ပြောပြပါ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ဒီမြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ (မဿဲ ၁၄:၁၄-၂၁ ကိုဖတ်ပါ။) အေဒီ ၃၂ ပသခါပွဲ မတိုင်ခင်လေးမှာဖြစ်တယ်။ အမျိုးသား ၅,၀၀၀ လောက်နဲ့ အမျိုးသမီးတွေ၊ ကလေးတွေပါဝင်တဲ့ လူအုပ်တစ်အုပ်ဟာ ယေရှုနဲ့ တပည့်တွေနဲ့အတူ ရှိနေတယ်။ သူတို့ဟာ ဂါလိလဲအိုင်မြောက်ဘက် ဘက်ဆိုင်းဒါရွာအနီး၊ လူသူကင်းမဲ့တဲ့နေရာမှာ ရှိနေကြတယ်။

ယေရှုက လူအုပ်ကိုကြည့်လိုက်တဲ့အခါ သနားစိတ်ဝင်လာတယ်၊ ဒါကြောင့် အဲဒီအထဲက ဖျားနာနေတဲ့သူတွေကို ကုသပေးပြီး သူတို့ကို ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်တဲ့ အကြောင်းအရာများစွာကို သွန်သင်ပေးခဲ့တယ်။ ညနေစောင်းလာတဲ့အခါ တပည့်တွေက လူအုပ်ကို လူစုခွဲဖို့ ယေရှုကို တိုက်တွန်းကြတယ်၊ ဒါမှ သူတို့တွေ အနီးအနားကရွာတွေမှာ စားစရာသွားဝယ်လို့ရမယ်။ ဒါပေမဲ့ ယေရှုက “စားစရာကို သင်တို့ပေးကြ” လို့ တပည့်တွေကို ပြောလိုက်တယ်။ ယေရှုရဲ့စကားကြောင့် တပည့်တွေ ကြောင်တောင်တောင်ဖြစ်သွားမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တွေမှာ စားစရာဆိုလို့ မဖြစ်စလောက်လေးပဲရှိတယ်၊ သူတို့မှာ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ပဲရှိတယ်။

လူတွေကို သနားတဲ့စိတ်ကြောင့် ယေရှုဟာ ခရစ်ဝင်ကျမ်းလေးစောင်စလုံးမှာ မှတ်တမ်းတင်ထားတဲ့ တစ်ခုတည်းသောအံ့ဖွယ်အမှုကို ပြုလုပ်ခဲ့တယ်။ (မာ. ၆:၃၅-၄၄; လု. ၉:၁၀-၁၇; ယော. ၆:၁-၁၃) မြက်ခင်းစိမ်းပေါ်မှာ လူ ၅၀ စီ၊ ၁၀၀ စီစုပြီး ထိုင်ကြဖို့ ယေရှုက တပည့်တွေကို ပြောခိုင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ယေရှုက မုန့်နဲ့ငါးကို စပြီးဖဲ့တယ်။ အဲဒီနောက်မှာ ယေရှုက စားစရာကို လူတွေလက်ထဲ ကိုယ်တိုင်မပေးဘဲ တပည့်တော်တွေကို ပေးလိုက်တယ်။ အဲဒီနောက် တပည့်တော်တွေက လူအုပ်ကို ပြန်ဝေပေးတယ်။ စားစရာတွေဟာ လူတိုင်းစားလောက်ရုံထက်မက ပိုနေတယ်။ စဉ်းစားကြည့်လိုက်ပါ– ယေရှုဟာ တပည့်အရေအတွက် နည်းနည်းလေးကတစ်ဆင့် ထောင်နဲ့ချီတဲ့လူတွေကို ကျွေးခဲ့တယ်။ *

၄။ (က) ယေရှုဟာ သူ့နောက်လိုက်တွေကို ဘယ်အစာကျွေးဖို့ ပိုပြီးဂရုစိုက်သလဲ၊ ဘာကြောင့်လဲ။ (ခ) ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ကျွန်ုပ်တို့ ဘယ်အကြောင်းဆွေးနွေးကြမလဲ။

ယေရှုဟာ သူ့နောက်လိုက်တွေကို ပုံဆောင်အစာကျွေးဖို့ ပိုပြီးဂရုစိုက်ခဲ့မှာပဲ၊ ပုံဆောင်အစာကျွေးတယ်ဆိုတာက သူတို့ကို ဘုရားသခင့်စကားတော်မှာပါတဲ့ အမှန်တရားတွေကို သင်ပေးတာဖြစ်တယ်။ အဲဒီအမှန်တရားတွေကို သူတို့ သင်ယူမယ်ဆိုရင် သူတို့ ထာဝရအသက်ရနိုင်တယ်ဆိုတာ ယေရှုသိတယ်။ (ယော. ၆:၂၆၊ ၂၇; ၁၇:၃) ယေရှုဟာ လူအုပ်ကို သနားလို့ မုန့်နဲ့ငါးကျွေးခဲ့သလိုပဲ သူ့နောက်လိုက်တွေကိုလည်း သနားတဲ့အတွက် အချိန်နာရီများစွာသုံးပြီး သွန်သင်ပေးခဲ့တယ်။ (မာ. ၆:၃၄) ဒါပေမဲ့ ယေရှုက မိမိဟာ ကမ္ဘာပေါ်မှာ အချိန်တိုတိုပဲနေရမယ်၊ ပြီးတဲ့နောက် ကောင်းကင်ကိုပြန်ရမယ်ဆိုတာ သိထားတယ်။ (မ. ၁၆:၂၁; ယော. ၁၄:၁၂) ယေရှုဟာ ကောင်းကင်ကနေပြီး မြေကြီးပေါ်မှာရှိတဲ့ သူ့နောက်လိုက်တွေကို ဘယ်လိုလုပ်ပြီး ပုံဆောင်အစာ ဆက်ကျွေးမလဲ။ လူအုပ်ကိုကျွေးမွေးခဲ့တုန်းကလိုပဲ လူအနည်းငယ်ကတစ်ဆင့် လူများစွာကို ကျွေးမွေးမှာဖြစ်တယ်။ ဒါဆိုရင် လူအနည်းငယ်က ဘယ်သူတွေလဲ။ ပထမရာစုမှာ ယေရှုဟာ လူအနည်းငယ်ကိုသုံးပြီး ဘိသိက်ခံနောက်လိုက်များစွာကို ဘယ်လိုကျွေးမွေးခဲ့တယ်ဆိုတာ ကြည့်ကြစို့။ ပြီးတဲ့နောက် နောက်ဆောင်းပါးမှာ ကျွန်ုပ်တို့တစ်ယောက်ချင်းစီအတွက် အလွန်အရေးကြီးတဲ့ ဒီမေးခွန်းကို လေ့လာသုံးသပ်ကြမယ်– ယနေ့ ကျွန်ုပ်တို့ကို ကျွေးမွေးဖို့ ယေရှုအသုံးပြုနေတဲ့ လူအနည်းငယ်က ဘယ်သူတွေလဲ။

လူအနည်းငယ်ကတစ်ဆင့် ထောင်နဲ့ချီတဲ့သူတွေကို ကျွေးမွေးခဲ့ (အပိုဒ် ၄ ကိုကြည့်ပါ)

လူအနည်းငယ်ကို ယေရှုရွေးချယ်

၅၊ ၆။ (က) ယေရှုဟာ မိမိသေဆုံးပြီးနောက်မှာ မိမိရဲ့နောက်လိုက်တွေ လိုအပ်တဲ့လမ်းညွှန်ချက် ဆက်ရရှိဖို့ ဘယ်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့သလဲ။ (ခ) ယေရှုဟာ မိမိသေဆုံးပြီးနောက် တမန်တော်တွေကို အရေးကြီးတဲ့တာဝန်တစ်ခုပေးဖို့ ဘယ်လို လေ့ကျင့်ပေးခဲ့သလဲ။

တာဝန်သိတတ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဟာ သူသေဆုံးသွားတဲ့အခါ သူ့မိသားစု ဒုက္ခမရောက်အောင် အစီအစဉ်တွေ သေချာလုပ်ထားမှာဖြစ်တယ်။ အဲဒီလိုပဲ ခရစ်ယာန်အသင်းတော်ရဲ့ဦးခေါင်းဖြစ်တဲ့ ယေရှုဟာ သူသေဆုံးပြီးနောက်မှာ သူ့ရဲ့နောက်လိုက်တွေလိုအပ်တဲ့ သွန်သင်ချက်၊ လမ်းညွှန်ချက်တွေရရှိဖို့ အစီအစဉ်တွေ သေချာလုပ်ခဲ့တယ်။ (ဧ. ၁:၂၂) သာဓကအနေနဲ့ ယေရှုဟာ သူမသေဆုံးခင် နှစ်နှစ်အလိုမှာ အလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ နောက်ပိုင်းမှာ လူများစွာကို ကျွေးမွေးမယ့် လူအနည်းငယ်ကို သူ စတင် ရွေးချယ်ခဲ့တယ်။ ဘာဖြစ်ခဲ့သလဲဆိုတာ ကြည့်ကြစို့။

ယေရှု တစ်ညလုံးဆုတောင်းပြီးတဲ့နောက်မှာ သူ့တပည့်တွေထဲကနေ တမန်တော် ၁၂ ယောက်ကို ရွေးလိုက်တယ်။ (လု. ၆:၁၂-၁၆) နောက်နှစ်နှစ်အတောအတွင်းမှာ ယေရှုဟာ အဲဒီ ၁၂ ယောက်နဲ့အနီးကပ်နေပြီး အပြောနဲ့ရော ပုံသက်သေနဲ့ပါ သွန်သင်ပေးခဲ့တယ်။ သူတို့မှာ သင်ယူစရာတွေအများကြီးရှိတယ်ဆိုတာ ယေရှုသိတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက သူတို့ကို ‘တပည့်တော်များ’ လို့ပဲ ခေါ်သေးတယ်။ (မ. ၁၁:၁; ၂၀:၁၇) ယေရှုဟာ သူတို့ကို တစ်ဦးချင်းစီ သွန်သင်ပေးပြီး အမှုဆောင်လုပ်ငန်းမှာလည်း သေသေချာချာ လေ့ကျင့်ပေးခဲ့တယ်။ (မ. ၁၀:၁-၄၂; ၂၀:၂၀-၂၃; လု. ၈:၁; ၉:၅၂-၅၅) ယေရှုဟာ မိမိသေဆုံးပြီး ကောင်းကင်ကိုထမြောက်ပြီးနောက်ပိုင်းမှာ တပည့်တွေကို အလွန်အရေးကြီးတဲ့တာဝန်တစ်ခုပေးဖို့ လေ့ကျင့်ပေးနေတယ်ဆိုတာ ထင်ရှားတယ်။

၇။ တမန်တော်တွေ အဓိကလုပ်ဆောင်ရမယ့်တာဝန်နဲ့ပတ်သက်ပြီး ယေရှု ဘယ်လိုဖော်ပြခဲ့သလဲ။

တမန်တော်တွေရဲ့တာဝန်က ဘာဖြစ်မလဲ။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ နီးလာတဲ့အခါ တမန်တော်တွေဟာ အသင်းတော်မှာ “ကြီးကြပ်မှူးအရာ” အဖြစ် အမှုဆောင်ကြမယ်ဆိုတာ ထင်ရှားလာတယ်။ (တ. ၁:၂၀) ဒါဆိုရင် သူတို့ရဲ့အဓိကတာဝန်က ဘာဖြစ်မလဲ။ ယေရှုထမြောက်ပြီးနောက် တမန်တော်ပေတရုနဲ့ စကားပြောတဲ့အခါမှာ ဒီတာဝန်အကြောင်း ဖော်ပြခဲ့တယ်။ (ယောဟန် ၂၁:၁၊ ၂၊ ၁၅-၁၇ ကိုဖတ်ပါ။) ယေရှုဟာ တမန်တော်တချို့ရှေ့မှာပဲ ပေတရုကို “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” လို့ပြောခဲ့တယ်။ ဒီစကားတွေအားဖြင့် ယေရှုဟာ လူအများကြီးကို ပုံဆောင်အစာကျွေးဖို့ မိမိအသုံးပြုမယ့် လူအနည်းငယ်ထဲမှာ တမန်တော်တွေပါမယ်ဆိုတာ ဖော်ပြခဲ့တယ်။ ယေရှုဟာ မိမိရဲ့ “သိုးသငယ်” တွေကို ဘယ်လောက်အထိ ချစ်သလဲဆိုတာကိုလည်း ဒီစကားတွေက ဖော်ပြတယ်။ *

ပင်တေကုတ္တေပွဲနေ့ကစပြီး လူများစွာကို ကျွေးခဲ့

၈။ ပင်တေကုတ္တေပွဲနေ့မှာ ခရစ်ယာန်ဖြစ်ခါစ လူသစ်တွေဟာ ယေရှုအသုံးပြုနေတဲ့သူတွေကို ကောင်းကောင်းသိတယ်ဆိုတာ ဘယ်လိုဖော်ပြခဲ့သလဲ။

ရှင်ပြန်ထမြောက်ပြီးဖြစ်တဲ့ ခရစ်တော်ဟာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ကစပြီး တမန်တော်တွေကိုသုံးပြီး ကျန်တဲ့ဘိသိက်ခံတပည့်တွေကို ပုံဆောင်အစာကျွေးမွေးခဲ့တယ်။ (တမန်တော် ၂:၄၁၊ ၄၂ ကိုဖတ်ပါ။) အဲဒီအချိန်တုန်းက ဘိသိက်ခံခရစ်ယာန်တွေဖြစ်လာတဲ့ ဂျူးတွေနဲ့ ဂျူးဘာသာဝင်တွေဟာ ဘယ်သူတွေကို ခရစ်တော် အသုံးပြုနေတယ်ဆိုတာ ကောင်းကောင်းသိတယ်။ သူတို့ဟာ အကြွင်းမဲ့ယုံကြည်စိတ်ချမှုနဲ့ ‘တမန်တော်တို့၏သွန်သင်ချက်ကို မပြတ်ခံယူ’ ခဲ့ကြတယ်။ ‘မပြတ်ခံယူ’ လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးက လမ်းစဉ်တစ်ခုကို တစ်စိုက်မတ်မတ်၊ စွဲစွဲမြဲမြဲ လိုက်လျှောက်ခြင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်လို့ ကျမ်းပညာရှင်တစ်ဦး ပြောခဲ့တယ်။ အဲဒီခရစ်ယာန်ဖြစ်ခါစ လူသစ်တွေဟာ ဘုရားသခင့်စကားတော်မှာပါတဲ့ အမှန်တရားကို သင်ယူလိုစိတ် ပြင်းပြကြတယ်၊ သူတို့ကို အမှန်တရား သင်ပေးနိုင်တဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို သူတို့ ကောင်းကောင်းသိတယ်။ ယေရှု ပြောဆို၊ လုပ်ဆောင်ခဲ့တာတွေကို ရှင်းပြပေးဖို့၊ ယေရှုနဲ့သက်ဆိုင်တဲ့ ကျမ်းချက်တွေကိုရှင်းပြဖို့ တမန်တော်တွေကို သူတို့ အားကိုးခဲ့ကြတယ်။ *တ. ၂:၂၂-၃၆

၉။ တမန်တော်တွေဟာ သူတို့ရဲ့အဓိကတာဝန်ကို ဘယ်တော့မှမမေ့ဘူးဆိုတာ ဘယ်လိုပြသခဲ့သလဲ။

တမန်တော်တွေဟာ အသင်းတော်ကို သွန်သင်ဖို့၊ လမ်းညွှန်ဖို့ဆိုတဲ့ သူတို့ရဲ့အဓိကတာဝန်ကို ဘယ်တော့မှ မမေ့ခဲ့ကြဘူး။ ဥပမာ၊ တည်ထောင်ခါစအသင်းတော်ကို ကွဲပြားစေနိုင်တဲ့ ခက်ခဲတဲ့ပြဿနာတစ်ခုကို သူတို့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာ သတိပြုကြည့်ပါ။ ဖြစ်ချင်တော့ အဲဒီပြဿနာက အစားအသောက်နဲ့ ပတ်သက်နေတယ်။ နေ့တိုင်း အစားအသောက်တွေဝေတဲ့အခါမှာ ဂရိစကားပြောမုဆိုးမတွေက မရဘဲ ဟေဗြဲစကားပြောမုဆိုးမတွေကျတော့ ဆက်ရရှိနေလို့ တချို့က စိတ်ဆိုးကြတယ်။ ဒီပြဿနာကို တမန်တော်တွေ ဘယ်လိုဖြေရှင်းခဲ့သလဲ။ တမန်တော် “တစ်ဆယ့်နှစ်ပါး” ဟာ အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုခုနစ်ယောက်ကို ခန့်ပြီး အစားအစာဝေငှတဲ့ “အမှုကိုဆောင်ရွက်” ရာမှာ ကြီးကြပ်စေခဲ့တယ်။ တမန်တော်တွေထဲက အများစုဟာ လူအုပ်ကို ယေရှု အံ့ဖွယ်နည်းနဲ့ အစာကျွေးခဲ့ချိန်တုန်းက အစာဝေပေးရာမှာ ပါဝင်ခဲ့မှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ အသင်းတော်တွေကို ပုံဆောင်အစာ ကျွေးတာက သူတို့အတွက် ပိုအရေးကြီးတယ်ဆိုတာ သိမြင်ခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာ “ဘုရားသခင့်တရားစကားတော်သွန်သင်ခြင်း၌ အာရုံနှစ်မြှုပ်ထားကြ” တယ်။—တ. ၆:၁-၆

၁၀။ ခရစ်တော်ဟာ ဂျေရုဆလင်မှာရှိတဲ့ တမန်တော်တွေနဲ့ အသက်ကြီးသူတွေကို ဘယ်လိုအသုံးပြုခဲ့သလဲ။

၁၀ အေဒီ ၄၉ မှာ သက်ရှိထင်ရှားရှိနေသေးတဲ့ တမန်တော်တွေနဲ့ အရည်အချင်းပြည့်မီတဲ့ တခြားအကြီးအကဲတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ရှိခဲ့တယ်။ ကျမ်းစာမှာ သူတို့ကို “ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသက်ကြီးသူများ” လို့ခေါ်တယ်။ (တမန်တော် ၁၅:၁၊ ၂ ကိုဖတ်ပါ။) အသင်းတော်ရဲ့ဦးခေါင်းဖြစ်တဲ့ ခရစ်တော်ဟာ အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီအုပ်စုငယ်လေးကို အသုံးပြုပြီး ခရစ်ယာန်ယုံကြည်ချက်တွေနဲ့ဆိုင်တဲ့မေးခွန်းတွေကို ဖြေရှင်းစေခဲ့တယ်၊ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းကို ကြီးကြပ်၊ လမ်းညွှန်စေခဲ့တယ်။—တ. ၁၅:၆-၂၉; ၂၁:၁၇-၁၉; ကော. ၁:၁၈

၁၁၊ ၁၂။ (က) ယေဟောဝါဟာ ပထမရာစုအသင်းတော်တွေကို မိမိရဲ့သားတော် ပုံဆောင်အစာကျွေးမွေးတဲ့နည်းလမ်းကို ကောင်းချီးပေးတယ်ဆိုတာ ဘာက ဖော်ပြသလဲ။ (ခ) ပုံဆောင်အစာကျွေးရာမှာ ခရစ်တော်အသုံးပြုခဲ့သူတွေကို လူတွေ ဘယ်လိုသိခဲ့ကြသလဲ။

၁၁ ခရစ်တော်ဟာ ပထမရာစုတုန်းက အုပ်ချုပ်ရေးအဖွဲ့ကိုသုံးပြီး ပုံဆောင်အစာ ကျွေးခဲ့တယ်။ အဲဒါကို ယေဟောဝါ ကောင်းချီးပေးခဲ့ပါသလား။ ကောင်းချီးပေးခဲ့တာ သေချာပါတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်တာလဲ။ တမန်တော်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “သူတို့ [တမန်တော်ပေါလုနဲ့ သူ့ရဲ့ခရီးသွားဖော်တွေ] သည် မြို့များကိုဖြတ်၍သွားစဉ် ဂျေရုဆလင်မြို့ရှိ တမန်တော်တို့နှင့် အသက်ကြီးသူတို့၏ စီရင်ဆုံးဖြတ်ချက်တို့ကို ကျင့်စောင့်စေရန် ပေးအပ်ကြ၏။ ထို့ကြောင့် အသင်းတော်တို့သည် ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံလာလျက် ယုံကြည်သူအရေအတွက် တစ်နေ့ထက်တစ်နေ့ တိုးများလာ၏။” (တ. ၁၆:၄၊ ၅) အဲဒီအသင်းတော်တွေ တိုးတက်ကြီးပွားလာတာဟာ ဂျေရုဆလင်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ သစ္စာရှိရှိ ပူးပေါင်းလုပ်ဆောင်ခြင်းကြောင့်ဆိုတာ သတိပြုပါ။ ဒါက ယေဟောဝါဟာ အသင်းတော်တွေကို မိမိရဲ့သားတော် ပုံဆောင်အစာကျွေးမွေးတဲ့နည်းလမ်းကို ကောင်းချီးပေးတယ်ဆိုတဲ့ သက်သေအထောက်အထားပါပဲ။ ယေဟောဝါကောင်းချီးပေးမှသာ ဘုရားသခင့်လူမျိုးဟာ ငြိမ်သက်ပြီး တိုးတက်မယ်ဆိုတာကို သတိရကြစို့။—သု. ၁၀:၂၂; ၁ ကော. ၃:၆၊ ၇

၁၂ ယေရှုဟာ မိမိရဲ့နောက်လိုက်တွေကို ပုံဆောင်အစာကျွေးရာမှာ လူအနည်းငယ်ကတစ်ဆင့် လူများစွာကို ကျွေးတယ်ဆိုတာ ကျွန်ုပ်တို့ သိခဲ့ကြရပြီ။ ပုံဆောင်အစာကျွေးရာမှာ ယေရှုအသုံးပြုခဲ့တဲ့ လမ်းကြောင်းကို ကျွန်ုပ်တို့ ထင်ထင်ရှားရှား သိရှိခဲ့ကြတယ်။ သာဓကအနေနဲ့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ မူလအဖွဲ့ဝင်တွေဖြစ်တဲ့ တမန်တော်တွေဟာ အံ့ဖွယ်အမှုတွေလုပ်နိုင်ခဲ့ခြင်းအားဖြင့် ဘုရားသခင့်ထောက်မမှုရရှိကြောင်း ဖော်ပြခဲ့ကြတယ်။ တမန်တော် ၅:၁၂ မှာ “တမန်တော်တို့သည်လည်း လူတို့ရှေ့မှာ အတိတ်နိမိတ်နှင့် လက္ခဏာများကို ပြုကြ၏” လို့ဖော်ပြထားတယ်။ * ဒါကြောင့် ခရစ်ယာန်ဖြစ်လာသူတွေဟာ ‘ခရစ်တော်က ဘယ်သူတွေကိုသုံးပြီး မိမိရဲ့သိုးတွေကို ကျွေးနေသလဲ’ လို့စဉ်းစားစရာ မလိုခဲ့ဘူး။ ဒါပေမဲ့ ပထမရာစုအဆုံးပိုင်းမှာတော့ အခြေအနေက ပြောင်းလဲသွားတယ်။

ပထမရာစုတုန်းက ယေရှု ဘယ်သူတွေကို အသုံးပြုပြီး အသင်းတော်ကိုကျွေးမွေးတယ်ဆိုတာ သိသာထင်ရှား (အပိုဒ် ၁၂ ကိုကြည့်ပါ)

ပေါင်းပင်တွေကပွားပြီး စပါးတွေက နည်းသွားတဲ့အခါ

၁၃၊ ၁၄။ (က) ဘယ်တိုက်ခိုက်မှုအကြောင်း ယေရှု သတိပေးခဲ့သလဲ။ အဲဒီစကားတွေက ဘယ်အချိန်မှာ ပြည့်စုံခဲ့သလဲ။ (ခ) တိုက်ခိုက်မှုက ဘယ်နေရာနှစ်ခုကနေ လာမလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၃ ခရစ်ယာန်အသင်းတော်ဟာ တိုက်ခိုက်ခံရမယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ ပေါင်းပင်နဲ့စပါးပင်ပုံဥပမာမှာ စပါးမျိုးစေ့တွေ (ဘိသိက်ခံခရစ်ယာန်တွေ) ကြားမှာ ပေါင်းမျိုးစေ့တွေ (ခရစ်ယာန်အတုအယောင်တွေ) ထပ်ကြဲမယ်လို့ ယေရှု သတိပေးခဲ့တာကို သတိရပါ။ ဒီအုပ်စုနှစ်စုကို စပါးရိတ်ချိန်ဖြစ်တဲ့ “လောကစနစ်နိဂုံးပိုင်း” အချိန်အထိ အတူကြီးထွားခွင့်ပြုထားမယ်လို့ ယေရှုပြောခဲ့တယ်။ (မ. ၁၃:၂၄-၃၀၊ ၃၆-၄၃) သိပ်မကြာခင်မှာပဲ ယေရှုရဲ့စကားအတိုင်း တကယ်ဖြစ်လာတယ်။ *

၁၄ ပထမရာစုမှာ အယူဖောက်ပြန်မှု ပေါ်လာတယ်၊ ဒါပေမဲ့ ယေရှုရဲ့သစ္စာရှိတမန်တော်တွေဟာ “တားဆီးသောသူ” အနေနဲ့ လုပ်ဆောင်ခဲ့ကြတယ်။ ခရစ်ယာန်အသင်းတော်ကို ထိခိုက်စေနိုင်တဲ့ အယူမှားသွန်သင်ချက်တွေကို သူတို့တားဆီးခဲ့တယ်။ (၂ သက်. ၂:၃၊ ၆၊ ၇) ဒါပေမဲ့ နောက်ဆုံးတမန်တော် သေဆုံးသွားတဲ့အခါ အယူဖောက်ပြန်မှုက ပျံ့နှံ့သွားတယ်၊ ပေါင်းပင်နဲ့စပါးပင်ဟာ ရာစုနှစ်များစွာအတွင်း အတူကြီးထွားလာတယ်။ အဲဒီအချိန်အတောအတွင်းမှာ ပေါင်းပင်တွေက ပွားလာပြီး စပါးပင်တွေက နည်းသွားတယ်။ အဲဒီအချိန်မှာ ပုံဆောင်အစာ ပုံမှန်ကျွေးမယ့် စနစ်တကျဖွဲ့စည်းထားတဲ့အုပ်စု မရှိတော့ဘူး။ အဲဒါက နောက်ဆုံးမှာ ပြောင်းလဲရလိမ့်မယ်။ ဒါပေမဲ့ မေးစရာက ဘယ်အချိန်မှာလဲ။

စပါးရိတ်ချိန်မှာ ဘယ်သူက ပုံဆောင်အစာကျွေးမလဲ

၁၅၊ ၁၆။ ကျမ်းစာကျောင်းသားတွေ ကျမ်းစာကို လုံ့လစိုက်ထုတ်လေ့လာခြင်းကနေ ဘာအကျိုးရလဒ် ရရှိခဲ့သလဲ။ ကျမ်းစာကျောင်းသားတွေနဲ့ပတ်သက်ပြီး ဘယ်မေးခွန်းပေါ်လာသလဲ။

၁၅ အတူကြီးထွားချိန်ကုန်ဆုံးခါနီးမှာ ကျမ်းစာအမှန်တရားကို လေ့လာဖို့ အလွန်စိတ်ဝင်စားသူတချို့ ပေါ်လာတယ်။ ၁၈၇၀ ပြည့်လွန်နှစ်တွေမှာ ကျမ်းစာကျောင်းသားများလို့ခေါ်တဲ့ အဖွဲ့ငယ်လေးတစ်ဖွဲ့ ပေါ်လာပြီး ကျမ်းစာသင်တန်းတွေ စတင်ခဲ့တာကို သတိရပါ။ သူတို့တွေဟာ ဘယ်ခရစ်ယာန်ဘောင်ချာ့ခ်ျ၊ ဘယ်ဘာသာရေးအုပ်စုနဲ့မှ မပတ်သက်ကြဘူး။ ကျမ်းစာကျောင်းသားတွေဟာ အမှန်တရားတွေကို ရှာဖွေဖို့အတွက် သမ္မာကျမ်းစာကို နှိမ့်ချမှုရှိရှိနဲ့ သေသေချာချာ လေ့လာခဲ့ကြတယ်။—မ. ၁၁:၂၅

၁၆ ကျမ်းစာကျောင်းသားတွေ ကျမ်းစာကို လုံ့လစိုက်ထုတ်လေ့လာခြင်းကနေ အကျိုးရလဒ်များစွာ ရရှိခဲ့ကြတယ်။ အဲဒီသစ္စာရှိ အမျိုးသားအမျိုးသမီးတွေဟာ အယူမှားသွန်သင်ချက်တွေကို ဖော်ထုတ်ခဲ့တယ်။ စာပေတွေပုံနှိပ်ထုတ်ဝေပြီး နေရာအနှံ့မှာ ကျမ်းစာအမှန်တရားကို ဖြန့်ဝေခဲ့ကြတယ်။ ကျမ်းစာအမှန်တရားကို သိချင်သူများစွာက သူတို့ရဲ့စာပေတွေကိုဖတ်ပြီး ဒါဟာ အမှန်တရားပဲဆိုတာကို နားလည်လာကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဒီလိုမေးနိုင်တယ်– ၁၉၁၄ ခုနှစ်မတိုင်မီနှစ်တွေမှာ ခရစ်တော်ဟာ မိမိရဲ့သိုးတွေကိုကျွေးမွေးဖို့ ကျမ်းစာကျောင်းသားတွေကို အသုံးပြုခဲ့သလား။ အသုံးမပြုခဲ့ပါဘူး။ စပါးပင်နဲ့ပေါင်းပင်က အတူကြီးထွားနေဆဲဖြစ်ပြီး ပုံဆောင်အစာကျွေးဖို့ ခရစ်တော်အသုံးပြုမယ့်အုပ်စုက အသင့်မဖြစ်သေးဘူး။ ခရစ်ယာန်အတုအယောင်တွေနဲ့ ခရစ်ယာန်အစစ်တွေကို ခွဲခြားမယ့်အချိန် မရောက်သေးဘူး။

၁၇။ ၁၉၁၄ ခုနှစ်ကစပြီး ဘယ်အရေးကြီးတဲ့ဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့သလဲ။

၁၇ ရှေ့ဆောင်းပါးမှာ လေ့လာခဲ့တဲ့အတိုင်း စပါးရိတ်ချိန်က ၁၉၁၄ ခုနှစ်မှာစတင်တယ်။ အဲဒီနှစ်ကစပြီး အရေးကြီးတဲ့ဖြစ်ရပ်တွေ ဖြစ်ပျက်ခဲ့တယ်။ ယေရှု ဘုရင်အဖြစ် နန်းထိုင်တယ်၊ နောက်ဆုံးသောနေ့ရက်တွေ အစပြုတယ်။ (ဗျာ. ၁၁:၁၅) ၁၉၁၄ ခုနှစ်ကစပြီး ၁၉၁၉ ခုနှစ်အစပိုင်းအထိ ယေရှုဟာ သူ့ခမည်းတော်နဲ့တွဲဖက်ပြီး ပုံဆောင်ဗိမာန်တော်ကို စစ်ဆေး၊ သန့်စင်ရှင်းလင်းခဲ့တယ်။ * အဲဒီနောက် ၁၉၁၉ ခုနှစ်ကစပြီး စပါးတွေကို စုသိမ်းတဲ့အချိန် စတင်ခဲ့တယ်။ နောက်ဆုံးတော့ ပုံဆောင်အစာကျွေးဖို့ ဖွဲ့စည်းထားတဲ့အုပ်စုတစ်စုကို ခရစ်တော် ခန့်အပ်မယ့်အချိန် ရောက်လာခဲ့တယ်။

၁၈။ ဘယ်ခန့်အပ်မှုကို ပြုလုပ်မယ်လို့ ယေရှုကြိုပြောခဲ့သလဲ။ နောက်ဆုံးသောနေ့ရက်တွေ အစပြုပြီးနောက်မှာ အရေးကြီးတဲ့ ဘယ်မေးခွန်းပေါ်လာသလဲ။

၁၈ ဆုံးခန်းကာလနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက်မှာ ယေရှုက “အချိန်တန်အစာဝေပေး” ဖို့ “ကျွန်” ကို ခန့်အပ်မယ်လို့ ကြိုပြောခဲ့တယ်။ (မ. ၂၄:၄၅-၄၇) အဲဒီ “ကျွန်” က ဘယ်သူဖြစ်မလဲ။ ယေရှုဟာ ပထမရာစုတုန်းကလိုပဲ လူအနည်းငယ်ကတစ်ဆင့် လူများစွာကို ကျွေးမှာဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံးသောနေ့ရက်တွေ အစပြုပြီးနောက်မှာ လူအနည်းငယ်က ဘယ်သူတွေဖြစ်မလဲဆိုတဲ့ အရေးကြီးတဲ့မေးခွန်းတစ်ခု ပေါ်လာတယ်။ ဒီမေးခွန်းနဲ့ တခြားမေးခွန်းတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့ပရောဖက်ပြုချက်ကို နောက်ဆောင်းပါးမှာ ဆွေးနွေးမယ်။

 

^ စာပိုဒ်၊ 3 အပိုဒ် ၃– [၁] အမျိုးသား ၄,၀၀၀၊ အမျိုးသမီးနဲ့ကလေးတွေ ပါဝင်တဲ့လူအုပ်ကို နောက်တစ်ကြိမ် ကျွေးချိန်မှာ ယေရှုဟာ အစားအစာကို ဖဲ့ပြီး တပည့်တော်များကို ဝေပေးတယ်။ တပည့်တော်များကလည်း လူအုပ်ကို ဝေပေးခဲ့ကြတယ်။—မ. ၁၅:၃၂-၃၈

^ စာပိုဒ်၊ 7 အပိုဒ် ၇– [၂] ပေတရုရဲ့အသက်တာတစ်လျှောက်မှာ ကျွေးမွေးခံရတဲ့ “သိုးသငယ်” အားလုံးဟာ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေဖြစ်တယ်။

^ စာပိုဒ်၊ 8 အပိုဒ် ၈– [၃] ခရစ်ယာန်ဘာသာဝင်ဖြစ်ခါစ လူသစ်တွေဟာ ‘တမန်တော်တို့၏သွန်သင်ချက်ကို မပြတ်ခံယူ’ တယ်ဆိုတဲ့အချက်က တမန်တော်တွေဟာ တခြားသူတွေကို ပုံမှန်သွန်သင်ပေးခဲ့တယ်ဆိုတာ ဖော်ပြတယ်။ တမန်တော်တွေရဲ့ တချို့သွန်သင်ချက်တွေကို စွမ်းအားတော်တိုက်တွန်းမှုနဲ့ မှတ်တမ်းတင်ထားခဲ့တယ်၊ အခုဆိုရင် အဲဒါတွေက ခရစ်ယာန်ဂရိကျမ်းစာရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။

^ စာပိုဒ်၊ 12 အပိုဒ် ၁၂– [၄] တမန်တော်မဟုတ်တဲ့ တခြားခရစ်ယာန်တွေလည်း သန့်ရှင်းသောစွမ်းအားတော်ရဲ့ အံ့ဖွယ်ဆုကျေးဇူးတွေ ရရှိခဲ့တယ်။ အများအားဖြင့်တော့ အဲဒီဆုကျေးဇူးတွေက တမန်တော်တစ်ဦးကနေတစ်ဆင့် ရရှိတာ ဒါမှမဟုတ် တမန်တော်တစ်ဦးရဲ့ရှေ့မှာ ရရှိတာဖြစ်တယ်။—တ.၈:၁၄-၁၈; ၁၀:၄၄၊ ၄၅။

^ စာပိုဒ်၊ 13 အပိုဒ် ၁၃– [၅] တမန်တော် ၂၀:၂၉၊ ၃၀ မှာတွေ့ရတဲ့ တမန်တော်ပေါလုရဲ့စကားတွေက အသင်းတော်ကိုတိုက်ခိုက်တာက နေရာနှစ်ခုကနေ လာမယ်ဆိုတာ ဖော်ပြတယ်။ ပထမတစ်ခုက ခရစ်ယာန်အတုအယောင်တွေ (“ပေါင်းပင်များ”) ဟာ ခရစ်ယာန်စစ်တွေထဲ ဝင် “လာ” မယ်။ ဒုတိယတစ်ခုက ခရစ်ယာန်စစ်တွေ “အထဲ” ကနေပြီး “မှားယွင်းသောသွန်သင်ချက်များကို ဟောပြော” တဲ့ အယူဖောက်ပြန်သူတွေ ပေါ်လာမယ်။

^ စာပိုဒ်၊ 17 အပိုဒ် ၁၇– [၆] ဒီစာစောင်မှာပါတဲ့ ‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်’ ဆိုတဲ့ဆောင်းပါး၊ စာမျက်နှာ ၁၁၊ အပိုဒ် ၆ ကိုကြည့်ပါ။