မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်တို့သည် ဆေးကြောသန့်စင်ခြင်း ခံရကြပြီ

သင်တို့သည် ဆေးကြောသန့်စင်ခြင်း ခံရကြပြီ

‘သင်တို့သည် ဆေးကြောသန့်စင်ခြင်း ခံရကြပြီ။’—၁ ကော. ၆:၁၁

၁။ နေဟမိ ဂျေရုဆလင်ကိုပြန်လာတဲ့အခါ ဘယ်ဖြစ်ရပ်တွေကို မြင်တွေ့ခဲ့ရသလဲ။ (ဆောင်းပါးနိဒါန်းမှာပါတဲ့ပုံကို ကြည့်ပါ။)

ဂျေရုဆလင်မြို့သားတွေ အထိတ်တလန့် ဖြစ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နာမည်ဆိုးရှိတဲ့လူမျိုးခြားတစ်ယောက်ကို ဗိမာန်တော်အခန်းတစ်ခန်းမှာနေဖို့ ခွင့်ပြုထားတယ်။ လေဝိသားတွေက သူတို့ရဲ့တာဝန်ကို စွန့်ခွာသွားကြပြီ။ ဂျူးခေါင်းဆောင်တွေက ဝတ်ပြုရေးမှာဦးဆောင်မယ့်အစား ဥပုသ်နေ့မှာ ရောင်းဝယ်ဖောက်ကားနေကြတယ်။ အစ္စရေးလူများစွာဟာ ဂျူးမဟုတ်သူတွေနဲ့ အိမ်ထောင်ပြုကြတယ်။ ဒါတွေက ဘီစီ ၄၄၃ နောက်ပိုင်း တစ်ချိန်ချိန်မှာ နေဟမိ ဂျေရုဆလင်ကိုပြန်လာတုန်းက မြင်တွေ့ရတဲ့ ထိတ်လန့်စရာဖြစ်ရပ်တချို့သာဖြစ်တယ်။—နေ. ၁၃:၆

၂။ အစ္စရေးလူမျိုးဟာ ဘယ်လိုနည်းနဲ့ သန့်ရှင်းတဲ့လူမျိုး ဖြစ်ခဲ့သလဲ။

အစ္စရေးလူမျိုးဆိုတာ ဘုရားသခင်ထံအပ်နှံထားတဲ့ လူမျိုးဖြစ်တယ်။ ဘီစီ ၁၅၁၃ မှာ အစ္စရေးလူတွေဟာ ယေဟောဝါရဲ့အလိုတော်ကို စိတ်ထက်သန်စွာ လုပ်ဆောင်ခဲ့ကြတယ်။ “ယေဟောဝါပြောတဲ့ စကားရှိသမျှကို ကျွန်တော်တို့လိုက်နာဖို့ အသင့်ပါပဲ” လို့ သူတို့ ပြောခဲ့ကြတယ်။ (ထွ. ၂၄:၃ကဘ) ဒါကြောင့် ဘုရားသခင်က အစ္စရေးလူမျိုးကို မိမိရဲ့လူမျိုးအဖြစ် ရွေးချယ်ပြီး သူတို့ကို သန့်ရှင်းစေတယ်၊ ဘုရားသခင်ရွေးချယ်ထားတဲ့လူမျိုးအဖြစ် သီးသန့်ဖြစ်စေခဲ့တယ်။ အဲဒါက တကယ်ထူးမြတ်တဲ့ အခွင့်အရေးပါပဲ။ အနှစ်လေးဆယ်ကြာပြီးတဲ့နောက်မှာ မောရှေက သူတို့ကို ဒီလိုသတိပေးခဲ့တယ်– ‘သင်က သင့်ရဲ့ဘုရားသခင် ယေဟောဝါအတွက် သန့်ရှင်းတဲ့လူမျိုးဖြစ်တယ်။ သင့်ဘုရားသခင် ယေဟောဝါက မြေမျက်နှာပြင်ပေါ်မှာရှိတဲ့ လူမျိုးအားလုံးထဲကနေ သင့်ကို သူ့လူမျိုးအဖြစ်၊ သူ့ရဲ့အထူးပိုင်ဆိုင်ရာအဖြစ် ရွေးချယ်ထားပြီ။’—တရား. ၇:၆ကဘ။

၃။ ဂျေရုဆလင်မြို့ကို နေဟမိ ဒုတိယအကြိမ် ပြန်လာတဲ့အခါ စစ်မှန်တဲ့ဝတ်ပြုရေး အခြေအနေ ဘယ်လိုရှိသလဲ။

ဝမ်းနည်းစရာက အစ္စရေးလူမျိုးဟာ သူတို့ရဲ့ကတိအတိုင်း မလုပ်ဆောင်ခဲ့ကြဘူး။ ဂျူးအများစုဟာ ယေဟောဝါကို နာခံလိုစိတ်မရှိကြဘဲ သန့်ရှင်းဟန်ဆောင်ခဲ့ကြတယ်၊ ဒါပေမဲ့ တစ်ဦးချင်းစီအနေနဲ့တော့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူ အမြဲရှိခဲ့တယ်။ ဂျေရုဆလင်မြို့ကို နေဟမိ ဒုတိယအကြိမ်ရောက်လာတဲ့အချိန်မှာ သစ္စာရှိအကြွင်းအကျန်တွေ စစ်မှန်တဲ့ဝတ်ပြုရေးကို ပြန်လည်တည်ထောင်ဖို့ ဗာဗုလုန်ကနေပြန်လာတာ အနှစ်တစ်ရာလောက်ရှိနေပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်မှန်တဲ့ဝတ်ပြုရေးက ဂျူးတွေအတွက် ပထမဦးစားပေး မဟုတ်တော့ပြန်ဘူး။

၄။ ကျွန်ုပ်တို့ ဆက်သန့်ရှင်းနေပြီး ယေဟောဝါရဲ့လက်ခံမှုကို ဆက်ရရှိဖို့ ဘာလုပ်နိုင်သလဲ။

ယနေ့ ယေဟောဝါသက်သေတွေဟာ အစ္စရေးလူမျိုးလိုပဲ ဘုရားသခင် သန့်စင်ပေးတာကို ခံရကြတယ်။ ဘိသိက်ခံခရစ်ယာန်တွေနဲ့ “လူအုပ်ကြီး” ကလည်း သန့်ရှင်းကြပြီး ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုကြတယ်။ (ဗျာ. ၇:၉၊ ၁၄၊ ၁၅; ၁ ကော. ၆:၁၁) အစ္စရေးလူတွေက သူတို့ရဲ့သန့်စင်မှုကို မထိန်းသိမ်းတဲ့အတွက်ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေးပြတ်တောက်သွားတယ်။ ကျွန်ုပ်တို့ကတော့ အဲဒီလို မဖြစ်ချင်ကြဘူး။ ကျွန်ုပ်တို့ ဆက်သန့်ရှင်းနေပြီး ယေဟောဝါရဲ့လက်ခံမှုကို ဆက်ရရှိဖို့ ဘာလုပ်နိုင်သလဲ။ ကျွန်ုပ်တို့ အဲဒီလိုလုပ်နိုင်ဖို့ နေဟမိအခန်းကြီး ၁၃ မှာပါတဲ့ အချက်လေးချက်က ကူညီပေးပါလိမ့်မယ်။ အဲဒါတွေက (၁) မကောင်းတဲ့အပေါင်းအသင်းကို ရှောင်ခြင်း၊ (၂) စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်ပံ့ကူညီခြင်း၊ (၃) ယေဟောဝါရဲ့အမှုတော်ကို ပထမနေရာထားခြင်းနဲ့ (၄) ခရစ်ယာန်ဖြစ်ကြောင်း အမှတ်အသားကို ထိန်းသိမ်းထားခြင်းတို့ ဖြစ်တယ်။ တစ်ချက်ချင်းစီကို ဆွေးနွေးကြည့်ကြစို့။

မကောင်းတဲ့အပေါင်းအသင်းကို ရှောင်ခြင်း

နေဟမိက ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း ဘယ်လိုပြခဲ့သလဲ (အပိုဒ် ၅၊ ၆ ကို ကြည့်ပါ)

၅၊ ၆။ ဧလျာရှိပ်နဲ့ တောဘိက ဘယ်သူတွေလဲ၊ ဧလျာရှိပ်က တောဘိကို ဗိမာန်တော်မှာ နေစရာပေးထားတာဟာ ဘာကြောင့်ဖြစ်နိုင်သလဲ။

နေဟမိ ၁၃:၄-၉ ကိုဖတ်ပါ။ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ မသန့်ရှင်းတဲ့သြဇာလွှမ်းမိုးမှုတွေ ရှိနေလို့ ဆက်သန့်ရှင်းနေဖို့ဆိုတာ မလွယ်ကူဘူး။ ကျမ်းစာမှာပါတဲ့ ဧလျာရှိပ်နဲ့ တောဘိတို့အကြောင်း စဉ်းစားကြည့်ပါ။ ဧလျာရှိပ်က ယဇ်ပုရောဟိတ်မင်း ဖြစ်တယ်၊ တောဘိက အမ္မုန်လူမျိုးဖြစ်ပြီး ပါရှားဘုရင်အတွက် အလုပ်လုပ်ပေးနေတဲ့ အရာရှိတစ်ယောက် ဖြစ်တယ်။ ယေရုရှလင်မြို့ရိုးကို နေဟမိ ပြန်တည်ဆောက်တုန်းက တောဘိနဲ့ သူ့အပေါင်းအသင်းတွေက တားဆီးခဲ့ကြတယ်။ (နေ. ၂:၁၀) အမ္မုန်လူမျိုးဟာ ဗိမာန်တော်ဝင်းထဲ ဝင်ခွင့်မရှိဘူး။ (တရား. ၂၃:၃) ဒါဆို ယဇ်ပုရောဟိတ်မင်းက ဘာဖြစ်လို့ တောဘိလိုလူကို ဗိမာန်တော်စားသောက်ခန်းထဲမှာ နေစရာပေးထားတာလဲ။

အကြောင်းရင်း သုံးခုရှိတယ်။ ပထမ၊ ဧလျာရှိပ်ဟာ တောဘိရဲ့ မိတ်ဆွေဖြစ်တယ်။ ဒုတိယ၊ တောဘိနဲ့ သူ့ရဲ့သား ယောဟနန်ဟာ ဂျူးအမျိုးသမီးတွေနဲ့ လက်ထပ်ထားကြပြီး ဂျူးအတော်များများက တောဘိကို ကြည်ညိုလေးစားကြတယ်။ (နေ. ၆:၁၇-၁၉) တတိယ၊ ယဇ်ပုရောဟိတ်မင်းကြီး ဧလျာရှိပ်ရဲ့ မြေးတစ်ယောက်က သမ္ဘာလတ်ရဲ့သမီးနဲ့ အိမ်ထောင်ပြုထားတယ်။ သမ္ဘာလတ်ဟာ ရှမာရိမြို့ဝန်ဖြစ်ပြီး တောဘိနဲ့ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြတယ်။ (နေ. ၁၃:၂၈) ဒီဆက်ဆံရေးတွေကိုကြည့်ခြင်းအားဖြင့် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်ဟာ ဘာကြောင့် မယုံကြည်သူ၊ ဆန့်ကျင်သူတစ်ယောက်ရဲ့ ဩဇာလွှမ်းမိုးမှုကို ခံနေရသလဲဆိုတာ နားလည်နိုင်တယ်။ ဒါပေမဲ့ နေဟမိဟာ တောဘိရဲ့ပရိဘောဂအားလုံးကို ဗိမာန်တော်စားသောက်ခန်းအပြင်ဘက် ထုတ်ပစ်ခြင်းအားဖြင့် ယေဟောဝါကို သစ္စာစောင့်သိကြောင်း ဖော်ပြခဲ့တယ်။

၇။ အကြီးအကဲတွေအပါအဝင် ဘုရားသခင့်ကျေးကျွန်တွေဟာ ယေဟောဝါရှေ့မှာ သန့်ရှင်းတဲ့အနေအထားကို ထိခိုက်စေမယ့်အရာတွေကို ဘယ်လို ရှောင်ကြဉ်ကြသလဲ။

ကျွန်ုပ်တို့ဟာ ဘုရားသခင်ထံ အပ်နှံထားသူတွေ ဖြစ်တဲ့အတွက်ကြောင့် ယေဟောဝါအပေါ် သစ္စာစောင့်သိခြင်းက ကျွန်ုပ်တို့ရဲ့ဘဝမှာ ပထမဖြစ်ရမယ်။ ယေဟောဝါရဲ့ဖြောင့်မတ်တဲ့စံနှုန်းတွေကို ကျွန်ုပ်တို့ မလိုက်လျှောက်ဘူးဆိုရင်တော့ ကိုယ်တော့်ရှေ့မှာ သန့်ရှင်းတဲ့အနေအထား ဆက်ရှိနိုင်မှာ မဟုတ်ဘူး။ မိသားစုဆက်ဆံရေးကြောင့် ကျမ်းစာမူတွေကို လျစ်လျူရှုလိုက်တာမျိုး မဖြစ်စေရဘူး။ ခရစ်ယာန်အကြီးအကဲတွေဟာ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ သူတို့ရဲ့ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ခံစားချက်တွေအပေါ် အခြေမခံဘဲ ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံအပေါ်အခြေခံတယ်။ (၁ တိ. ၅:၂၁) အကြီးအကဲတွေဟာ ယေဟောဝါရှေ့မှာ သူတို့ရဲ့သန့်ရှင်းတဲ့အနေအထားကို ထိခိုက်စေမယ့်အရာတွေကို မလုပ်မိစေဖို့ ဂရုစိုက်ကြတယ်။—၁ တိ. ၂:၈

၈။ အပေါင်းအသင်းနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာကို မမေ့သင့်သလဲ။

“မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်” တယ်ဆိုတာကို ကျွန်ုပ်တို့ ဘယ်တော့မှ မမေ့သင့်ဘူး။ (၁ ကော. ၁၅:၃၃) ကျွန်ုပ်တို့ရဲ့ ဆွေမျိုးသားချင်းတချို့က ကျွန်ုပ်တို့အပေါ် မကောင်းတဲ့သြဇာ လွှမ်းမိုးနိုင်တယ်။ ဂျေရုဆလင်မြို့ရိုး ပြန်တည်ဆောက်တုန်းက နေဟမိကို အပြည့်အဝကူညီပေးခဲ့တဲ့ ဧလျာရှိပ်ဟာ လူတွေအတွက် တကယ့်ပုံသက်သေကောင်း ဖြစ်ခဲ့တယ်။ (နေ. ၃:၁) ဒါပေမဲ့ အခုတော့ တောဘိနဲ့ တခြားသူတွေရဲ့ မကောင်းတဲ့သြဇာလွှမ်းမိုးမှုတွေက ဧလျာရှိပ်ကို ယေဟောဝါရဲ့ရှေ့မှာ ညစ်ညမ်းစေတဲ့အရာတွေ လုပ်မိစေခဲ့တယ်။ ကျွန်ုပ်တို့ဟာ ကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းဖို့လိုတယ်။ သူတို့က ကျွန်ုပ်တို့ကို ကျမ်းစာဖတ်ဖို့၊ ခရစ်ယာန်အစည်းအဝေးတွေ တက်ဖို့နဲ့ အမှုဆောင်လုပ်ငန်းမှာပါဝင်ဖို့ အားပေးတဲ့သူတွေဖြစ်တယ်။ ကျွန်ုပ်တို့ကို မှန်ရာလုပ်ဖို့တိုက်တွန်းတဲ့ မိသားစုဝင်တွေဟာ ချစ်မြတ်နိုးဖို့ကောင်းပြီး ကျေးဇူးတင်လေးမြတ်ဖို့ကောင်းပါတယ်။

စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်ပံ့ကူညီခြင်း

၉။ ဗိမာန်တော်မှာ ဘယ်လို အခြေအနေရှိသလဲ၊ အခြေအနေကို နေဟမိ ဘယ်လို ကိုင်တွယ်ခဲ့သလဲ။

နေဟမိ ၁၃:၁၀-၁၃ ကိုဖတ်ပါ။ လေဝိသားတွေဟာ ဗိမာန်တော်မှာ သူတို့လုပ်ရမယ့်တာဝန်တွေကို မလုပ်ကြတော့ဘူး။ ဘာကြောင့်လဲ။ လူတွေဟာ ဗိမာန်တော်အတွက် အလှူငွေနည်းနည်းပဲ ထည့်တော့တယ်။ ဒါကြောင့် လေဝိသားတွေက သူတို့ရဲ့မိသားစုတွေကို ကျွေးမွေးဖို့ သူတို့ရဲ့ကိုယ်ပိုင်လယ်ထဲမှာ အလုပ်လုပ်ကြရတယ်။ ဆယ်ဖို့တစ်ဖို့ကောက်ဖို့ တာဝန်ရတဲ့သူတွေကလည်း ဆယ်ဖို့တစ်ဖို့ မကောက်ကြဘူး၊ အဲဒါတွေကို ဗိမာန်တော်ကို မပို့ပေးကြဘူး။ (နေ. ၁၂:၄၄) ဒါကြောင့် နေဟမိဟာ ဆယ်ဖို့တစ်ဖို့ကောက်ဖို့နဲ့ ကောက်ရသမျှကို လေဝိသားတွေကိုပေးဖို့အတွက် ယုံကြည်စိတ်ချရတဲ့အမျိုးသားတွေကို တာဝန်ပေးခဲ့တယ်။

၁၀၊ ၁၁။ စစ်မှန်တဲ့ဝတ်ပြုရေးကို ကျွန်ုပ်တို့ ဘယ်လိုထောက်ပံ့နိုင်သလဲ။

၁၀ ဒီအဖြစ်အပျက်ကနေ ကျွန်ုပ်တို့ သင်ခန်းစာယူစရာ ရှိပါသလား။ ရှိပါတယ်။ အကြောင်းကတော့ ကျွန်ုပ်တို့မှာရှိတဲ့ အဖိုးတန်အရာတွေနဲ့ ယေဟောဝါကို ဂုဏ်တင်ရတဲ့အခွင့်ထူးရရှိထားတယ်ဆိုတာ သတိပေးခံရတယ်။ (သု. ၃:၉) ကျွန်ုပ်တို့ အဲဒီလိုလုပ်တာက ယေဟောဝါပိုင်ဆိုင်တာတွေကို ကိုယ်တော့်ကို ပြန်ပေးနေခြင်းဖြစ်တယ်။ (၅ ရာ. ၂၉:၁၄-၁၆) ကျွန်ုပ်တို့က နည်းနည်းပဲ လှူနိုင်လို့ ယေဟောဝါကို နည်းနည်းပဲ ဂုဏ်တင်နိုင်တယ်လို့ ယူဆမိနိုင်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့က စေတနာစိတ်နဲ့ ပေးလှူမယ်ဆိုရင် ကိုယ်တော် ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ —၂ ကော. ၈:၁၂

၁၁ ကလေးရှစ်ယောက်ရှိတဲ့ မိသားစုတစ်စုဟာ သက်ကြီးအထူးရှေ့ဆောင်လင်မယားကို တစ်ပတ်တစ်ခါ အတူစားသောက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ သူတို့ အဲဒီလို နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်။ အမေဖြစ်သူက ဆယ်ယောက်စာအတွက် ချက်နေကျဆိုတော့ နောက်နှစ်ယောက်စာအတွက် ထည့်ချက်တာ အပန်းမကြီးပါဘူးလို့ ပြောလေ့ရှိတယ်။ အဲဒါက အသေးအမွှားပါလို့ ထင်ရပေမဲ့ အဲဒီရှေ့ဆောင်တွေဟာ အရမ်းကျေးဇူးတင်ခဲ့တယ်။ ရှေ့ဆောင်တွေကလည်း တွေ့ကြုံမှုကောင်းတွေ ပြောပြခြင်း၊ ကလေးတွေ အမှန်တရားမှာ တိုးတက်လာအောင် အားပေးခြင်းဖြင့် အဲဒီမိသားစုကို ကူညီပေးတယ်။ နောက်ပိုင်းမှာ ကလေးတွေအားလုံး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။

၁၂။ အကြီးအကဲတွေနဲ့ အမှုထမ်းတွေ ဘာပုံသက်သေကောင်း ပြကြသလဲ။

၁၂ နောက်သင်ခန်းစာတစ်ခုကတော့ အကြီးအကဲတွေနဲ့ အမှုထမ်းတွေဟာ နေဟမိလိုပဲ စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်ပံ့ရာမှာ ပုံသက်သေကောင်း ပြသင့်တယ်။ အသင်းတော်မှာရှိတဲ့ တခြားသူတွေဟာ သူတို့ရဲ့ပုံသက်သေကနေ အကျိုးခံစားရကြတယ်။ ဒီနေရာမှာ အကြီးအကဲတွေဟာ တမန်တော်ပေါလုကိုလည်း တုပကြတယ်။ ပေါလုက စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်ပံ့ပြီး အကူအညီဖြစ်စေတဲ့ လမ်းညွှန်ချက်တွေကို ပေးခဲ့တယ်။ ဥပမာ၊ အလှူငွေ ဘယ်လိုထည့်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး လက်တွေ့ကျ အကြံပြုချက်တွေလည်း ပေးခဲ့တယ်။—၁ ကော. ၁၆:၁-၃; ၂ ကော. ၉:၅-၇

ယေဟောဝါကို ပထမနေရာထားပါ

၁၃။ ဂျူးတချို့ ဥပုသ်နေ့မှာ ဘာလုပ်နေကြသလဲ။

၁၃ နေဟမိ ၁၃:၁၅-၂၁ ကိုဖတ်ပါ။ ကျွန်ုပ်တို့က ပစ္စည်းဥစ္စာတွေအကြောင်းပဲ စဉ်းစားနေပြီး အဲဒါတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားမယ်ဆိုရင် ယေဟောဝါနဲ့ဆက်ဆံရေး ပြတ်တောက်သွားနိုင်တယ်။ ထွက်မြောက်ရာ ၃၁:၁၃ အရ ပတ်စဉ်ဥပုသ်နေ့ဟာ အစ္စရေးလူမျိုးကို မိမိတို့ဟာ သန့်ရှင်းတဲ့လူမျိုးဖြစ်တယ်ဆိုတာကို သတိရစေဖို့ဖြစ်တယ်။ ဥပုသ်နေ့မှာ မိသားစုအတူတကွဝတ်ပြုဖို့၊ ဆုတောင်းဖို့နဲ့ ဘုရားသခင့်ပညတ်တရားကို ပြန်တွေးတောဆင်ခြင်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ နေဟမိအချိန်က အစ္စရေးလူတချို့ဟာ ဥပုသ်နေ့မှာလည်း တခြားနေ့တွေလိုပဲ စီးပွားရေးလုပ်ငန်းတွေ လုပ်ကြတယ်။ ဝတ်ပြုရေးကို ဦးစားမထားကြဘူး။ ဒါကြောင့် နေဟမိဟာ တိုင်းတစ်ပါးကလာတဲ့ ကုန်သည်တွေကို မောင်းထုတ်ပြီး ဥပုသ်နေ့မတိုင်ခင်မှာ မြို့ဂိတ်တံခါးကို ပိတ်လိုက်တယ်။

၁၄၊ ၁၅။ (က) ကျွန်ုပ်တို့က ငွေရှာဖို့အတွက် အချိန်အများကြီးသုံးမယ်ဆိုရင် ဘာဖြစ်နိုင်သလဲ။ (ခ) ကျွန်ုပ်တို့ ဘုရားသခင့်အနားယူရာနေ့ထဲကို ဘယ်လိုဝင်နိုင်သလဲ။

၁၄ နေဟမိရဲ့ပုံသက်သေကနေ ကျွန်ုပ်တို့ ဘာသင်ခန်းစာ ရရှိကြသလဲ။ ပထမတစ်ခုက ကျွန်ုပ်တို့ဟာ ငွေရှာဖို့အတွက်ပဲ စဉ်းစားနေပြီး အဲဒီအတွက်နဲ့ပဲ အချိန်ကုန်နေတာမျိုး မလုပ်သင့်ဘူး။ အထူးသဖြင့် ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ လောကအလုပ်မှာ ပျော်မွေ့နေတယ်ဆိုရင် အလွယ်တကူ အာရုံလွဲသွားနိုင်တယ်။ ကျွန်ုပ်တို့ဟာ သခင်နှစ်ဦးရဲ့အစေကို မခံနိုင်ဘူးလို့ ယေရှုပြောခဲ့တာကို သတိရပါ။ (မဿဲ ၆:၂၄ ကိုဖတ်ပါ။) နေဟမိဟာ ပိုက်ဆံချမ်းသာသူ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဂျေရုဆလင်မှာရှိနေချိန်မှာ သူ့ရဲ့အချိန်တွေကို ဘယ်လို အသုံးပြုခဲ့သလဲ။ (နေ. ၅:၁၄-၁၈) တိုင်ရာလူမျိုး ဒါမှမဟုတ် တခြားကုန်သည်တွေနဲ့ ဆက်သွယ်ပြီး စီးပွားရေးလုပ်မယ့်အစား ညီအစ်ကိုတွေကို ကူညီပေးဖို့၊ ယေဟောဝါရဲ့နာမည်ကို ဂုဏ်တင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့တယ်။ အဲဒီလိုပဲ၊ ယနေ့ ခရစ်ယာန်အကြီးအကဲတွေနဲ့ အမှုထမ်းတွေဟာလည်း အသင်းတော်ကိုကူညီပေးဖို့ သူတို့ရဲ့ အချိန်နဲ့ ခွန်အားတွေကို အသုံးပြုကြတယ်။ အဲဒါကြောင့် အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက သူတို့ကိုချစ်ခင်ကြတယ်။ ရလဒ်ကတော့ ဘုရားသခင့်လူမျိုးအလယ်မှာ ချစ်ခြင်းမေတ္တာ၊ ငြိမ်သက်မှုနဲ့ လုံခြုံမှုကို ခံစားကြရတယ်။—ယေဇ. ၃၄:၂၅၊ ၂၈

၁၅ ခရစ်ယာန်တွေအနေနဲ့ ပတ်စဉ်ဥပုသ်စောင့်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ပေါလုက “ဘုရားသခင့်လူမျိုးတော်အတွက် အနားယူရာဥပုသ်နေ့ ရှိသေး၏” လို့ပြောခဲ့တယ်။ “ဘုရားသခင်၏အနားယူရာထဲသို့ ဝင်သောသူသည်လည်း သူ၏အလုပ်များမှ အနားယူ၏” လို့ ဆက်ပြောခဲ့တယ်။ (ဟေဗြဲ ၄:၉၊ ၁၀) ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ “အနားယူရာဥပုသ်နေ့” ကို စောင့်နိုင်ပါတယ်၊ ဆိုလိုတာက ဘုရားသခင့်စကား နားထောင်ခြင်း၊ ကိုယ်တော့်ရည်ရွယ်ချက်ကို ထောက်ခံအားပေးခြင်းအားဖြင့် “ဘုရားသခင်၏ အနားယူရာထဲသို့ ဝင်” နိုင်ကြပါတယ်။ သင်နဲ့သင့်မိသားစုဟာ မိသားစုဝတ်ပြုမှုလုပ်ခြင်း၊ အစည်းအဝေးတွေတက်ခြင်းနဲ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ယေဟောဝါကို ပထမနေရာ ထားနေသလား။ ကျွန်ုပ်တို့ရဲ့အလုပ်ရှင် ဒါမှမဟုတ် အလုပ်ဖော်တွေက အဲဒါကို အရေးကြီးတယ်လို့ ယူဆမှာမဟုတ်ဘူး။ ဒါကြောင့် ယေဟောဝါရဲ့အမှုဆောင်ခြင်းက ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးဖြစ်တယ်ဆိုတာ အခိုင်အမာဖြစ်စေပြီး အဲဒါကို အလုပ်ရှင်နဲ့ အလုပ်ဖော်တွေ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမှာဖြစ်တယ်။ အဲဒီလိုလုပ်တာဟာ နေဟမိက တိုင်ရာလူမျိုးတွေကို မောင်းထုတ်ပြီး မြို့ဂိတ်တံခါးကို ပိတ်လိုက်တာနဲ့တူတယ်။ နေဟမိဟာ ယေဟောဝါကို ပထမနေရာမှာထားတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင် သီးသန့်ခွဲထားတဲ့ သန့်ရှင်းတဲ့လူတွေဖြစ်လို့ ကိုယ့်ကိုယ်ကို ဒီလိုမေးဖို့လိုတယ်– ‘ယေဟောဝါကို ပထမနေရာမှာထားတယ်ဆိုတာ ငါ့ဘဝလမ်းစဉ်က ဖော်ပြသလား။’—မ. ၆:၃၃

ခရစ်ယာန်ဖြစ်ကြောင်း အမှတ်အသားကို ထိန်းသိမ်းပါ

၁၆။ နေဟမိခေတ်ကအစ္စရေးတွေ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့လူမျိုးဖြစ်တယ်ဆိုတဲ့ သူတို့ရဲ့အနေအထား ဆုံးၡုံးတော့မယ့် အခြေအနေကို ဘယ်လိုရောက်ရှိသွားသလဲ။

၁၆ နေဟမိ ၁၃:၂၃-၂၇ ကိုဖတ်ပါ။ နေဟမိခေတ်မှာ အစ္စရေးအမျိုးသားတွေဟာ တိုင်းတစ်ပါးအမျိုးသမီးတွေနဲ့ လက်ထပ်ကြတယ်။ နေဟမိ ပထမအကြိမ် ဂျေရုဆလင်ကို ရောက်လာတဲ့အချိန်မှာ ဂျူးခေါင်းဆောင်အားလုံးက တိုင်းတစ်ပါးအမျိုးသမီးတွေနဲ့ လက်မထပ်ပါဘူးလို့ ဝန်ခံကတိ ရေးခဲ့ကြတယ်။ (နေ. ၉:၃၈; ၁၀:၃၀) ဒါပေမဲ့ နေဟမိ ဒုတိယအကြိမ် ဂျေရုဆလင်ကို ရောက်လာတဲ့အခါမှာတော့ ဂျူးအမျိုးသားတွေဟာ တိုင်းတစ်ပါးအမျိုးသမီးတွေနဲ့ အိမ်ထောင်ပြုကြတယ်၊ ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့လူမျိုးဖြစ်တယ်ဆိုတဲ့ သူတို့ရဲ့အနေအထား ဆုံးၡုံးတော့မယ်ဆိုတာကို တွေ့ရှိခဲ့ရတယ်။ အဲဒီတိုင်းတစ်ပါးအမျိုးသမီးတွေနဲ့ရတဲ့ ကလေးတွေက ဟေဗြဲစကား မဖတ်တတ်၊ မပြောတတ်ကြဘူး။ ဒီကလေးတွေကြီးလာရင် သူတို့ကိုသူတို့ ဟေဗြဲလူမျိုးလို့ သတ်မှတ်ပါ့မလား။ ဒါမှမဟုတ် သူတို့ကိုသူတို့ အာဇုတ်လူမျိုး၊ အမ္မုန်လူမျိုး ဒါမှမဟုတ် မောဘလူမျိုး စတဲ့တိုင်းတစ်ပါးလူမျိုးအဖြစ် သတ်မှတ်မလား။ ဟေဗြဲစကားကို နားမလည်ဘူးဆိုရင် ဘုရားသခင့်ပညတ်ကို နားလည်နိုင်မှာမဟုတ်ဘူး။ သူတို့ ယေဟောဝါကို သိကျွမ်းဖို့ ခက်ခဲမှာပဲ။ အဲဒီလိုဆိုရင် ယေဟောဝါကို ဝတ်ပြုမယ့်အစား သူ့တို့အမေတွေ ကိုးကွယ်တဲ့ မှားယွင်းတဲ့ဘုရားတွေကို ဝတ်ပြုဖို့ ရွေးချယ်မိနိုင်တယ်။ ဒီပြဿနာကို နေဟမိ ချက်ချင်း အရေးယူလုပ်ဆောင်ခဲ့တယ်။—နေ. ၁၃:၂၈

ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် သင့်ကလေးတွေကို ကူညီပေးပါ (အပိုဒ် ၁၇၊ ၁၈ ကို ကြည့်ပါ)

၁၇။ ကလေးတွေမှာ ယေဟောဝါနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေးရှိဖို့ မိဘတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၇ ဒီနေ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ကလေးတွေမှာ ခရစ်ယာန်ဖြစ်ကြောင်းအမှတ်အသားရှိနေဖို့ ကူညီပေးရမှာဖြစ်တယ်။ မိဘတို့၊ မိမိကိုယ်ကို ဒီလိုမေးပါ– ‘ငါ့ကလေးတွေဟာ “စင်ကြယ်တဲ့ဘာသာစကား” ကို ဘယ်လို ပြောနေသလဲ၊ ဆိုလိုတာက ကျမ်းစာအမှန်တရားကို သူတို့ ဘယ်လောက် ကောင်းကောင်းနားလည်ထားပြီး တခြားသူတွေကို ဘယ်လောက် ပြန်ပြောပြသလဲ။’ (ဇေ. ၃:၉ကဘ) ငါ့ကလေးတွေ ပြောတဲ့စကားမှာ ဘုရားသခင့်စွမ်းအားတော် လွှမ်းမိုးနေသလား ဒါမှမဟုတ် လောကစိတ်ဓာတ် လွှမ်းမိုးနေသလား။ ကလေးတွေ တိုးတက်ဖို့လိုတယ်ဆိုတာ တွေ့ရတဲ့အခါ ချက်ချင်းစိတ်မပျက်ပါနဲ့။ ဘာသာစကားတစ်ခုကို သင်ယူဖို့ဆိုတာ အချိန်ယူရပါတယ်၊ အထူးသဖြင့် အာရုံပျံ့လွင့်စရာတွေ များတဲ့အခါမှာဖြစ်တယ်။ လောကက သင့်ကလေးတွေကို ဘုရားသခင့်စကား နားမထောင်ဖို့ ဖိအားပေးနေတယ်။ ဒါကြောင့် စိတ်ရှည်ပါ၊ မိသားစုဝတ်ပြုမှုနဲ့ တခြားအခွင့်အရေးတွေကို အသုံးပြုပြီး ယေဟောဝါနဲ့ သင့်ကလေးတွေရဲ့ဆက်ဆံရေး ကောင်းနေစေဖို့ ကူညီပေးပါ။ (တရား. ၆:၆-၉) စာတန့်လောကနဲ့ မတူတာက ဘာကြောင့် ကောင်းတယ်ဆိုတာ သူတို့ကို သတိပေးပါ။ (ယော. ၁၇:၁၅-၁၇) သူတို့ရဲ့နှလုံးထဲရောက်အောင် သင်ပေးပါ။

၁၈။ သားသမီးတွေ တိုးတက်လာပြီး ယေဟောဝါထံဆက်ကပ်အပ်နှံဖို့ ခရစ်ယာန်မိဘတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

၁၈ ဘုရားသခင်ကို ဝတ်ပြုမယ်၊ ဝတ်မပြုဘူးဆိုတာကို သင်တို့ရဲ့ကလေးတွေ ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါပေမဲ့ မိဘတွေ ကူညီပေးနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပုံသက်သေကောင်းပြဖို့၊ ဘယ်အမူအကျင့်တွေက မကောင်းဘူးဆိုတာကို ရှင်းရှင်းလင်းလင်းပြောပြဖို့ လိုတယ်။ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို သူတို့နားလည်အောင် ကူညီပေးပါ။ မိဘတို့၊ သင်တို့ရဲ့သားသမီးတွေဟာ သူတို့ရဲ့ ခရစ်ယာန်ဖြစ်ကြောင်းအမှတ်အသားကို ထိန်းသိမ်းထားဖို့ သင်တို့ရဲ့အကူအညီ လိုအပ်တယ်။ သူတို့တွေ တိုးတက်အောင် ကူညီပေးနိုင်တဲ့ အကောင်းဆုံးအနေအထားမှာ ရှိသူတွေက သင်တို့ပဲ၊ ဒါမှ သူတို့ကိုသူတို့ ယေဟောဝါထံအပ်နှံဖို့ ကိုယ်တိုင်ဆုံးဖြတ်နိုင်မယ်။ ကျွန်ုပ်တို့အားလုံးဟာ ကျွန်ုပ်တို့ရဲ့ ပုံဆောင် “ဝတ်ရုံ” မပျောက်သွားအောင် စောင့်ရှောက်ဖို့လိုတယ်။ ပုံဆောင်ဝတ်ရုံဆိုတာက ကျွန်ုပ်တို့ဟာ ခရစ်တော်ရဲ့နောက်လိုက်တွေဖြစ်တယ်ဆိုတာ ဖော်ပြတဲ့ အရည်အသွေးတွေနဲ့ စံနှုန်းတွေဖြစ်တယ်။—ဗျာ. ၃:၄၊ ၅; ၁၆:၁၅

“မျက်နှာသာ” ပြဖို့ ယေဟောဝါသတိရ

၁၉၊ ၂၀။ ယေဟောဝါ ကျွန်ုပ်တို့ကို ‘မျက်နှာသာပြဖို့ သတိရ’ အောင် ဘာလုပ်နိုင်သလဲ။

၁၉ နေဟမိနဲ့ တစ်ခေတ်တည်းသားတစ်ဦးဖြစ်တဲ့ ပရောဖက်မာလခိက ဒီလို ပြောခဲ့တယ်– “ယေဟောဝါကို ကြောက်ရွံ့သူတွေ၊ ကိုယ်တော့်နာမည်ကို တွေးတောဆင်ခြင်နေသူတွေအကြောင်းကို . . . အောက်မေ့ရာစာအုပ်ထဲမှာ ရေးမှတ်ထားတယ်။” (မာလ. ၃:၁၆၊ ၁၇ကဘ) ယေဟောဝါဟာ မိမိကို ကြောက်ရွံ့သူနဲ့ မိမိရဲ့နာမည်ကို ချစ်မြတ်နိုးတဲ့သူတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။—ဟေဗြဲ ၆:၁၀

၂၀ နေဟမိက “အို ကျွန်တော့်ဘုရားသခင်၊ ကျွန်တော့်ကို သတိရပြီး မျက်နှာသာပြလှည့်ပါ” လို့ ဆုတောင်းခဲ့တယ်။ (နေ. ၁၃:၃၁ကဘ) ကျွန်ုပ်တို့လည်း မကောင်းတဲ့အပေါင်းအသင်းတွေကို ရှောင်ပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို ထောက်ပံ့ကူညီမယ်၊ ယေဟောဝါကို ပထမနေရာမှာထားမယ်၊ ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်ဖြစ်ကြောင်းအမှတ်အသားကို ထိန်းသိမ်းထားမယ်ဆိုရင် နေဟမိလိုပဲ ကျွန်ုပ်တို့ရဲ့နာမည်တွေဟာ ဘုရားသခင့် အောက်မေ့ရာစာအုပ်မှာ ရေးမှတ်ခံရမှာဖြစ်တယ်။ “ယုံကြည်ခြင်း၌ တည်မတည် ဆန်းစစ်လျက်နေ” ကြပါစို့။ (၂ ကော. ၁၃:၅) ကျွန်ုပ်တို့က ယေဟောဝါရဲ့ သန့်ရှင်းတဲ့လူမျိုးအဖြစ်ကို ဆက်ထိန်းသိမ်းထားမယ်ဆိုရင် ကိုယ်တော် ကျွန်ုပ်တို့ကို ‘မျက်နှာသာပြဖို့ သတိရ’ ပါလိမ့်မယ်။