မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါဟာ ‘ကျွန်မရဲ့ဝန်ထုပ်တွေကို နေ့တိုင်းထမ်းပေး’

ယေဟောဝါဟာ ‘ကျွန်မရဲ့ဝန်ထုပ်တွေကို နေ့တိုင်းထမ်းပေး’

မခံရပ်နိုင်ဘူးလို့ထင်ရတဲ့ ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားနေရပေမဲ့ ကျွန်မရဲ့ဘဝတစ်လျှောက်လုံး ချစ်စရာကောင်းတဲ့ကောင်းကင်ဖခင် ယေဟောဝါရဲ့ထောက်မမှုကို ရရှိတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်အတွင်းမှာ ယေဟောဝါရဲ့အမှုတော်ကို ရှေ့ဆောင်တစ်ယောက်အနေနဲ့ ထမ်းဆောင်ပြီး အထူးပျော်ရွှင်မှု ခံစားခဲ့ရတယ်။

ကျွန်မကို ၁၉၅၆ မှာ မွေးဖွားခဲ့တယ်၊ ကျွန်မရဲ့ကျောရိုးမှာရှိတဲ့ နာဗ်ကြောပြွန်က ကွဲနေလို့ ကျောရိုးကွဲရောဂါနဲ့ မွေးလာတယ်။ ဒါကြောင့် ကျွန်မရဲ့နာဗ်ကြောက ပျက်စီးနေလို့ ကျွန်မလမ်းလျှောက်ရတာ ခက်တယ်၊ တခြားပြင်းထန်တဲ့ဝေဒနာတွေကိုလည်း ခံစားရတယ်။

ကျွန်မကို မမွေးခင်တုန်းက ကျွန်မရဲ့မိဘတွေဟာ ယေဟောဝါသက်သေ သာသနာပြုဇနီးမောင်နှံနဲ့ ကျမ်းစာ စလေ့လာခဲ့တယ်။ ကျွန်မ ကလေးဘဝတုန်းက နမီးဘီးယားမှာရှိတဲ့ ကျွန်မရဲ့မွေးရပ်မြေ အူစာကိုစ်မှာ သီးခြားဖြစ်နေတဲ့ ကြေညာသူနည်းနည်းလေးပဲ ရှိတယ်။ အသင်းတော်မရှိလို့ အစည်းအဝေးတွေမှာ လေ့လာမယ့်အကြောင်းအရာတွေကို မိသားစုအနေနဲ့ လေ့လာခဲ့ကြတယ်။ အသက်ခုနစ်နှစ်မှာ ဆီးသွားလို့မရတော့လို့ ခွဲစိတ်ကုသမှုခံယူပြီး ဆီးလမ်းကြောင်းဖောက်လိုက်တဲ့အခါမှာ ဆီးသွားလို့ရသွားတယ်။ အသက် ၁၄ နှစ်မှာ ဝက်ရူးပြန်ရောဂါ ဖြစ်ခဲ့တယ်။ အနီးဆုံးအထက်တန်းကျောင်းက အရမ်းဝေးတဲ့အပြင် မိဘတွေရဲ့အနီးကပ်ပြုစုမှုတွေ လိုအပ်တဲ့အတွက်ကြောင့် ကျွန်မ ကျောင်းပြီးအောင် မတက်နိုင်ခဲ့ဘူး။

ဒါပေမဲ့ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေး တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခရစ်ယာန်စာပေအများစုကို ကျွန်မရဲ့မိခင်ဘာသာစကားဖြစ်တဲ့ အာဖရိကန်စကားနဲ့ မရနိုင်သေးဘူး။ ဒါကြောင့် စာပေတော်တော်များများကို ဖတ်ရှုလေ့လာဖို့ ကျွန်မ အင်္ဂလိပ်စာကို လေ့လာခဲ့တယ်။ ကျွန်မ ကြေညာသူဖြစ်လာပြီး အသက် ၁၉ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ နောက်လေးနှစ်အတွင်းမှာ ကျွန်မဟာ ကျန်းမာရေးပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ များစွာကို ခံစားခဲ့ရတယ်။ ဒါ့အပြင် ရင်းရင်းနှီးနှီးနေတတ်ကြတဲ့ ကျွန်မရဲ့ဇာတိမြို့မှာ လူကိုကြောက်ရွံ့ခြင်းက အမှုဆောင်လုပ်ငန်းမှာ ကျွန်မ ထက်ထက်သန်သန်ပါဝင်ဖို့ အတားအဆီးဖြစ်စေတယ်။

ကျွန်မအသက် ၂၀ ကျော်လောက်မှာ ကျွန်မတို့ဟာ နမီးဘီးယားကနေ တောင်အာဖရိကကို ပြောင်းရွှေ့ခဲ့ပြီး ပထမဦးဆုံးအနေနဲ့ အသင်းတော်နဲ့ ပူးပေါင်းနိုင်ခဲ့တယ်။ ဒါတကယ့်ကို ဝမ်းသာစရာပဲ။ ဒါပေမဲ့ ကျွန်မ ထပ်ပြီး ခွဲစိတ်ခံခဲ့ရတယ်၊ ဒီတစ်ခါတော့ အူမကြီးဖြစ်တယ်။

အဲဒီနောက်မကြာခင်မှာ တိုက်နယ်ကြီးကြပ်မှူးက ရှေ့ဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ဟောပြောသွားတာကို ကျွန်မကြားခဲ့ရတယ်။ သူ့ရဲ့စကားတွေက ကျွန်မနှလုံးကို ထိမိခဲ့တယ်။ ကျွန်မ ကျန်းမာရေးမကောင်းဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ အခက်အခဲတွေအများကြီးကြားမှာ ယေဟောဝါ ကူညီပေးခဲ့တာတွေကို ကျွန်မ ခံစားခဲ့ရတယ်။ ဒါကြောင့် မှန်မှန်ရှေ့ဆောင်လုပ်ဖို့ ကျွန်မ လျှောက်လွှာတင်ခဲ့တယ်။ ကျွန်မရဲ့ကျန်းမာရေးပြဿနာတွေကြောင့် အကြီးအကဲတွေက ထောက်ခံဖို့ တွန့်ဆုတ်နေခဲ့ကြတယ်။

ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပြီး အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ ကျွန်မအမေနဲ့ တခြားသူတွေရဲ့အကူအညီနဲ့ ခြောက်လအတွင်းမှာ ရှေ့ဆောင်နာရီပြည့်မီအောင် ကျွန်မလုပ်ဆောင်နိုင်ခဲ့တယ်။ ဒါက ရှေ့ဆောင်လုပ်မယ်ဆိုတဲ့ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို သက်သေပြနိုင်ခဲ့ပြီး ကျွန်မရဲ့ကျန်းမာရေးပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့တယ်။ ကျွန်မ နောက်တစ်ခေါက် လျှောက်လွှာပြန်တင်တယ်၊ ဒီတစ်ခါတော့ ကျွန်မရဲ့လျှောက်လွှာကို လက်ခံလိုက်ကြပြီး ၁၉၈၈၊ စက်တင်ဘာ ၁ ရက်နေ့မှာ ကျွန်မ မှန်မှန်ရှေ့ဆောင်ဖြစ်လာတယ်။

ရှေ့ဆောင်တစ်ယောက်အနေနဲ့လည်း ကျွန်မ ယေဟောဝါရဲ့ကူညီထောက်မမှုကို အမြဲရရှိခဲ့တယ်။ လူသစ်တွေကို အမှန်တရားသင်ပေးရတာက ကျွန်မရဲ့စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းမွန်စေပြီး ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေး ပိုပြီးခိုင်မာလာအောင် ကူညီပေးတယ်။ လူတော်တော်များများကို ဆက်ကပ်အပ်နှံ နှစ်ခြင်းခံနိုင်အောင် ကူညီပေးရလို့ ကျွန်မ ကြီးမားတဲ့ပျော်ရွှင်မှု ခံစားခဲ့ရတယ်။

ကျွန်မရဲ့ကျန်းမာရေးပြဿနာတွေက ရှိနေဆဲပါပဲ။ ဒါပေမဲ့ ယေဟောဝါဟာ ‘ကျွန်မရဲ့ဝန်ထုပ်တွေကို နေ့တိုင်းထမ်းပေး’ သူဖြစ်တယ်။ (ဆာ. ၆၈:၁၉ကဘ) ကိုယ်တော်က ကျွန်မကို ဘဝမှာခံနိုင်ရည်ရှိစေရုံထက်မက အသက်ရှင်ရတာကို ပျော်မွေ့အောင်လည်း လုပ်ဆောင်ပေးခဲ့တယ်။