မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချပါ

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချပါ

“ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့သိနားလည်မှုကို အားမကိုးနဲ့။”—သု. ၃:၅၊ ကဘ။

၁၊ ၂။ ဆုံးဖြတ်ချက်ချရတာကို သင် နှစ်သက်သလား။ သင် ချခဲ့တဲ့ဆုံးဖြတ်ချက်တချို့နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရသလဲ။

ကျွန်ုပ်တို့ နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချရတယ်။ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သက်ပြီး သင် ဘယ်လိုခံစားရသလဲ။ တချို့သူတွေက သူတို့ရဲ့ကိစ္စတိုင်းကို သူတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်ချင်ကြတယ်။ သူတို့မှာ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတယ်၊ သူတို့အတွက် တခြားသူတွေ ဆုံးဖြတ်ပေးစရာ မလိုဘူးလို့ ယူဆကြတယ်။ တချို့ကျတော့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့ ကြောက်နေတတ်ကြတယ်။ တချို့ကျတော့ စာအုပ်တွေ၊ အကြံပေးပုဂ္ဂိုလ်တွေဆီမှာ အကြံဉာဏ်တောင်းကြတယ်၊ သူတို့လိုအပ်တယ်လို့ယူဆတဲ့ အကြံဉာဏ်ရဖို့ ငွေအများကြီး အကုန်ခံကြတယ်။

တချို့ကိစ္စတွေမှာ ကျွန်ုပ်တို့ ဆုံးဖြတ်ပိုင်ခွင့် မရှိပေမဲ့ ကျွန်ုပ်တို့ဘဝမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ ကိစ္စတွေ အများကြီးရှိတယ်ဆိုတာ ကျွန်ုပ်တို့ သိထားကြတယ်။ (ဂလ. ၆:၅) ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက် အားလုံးကတော့ မမှန်ဘူးဆိုတာ ဝန်ခံရမှာပဲ။

၃။ ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်ဖို့ ကျွန်ုပ်တို့ ဘယ်လမ်းညွှန်ချက်တွေကို ရထားသလဲ၊ ဒါပေမဲ့ ဘယ်လိုအခြေအနေတွေကို ကြုံရနိုင်သလဲ။

ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ အသက်တာမှာ အရေးကြီးတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့လမ်းညွှန်ချက်တွေကို ကိုယ်တော်ပေးထားတဲ့အတွက် ဝမ်းသာနိုင်ပါတယ်။ အဲဒီလမ်းညွှန်ချက်တွေကို ကျွန်ုပ်တို့ လိုက်လျှောက်မယ်ဆိုရင် ယေဟောဝါနှစ်သက်ပြီး ကျွန်ုပ်တို့အတွက်အကျိုးရှိမယ့် ဆုံးဖြတ်ချက်တွေ ချနိုင်မှာဖြစ်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာမှာ ပြဿနာအားလုံး၊ အခြေအနေအားလုံးအတွက် လမ်းညွှန်ချက်တွေ မပေးထားဘူး။ အဲဒီလိုကြုံရတဲ့အခါမှာ ကျွန်ုပ်တို့ ဘယ်လိုနည်းနဲ့ ဆုံးဖြတ်ချက်ချကြမလဲ။ ဥပမာ၊ မခိုးရဘူးလို့ ကျမ်းစာကပြောတယ်။ (ဧ. ၄:၂၈) ဒါပေမဲ့ တချို့လူတွေက တန်ဖိုးသိပ်မရှိတဲ့အရာ ဒါမှမဟုတ် ကိုယ် တကယ်လိုအပ်နေတဲ့အရာကို ယူတာက အမြဲမမှားဘူးလို့ ပြောကြတယ်။ တိကျတဲ့လမ်းညွှန်ချက်မရှိဘူးလို့ တချို့လူတွေ ပြောတဲ့အခါ ကျွန်ုပ်တို့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ။ ဘယ်ကနေ အကူအညီရမလဲ။

စဉ်းစားချင့်ချိန်နိုင်စွမ်း ရှိပါ

၄။ ကျွန်ုပ်တို့ ဆုံးဖြတ်ချက်တစ်ခုမချခင် ဘယ်လို အကြံပေးချက်မျိုး ရတတ်ကြသလဲ။

အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုမချခင် ညီအစ်ကို၊ ညီအစ်မတစ်ယောက်ယောက်ကို တိုင်ပင်တဲ့အခါ သူက သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါလို့ ကျွန်ုပ်တို့ကို ပြောနိုင်တယ်။ ဒါက တကယ့်ကိုကောင်းတဲ့ အကြံဉာဏ်ပဲ။ ကျွန်ုပ်တို့ အလျင်စလို ဆုံးဖြတ်ချက်မချမိဖို့ ကျမ်းစာက ဒီလိုသတိပေးတယ်– “အလျင်စလို လုပ်သူတိုင်းကတော့ ကျိန်းသေဆင်းရဲလိမ့်မယ်။” (သု. ၂၁:၅ကဘ) ဒါပေမဲ့ ဆုံးဖြတ်ချက်မချခင်မှာ အချိန်ယူပြီး အခြေအနေကို သေချာသုံးသပ်ရုံ၊ အကျိုးသင့်အကြောင်းသင့်ရှိရုံ၊ အချက်အလက်အားလုံးကို နားလည်အောင်လုပ်ရုံနဲ့ မလုံလောက်ဘူး။ ဒီအချက်တွေအားလုံးက မှန်ကန်တဲ့ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူပြုပေမဲ့ ဒီထက်မက လိုအပ်သေးတယ်။

၅။ ကျွန်ုပ်တို့မှာ မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန်နိုင်တဲ့အစွမ်း ဘာကြောင့် အမြဲ မရှိတာလဲ။

ကျွန်ုပ်တို့မှာ မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန်နိုင်တဲ့အစွမ်း အမြဲမရှိဘူးဆိုတာ ဝန်ခံရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့အားလုံးဟာ မွေးကတည်းက အပြစ်နဲ့ မစုံလင်မှု ပါလာတဲ့အတွက်ကြောင့် ပြည့်ဝစုံလင်တဲ့ စိတ်နဲ့ ခန္ဓာမရှိဘူး။ (ဆာ. ၅၁:၅; ရော. ၃:၂၃) ဒါ့အပြင် ကျွန်ုပ်တို့အများစုဟာ စာတန် ‘ဉာဏ်မျက်စိကွယ်’ အောင်လုပ်တာကို ခံခဲ့ရဖူးသူတွေ၊ ယေဟောဝါနဲ့ ကိုယ်တော့်ရဲ့စံနှုန်းတွေကို လျစ်လျူရှုဖူးသူတွေဖြစ်တယ်။ (၂ ကော. ၄:၄; တိ. ၃:၃) ဒါကြောင့် မှန်တယ်၊ သင့်လျော်တယ်လို့ ကျွန်ုပ်တို့ထင်တဲ့ အချက်တွေအပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်တယ်ဆိုရင် ဘယ်လောက်ပဲ အချိန်ယူ စဉ်းစားဆုံးဖြတ်ပါစေ ကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေက မှားနိုင်သေးတယ်။—သု. ၁၄:၁၂

၆။ ကျွန်ုပ်တို့မှာ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိဖို့ ဘာက ကူညီပေးနိုင်သလဲ။

ကျွန်ုပ်တို့မှာ ပြည့်ဝစုံလင်တဲ့ စိတ်နဲ့ခန္ဓာ မရှိပေမဲ့ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါကတော့ အဘက်ဘက်မှာ ပြည့်ဝစုံလင်တယ်။ (တရား. ၃၂:၄) ဝမ်းသာစရာက ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲဖို့နဲ့ ကျွန်ုပ်တို့မှာ မှန်ကန်တဲ့စဉ်းစားချင့်ချိန်နိုင်စွမ်းရှိဖို့ လိုအပ်တဲ့အရာတွေကို ကိုယ်တော် ပြင်ဆင်ပေးထားတယ်။ ခရစ်ယာန်တွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ သေချာ စဉ်းစား၊ ဆင်ခြင်ပြီး အမြော်အမြင်ရှိရှိ လုပ်ဆောင်လိုကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့စဉ်းစားတွေးခေါ်ပုံနဲ့ ခံစားချက်တွေကို ထိန်းချုပ်တတ်ဖို့လိုပြီး ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံ၊ ခံစားချက်နဲ့ လုပ်ဆောင်ပုံကို တုပဖို့လိုတယ်။

၇၊ ၈။ ဖိအားတွေ၊ ပြဿနာတွေ ကြုံနေရပေမဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချနိုင်တယ်ဆိုတာကိုဖော်ပြတဲ့ တွေ့ကြုံမှု ပြောပြပါ။

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ တခြားနိုင်ငံကနေ ပြောင်းရွှေ့လာတဲ့သူတချို့ဟာ သူတို့ရဲ့မွေးကင်းစကလေးတွေကို သူတို့နေခဲ့တဲ့နိုင်ငံမှာရှိတဲ့ ဆွေမျိုးတွေဆီ ပို့ထားတတ်ကြတယ်။ အဲဒီလိုပို့လိုက်တဲ့အတွက် မိဘတွေက သူတို့လက်ရှိရောက်နေတဲ့ နိုင်ငံမှာ ဆက်အလုပ်လုပ်နိုင်ပြီး ပိုက်ဆံရှာနိုင်ကြတယ်။ * တိုင်းတစ်ပါးမှာနေထိုင်တဲ့ အမျိုးသမီးတစ်ယောက်က ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် မွေးခဲ့တယ်။ အဲဒီအချိန်မှာပဲ သူ ကျမ်းစာကို စလေ့လာပြီး သိရှိတာတွေကို လိုက်နာကျင့်သုံးခဲ့တယ်။ မိတ်ဆွေနဲ့ ဆွေမျိုးတွေက ကလေးကို အဘိုးအဘွားတွေဆီ ပြန်ပို့လိုက်ဖို့ သူနဲ့ သူ့ခင်ပွန်းကို တိုက်တွန်းတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးက ကိုယ့်ကလေးကို ပြုစုပျိုးထောင်ရမှာက မိဘတွေရဲ့ ဘုရားပေးတာဝန်ဆိုတာကို ကျမ်းစာလေ့လာရာကနေ သိလာခဲ့တယ်။ (ဆာ. ၁၂၇:၃; ဧ. ၆:၄) တခြားသူတွေက မှန်တယ်လို့ထင်ပြီး လုပ်နေတာကို သူလိုက်လုပ်မလား။ ဒါမှမဟုတ် ငွေကြေးနည်းနည်းနဲ့ ခက်ခက်ခဲခဲ အသက်ရှင်နေထိုင်၊ တခြားသူတွေ အပြစ်တင်ဝေဖန်တာကိုခံပြီး ကျမ်းစာကနေ သူလေ့လာသိရှိခဲ့တဲ့အတိုင်း လုပ်ဆောင်မလား။ ဒီလို အခြေအနေမျိုးမှာဆိုရင် သင်ကော ဘယ်လိုလုပ်မလဲ။

အဲဒီအမျိုးသမီးဟာ တခြားသူတွေရဲ့ ဖိအားပေးမှုကြောင့် စိတ်ဖိစီးမှုဖြစ်နေတယ်။ ဒါကြောင့် သူက သူ့ရဲ့ခံစားချက်ကို ယေဟောဝါဆီ ဆုတောင်း ပြောပြပြီး လမ်းညွှန်ချက်တောင်းခံခဲ့တယ်။ သူ့ကို ကျမ်းစာသင်ပေးတဲ့ညီအစ်မနဲ့ အသင်းတော်မှာရှိတဲ့ တခြားသူတွေကို အဲဒီအကြောင်းပြောပြတဲ့အခါ သူ့အခြေအနေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လိုသဘောထားရှိတယ်ဆိုတာ သူသိလာတယ်။ ကလေးကို မိဘတွေနဲ့ ခွဲထားလိုက်မယ်ဆိုရင် ကလေးကြီးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ်ဆိုတာကိုလည်း သူ သိမြင်လာတယ်။ သူ့အခြေအနေနဲ့ပတ်သက်ပြီး ကျမ်းစာ ဘယ်လိုပြောတယ်ဆိုတာ သေချာစဉ်းစားပြီးတဲ့နောက်မှာ ကလေးကို အဘိုးအဘွားတွေဆီ မပို့သင့်ဘူးဆိုပြီး သူဆုံးဖြတ်လိုက်တယ်။ သူ့ခင်ပွန်းကလည်း အသင်းတော်က ညီအစ်ကိုညီအစ်မတွေရဲ့ကူညီပေးမှုနဲ့ ပျော်ရွှင်ကျန်းမာနေတဲ့ ကလေးကို မြင်တွေ့ရတဲ့အခါ ကျမ်းစာလေ့လာဖို့ သဘောတူပြီး သူ့ဇနီးနဲ့အတူ အစည်းအဝေးတွေကို လိုက်တက်လာတယ်။

၉၊ ၁၀။ ယေဟောဝါရဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းကို တုပတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ အဲဒါကို ဘယ်လို လုပ်ဆောင်နိုင်သလဲ။

ဒါက တွေ့ကြုံမှုတစ်ခုပဲ ရှိသေးတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ကျွန်ုပ်တို့ရဲ့အမြင် ဒါမှမဟုတ် တခြားသူတွေရဲ့အမြင်မှာ မှန်ကန်တယ်၊ သင့်တော်တယ်လို့ ထင်တဲ့အရာကို လုပ်ဆောင်ရုံနဲ့ မလုံလောက်ဘူးဆိုတာ ဒီတွေ့ကြုံမှုက ဖော်ပြတယ်။ ကျွန်ုပ်တို့ရဲ့ မစုံလင်တဲ့စိတ်နှလုံးက အရမ်းမြန်သွား ဒါမှမဟုတ် အရမ်းနှေးသွားတဲ့ နာရီတစ်လုံးနဲ့ တူနိုင်တယ်။ အဲဒီလိုနာရီမျိုးကို ကျွန်ုပ်တို့ကြည့်မိတယ်ဆိုရင် အကြီးအကျယ် ဒုက္ခရောက်သွားနိုင်တယ်။ (ယေ. ၁၇:၉) ပြဿနာတွေကို ရှောင်နိုင်ဖို့ဆိုရင် ကျွန်ုပ်တို့ရဲ့အတွေးအခေါ်နဲ့ ခံစားချက်တွေက ဘုရားသခင်ရဲ့စံနှုန်းအတိုင်း ဖြစ်ဖို့လိုတယ်။—ဟေရှာယ ၅၅:၈၊ ၉ ကိုဖတ်ပါ။

၁၀ ကျမ်းစာက ကျွန်ုပ်တို့ကို ဒီလို တိုက်တွန်းတယ်– “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့သိနားလည်မှုကို အားမကိုးနဲ့။ သင့်လမ်းစဉ်တိုင်းမှာ ကိုယ်တော့်ကို ထည့်စဉ်းစားပါ။ သင့်လမ်းတွေကို ကိုယ်တော်ဖြောင့်ဖြူးစေလိမ့်မယ်။” (သု. ၃:၅၊ ၆ကဘ) “ကိုယ့်ရဲ့သိနားလည်မှုကို အားမကိုးနဲ့” လို့ ပြောထားတာကို မှတ်သားပါ။ အဲဒီနောက်မှာ “[ယေဟောဝါ] ကို ထည့်စဉ်းစားပါ” လို့ ဆက်ပြောတယ်။ ကိုယ်တော့်ဆီမှာပဲ ပြည့်ဝစုံလင်တဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချရမယ့် အခြေအနေနဲ့ ကြုံလာရပြီဆိုရင် ဘုရားသခင် ဘယ်လိုစဉ်းစားတယ်ဆိုတာ သိနိုင်အောင် ကျမ်းစာဖွင့်ဖတ်ဖို့ လိုတယ်။ ဒါမှသာ ကိုယ်တော် ဆုံးဖြတ်မယ့်နည်းအတိုင်း ကျွန်ုပ်တို့ ဆုံးဖြတ်ချက်ချနိုင်မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ယေဟောဝါရဲ့စိတ်သဘောကို ကျွန်ုပ်တို့ တုပနေရာ ရောက်ပါလိမ့်မယ်။

သင်တို့ရဲ့ သိနားလည်နိုင်စွမ်းကို လေ့ကျင့်ပါ

၁၁။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ဘာလုပ်ဖို့လိုအပ်သလဲ။

၁၁ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့နဲ့ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် နှစ်ခြင်းခံပြီးခါစလူသစ် ဒါမှမဟုတ် အမှန်တရားမှာ တိုးတက်ခါစသူတွေအတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ တကယ် တိုးတက်အောင်လုပ်နိုင်ပါတယ်။ သူတို့က လမ်းလျှောက်သင်နေတဲ့ကလေးတွေနဲ့တူလို့ ကျမ်းစာမှာ သူတို့ကို နို့စို့သူငယ်တွေလို့ ခေါ်ထားတယ်။ ကလေးငယ်တွေဟာ ခြေလှမ်း,လှမ်းတတ်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း လမ်းလျှောက်သင်ကြတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချတတ်ဖို့ သင်ယူနေတဲ့သူတွေကလည်း အဲဒီအတိုင်းပါပဲ။ ပေါလုက ရင့်ကျက်တဲ့သူတွေဟာ “မိမိတို့၏သိနားလည်နိုင်စွမ်းကို အသုံးပြုခြင်းဖြင့် အမှားအမှန်ကို ပိုင်းခြားသိမြင်နိုင်ရန် လေ့ကျင့်ထား” တဲ့သူတွေလို့ ပြောခဲ့တယ်။ “အသုံးပြုခြင်းဖြင့်၊” “လေ့ကျင့်ထား” ဆိုတဲ့စကားလုံးတွေက ကျွန်ုပ်တို့ အဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်ဆိုတာ ဖော်ပြတယ်။ ဒါကြောင့် လူသစ်တွေဟာ မှန်ကန်စွာ ဆုံးဖြတ်ချက်ချတတ်ဖို့ သင်ယူရာမှာ အဆက်မပြတ် ကြိုးစားအားထုတ်နေဖို့လိုတယ်။—ဟေဗြဲ ၅:၁၃၊ ၁၄ ကိုဖတ်ပါ။

နေ့စဉ်ကိစ္စတွေမှာ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်တာက ကျွန်ုပ်တို့ရဲ့သိနားလည်နိုင်စွမ်းကို လေ့ကျင့်ပေးတာဖြစ် (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၂။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချတတ်ဖို့ ကျွန်ုပ်တို့ ဘယ်လိုသင်ယူနိုင်သလဲ။

၁၂ ကျွန်ုပ်တို့ဟာ နေ့တိုင်း ဆုံးဖြတ်ချက်များစွာ ချကြရတယ်။ အဲဒါတွေက ကြီးကြီးမားမားဖြစ်နိုင်သလို၊ အသေးအမွှားလည်း ဖြစ်နိုင်တယ်။ လေ့လာမှုတစ်ခုမှာ ကျွန်ုပ်တို့ဆုံးဖြတ်ချက်တွေရဲ့ တစ်ဝက်နီးပါးလောက်က သေချာစဉ်းစားပြီးမှ ဆုံးဖြတ်တာမဟုတ်ဘဲ လုပ်နေကျအတိုင်း လုပ်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားတယ်။ ဥပမာအနေနဲ့ မနက်တိုင်း ဘယ်အင်္ကျီဝတ်မယ်ဆိုတာကို သင် ဆုံးဖြတ်ရတယ်။ ဒါက အရေးမကြီးတဲ့ ဆုံးဖြတ်ချက်လို့ ယူဆတဲ့အတွက်ကြောင့် ဒါကို သင်အချိန်ယူပြီး စဉ်းစားနေမှာမဟုတ်ဘူး။ ဒါပေမဲ့ သင်က ယေဟောဝါရဲ့ကျေးကျွန်တစ်ယောက် ဖြစ်တဲ့အတွက် ဘာဝတ်သင့်တယ်ဆိုတာကို သေချာစဉ်းစားဖို့ အရေးကြီးတယ်။ (၂ ကော. ၆:၃၊ ၄) သင် အဝတ်အစားဝယ်တဲ့အခါ လက်ရှိခေတ်စားနေတဲ့ပုံစံကို သင် စဉ်းစားမိမှာပဲ။ ဒါပေမဲ့ ဒီအဝတ်အစားက ဣန္ဒြေသိက္ခာရှိရဲ့လား၊ အဲဒါကိုဝယ်ဖို့ ပိုက်ဆံ လုံလုံလောက်လောက်ရှိရဲ့လားလို့ သင် ထပ်စဉ်းစားသလား။ သေးငယ်တဲ့ကိစ္စတွေမှာ မှန်မှန်ကန်ကန် ရွေးချယ်တာက ကျွန်ုပ်တို့ရဲ့သိနားလည်နိုင်စွမ်းကို လေ့ကျင့်ပေးရာရောက်တယ်၊ အဲဒါက အရေးကြီးတဲ့ကိစ္စတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တယ်။—လု. ၁၆:၁၀; ၁ ကော. ၁၀:၃၁

မှန်ကန်ရာကိုလုပ်လိုတဲ့ ပြင်းပြတဲ့ဆန္ဒရှိပါ

၁၃။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။

၁၃ ကျွန်ုပ်တို့ရဲ့ ဆုံးဖြတ်ချက်က မှန်တယ်ဆိုရင်တောင် ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ အမြဲမလွယ်ကူဘူး။ ဥပမာ၊ တချို့က ဆေးလိပ်ဖြတ်ချင်တယ်၊ ဒါပေမဲ့ ဆေးလိပ်ပြတ်ချင်တဲ့ဆန္ဒက လိုအပ်သလောက် မပြင်းပြတဲ့အတွက် မအောင်မြင်ဘူး။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ဆိုရင် ပြင်းပြတဲ့ဆန္ဒရှိဖို့ လိုတယ်။ ဆုံးဖြတ်ထားတဲ့အတိုင်းလုပ်ဆောင်လိုတဲ့ ဆန္ဒ ပိုပြီးပြင်းပြဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။ ယေဟောဝါဆီ ကျွန်ုပ်တို့ အကူအညီတောင်းရမှာ ဖြစ်တယ်။—ဖိလိပ္ပိ ၂:၁၃ ကိုဖတ်ပါ။

၁၄။ လုပ်သင့်တာကို လုပ်နိုင်ဖို့ ပေါလုကို ဘာက ကူညီပေးခဲ့သလဲ။

၁၄ မှန်တဲ့အတိုင်းလုပ်ဖို့ ခက်တယ်ဆိုတာကို ပေါလုကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်။ ပေါလုက “ငါသည် ကောင်းရာကို ကျင့်လိုသောစိတ်ရှိသော်လည်း ကျင့်ဆောင်နိုင်စွမ်းကား မရှိ” လို့ ပြောခဲ့တယ်။ သူဘာလုပ်ချင်တယ်၊ ဘာကိုလုပ်သင့်တယ် ဆိုတာ ပေါလုသိတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာ သိထားတဲ့အတိုင်း မလုပ်နိုင်အောင် တစ်ခုခုက တားဆီးထားတယ်။ သူ ဒီလိုဝန်ခံခဲ့တယ်– “ငါသည် အတွင်းသဘောအားဖြင့် ဘုရားသခင်၏ပညတ်တရားကို အမှန်ပင် နှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ အခြားသော တရားတစ်ပါးသည် ငါ့စိတ်သဘော၌ရှိသောတရားကို တိုက်လှန်၍ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကိုအပ်နှံကြောင်း ငါမြင်၏။” ပေါလုမှာ မျှော်လင့်ချက်မရှိတော့ဘူးလား။ ရှိပါတယ်။ သူက “ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏” ဆိုပြီး ပြောခဲ့တယ်။ (ရော. ၇:၁၈၊ ၂၂-၂၅) နောက်တစ်နေရာမှာ သူက “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” လို့ရေးခဲ့တယ်။—ဖိ. ၄:၁၃

၁၅။ မှန်ရာကိုလုပ်ဆောင်ဖို့ ကျွန်ုပ်တို့ ဘာကြောင့် စိတ်ပိုင်းဖြတ်ထားဖို့ လိုသလဲ။

၁၅ ရှင်းနေတာကတော့ ဘုရားသခင်ရဲ့နှစ်သက်မှုရဖို့အတွက် ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့လိုတယ်။ ဗာလဝတ်ပြုသူတွေနဲ့ အယူဖောက်ပြန်တဲ့ အစ္စရေးလူတွေကို ကရမေလတောင်ပေါ်မှာ ပြောခဲ့တဲ့ ဧလိယရဲ့စကားတွေကို သတိရပါ– “လမ်းစဉ်နှစ်ခုမှာ သင်တို့ ဘယ်လောက်ကြာကြာ ထော့နင်းထော့နင်း သွားနေကြမှာလဲ။ ယေဟောဝါက စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုရင် သူ့နောက်ကိုလိုက်ကြ။ ဗာလက စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုရင် သူ့နောက်ကိုလိုက်ကြ။” (၃ ရာ. ၁၈:၂၁ကဘ) အစ္စရေးအမျိုးသားတွေဟာ သူတို့ ဘာလုပ်သင့်တယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ သူတို့တွေက ဆုံးဖြတ်ချက်မချနိုင်ဘဲ “ထော့နင်းထော့နင်း” ဖြစ်နေတယ်။ ယောရှုကတော့ အဲဒီမတိုင်ခင် နှစ်အနည်းငယ်မှာ အစ္စရေးတွေကို ဒီလိုပြောပြီး ပုံသက်သေကောင်း ပြခဲ့တယ်– “အကယ်၍ ယေဟောဝါကိုဝတ်ပြုတာက မကောင်းဘူးလို့ သင်တို့ထင်ရင် ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ရွေးချယ်ကြ။ . . . ငါနဲ့ ငါ့မိသားစုကတော့ ယေဟောဝါကိုပဲ ဝတ်ပြုမယ်။” (ယောရှု ၂၄:၁၅ကဘ) သူ့ရဲ့စိတ်ပိုင်းဖြတ်ချက်ကြောင့် ဘာကောင်းချီးရခဲ့သလဲ။ ယောရှုနဲ့ ယောရှုကိုထောက်ခံခဲ့တဲ့သူတွေဟာ ‘နို့နဲ့ပျားရည်စီးတဲ့ပြည်’ ဖြစ်တဲ့ ကတိထားရာပြည်ထဲ ဝင်ခွင့်ရခဲ့တယ်။—ယောရှု ၅:၆

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမယ်ဆိုရင် ကောင်းချီးခံစားရ

၁၆၊ ၁၇။ ယေဟောဝါရဲ့အလိုတော်အတိုင်း လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ဘာအကျိုးကျေးဇူး ခံစားရသလဲ။

၁၆ မျက်မှောက်ခေတ်အခြေအနေတစ်ခုကို သုံးသပ်ကြည့်ပါ။ နှစ်ခြင်းခံပြီးခါစဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်က အိမ်ထောင်သည်ဖြစ်ပြီး သူနဲ့သူ့ဇနီးမှာ ကလေးသုံးယောက်ရှိတယ်။ သူ့အလုပ်က လစာနည်းတယ်၊ ဒါပေမဲ့ အဲဒီအလုပ်က သူ့မိသားစုနဲ့အတူ အစည်းအဝေးတက်၊ အမှုဆောင်ထွက်ဖို့ စနေ၊ တနင်္ဂနွေ အားလပ်ရက်ရတယ်။ တစ်နေ့ သူ့အလုပ်ဖော်တစ်ယောက်က ဒီညီအစ်ကိုဆီလာပြီး လစာပိုကောင်းပြီး အခွင့်အရေးတွေပိုရနိုင်တဲ့ အလုပ်တစ်ခုကို ပြောင်းကြဖို့ တိုင်ပင်တယ်။ ကျွန်ုပ်တို့ရဲ့ညီအစ်ကိုက ဒီကိစ္စကို သေချာစဉ်းစားပြီး ဆုတောင်းခဲ့တယ်။ အလုပ်သစ်မှာတော့ စနေ၊ တနင်္ဂနွေမှာ အားလပ်ရက်ရဖို့ ကြာဦးမယ်ဆိုတာ သူသိတယ်။ သင်သာဆိုရင် ဘာလုပ်မလဲ။

၁၇ သူ့ရဲ့ဆုံးဖြတ်ချက်က ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်တယ်ဆိုတာ စဉ်းစားပြီးတဲ့နောက်မှာ လစာပိုကောင်းတဲ့ အဲဒီအလုပ်ကို သူ လက်မခံခဲ့ဘူး။ အဲဒီလိုဆုံးဖြတ်လိုက်လို့ သူ နောင်တရနေမယ်လို့ ထင်သလား။ သူ နောင်တမရခဲ့ဘူး။ ပိုက်ဆံပိုရဖို့ပဲ စဉ်းစားတာထက် သူနဲ့သူ့မိသားစု ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိဖို့က ပိုပြီးအရေးကြီးတယ်လို့ သူ ခံစားခဲ့ရတယ်။ သူတို့ရဲ့ဆယ်နှစ်အရွယ် သမီးလေးက သူ့ရဲ့မိဘ၊ ညီအစ်ကိုညီအစ်မတွေနဲ့ ယေဟောဝါကို အရမ်းချစ်တယ်လို့ ပြောတဲ့အခါ ဒီညီအစ်ကိုနဲ့ သူ့ဇနီး အရမ်းပျော်ရွှင်ခဲ့တယ်။ သမီးလေးက သူ့အသက်တာကို ယေဟောဝါဆီမှာ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံချင်တယ်လို့ ပြောခဲ့တယ်။ ယေဟောဝါရဲ့ဝတ်ပြုရေးကို ဘဝမှာပထမနေရာထားခဲ့တဲ့ သူ့အဖေရဲ့ပုံသက်သေကနေ သူ အကျိုးကျေးဇူး ခံစားခဲ့ရတယ်။

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပြီး ဘုရားသခင့်လူတွေအလယ်မှာ ပျော်ရွှင်မှုကို ရှာပါ (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ နေ့စဉ်နေ့တိုင်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၈ မောရှေက အစ္စရေးလူတွေကို တောကန္တာရမှာ ဦးဆောင်ခဲ့သလို ယေရှုခရစ်ကလည်း ယေဟောဝါရဲ့ကျေးကျွန်တွေကို စာတန့်စနစ်တစ်လျှောက်မှာ နှစ်ပေါင်းများစွာ ဦးဆောင်နေတယ်။ စာတန့်စနစ် မကြာခင် ဖျက်ဆီးခံရတော့မယ်။ ယောရှုက အစ္စရေးလူတွေကို ကတိထားရာပြည်ထဲ ခေါ်ဆောင်သွားခဲ့သလို ယေရှုကလည်း သူ့နောက်လိုက်တွေကို ဘုရားကတိပြုထားတဲ့ ဖြောင့်မတ်ခြင်းတည်နေရာ ကမ္ဘာသစ်ဆီ ခေါ်ဆောင်သွားပါလိမ့်မယ်။ (၂ ပေ. ၃:၁၃) အဲဒီအချိန်က အရမ်းနီးနေပြီဖြစ်လို့ ကျွန်ုပ်တို့က အတွေးအခေါ်ဟောင်း၊ အမူအကျင့်ဟောင်း၊ စံနှုန်းနဲ့ပန်းတိုင်ဟောင်းတွေဆီ နောက်ကြောင်းပြန်လှည့်တာက ပညာမဲ့ရာကျပါတယ်။ ကျွန်ုပ်တို့နဲ့ပတ်သက်တဲ့ ဘုရားသခင့်အလိုတော်က ဘာလဲဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုအပ်တယ်။ (ရော. ၁၂:၂; ၂ ကော. ၁၃:၅) မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချပြီး မှန်ကန်တဲ့ရွေးချယ်မှုတွေ လုပ်ခြင်းအားဖြင့် သင်ဟာ ဘုရားသခင်ပေးမယ့် ထာဝရကောင်းချီးနဲ့ ထိုက်တန်တဲ့လူစားမျိုးဖြစ်ကြောင်း ဖော်ပြပါ။—ဟေဗြဲ ၁၀:၃၈၊ ၃၉ ကိုဖတ်ပါ။

^ စာပိုဒ်၊ 7 မိမိတို့ရဲ့ကလေးတွေကို အိမ်ကိုပြန်ပို့ရတဲ့ နောက်ထပ်အကြောင်းတစ်ခုက အဘိုးအဘွားတွေက သူတို့ရဲ့မြေးတွေကို ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ပြဖို့ဖြစ်တယ်။