မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်ခံ့စေ

ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်ခံ့စေ

“ငါတို့ဘုရားသခင်ကို ချီးမွမ်းသီချင်းဆိုသင့်တယ်။”—ဆာ. ၁၄၇:၁၊ ကဘ။

၁၊ ၂။ (က) ကျွန်ုပ်တို့ချစ်တဲ့လူတစ်ယောက်အကြောင်း စဉ်းစား၊ ပြောဆိုတာက ဘာအကျိုးရရှိနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ဘယ်မေးခွန်းတွေကို သုံးသပ်ကြမလဲ။

ကျွန်ုပ်တို့ချစ်တဲ့လူအကြောင်း စဉ်းစားတာ၊ ပြောဆိုတာက သူနဲ့ကျွန်ုပ်တို့ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပိုခိုင်မြဲစေနိုင်တယ်။ ယေဟောဝါဘုရားနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကလည်း အဲဒီအတိုင်းပဲ။ သိုးထိန်းတစ်ယောက်ဖြစ်တဲ့ ဒါဝိဒ်ဟာ ညပေါင်းများစွာ ကြယ်တွေကိုကြည့်ပြီး ပြိုင်ဘက်ကင်းတဲ့ ဖန်ဆင်းရှင်အကြောင်း တွေးတောဆင်ခြင်ခဲ့တယ်။ သူ ဒီလိုပြောခဲ့တယ်– “ကိုယ်တော့်လက်ရာဖြစ်တဲ့ ကောင်းကင်ကို၊ ကိုယ်တော်လုပ်ထားတဲ့ လမင်းနဲ့ကြယ်စင်တွေကို မြင်တဲ့အခါ သေမျိုးဖြစ်တဲ့လူက ဘာမို့လို့ ကိုယ်တော်အောက်မေ့နေရတာလဲ၊ လူသားက ဘာမို့လို့ ဂရုစိုက်နေရတာလဲလို့ ကျွန်တော်တွေးမိတယ်။” (ဆာ. ၈:၃၊ ၄ကဘ) ယေဟောဝါဟာ ဘိသိက်ခံခရစ်ယာန်တွေနဲ့ပတ်သက်ပြီး မိမိရဲ့ရည်ရွယ်ချက်ကို အံ့သြဖွယ်ကောင်းတဲ့နည်းလမ်းနဲ့ ပြည့်စုံစေတဲ့အကြောင်း တမန်တော်ပေါလု သုံးသပ်ပြီးတဲ့နောက် ဒီလိုပြောခဲ့တယ်– “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။”—ရော. ၁၁:၁၇-၂၆၊ ၃၃

ကျွန်ုပ်တို့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ယေဟောဝါအကြောင်း စဉ်းစား၊ ပြောဆိုကြတယ်။ အဲဒါက ကျွန်ုပ်တို့နဲ့ ကိုယ်တော်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ပိုခိုင်မြဲစေတယ်။ ရှေ့ဆောင်များစွာဟာ အမှုဆောင်လုပ်ငန်းမှာ အချိန် ပိုမိုပါဝင်နိုင်တဲ့အတွက်ကြောင့် ဘုရားသခင်ကို သူတို့ ပိုပြီးချစ်မြတ်နိုးလာတယ်လို့ ခံစားကြရတယ်။ ဒီဆောင်းပါးက ရှေ့ဆောင်တွေနဲ့ ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ရှိသူတွေကို ဒီမေးခွန်းတွေကို သေချာစဉ်းစားဖို့ ကူညီပေးပါလိမ့်မယ်– ရှေ့ဆောင်လုပ်ငန်းက ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို ဘယ်လို ပိုခိုင်ခံ့စေနိုင်သလဲ။ သင်က ရှေ့ဆောင်လုပ်နေတယ်ဆိုရင် ဒီအထူးအမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ဖို့ ဘာက သင့်ကို ကူညီပေးမလဲ။ သင်က ရှေ့ဆောင်မလုပ်ရသေးဘူးဆိုရင် ရှေ့ဆောင်စလုပ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ အရင်ဆုံး ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ခိုင်ခံ့စေနိုင်တဲ့နည်းတွေအကြောင်း လေ့လာကြည့်ကြစို့။

ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုခိုင်ခံ့စေပုံ

၃။ အနာဂတ်ကောင်းချီးတွေအကြောင်း ပြောတာက ကျွန်ုပ်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ခံစားရမယ့် အနာဂတ်ကောင်းချီးတွေအကြောင်း ပြောတဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ သင် တစ်အိမ်တက်ဆင်း အမှုဆောင်သွားတဲ့အခါ ဘယ်ကျမ်းချက်သုံးရတာကို နှစ်သက်သလဲ။ သင်အနှစ်သက်ဆုံး ကျမ်းချက်က ဆာလံ ၃၇:၁၀၊ ၁၁; ဒံယေလ ၂:၄၄၊ ၄၅; ယောဟန် ၅:၂၈၊ ၂၉; ဒါမှမဟုတ် ဗျာဒိတ် ၂၁:၃၊ ၄ ဖြစ်နိုင်တယ်။ ဒီကတိတွေကို တခြားသူတွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါတိုင်း “ကောင်းမြတ်သောဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှ” ဟာ ရက်ရောတဲ့ဘုရားသခင် ယေဟောဝါထံကလာတယ်ဆိုတဲ့အချက်ကို ကျွန်ုပ်တို့အမှတ်ရကြတယ်။ ဒါက ကျွန်ုပ်တို့ကို ကိုယ်တော်နဲ့ ပိုရင်းနှီးစေတယ်။—ယာ. ၁:၁၇

၄။ တခြားသူတွေကို ဟောပြောတဲ့အခါ ဘုရားသခင့်ကောင်းမြတ်မှုအတွက် ဘာကြောင့် ကျွန်ုပ်တို့ ပိုပြီး ကျေးဇူးတင်လေးမြတ်လာသလဲ။

ဝမ်းနည်းပြီး အကူအညီမဲ့နေတဲ့ လူအများစုကို ကျွန်ုပ်တို့တွေ့တဲ့အခါမှာ အမှန်တရားကို ပိုတန်ဖိုးထား လေးမြတ်လာတယ်။ လောကမှာရှိတဲ့လူတွေမှာ စစ်မှန်တဲ့အောင်မြင်မှုနဲ့ ပျော်ရွှင်မှုရဖို့အတွက် ယုံကြည်စိတ်ချရတဲ့လမ်းညွှန် မရှိကြဘူး။ အများစုက အနာဂတ်အတွက် စိုးရိမ်ပူပန်နေပြီး မျှော်လင့်ချက်မဲ့နေကြတယ်။ ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေနေကြတယ်။ ဘာသာတရားကို သက်ဝင်ယုံကြည်တဲ့သူ အများစုမှာတောင် ကျမ်းစာအသိပညာ မရှိကြဘူး။ သူတို့တွေဟာ ရှေးခေတ်နိနေဝေမြို့သားတွေနဲ့ တူနေတယ်။ (ယောန ၄:၁၁ ကိုဖတ်ပါ။) အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ အချိန်ပိုပါဝင်လေ ကျွန်ုပ်တို့ကို ယေဟောဝါ ဘယ်လိုဂရုစိုက်စောင့်ရှောက်တယ်ဆိုတာ ပိုသိလာလေပဲ။ (ဟေရှာ. ၆၅:၁၃) ဒါပေမဲ့ ယေဟောဝါဟာ မိမိကျေးကျွန်တွေကိုပဲ ဂရုစိုက်စောင့်ရှောက်တာမဟုတ်ဘူး။ နှစ်သိမ့်မှုရဖို့နဲ့ စစ်မှန်တဲ့မျှော်လင့်ချက်ရှိဖို့ လူတိုင်းကို ကိုယ်တော် အခွင့်အရေးပေးထားတယ်။ ဒီအချက်က ယေဟောဝါဟာ တကယ်ကောင်းမြတ်တယ်ဆိုတာ သတိရစေတယ်။—ဗျာ. ၂၂:၁၇

၅။ တခြားသူတွေကို အမှန်တရားအကြောင်း သင်ပေးတာက ကျွန်ုပ်တို့ရဲ့ပြဿနာတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရစေသလဲ။

တခြားသူတွေကို အမှန်တရားအကြောင်း သင်ပေးတဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ပြဿနာတွေအတွက် အလွန်အမင်း မပူပန်တော့ဘူး။ မှန်မှန်ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ ထရီရှာဟာ သူ့မိဘတွေ ကွာရှင်းတဲ့အချိန်မှာ ဒီအချက်မှန်ကန်တယ်ဆိုတာ သိခဲ့ရတယ်။ “အဲဒီအချိန်ဟာ ကျွန်မဘဝအတွက် စိတ်ပျက်စရာအကောင်းဆုံးအချိန်ပဲ” လို့ သူပြောတယ်။ တစ်နေ့တော့ သူအရမ်းဝမ်းနည်းနေတယ်၊ အမှုဆောင်လည်း ထွက်ချင်စိတ်မရှိဘူး၊ ဒါပေမဲ့ သူ ကျမ်းစာသင်အံမှုတစ်ခုကို သွားလိုက်တယ်။ သူက အခက်အခဲတွေအများကြီးရှိတဲ့ မိသားစုထဲက ကလေးသုံးယောက်ကို ကျမ်းစာသင်ပေးနေတာဖြစ်တယ်။ သူတို့ရဲ့အဖေက သူတို့ကို ထားခဲ့တယ်၊ သူတို့ရဲ့အစ်ကိုကလည်း သူတို့ကို မညှာမတာ ဆက်ဆံတယ်။ ထရီရှာ ဒီလိုပြောတယ်– “သူတို့ရဲ့ဒုက္ခတွေနဲ့ နှိုင်းယှဉ်လိုက်တော့ ကျွန်မရဲ့ပြဿနာက ဘာမှမဟုတ်တော့ဘူး။ ကျွန်မတို့ ကျမ်းစာသင်နေတဲ့အချိန်မှာ သူတို့ရဲ့မျက်လုံးတွေက တောက်ပလာတယ်၊ စိတ်လှုပ်ရှား ပျော်ရွှင်နေပြီး တခစ်ခစ်ရယ်ကြတယ်။ အဲဒီကလေးတွေက ယေဟောဝါဆီက ဆုကျေးဇူးပဲ၊ အထူးသဖြင့် အဲဒီနေ့မှာပေါ့။”

၆၊ ၇။ (က) တခြားသူတွေကို ကျမ်းစာအမှန်တရားအကြောင်း သင်ပေးတဲ့အခါ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း ဘယ်လို ပိုခိုင်ခံ့လာသလဲ။ (ခ) ကျမ်းစာမူတွေက သင်သားတွေရဲ့ဘဝကို တိုးတက်ကောင်းမွန်စေတာ မြင်တွေ့ရတဲ့အခါ ကျွန်ုပ်တို့ ဘယ်လိုခံစားရသလဲ။

ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေကို သင်ပေးတဲ့အခါ အမှန်တရားအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းလည်း ပိုခိုင်ခံ့လာတယ်။ တခြားသူတွေကိုတော့ သင်ပေးပြီး ကိုယ်တိုင်ကျတော့ မလိုက်နာတဲ့ သူ့ခေတ်က ဂျူးတချို့နဲ့ပတ်သက်ပြီး တမန်တော်ပေါလုက “သူတစ်ပါးကိုသွန်သင်လျက်ပင် ကိုယ့်ကိုယ်ကိုယ် မသွန်သင်သလော” လို့ ရေးခဲ့တယ်။ (ရော. ၂:၂၁) အခုချိန်မှာရှိတဲ့ ရှေ့ဆောင်တွေနဲ့ ဘယ်လောက် ကွာခြားလိုက်သလဲ။ ရှေ့ဆောင်တွေဟာ တခြားသူတွေကို အမှန်တရားအကြောင်း ပြောပြဖို့နဲ့ ကျမ်းစာသင်ပေးဖို့ အခွင့်အရေးအများကြီးရတယ်။ ထိထိရောက်ရောက် သွန်သင်နိုင်ဖို့ဆိုရင် သူတို့က သင်အံမှုတစ်ခုစီအတွက် ပြင်ဆင်ပြီး မေးခွန်းတွေကို ဖြေဖို့ လေ့လာမှုလုပ်ရတယ်။ ဂျန်နီလို့ခေါ်တဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက် ဒီလိုပြောတယ်– “တခြားသူတွေကို အမှန်တရားအကြောင်း သင်ပေးတဲ့အခါတိုင်း ဒီအမှန်တရားတွေက ကျွန်မရဲ့စိတ်နှလုံးမှာ နက်နက်ရှိုင်းရှိုင်း စွဲမြဲလာတယ်လို့ ခံစားရတယ်။ အကျိုးကတော့ ကျွန်မရဲ့ယုံကြည်ခြင်း ပိုပိုပြီး ခိုင်ခံ့လာတယ်။”

ကျမ်းစာမူတွေက သင်သားတွေရဲ့ဘဝကို တိုးတက်ကောင်းမွန်စေတာ မြင်တွေ့ရတဲ့အခါ ဘုရားသခင့်ဉာဏ်ပညာကို ပိုပြီး တန်ဖိုးထားလာတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) အဲဒါက ကျွန်ုပ်တို့ရဲ့ဘဝမှာ ကျမ်းစာမူတွေကို ဆက်ကျင့်သုံးချင်တဲ့စိတ် ဖြစ်ပေါ်စေတယ်။ နောက်ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ အန်ဒရီယန်နာက ဒီလိုပြောတယ်– “လူတွေက ကိုယ့်ဉာဏ်ပညာကိုပဲ အားကိုးမယ်ဆိုရင် သူတို့ရဲ့ဘဝက အမှားမှား အယွင်းယွင်း ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ သူတို့က ယေဟောဝါရဲ့ဉာဏ်ပညာကို အားကိုးတယ်ဆိုရင်တော့ ချက်ချင်း အကျိုးခံစားရတယ်။” ဖေးလ်လို့ခေါ်တဲ့ ရှေ့ဆောင်ကလည်း လူတွေဟာ ယေဟောဝါရဲ့အကူအညီနဲ့ သူတို့ရဲ့ဘဝကို ပြောင်းလဲနိုင်တယ်ဆိုတာ မြင်ရတဲ့အခါ အံ့သြမိတယ်လို့ ပြောတယ်။

၈။ ညီအစ်ကိုညီအစ်မတွေနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက ဘယ်လိုအကျိုးရစေသလဲ။

အမှုဆောင်လုပ်ငန်းမှာ ညီအစ်ကိုညီအစ်မတွေနဲ့ အတူ တွဲလုပ်ဆောင်ခြင်းအားဖြင့် အားပေးမှုရရှိတယ်။ (သု. ၁၃:၂၀) ရှေ့ဆောင်တွေဟာ အမှုဆောင်လုပ်ငန်းမှာ သူတို့ရဲ့ညီအစ်ကိုညီအစ်မတွေနဲ့အတူ အချိန်အများကြီး ပါဝင်ကြတယ်။ ဒါက “အပြန်အလှန်အားပေးခွင့်” ပိုရစေတယ်။ (ရော. ၁:၁၂; သုတ္တံ ၂၇:၁၇ ကိုဖတ်ပါ။) လီစာလို့ခေါ်တဲ့ ရှေ့ဆောင်က အလုပ်ခွင်မှာဆိုရင် အပြိုင်အဆိုင်တွေ၊ မနာလိုတာတွေနဲ့ တခြားသူတွေထက်သာဖို့ဆိုရင် ဘာမဆိုလုပ်တာတွေ ရှိတယ်။ အတင်းအဖျင်းပြောတာ၊ ဆဲဆိုတာတွေပဲ နေ့တိုင်း ကြားနေရတယ်လို့ ပြောပြတယ်။ သူ ဒီလိုဆက်ပြောတယ်– “တစ်ခါတလေဆိုရင် ကိုယ့်ရဲ့ ခရစ်ယာန်အမူအကျင့်တွေကြောင့် ကဲ့ရဲ့လှောင်ပြောင်ခံရတယ်။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက တကယ်တည်ဆောက်မှုဖြစ်တယ်။ တစ်နေ့ကုန်သွားတဲ့အခါ ကျွန်မ မောနေပေမဲ့ စိတ်လန်းလန်းဆန်းဆန်းနဲ့ အိမ်ပြန်လာတယ်။”

၉။ အိမ်ထောင်ဖက်နဲ့အတူ ရှေ့ဆောင်လုပ်တာက အိမ်ထောင်အပေါ် ဘယ်လိုကောင်းကျိုးသက်ရောက်စေသလဲ။

အိမ်ထောင်ဖက်နဲ့အတူ ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်တာက အိမ်ထောင်ကို ပိုခိုင်မြဲစေတယ်။ (ဒေ. ၄:၁၂) ခင်ပွန်းနဲ့အတူ ရှေ့ဆောင်လုပ်ငန်းမှာပါဝင်တဲ့ မယ်ဒလင်း ဒီလိုပြောတယ်– “ကျွန်မခင်ပွန်းနဲ့ ကျွန်မဟာ ကျွန်မတို့ရဲ့ တစ်နေ့တာ အမှုဆောင်လုပ်ငန်းအကြောင်း၊ ကျမ်းစာဖတ်တဲ့အခါတွေ့ရတဲ့ အမှုဆောင်လုပ်ငန်းမှာသုံးနိုင်တဲ့ ကျမ်းချက်တွေအကြောင်း အချိန်ပေး ပြောဆိုကြတယ်။ နှစ်တိုင်း ကျွန်မတို့ အတူ ရှေ့ဆောင်လုပ်ကြတယ်၊ အဲဒါက ကျွန်မတို့ကို ပိုရင်းနှီးစေတယ်။ အဲဒီလိုပဲ ထရီရှာကလည်း ဒီလိုပြောတယ်– “ကျွန်မတို့နှစ်ယောက်စလုံး အကြွေးမတင်အောင် ဂရုစိုက်တယ်။ ကျွန်မတို့ ငွေကိစ္စနဲ့ စကားမများကြဘူး။ ကျွန်မတို့မှာ တူညီတဲ့အမှုဆောင်ဇယားရှိတယ်၊ ဒါကြောင့် ကျွန်မတို့ဟာ ပြန်လည်ပတ်မှုတွေ၊ ကျမ်းစာသင်အံမှုတွေကို အတူတူသွားကြတယ်၊ ဒါက ကျွန်မတို့အိမ်ထောင်ကို ပိုပြီးခိုင်မြဲစေတယ်။”

အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေ တာက ပျော်ရွှင်ကျေနပ်တဲ့အသက်တာ ရရှိစေ (အပိုဒ် ၉ ကိုကြည့်ပါ)

၁၀။ နိုင်ငံတော်ကိုဦးစွာရှာပြီး ဘုရားသခင့်ထောက်မမှု ရရှိတဲ့အခါယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်စိတ်ချမှု ဘယ်လိုဖြစ်လာသလဲ။

၁၀ ကျွန်ုပ်တို့က နိုင်ငံတော်ကို ဦးစွာရှာတဲ့အခါ၊ ယေဟောဝါရဲ့ ထောက်မမှုကို ရရှိတဲ့အခါ၊ ကျွန်ုပ်တို့ရဲ့ဆုတောင်းချက်တွေကို ကိုယ်တော်နားထောင်ပေးတဲ့အခါ ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှု ပိုရှိလာတယ်။ သစ္စာရှိခရစ်ယာန်တွေအားလုံး ယေဟောဝါကို ယုံကြည်အားကိုးတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ရှေ့ဆောင်တွေဟာ ယေဟောဝါကို ယုံကြည်အားကိုးမှသာ ရှေ့ဆောင်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်မယ်ဆိုတာကို သိရှိကြတယ်။ (မဿဲ ၆:၃၀-၃၄ ကိုဖတ်ပါ။) ရှေ့ဆောင်လည်းဖြစ်၊ အရန်တိုက်နယ်ကြီးကြပ်မှူးလည်းဖြစ်တဲ့ ကတ်ဟာ အိမ်ကနေ နှစ်နာရီခွဲလောက် ကားနဲ့သွားရတဲ့ အသင်းတော်ကို လည်ပတ်ဖို့ သဘောတူခဲ့တယ်။ သူနဲ့ ရှေ့ဆောင်ဖြစ်တဲ့ သူ့ဇနီးမှာ အဲဒီအသင်းတော်ကို သွားဖို့အတွက်တော့ ဓာတ်ဆီအလုံအလောက်ရှိပေမဲ့ အပြန်အတွက် မရှိဘူး။ လစာထုတ်ဖို့ကလည်း တစ်ပတ်လိုသေးတယ်။ ကတ်က သူတို့ရဲ့ဆုံးဖြတ်ချက် မှန်မှမှန်ရဲ့လားလို့ စဉ်းစားမိတယ်လို့ ပြောပြတယ်။ ဒါပေမဲ့ သူတို့ ဆုတောင်းပြီး တာဝန်ကိုလက်ခံဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့လိုအပ်တာကို ဘုရားသခင်ပေးမယ်ဆိုတာ သူတို့ ယုံကြည်စိတ်ချခဲ့ကြတယ်။ သူတို့ အိမ်ကနေ မထွက်ခင်လေးမှာပဲ ညီအစ်မတစ်ယောက်က သူတို့ကို လက်ဆောင်ပေးစရာရှိတယ်ဆိုပြီး ဖုန်းဆက်တယ်။ အဲဒါက အပြန်ခရီးအတွက် လိုအပ်တဲ့ ငွေပမာဏအတိအကျပဲ။ အဲဒီလိုအဖြစ်အပျက်မျိုး ခဏခဏ ကြုံတွေ့ရတဲ့အခါ ယေဟောဝါဟာ ကျွန်ုပ်တို့လိုအပ်တာကို ပေးတဲ့သူဖြစ်တယ်ဆိုတာ အလွယ်တကူ သိမြင်လာတယ်လို့ ကတ်က ပြောတယ်။

၁၁။ ရှေ့ဆောင်တွေခံစားရတဲ့ ကောင်းချီးတချို့က ဘာတွေလဲ။

၁၁ ဘုရားသခင်နဲ့ ပိုရင်းနှီးပြီး အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်လေ ကောင်းချီး ပိုခံစားရလေပဲလို့ ရှေ့ဆောင်တွေ ပြောလေ့ရှိတယ်။ (တရား. ၂၈:၂) ဒါပေမဲ့ ရှေ့ဆောင်တွေမှာလည်း အခက်အခဲတွေရှိပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ မစုံလင်မှုကြောင့်၊ ဆိုးညစ်တဲ့ ဒီလောကကြောင့် အခက်အခဲတွေ ကြုံတွေ့ရတယ်။ တချို့ရှေ့ဆောင်တွေဟာ အခက်အခဲတွေကြောင့် ရှေ့ဆောင်လုပ်ငန်းကို ခဏနားလိုက်ရတဲ့အခါတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်၊ ရှောင်ရှားနိုင်လေ့ရှိတယ်။ ရှေ့ဆောင်တွေ သူတို့ရဲ့အထူးအမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ဖို့ ဘာကကူညီပေးနိုင်သလဲ။

ရှေ့ဆောင်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်ပုံ

၁၂၊ ၁၃။ (က) ရှေ့ဆောင်တစ်ယောက်ဟာ သတ်မှတ်ထားတဲ့နာရီ ပြည့်ဖို့ အခက်တွေ့နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ (ခ) နေ့စဉ်ကျမ်းစာဖတ်ဖို့၊ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့နဲ့ တွေးတောဆင်ခြင်ဖို့အတွက် အချိန်ဇယားထားဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၂ ရှေ့ဆောင်အများစုဟာ အရမ်းအလုပ်များကြတယ်။ အားလုံးကို ပြီးအောင်လုပ်ဖို့ အခက်တွေ့နိုင်တယ်၊ ဒါကြောင့် စနစ်တကျ စီစဉ်ထားဖို့ အရေးကြီးတယ်။ (၁ ကော. ၁၄:၃၃၊ ၄၀) ရှေ့ဆောင်တစ်ယောက်ဟာ သတ်မှတ်ထားတဲ့နာရီ ပြည့်ဖို့ အခက်တွေ့နေတယ်ဆိုရင် သူ အချိန်အသုံးပြုပုံကို ပြန်ဆန်းစစ်ဖို့လိုတယ်။ (ဧ. ၅:၁၅၊ ၁၆) ကိုယ့်ကိုယ်ကို ဒီလိုမေးနိုင်တယ်– ‘အပန်းဖြေမှုမှာ ငါအချိန်အများကြီး သုံးနေသလား။ ငါ့ရဲ့ အလုပ်ချိန်ဇယားကို ပြုပြင်ချိန်ညှိဖို့ လိုသလား။ အရေးမကြီးတဲ့အလုပ်တွေအတွက် ငါ အချိန်အများကြီး သုံးနေသလား။’ ရှေ့ဆောင်တွေဟာ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မှန်မှန်မေးပြီး လိုအပ်ရင် ပြုပြင်ချိန်ညှိဖို့ လိုမှာဖြစ်တယ်။

၁၃ ရှေ့ဆောင်တစ်ယောက်မှာ နေ့တိုင်းကျမ်းစာဖတ်ဖို့၊ ကိုယ်ပိုင်လေ့လာမှုလုပ်ဖို့နဲ့ တွေးတောဆင်ခြင်ဖို့ အချိန်ဇယားရှိရမယ်။ အရေးကြီးတဲ့အရာတွေ လုပ်ရမယ့်အချိန်မှာ အရေးမကြီးတဲ့အရာတွေ မလုပ်မိဖို့ သေချာစေရမယ်။ (ဖိ. ၁:၁၀) ဥပမာ၊ ရှေ့ဆောင်တစ်ယောက်ဟာ အမှုဆောင်လုပ်ငန်းမှာ တစ်နေကုန်ပါဝင်ပြီး အိမ်ပြန်လာတယ် ဆိုပါစို့။ အဲဒီနေ့ညနေမှာ လာမယ့်စည်းဝေးအတွက် ပြင်ဆင်ဖို့ စိတ်ကူးထားတယ်။ ဒါပေမဲ့ သူက ရောက်နေတဲ့စာကို အရင် ဖောက်ဖတ်လိုက်တယ်။ အဲဒီနောက် ကွန်ပျူတာကိုဖွင့်ပြီး အီးမေးလ်တွေကို ဖတ်တယ်၊ စာပြန်တယ်။ အင်တာနက်သုံးနေတုန်း သူလိုချင်တဲ့ပစ္စည်းရဲ့ ဈေးနှုန်းကိုကြည့်ဖို့ ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ သူသတိမထားမိခင်မှာပဲ အချိန်နှစ်နာရီလောက် ကုန်သွားပြီး စည်းဝေးအတွက် မပြင်ဆင်ရသေးဘူး။ ဘာကြောင့် အဲဒီလိုဖြစ်သွားသလဲ။ အားကစားသမားတစ်ယောက်ဟာ အားကစားပြိုင်ပွဲတွေမှာ ရေရှည် ပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုရင် အာဟာရရှိတဲ့ အစားအသောက်တွေကို မှန်မှန်စားဖို့လိုတယ်။ အဲဒီလိုပဲ ရှေ့ဆောင်တစ်ယောက်ဟာ ရှေ့ဆောင်လုပ်ငန်းမှာ ဆက်ပြီး ပါဝင်ချင်တယ်ဆိုရင် ကိုယ်ပိုင်လေ့လာမှု မှန်မှန်လုပ်ဖို့လိုတယ်။—၁ တိ. ၄:၁၆

၁၄၊ ၁၅။ (က) ရှေ့ဆောင်တွေဟာ ဘာကြောင့် သူတို့ရဲ့ဘဝကို ရိုးရိုးရှင်းရှင်း ထားသင့်သလဲ။ (ခ) ရှေ့ဆောင်တစ်ယောက် အခက်အခဲတွေနဲ့ ကြုံတွေ့ရတယ်ဆိုရင် ဘာလုပ်သင့်သလဲ။

၁၄ အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပြီးပါဝင်ချင်တဲ့ရှေ့ဆောင်တွေဟာ မိမိတို့ရဲ့ဘဝကို ရိုးရိုးရှင်းရှင်းထားဖို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ယေရှုက မိမိရဲ့တပည့်တွေကို ရိုးရှင်းတဲ့မျက်စိရှိဖို့ အားပေးခဲ့တယ်။ (မ. ၆:၂၂) သူကိုယ်တိုင်လည်း ရိုးရိုးရှင်းရှင်း နေထိုင်ခဲ့လို့ အမှုဆောင်လုပ်ငန်းမှာ အာရုံအပြည့်စိုက်ပြီး လုပ်ဆောင်နိုင်ခဲ့တယ်။ ယေရှုက “မြေခွေး၌ မြေတွင်းရှိ၏။ မိုးကောင်းကင်ငှက်များတွင် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချစရာနေရာပင်မရှိ” လို့ ပြောနိုင်ခဲ့တယ်။ (မ. ၈:၂၀) ယေရှုရဲ့ပုံသက်သေကနေ သင်ယူတဲ့ရှေ့ဆောင်တွေဟာ ပစ္စည်းများများရှိလေ ပြုပြင်၊ ထိန်းသိမ်း၊ အစားထိုးဖို့ ပိုလိုအပ်လေဆိုတဲ့အချက်ကို သတိရကြတယ်။

၁၅ ရှေ့ဆောင်တွေအတွက် သူတို့ရဲ့အမှုဆောင်လုပ်ငန်းက အခွင့်ထူးဖြစ်ပေမဲ့ သူတို့က တခြားသူတွေထက် ပိုသာတယ်လို့ မယူဆကြဘူး။ ရှေ့ဆောင်လုပ်ငန်းက ယေဟောဝါဆီက ဆုကျေးဇူးဖြစ်တယ်ဆိုတာ သူတို့သိတယ်။ ဒါကြောင့် ရှေ့ဆောင်လုပ်ငန်းမှာ ဆက်ပါဝင်နိုင်ဖို့အတွက် ရှေ့ဆောင်ယောက်တိုင်းက ယေဟောဝါကို ယုံကြည်အားကိုးရမှာဖြစ်တယ်။ (ဖိ. ၄:၁၃) အခက်အခဲတွေကတော့ ကြုံရမှာပဲ။ (ဆာ. ၃၄:၁၉) အဲဒီလိုကြုံရတဲ့အခါမှာ ရှေ့ဆောင်တွေဟာ ရှေ့ဆောင်လုပ်တာကို ချက်ချင်း ရပ်နားလိုက်မယ့်အစား ယေဟောဝါဆီမှာ လမ်းညွှန်မှုတောင်းပြီး သူတို့ကိုကူညီဖို့ ကိုယ်တော့်ကို အခွင့်အရေးပေးရမှာဖြစ်တယ်။ (ဆာလံ ၃၇:၅ ကိုဖတ်ပါ။) ဘုရားသခင့် မေတ္တာပါကူညီမှုကို သူတို့ရရှိတဲ့အခါ ဘုရားသခင်နဲ့ သူတို့ရဲ့ဆက်ဆံရေးက ပိုခိုင်မြဲလာပါလိမ့်မယ်။—ဟေရှာ. ၄၁:၁၀

သင် ရှေ့ဆောင်လုပ်နိုင်မလား

၁၆။ သင် ရှေ့ဆောင်လုပ်ချင်တယ်ဆိုရင် ဘာလုပ်သင့်သလဲ။

၁၆ သင်ဟာ ရှေ့ဆောင်လုပ်ချင်တယ်၊ ရှေ့ဆောင်တွေလို ကောင်းချီးခံစားချင်တယ်ဆိုရင် အဲဒီအကြောင်းကို ယေဟောဝါဆီ ဆုတောင်းပါ။ (၁ ယော. ၅:၁၄၊ ၁၅) ရှေ့ဆောင်လုပ်နေတဲ့သူတွေကို ပြောပြပါ။ ရှေ့ဆောင်ဖြစ်စေနိုင်တဲ့ပန်းတိုင်တွေ ထားပါ။ ကိသ်နဲ့ အဲရီကာ အဲဒီအတိုင်း လုပ်ခဲ့တယ်။ သူတို့နဲ့အသက်အရွယ်တူတဲ့ စုံတွဲတွေလိုပဲ သူတို့လည်း အချိန်ပြည့်အလုပ်လုပ်တယ်၊ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ အိမ်တစ်လုံးနဲ့ ကားအသစ်တစ်စီး ဝယ်လိုက်ကြတယ်။ “အဲဒါတွေက ကျေနပ်ပျော်ရွှင်မှု ခံစားရစေမယ်လို့ ကျွန်တော်တို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို ဘယ်တော့မှမခံစားခဲ့ရဘူး” လို့ သူတို့ပြောတယ်။ ကိသ် အလုပ်လက်မဲ့ဖြစ်သွားတဲ့အချိန်မှာ အရန်ရှေ့ဆောင် စလုပ်တယ်။ သူက “အမှုဆောင်လုပ်ငန်းမှာ ပါဝင်တာက ဘယ်လောက်ပျော်ရွှင်စေတယ်ဆိုတာကို ရှေ့ဆောင်လုပ်တဲ့အခါ သိလာရတယ်” လို့ပြောတယ်။ သူတို့ဟာ ရှေ့ဆောင်လင်မယားနှစ်ယောက်နဲ့ ရင်းနှီးခဲ့ကြတယ်။ အဲဒီလင်မယားက ရှေ့ဆောင်လုပ်ငန်းနဲ့ ဘဝကို ရိုးရိုးရှင်းရှင်းထားခြင်းက ပျော်ရွှင်မှုများစွာ ခံစားရစေတယ်ဆိုတာ သဘောပေါက်လာအောင် သူတို့ကို ကူညီပေးခဲ့တယ်။ ကိသ်နဲ့ အဲရီကာ ဘာလုပ်ခဲ့ကြသလဲ။ သူတို့ရဲ့ပန်းတိုင်တွေကို ချရေးပြီး ရေခဲသေတ္တာပေါ်မှာ ကပ်ထားလိုက်တယ်။ သူတို့ လုပ်နိုင်ခဲ့တဲ့ ပန်းတိုင်တွေကို အမှတ်အသားလုပ်တယ်။ အချိန်တန်တော့ သူတို့ ရှေ့ဆောင်လုပ်နိုင်ခဲ့ကြတယ်။

၁၇။ သင် ရှေ့ဆောင်လုပ်နိုင်မလားဆိုတာကို ဘာကြောင့် သေချာစဉ်းစားသင့်သလဲ။

၁၇ သင် ရှေ့ဆောင်လုပ်နိုင်မလား။ အခုချိန်မှာတော့ မလုပ်နိုင်သေးဘူးလို့ သင်ယူဆတယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခြင်းအားဖြင့် ယေဟောဝါနဲ့ ပိုရင်းနှီးအောင်လုပ်ပါ။ ယေဟောဝါဆီ ဆုတောင်းပြီး သင့်အခြေအနေကို သေချာသုံးသပ်မယ်ဆိုရင် သင့်အသက်တာမှာ အပြောင်းအလဲတချို့ လုပ်လိုက်တာနဲ့ ရှေ့ဆောင်လုပ်နိုင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ သင် ရှေ့ဆောင်လုပ်ပြီဆိုရင် သင်စွန့်လွှတ်ခဲ့တာတွေထက် ပိုသာတဲ့ ရွှင်လန်းမှုကို ခံစားရမှာဖြစ်တယ်။ သင့်ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ဦးစွာရှာတဲ့အတွက်ကြောင့်၊ တခြားသူတွေကို ပိုပြီး ကူညီပေးနိုင်တဲ့အတွက်ကြောင့် သင် ပျော်ရွှင်ရပါလိမ့်မယ်။ (မ. ၆:၃၃) သင်ဟာ ယေဟောဝါအကြောင်း ပိုစဉ်းစား၊ ပိုပြောနိုင်တဲ့ အခွင့်အရေးရရှိမှာဖြစ်တယ်။ အဲဒါက ဘုရားသခင့်ကိုချစ်တဲ့ သင့်မေတ္တာကို ပိုနက်ရှိုင်းစေပြီး ကိုယ်တော့်ကို ပျော်ရွှင်စေပါလိမ့်မယ်။