မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာမှာ ဘာအကြောင်းတွေ ရေးထားသလဲ

သမ္မာကျမ်းစာက ဘာကြောင့် စိတ်ဝင်စားဖို့ကောင်းတာလဲ

သမ္မာကျမ်းစာက ဘာကြောင့် စိတ်ဝင်စားဖို့ကောင်းတာလဲ

သမ္မာကျမ်းစာဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး စာအုပ်ဖြစ်ပါတယ်။ ဘာကြောင့်လဲ။ တစ်ချက်အနေနဲ့ ကျမ်းစာက နားလည်ရ လွယ်ကူလို့ပါပဲ။ ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့တဲ့ လူတွေရဲ့ ဘဝဖြစ်ရပ်မှန်တွေနဲ့ သူတို့အချင်းချင်းရော၊ ဘုရားနဲ့ပါ ဘယ်လိုပြောဆိုဆက်ဆံကြတယ်ဆိုတဲ့ အကြောင်းတွေကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဒီမှတ်တမ်းတွေကနေ လက်တွေ့ကျတဲ့ သင်ခန်းစာတွေ ရရှိတယ်။ ကျမ်းစာမှာပါတဲ့ သတင်းတရားကို ရိုးရိုးရှင်းရှင်း ရေးထားတဲ့အတွက် ခေတ်အဆက်ဆက်က လူတွေဟာ သမ္မာကျမ်းစာကို ဖတ်ပြီး နားလည်နိုင်ကြတယ်။ ကျမ်းစာကို ဘာသာစကားပေါင်း ထောင်နဲ့ချီ ပြန်ဆိုထားတဲ့အတွက် ကမ္ဘာအနှံ့မှာနေထိုင်တဲ့လူတွေ ရရှိနိုင်ကြတယ်။ ကျမ်းစာမူတွေကို ကျွန်ုပ်တို့ ကျင့်သုံးတဲ့အခါ အမြဲပဲ အကျိုးရရှိကြတယ်။

အရေးကြီးဆုံးအချက်ကတော့ သမ္မာကျမ်းစာကိုယ်နှိုက်က ဘုရားအကြောင်း ဖော်ပြတဲ့စာအုပ်လောက်ပဲ မဟုတ်ဘဲ ဘုရားကိုယ်တိုင် ပေးထားတဲ့စာအုပ် ဖြစ်တယ်လို့ ဆိုတယ်။ ကျမ်းစာထဲမှာ ဘုရားသခင်ရဲ့နာမည်၊ ကိုယ်ရည်ကိုယ်သွေး၊ ကမ္ဘာမြေနဲ့ လူသားတွေကို ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်ကို ဖော်ပြထားတယ်။ အဲဒီရည်ရွယ်ချက်က ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး။ သမိုင်းတစ်လျှောက်မှာ အကောင်းနဲ့အဆိုး အကြိတ်အနယ် အားပြိုင်တဲ့ စိတ်လှုပ်ရှားဖွယ် စကြဝဠာမှတ်တမ်းနဲ့ ပျော်ရွှင်စွာ ဇာတ်သိမ်းသွားမယ့်ပုံကိုလည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါကြောင့် တစ်ဖက်သတ်အစွဲမထားဘဲ ကျမ်းစာကို ဖတ်သွားမယ်ဆိုရင် ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ သင် ရရှိလာပါလိမ့်မယ်။

တခြားဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ အကြောင်းအရာတွေကို ကျမ်းစာထဲမှာ တွေ့နိုင်တယ်။ ဥပမာ၊ အောက်ပါအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို တွေ့နိုင်တယ်–

  • လူသားတွေ ဘယ်လိုဖြစ်တည်လာတာလဲ၊ ဘာကြောင့် ဒုက္ခတွေ ခံစားရတာလဲ

  • အပြစ်နဲ့သေခြင်းကနေ လူသားတွေ လွတ်မြောက်ဖို့ ဘုရား ဘာတွေ စီစဉ်ပေးထားသလဲ

  • ကျွန်ုပ်တို့အတွက် ယေရှု ဘာတွေလုပ်ပေးသလဲ

  • ကမ္ဘာမြေနဲ့ လူသားတွေအတွက် ဘယ်လိုအနာဂတ်ရှိသလဲ

ဒါကြောင့် ကျမ်းစာတစ်အုပ်လုံးမှာ ဘာအကြောင်းတွေ ပါသလဲဆိုတာ သိနိုင်ဖို့ ဒီမဂ္ဂဇင်းကို ခဏလောက် ဆက်ဖတ်ကြည့်ပါ။