မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဘုရားကို အကြည်ညိုပျက်စေသည့် လိမ်လည်မှုများ

အမှန်တရားက သင့်ကို လွတ်မြောက်စေနိုင်

အမှန်တရားက သင့်ကို လွတ်မြောက်စေနိုင်

ယေရှုဟာ ဂျေရုဆလင်မြို့မှာရှိနေတုန်း ခမည်းတော် ယေဟောဝါအကြောင်း ပြောပြရင်းနဲ့ သူ့ခေတ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အမှားတွေကို ဖော်ထုတ်ခဲ့တယ်။ (ယောဟန် ၈:၁၂-၃၀) ဘုရားသခင်နဲ့ပတ်သက်တဲ့ ယနေ့ခေတ် သွန်သင်ချက်တွေ မှန်မမှန်ဆိုတာသိနိုင်ဖို့ အဲဒီတုန်းက ယေရှုပြောခဲ့တဲ့ စကားတွေနဲ့ ဆန်းစစ်နိုင်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “သင်တို့သည် ငါ၏တရား၌ တည်နေလျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။ အမှန်တရားကို သင်တို့ သိကြလိမ့်မည်။ ထိုအမှန်တရားသည်လည်း သင်တို့ကို လွှတ်လိမ့်မည်။”—ယောဟန် ၈:၃၁၊ ၃၂

‘ငါ၏တရား၌တည်နေပါ။’ ယေရှုပြောခဲ့တဲ့ ဒီစကားက ဘာသာရေးသွန်သင်ချက်တွေဟာ “အမှန်တရား” ဟုတ်မဟုတ်ဆိုတာ ခွဲခြားသိနိုင်မယ့် စံနှုန်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်အကြောင်း သင် တစ်ခုခု သိလာတဲ့အခါ ‘ဒါက ယေရှုပြောခဲ့တဲ့စကားတွေ၊ တခြားကျမ်းစကားတွေနဲ့ ကိုက်ညီမှုရှိရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ဗေရိမြို့သားတွေက တမန်တော်ပေါလုရဲ့ သွန်သင်ချက်တွေကို ကြားတဲ့အခါ “ကြားနာရသည့်အရာများကို မှန်မမှန်သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်” ခဲ့ကြတယ်။ သူတို့ကို တုပနိုင်ပါတယ်။—တမန်တော် ၁၇:၁၁

ရှေ့ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့ မာကို၊ ရိုဆာ၊ ရေမိုဒီတို့က ယေဟောဝါသက်သေတွေနဲ့အတူ ကျမ်းစာလေ့လာပြီး ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို စေ့စေ့ဆန်းစစ်ခဲ့ကြတယ်။ သူတို့ ဘာအကျိုးရရှိခဲ့ကြသလဲ။

မာကို– “ကျမ်းစာသင်ပေးတဲ့သူက ကျွန်တော်တို့ဇနီးမောင်နှံမေးတဲ့ မေးခွန်းအားလုံးကို ကျမ်းစာနဲ့ အဖြေပေးခဲ့တယ်။ သိလာတဲ့အရာတွေကြောင့် ယေဟောဝါဘုရားကို ချစ်သည်ထက်ချစ်လာတဲ့အပြင် ကျွန်တော်တို့ရဲ့ အိမ်ထောင်နှောင်ကြိုးလည်း ပိုခိုင်မြဲလာတယ်။”

ရိုဆာ– “သမ္မာကျမ်းစာဆိုတာ ဘုရားသခင်အကြောင်းကို လူ့အတွေးအခေါ်နဲ့ ရေးထားတဲ့ စာအုပ်တစ်အုပ်ပဲလို့ အရင်က ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မသိချင်တဲ့ မေးခွန်းတွေကို သမ္မာကျမ်းစာက အဖြေပေးနိုင်တယ်ဆိုတာ တဖြည်းဖြည်း သိလာတယ်။ ခုတော့ ကျွန်မအတွက် ယေဟောဝါဘုရားဟာ တကယ်တည်ရှိပြီး ယုံကြည်ကိုးစားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးဖြစ်လာပြီ။”

ရေမိုဒီ– “ကိုယ်တော့်အကြောင်း သိအောင် ကူညီပေးပါဆိုပြီး ကျွန်မ ဆုတောင်းခဲ့တယ်။ မကြာခင်မှာ ကျွန်မတို့ဇနီးမောင်နှံဟာ ကျမ်းစာ စလေ့လာခဲ့တယ်။ အခုတော့ ယေဟောဝါဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားနဲ့ ဘုရားသခင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ သိရလို့ အတိုင်းမသိ ပျော်ရွှင်မိတယ်။”

သမ္မာကျမ်းစာက ဘုရားသခင်အပေါ် အမြင်မှားစေတဲ့ လိမ်လည်မှုတွေကို ဖော်ထုတ်ပေးရုံသာမက ကိုယ်တော်ရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေအကြောင်းကိုလည်း ဖော်ပြထားတယ်။ ကျမ်းစာကို ကိုယ်တော့်စွမ်းအားတော်ရဲ့လမ်းညွှန်မှုနဲ့ ရေးသားထားတာဖြစ်တယ်။ ကျမ်းစာဖတ်တဲ့အခါ “ဘုရားသခင် ပေးသနားတော်မူ” တဲ့ အမှန်တရားတွေကို သိလာရတယ်။ (၁ ကောရိန္သု ၂:၁၂) ဒါကြောင့် အရေးကြီးအကြောင်းအရာတွေဖြစ်တဲ့ ဘုရားသခင်၊ ဘဝရည်ရွယ်ချက်၊ အနာဂတ်စတာတွေနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲဆိုတာ သင်ကိုယ်တိုင် လေ့လာကြည့်ပါ။ အဲဒီမေးခွန်းတချို့ရဲ့ အဖြေကို www.pr418.com/mya ရဲ့ “သမ္မာကျမ်းစာသွန်သင်ချက်များ > ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖတ်ကြည့်နိုင်တယ်။ ကျမ်းစာလေ့လာချင်တယ်ဆိုရင် အင်တာနက်ကနေ တောင်းဆိုနိုင်သလို ယေဟောဝါသက်သေတစ်ဦးကိုလည်း တောင်းဆိုနိုင်ပါတယ်။ အဲဒီလိုကျမ်းစာလေ့လာမယ်ဆိုရင် ဘုရားသခင်ကို သင် ထင်ထားတာထက် ပိုပြီးချစ်လာလိမ့်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။