မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိုးထိန်းတို့၊ အကြီးမြတ်ဆုံးသိုးထိန်းတွေကို တုပကြပါ

သိုးထိန်းတို့၊ အကြီးမြတ်ဆုံးသိုးထိန်းတွေကို တုပကြပါ

“ခရစ်တော်ကိုယ်တိုင် သင်တို့အတွက် ဆင်းရဲဒုက္ခခံ၍ ခြေတော်ရာကို ထက်ကြပ်မကွာလိုက်လျှောက်စေရန် စံနမူနာထားတော်မူ၏။”—၁ ပေ. ၂:၂၁

၁၊ ၂။ (က) သိုးတွေ ကောင်းကောင်းဂရုစိုက်ခံရတဲ့အခါမှာ ဘာအကျိုးရသလဲ။ (ခ) ယေရှုအချိန်ကလူများစွာဟာ ဘာကြောင့် ထိန်းသူမရှိတဲ့ သိုးတွေနဲ့တူသလဲ။

သိုးတွေဟာ သိုးထိန်းရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ခံရမှသာ ကျန်းမာသန်စွမ်းတယ်။ သိုးမွေးမြူရေးလက်စွဲစာအုပ်တစ်အုပ်မှာ “သိုးထိန်းက သိုးတွေကိုဂရုမစိုက်ဘဲ စားကျက်ထဲမှာ ဒီအတိုင်းလွှတ်ထားတယ်ဆိုရင် သိုးတွေဟာ နှစ်အနည်းငယ်အတွင်းမှာပဲ ရောဂါဖြစ်ပြီး အားနည်းလာမယ်” လို့ ရေးထားတယ်။ ဒါပေမဲ့ သိုးထိန်းက သိုးတစ်ကောင်ချင်းစီကို သေချာဂရုစိုက်စောင့်ရှောက်တယ်ဆိုရင် သိုးအုပ်တစ်အုပ်လုံးက ကျန်းမာသန်စွမ်းပါလိမ့်မယ်။

အသင်းတော်မှာလည်း အဲဒီအတိုင်းပါပဲ။ ခရစ်ယာန်သိုးထိန်းတွေဟာ သိုးတစ်ကောင်ချင်းစီကို ဂရုစိုက်စောင့်ရှောက်တယ်ဆိုရင် အသင်းတော်တစ်ခုလုံး အကျိုးခံစားရပါလိမ့်မယ်။ ‘အရေဆုတ်ထားခြင်း၊ ပစ်ထားခြင်းခံရတဲ့ ထိန်းသူမဲ့သိုးတွေလို’ ဖြစ်နေတဲ့ လူအုပ်ကိုမြင်တဲ့အခါ ယေရှု သနားတယ်ဆိုတာကို သင်တို့ သတိရပါလိမ့်မယ်။ (မ. ၉:၃၆) သူတို့ ဘာကြောင့် အဲဒီလိုဖြစ်နေတာလဲ။ အကြောင်းကတော့ သူတို့ကို ဘုရားသခင့်ပညတ်တွေ သင်ပေးဖို့ တာဝန်ရထားသူတွေက ခက်ထန်ပြီး အတင်းအကျပ်တောင်းဆိုသူတွေ၊ အပြောနဲ့အလုပ်မညီတဲ့သူတွေဖြစ်လို့ပဲ။ အဲဒီဘာသာရေးခေါင်းဆောင်တွေဟာ သူတို့ကို ချစ်ခင်ပြီး ဂရုစိုက်မယ့်အစား သူတို့အပေါ် ‘လေးတဲ့ဝန်တွေ’ တင်ကြတယ်။—မ. ၂၃:၄

၃။ သိုးတွေကို ဂရုစိုက်စောင့်ရှောက်ရာမှာ အကြီးအကဲတွေ ဘာကို သတိရသင့်သလဲ။

ယနေ့အချိန်မှာ အကြီးအကဲတွေမှာ အရေးကြီးတဲ့တာဝန်တစ်ခု ရှိတယ်။ သူတို့ကြည့်ရှုနေရတဲ့ သိုးတွေဟာ ယေဟောဝါနဲ့ ယေရှုပိုင်တဲ့ သိုးတွေဖြစ်တယ်။ “သိုးထိန်းကောင်း” ယေရှုဟာ မိမိရဲ့ အသက်ကိုတောင်ပေးတဲ့အထိ အဲဒီသိုးတွေကို အလွန်တန်ဖိုးထားတယ်။ ယေရှုက အဲဒီသိုးတွေကို သူ့ရဲ့ “အသွေးတော်မြတ်” နဲ့ “ဝယ်ထား” တာဖြစ်တယ်။ (ယော. ၁၀:၁၁; ၁ ကော. ၆:၂၀; ၁ ပေ. ၁:၁၈၊ ၁၉) အကြီးအကဲတွေအနေနဲ့ မိမိတို့ဟာ “မဟာသိုးထိန်း” ယေရှုခရစ်ရဲ့လက်အောက်မှာ ရှိတယ်ဆိုတာ အမြဲသတိရနေသင့်တယ်။ ဒါကြောင့် သိုးတွေကိုဆက်ဆံပုံနဲ့ပတ်သက်ပြီး သူတို့မှာ တာဝန်ရှိတယ်။—ဟေဗြဲ ၁၃:၂၀

၄။ ဒီဆောင်းပါးမှာ ဘာတွေကို လေ့လာကြမလဲ။

အကြီးအကဲတွေဟာ သိုးတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။ အသင်းတော်မှာရှိသူယောက်တိုင်းက ‘ဦးဆောင်သူတွေကို နာခံ’ ဖို့ အားပေးခံရတယ်။ ဒါပေမဲ့ ယေဟောဝါက အကြီးအကဲတွေကိုလည်း “ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရမပြု” ဖို့ မိန့်မှာတယ်။ (ဟေဗြဲ ၁၃:၁၇; ၁ ပေတရု ၅:၂၊ ၃ ကိုဖတ်ပါ။) အကြီးအကဲတွေဟာ သိုးတွေကို “အစိုးတရမပြု” ဘဲ ဘယ်လို “ဦးဆောင်” နိုင်သလဲ။ နောက်တစ်မျိုးပြောရရင် အကြီးအကဲတွေဟာ ဘုရားသခင်ပေးအပ်ထားတဲ့ အခွင့်အာဏာထက် ပိုမသုံးဘဲ သိုးတွေရဲ့လိုအပ်ရာတွေကို ဘယ်လို ဖြည့်ဆည်းပေးနိုင်သလဲ။

“ရင်ခွင်ထဲမှာ ချီပိုက်လိမ့်မယ်”

၅။ ဟေရှာယ ၄၀:၁၁ ကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

ပရောဖက်ဟေရှာယက ယေဟောဝါနဲ့ပတ်သက်ပြီး ဒီလိုပြောခဲ့တယ်– “ကိုယ်တော်က သူ့သိုးအုပ်ကို သိုးထိန်းလို ဂရုစိုက်စောင့်ရှောက်လိမ့်မယ်။ သိုးကလေးတွေကို လက်နဲ့ပွေ့ပိုက်ပြီး ရင်ခွင်ထဲမှာ ချီပိုက်လိမ့်မယ်။ နို့တိုက်သိုးမတွေကိုလည်း ညင်ညင်သာသာလမ်းပြလိမ့်မယ်။” (ဟေရှာ. ၄၀:၁၁ကဘ) အားနည်းနေသူတွေ ဒါမှမဟုတ် ကာကွယ်မှုလိုအပ်နေသူတွေရဲ့ လိုအပ်ရာတွေကို ယေဟောဝါ ဘယ်လိုဖြည့်ဆည်းပေးတယ်ဆိုတာ ဒီကျမ်းချက်က ဖော်ပြတယ်။ သိုးထိန်းတစ်ယောက်က သူ့သိုးအုပ်မှာရှိတဲ့ သိုးတစ်ကောင်ချင်းစီရဲ့ လိုအပ်ရာကို သိသလိုပဲ ကိုယ်တော်ဟာ အသင်းတော်မှာရှိသူ တစ်ဦးချင်းစီရဲ့ လိုအပ်ရာတွေကို သိရှိပြီး လိုလိုလားလား ကူညီပေးတယ်။ တစ်ခါတလေမှာ သိုးထိန်းက သိုးပေါက်လေးတစ်ကောင်ကို သူ့ဝတ်ရုံထဲထည့်ပြီး ပွေ့ပိုက်ထားသလို ယေဟောဝါကလည်း ကျွန်ုပ်တို့ အခက်အခဲကြုံတွေ့ရချိန်တွေမှာ နှစ်သိမ့်ပေးပြီး အထူးဂရုစိုက်စောင့်ရှောက်မှာဖြစ်တယ်။ ကိုယ်တော်ဟာ “သနားကြင်နာတတ်သည့်အဖ” ဖြစ်တယ်။—၂ ကော. ၁:၃၊ ၄

၆။ ယေဟောဝါရဲ့စံနမူနာကို အကြီးအကဲတစ်ယောက် ဘယ်လို တုပနိုင်သလဲ။

အသင်းတော်မှာရှိတဲ့ သိုးထိန်းတစ်ယောက်ဟာ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင်ဆီကနေ သင်ယူနိုင်ပါတယ်။ ယေဟောဝါလိုပဲ သိုးထိန်းတစ်ဦးဟာ သိုးတွေရဲ့လိုအပ်ရာတွေကို ဂရုစိုက်ကြည့်ရှုနေရမှာဖြစ်တယ်။ အကြီးအကဲတစ်ယောက်ဟာ သိုးတွေမှာ ဘာအခက်အခဲတွေ ရှိတယ်ဆိုတာသိရင် သူတို့ကို ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ အားပေး၊ ကူညီနိုင်တယ်ဆိုတာ သိပါလိမ့်မယ်။ (သု. ၂၇:၂၃) ဆိုလိုတာကတော့ အကြီးအကဲတစ်ယောက်ဟာ အချိန်ယူပြီး ညီအစ်ကိုညီအစ်မတွေနဲ့ စကားပြောရမယ်၊ သူတို့ပြောတာကို နားထောင်ပေးရမယ်။ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားမှာဖြစ်ပေမဲ့ အကြီးအကဲက အသင်းတော်မှာ သူ မြင်ရ၊ ကြားရတာတွေကို အာရုံစိုက်တယ်၊ ‘အားနည်းတဲ့သူတွေကို’ အချိန်ယူပြီး မေတ္တာနဲ့ကူညီပေးတယ်။—တ. ၂၀:၃၅; ၁ သက်. ၄:၁၁

၇။ (က) ယေဇကျေလနဲ့ ယေရမိအချိန်မှာ ဘုရားသခင့်သိုးတွေ ဘယ်လို ဆက်ဆံခံခဲ့ရသလဲ။ (ခ) သစ္စာမရှိတဲ့သိုးထိန်းတွေကို ယေဟောဝါ ငြင်းပယ်တာကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။

ယေဇကျေလနဲ့ ယေရမိအချိန်က သိုးထိန်းတွေရဲ့သဘောထားကို စဉ်းစားကြည့်ပါ။ အဲဒီသိုးထိန်းတွေဟာ သိုးတွေကို ကောင်းကောင်း ဂရုမစိုက်တဲ့အတွက်ကြောင့် ယေဟောဝါ သူတို့ကို ငြင်းပယ်ခဲ့တယ်။ ယေဟောဝါ ဒီလိုပြောခဲ့တယ်– “ငါ့သိုးတွေက သိုးထိန်းမရှိတဲ့အတွက် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးရဲ့ သားကောင်တွေ၊ သူတို့ရဲ့အစာတွေ ဖြစ်နေကြတယ်။ ငါ့သိုးထိန်းတွေက ငါ့သိုးတွေကို လိုက်မရှာကြဘူး။ ငါ့သိုးတွေကိုကျွေးမွေးမယ့်အစား သူတို့ချည်းပဲ စားနေကြတယ်။” သူတို့ရဲ့ခေါင်းဆောင်တွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးလို့ လူတွေ ဒုက္ခရောက်ကြရတယ်။ (ယေဇ. ၃၄:၇-၁၀ကဘ; ယေ. ၂၃:၁) ဘုရားသခင်က အဲဒီအကြောင်းရင်းတွေကြောင့်ပဲ ခရစ်ယာန်ဘောင်ခေါင်းဆောင်တွေကို ငြင်းပယ်ခဲ့တာဖြစ်တယ်။ သစ္စာမရှိတဲ့သိုးထိန်းတွေကို ယေဟောဝါ ငြင်းပယ်တာကနေ အကြီးအကဲတွေ ဘယ် အရေးကြီးတဲ့သင်ခန်းစာ သင်ယူနိုင်သလဲ။ ယေဟောဝါရဲ့သိုးတွေကို မေတ္တာနဲ့ ကောင်းစွာ ဂရုစိုက်ရမယ်ဆိုတဲ့ သင်ခန်းစာပါပဲ။

‘သင်တို့အတွက် ပုံသက်သေပြခဲ့ပြီ’

၈။ အကြီးအကဲတွေဟာ ညီအစ်ကိုတွေကို သွန်သင်ချက်ပေးတဲ့အခါ ယေရှုရဲ့စံနမူနာကို ဘယ်လို တုပနိုင်သလဲ။

လူတွေက မစုံလင်ကြလို့ အသင်းတော်ထဲက တချို့သူတွေဟာ ယေဟောဝါ သူတို့ဆီကနေ ဘာမျှော်လင့်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိကြဘူး။ သူတို့က ကျမ်းစာမူတွေနဲ့ မကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေချလာနိုင်တယ်၊ ဒါမှမဟုတ် သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေက သူတို့ မရင့်ကျက်သေးဘူးဆိုတာ ဖော်ပြနေနိုင်တယ်။ အဲဒီအခါမှာ အကြီးအကဲတွေ ဘယ်လိုလုပ်မလဲ။ တပည့်တွေအပေါ် ပြသခဲ့တဲ့ ယေရှုရဲ့စိတ်ရှည်မှုကို တုပသင့်တယ်။ တပည့်တွေဟာ နိုင်ငံတော်မှာ ဘယ်သူက အကြီးမြတ်ဆုံးဖြစ်မလဲဆိုတာကို ခဏခဏ ငြင်းခုံခဲ့ကြတယ်၊ ဒါပေမဲ့ သူတို့ကို ယေရှု ဘယ်တော့မှ ဒေါသမထွက်ခဲ့ဘူး။ သူတို့ကို ဆက်သွန်သင်ပေးပြီး နှိမ့်ချမှုတင်ပြခြင်းအကြောင်း မေတ္တာပါပါ သွန်သင်ချက်ပေးခဲ့တယ်။ (လု. ၉:၄၆-၄၈; ၂၂:၂၄-၂၇) သူတို့ရဲ့ခြေထောက်တွေကိုတောင် ဆေးပေးခြင်းအားဖြင့် နှိမ့်ချမှုရဲ့အဓိပ္ပာယ်ကို သင်ပေးခဲ့တယ်။ ယနေ့ခေတ်မှာလည်း အကြီးအကဲတွေက နှိမ့်ချမှု ပြရမှာဖြစ်တယ်။—ယောဟန် ၁၃:၁၂-၁၅ ကိုဖတ်ပါ; ၁ ပေ. ၂:၂၁

၉။ တမန်တော်တွေရဲ့ ဘယ်သဘောထားကို ယေရှု ပြုပြင်ပေးဖို့ လိုအပ်ခဲ့သလဲ။

တမန်တော်ယာကုပ်နဲ့ ယောဟန်က သိုးထိန်းတယ်ဆိုတာ သူတစ်ပါးကို လွှမ်းမိုးချုပ်ကိုင်တာဖြစ်တယ်လို့ ယူဆခဲ့တယ်။ သူတို့က နိုင်ငံတော်မှာ အရေးပါတဲ့ ရာထူးတစ်ခုကို ယေရှုဆီမှာ တောင်းခဲ့ကြတယ်။ ဒါပေမဲ့ ယေရှုက သူတို့ရဲ့သဘောထားကို ပြုပြင်ပေးဖို့ ဒီလိုပြောခဲ့တယ်– “လောကအုပ်စိုးရှင်များသည် နိုင်လိုမင်းထက်ပြုတတ်ကြောင်း၊ ကြီးမြတ်သူတို့သည် အာဏာပြတတ်ကြောင်းကို သင်တို့သိကြ၏။ သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် ကြီးမြတ်လိုသူ မည်သူမဆို သင်တို့၏အစေကိုခံရမည်။” (မ. ၂၀:၂၅၊ ၂၆) တမန်တော်တွေဟာ မိမိညီအစ်ကိုတွေအပေါ် “နိုင်လိုမင်းထက်ပြု” တာ၊ ဆိုလိုတာက တစ်ချိန်လုံး အမိန့်ပေးနေတာကို ရှောင်ရမှာဖြစ်တယ်။

၁၀။ ယေရှုဟာ သိုးအုပ်ကို ဘယ်လို ဆက်ဆံစေချင်သလဲ။ ပေါလုက ဘယ်လိုစံနမူနာကောင်း ပြခဲ့သလဲ။

၁၀ ယေရှုက သိုးအုပ်ကို မိမိ ဆက်ဆံတဲ့နည်းအတိုင်း အကြီးအကဲတွေလည်း ဆက်ဆံဖို့ မျှော်လင့်တယ်။ အကြီးအကဲတွေက ညီအစ်ကိုညီအစ်မတွေအပေါ် အရှင်သခင်လို ပြုမူဆက်ဆံမယ့်အစား သူတို့အတွက် လိုလိုလားလား အမှုဆောင်ရမှာဖြစ်တယ်။ တမန်တော်ပေါလုဟာ ယေရှုလိုပဲ တခြားသူတွေအတွက် နှိမ့်ချစွာအမှုဆောင်ခဲ့တယ်။ ဧဖက်အသင်းတော်မှာရှိတဲ့ အကြီးအကဲတွေကို သူ ဒီလိုပြောခဲ့တယ်– “ငါသည် အာရှနယ်သို့ ရောက်သောနေ့မှစ၍ သင်တို့နှင့် နေထိုင်သမျှကာလပတ်လုံး မည်သို့ကျင့်ကြံပြုမူသည်ကို သင်တို့ ကောင်းစွာသိကြ၏။ အလွန်နှိမ့်ချသောစိတ်ရှိလျက် . . . သခင်၏အမှုတော်ကို ငါဆောင်ရွက်၏။” ပေါလုဟာ “အားနည်းသောသူတို့ကို” ဘယ်လိုကူညီရမယ်ဆိုတာ အကြီးအကဲတွေကို သူ့ရဲ့ပုံသက်သေနဲ့ သင်ပေးခဲ့တယ်။ (တ. ၂၀:၁၈၊ ၁၉၊ ၃၅) မိမိဟာ ညီအစ်ကိုတွေရဲ့ ယုံကြည်ခြင်းကို အစိုးတရပြုသူမဟုတ်ဘူး၊ သူတို့ရဲ့ဝမ်းမြောက်ခြင်းအတွက် နှိမ့်ချတဲ့လုပ်ဖော်ဆောင်ဖက်သာဖြစ်တယ်လို့ ကောရိန္သုမြို့က ခရစ်ယာန်တွေကို ပြောခဲ့တယ်။ (၂ ကော. ၁:၂၄) ယနေ့ခေတ်အကြီးအကဲတွေအတွက် ပေါလုဟာ နှိမ့်ချပြီး အလုပ်ကြိုးစားတဲ့နေရာမှာ စံနမူနာကောင်းပါပဲ။

‘မှန်ကန်သောတရားစကားတော်ကို အခိုင်အမာ ကိုင်စွဲပါ’

၁၁၊ ၁၂။ ညီအစ်ကိုတစ်ယောက် ဆုံးဖြတ်ချက်ချရာမှာ အကြီးအကဲက ဘယ်လိုကူညီပေးနိုင်သလဲ။

၁၁ အသင်းတော်အကြီးအကဲတွေပေးတဲ့ သွန်သင်ချက်တွေက အမြဲပဲ “မှန်ကန်သောတရားစကားတော်” သမ္မာကျမ်းစာအပေါ် အခြေခံရမှာဖြစ်တယ်။ (တိ. ၁:၉) ဒါ့အပြင် “နူးညံ့သိမ်မွေ့သောစိတ်” နဲ့ သွန်သင်ရမယ်။ (ဂလ. ၆:၁) သိုးထိန်းကောင်းတစ်ဦးဟာ တစ်ခုခုလုပ်ဖို့ ညီအစ်ကိုတွေကို အတင်းဖိအားမပေးဘူး။ အဲဒီအစား ယေဟောဝါနဲ့ ကျမ်းစာကို ချစ်မြတ်နိုးတဲ့မေတ္တာပေါ် အခြေခံပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချတတ်ဖို့ ကူညီပေးတယ်။ ဥပမာ၊ အကြီးအကဲတစ်ယောက်ဟာ ကျမ်းစာမူတွေ ဒါမှမဟုတ် အဖွဲ့အစည်းထုတ်စာပေတွေမှာပါတဲ့ ဆောင်းပါးတစ်ခုကို ဆွေးနွေးခြင်းအားဖြင့် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့ ညီအစ်ကိုတစ်ယောက်ကို ကူညီပေးနိုင်တယ်။ ညီအစ်ကိုဟာ တခြားနည်းလမ်းနဲ့ ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာလည်း သုံးသပ်ကြည့်ဖို့ အကြီးအကဲက ပြောပြနိုင်တယ်။ အဲဒီနောက် ဆုံးဖြတ်ချက်တစ်ခု မချခင်မှာ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင့်လမ်းညွှန်မှု တောင်းခံဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြောပြနိုင်တယ်။ (သု. ၃:၅၊ ၆) ဆွေးနွေးပြီးတဲ့အခါ အကြီးအကဲက ညီအစ်ကိုကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ ပြောမှာဖြစ်တယ်။—ရော. ၁၄:၁-၄

၁၂ အကြီးအကဲတွေ လမ်းညွှန်ချက်ပေးတဲ့အခါ ကျမ်းစာကိုပဲ အခြေခံရမှာဖြစ်တယ်။ ဒါကြောင့် အကြီးအကဲတွေဟာ ကျမ်းစာကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုဖို့၊ အမြဲပဲ ကျမ်းစာအပေါ်အခြေခံပြီး သွန်သင်ဖို့ အရေးကြီးတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် အကြီးအကဲတွေဟာ သူတို့ကို ပေးအပ်ထားတဲ့ အခွင့်အာဏာထက် ဘယ်တော့မှ ပိုသုံးမိမှာ မဟုတ်ဘူး။ တကယ်ဆိုရင် သိုးတွေက သူတို့ပိုင်တာမဟုတ်ဘူး။ အသင်းတော်မှာရှိသူ ယောက်တိုင်းဟာ သူတို့ချတဲ့ဆုံးဖြတ်ချက်တွေအတွက် ယေဟောဝါနဲ့ ယေရှုရှေ့မှာ တာဝန်ယူရမှာဖြစ်တယ်။—ဂလ. ၆:၅၊ ၇၊ ၈

“သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့”

အကြီးအကဲတွေဟာ အမှုဆောင်လုပ်ငန်းအတွက် ပြင်ဆင်ရာမှာ မိသားစုကိုကူညီပေး (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃၊ ၁၄။ အကြီးအကဲတစ်ယောက်ဟာ သိုးအုပ်အတွက် ဘယ်ကဏ္ဍတွေမှာ စံနမူနာဖြစ်ရမလဲ။

၁၃ ပေတရုက အကြီးအကဲတွေကို ညီအစ်ကိုတွေအပေါ် “အစိုးတရမပြု” ဖို့ ပြောပြီးတဲ့နောက်မှာ “သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြ” ဖို့ သူတို့ကို တိုက်တွန်းခဲ့တယ်။ (၁ ပေ. ၅:၃) အကြီးအကဲတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ သိုးအုပ်အတွက် ပုံနမူနာဖြစ်နိုင်သလဲ။ အကြီးအကဲတစ်ယောက်ဖြစ်ဖို့ ပြည့်မီရမယ့် အရည်အသွေးနှစ်ခုကို စဉ်းစားကြည့်ပါ။ ပထမအရည်အသွေးတစ်ခုက သူဟာ “သမာသတိရှိသူ” ဖြစ်ရမယ်။ ဆိုလိုတာက သူဟာ ကျမ်းစာမူတွေကို ရှင်းရှင်းလင်းလင်း နားလည်ပြီး သူ့အသက်တာမှာ ဘယ်လိုလက်တွေ့ကျင့်သုံးရမယ်ဆိုတာကို သိရမယ်။ ပြဿနာတွေကြုံတွေ့ရတဲ့အခါ တည်တည်ငြိမ်ငြိမ်ရှိပြီး ဆုံးဖြတ်ချက်တွေမချခင် သေချာစဉ်းစားတယ်။ ဒုတိယအရည်အသွေးက သူဟာ “မိမိအိမ်ထောင်စုကို ကောင်းစွာဦးစီး” သူဖြစ်ရမယ်။ ဆိုလိုတာက မိသားစုရှိတဲ့ အကြီးအကဲတစ်ယောက်ဟာ ပုံသက်သေကောင်းတဲ့ ခင်ပွန်းနဲ့ ဖခင်ဖြစ်ရမယ်၊ ဘာကြောင့်လဲဆိုတော့ ‘မိမိအိမ်ထောင်စုကို မဦးစီးတတ်သူဖြစ်ရင် ဘုရားသခင်ရဲ့အသင်းတော်ကို ဘယ်လို ကြည့်ရှုစောင့်ရှောက်နိုင်မလဲ။’ (၁ တိ. ၃:၁၊ ၂၊ ၄၊ ၅) အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက ဒီအရည်အသွေးတွေရှိတဲ့ အကြီးအကဲတွေကို ယုံကြည်စိတ်ချနိုင်တယ်လို့ ယူဆကြတယ်။

၁၄ အကြီးအကဲတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်ခြင်းအားဖြင့် ယေရှုလို ပုံသက်သေကောင်းပြကြတယ်။ ယေရှုရဲ့မြေကြီးအသက်တာမှာ နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းက အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ခဲ့တယ်။ ဒီအလုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ တပည့်တွေကို သင်ပေးခဲ့တယ်။ (မာ. ၁:၃၈; လု. ၈:၁) ကြေညာသူတွေဟာ အကြီးအကဲတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ရတာကို ပျော်ကြတယ်။ သူတို့ဟာ အကြီးအကဲတွေ အရေးကြီးတဲ့ဒီအလုပ်မှာ ထက်ထက်သန်သန် ပါဝင်တာကို မြင်တွေ့ရပြီး အကြီးအကဲတွေရဲ့ ဟောပြောနည်းတွေကနေ သင်ယူနိုင်တယ်။ အကြီးအကဲတွေဟာ အလုပ်များတဲ့ကြားက သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ အချိန်နဲ့ခွန်အားတွေကို အသုံးပြုပြီး မှန်မှန်ပါဝင်တဲ့အခါ အသင်းတော်တစ်ခုလုံးလည်း အဲဒီလို ထက်သန်မှုမျိုးပြဖို့ လှုံ့ဆော်ခံရကြတယ်။ အကြီးအကဲတွေဟာ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ မှတ်ချက်တွေပေးခြင်းနဲ့ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာပါဝင်ခြင်းအားဖြင့်လည်း ပုံနမူနာကောင်းပြနိုင်တယ်။—ဧ. ၅:၁၅၊ ၁၆; ဟေဗြဲ ၁၃:၇ ကိုဖတ်ပါ။

အကြီးအကဲတွေက အမှုဆောင်လုပ်ငန်းမှာ ပုံသက်သေကောင်းပြကြ (အပိုဒ် ၁၄ ကိုကြည့်ပါ)

“အားနည်းသောသူတို့ကို ထောက်မ”

၁၅။ အကြီးအကဲတွေ သိုးထိန်းလည်ပတ်မှုလုပ်ရတဲ့ အကြောင်းရင်းတချို့က ဘာလဲ။

၁၅ သိုးထိန်းကောင်းတစ်ယောက်ဟာ ဒဏ်ရာရ ဒါမှမဟုတ် ဖျားနာနေတဲ့သိုးကို ချက်ချင်း ကူညီပေးဖို့ လုပ်ဆောင်တယ်။ အဲဒီလိုပဲ အကြီးအကဲတွေဟာ ဒုက္ခရောက်နေသူ ဒါမှမဟုတ် သွန်သင်ချက်နဲ့ အားပေးမှုလိုအပ်နေသူတွေကို ချက်ချင်းကူညီပေးဖို့လိုတယ်။ အသက်ကြီးသူတွေနဲ့ ဖျားနာသူတွေဟာ နေ့စဉ်လိုအပ်ရာအတွက် အကူအညီ လိုအပ်နိုင်တယ်၊ ဒါပေမဲ့ သူတို့ဟာ အထူးသဖြင့် ကျမ်းစာနဲ့အားပေးတာ၊ နှစ်သိမ့်ပေးတာကို လိုအပ်တယ်။ (၁ သက်. ၅:၁၄) အသင်းတော်မှာရှိတဲ့ လူငယ်တွေဟာ “လူငယ်များတွင်ဖြစ်ပေါ်တတ်သည့် အလိုဆန္ဒများ” နဲ့ တိုက်လှန်နေရတာဖြစ်နိုင်တယ်။ (၂ တိ. ၂:၂၂) အကြီးအကဲတွေဟာ သိုးထိန်းလည်ပတ်မှုတွေ လုပ်ခြင်းအားဖြင့် အသင်းတော်မှာရှိသူအားလုံးကို ကူညီပေးတယ်။ ဒီလည်ပတ်ချိန်တွေအတွင်းမှာ ညီအစ်ကိုညီအစ်မတွေ ကြုံနေရတဲ့ အခက်အခဲတွေကို သိအောင်လုပ်ပြီး သူတို့ကို ကျမ်းစာနဲ့အားပေးတယ်။ အကြီးအကဲတွေက ညီအစ်ကိုညီအစ်မတွေ လိုအပ်တဲ့အကူအညီကို ချက်ချင်းပေးတယ်ဆိုရင် ကြီးလေးတဲ့ပြဿနာများစွာကို ရှောင်နိုင်မှာဖြစ်တယ်။

၁၆။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတစ်ယောက်မှာ ကြီးလေးတဲ့ပြဿနာတစ်ခု ရှိတယ်ဆိုရင် အကြီးအကဲတွေ ဘာလုပ်နိုင်သလဲ။

၁၆ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတစ်ယောက်မှာ ကြီးလေးတဲ့ပြဿနာရှိနေပြီး ယေဟောဝါနဲ့ သူ့ရဲ့ဆက်ဆံရေးကို ထိခိုက်နိုင်တဲ့အခြေအနေ ရောက်ရှိနေတယ်ဆိုရင် ဘယ်လိုလုပ်နိုင်သလဲ။ ကျမ်းရေးသူ ယာကုပ် ဒီလိုပြောခဲ့တယ်– “သင်တို့တွင် ဖျားနာနေသူ တစ်စုံတစ်ဦးရှိသလော။ ထိုသူသည် အသင်းတော်ရှိ အသက်ကြီးသူများကို ခေါ်ပါစေ။ သူတို့သည် ယေဟောဝါဘုရား၏နာမတော်ဖြင့် သူ့ကို ဆီလိမ်းပေး၍ ဆုတောင်းပေးကြပါစေ။ သို့ပြုလျှင် ယုံကြည်ခြင်းဖြင့်တောင်းသော ဆုတောင်းချက်သည် လူနာကို ကျန်းမာစေ၍ ယေဟောဝါဘုရားသည် သူ့ကို ထစေတော်မူလိမ့်မည်။ ထို့ပြင် သူသည် အပြစ်ပြုခဲ့လျှင် ခွင့်လွှတ်ခံရလိမ့်မည်။” (ယာ. ၅:၁၄၊ ၁၅) “ဖျားနာ” နေတဲ့ညီအစ်ကိုတစ်ယောက်က “အသက်ကြီးသူ” တွေကို မခေါ်ဘူးဆိုရင်တောင် အကြီးအကဲတွေက သူ့ရဲ့အခြေအနေကို သိတာနဲ့ ချက်ချင်း ကူညီပေးသင့်တယ်။ သူတို့နဲ့အတူ ဆုတောင်းတာ၊ သူတို့အတွက်ဆုတောင်းပေးတာ၊ အခက်အခဲကြုံတွေ့ချိန်မှာ ကူညီပေးတာတွေ လုပ်နိုင်တယ်။ အဲဒါတွေက အကြီးအကဲတွေဟာ သိုးထိန်းကောင်းတွေဖြစ်ကြောင်း၊ မိမိရဲ့ညီအစ်ကိုတွေ ဘုရားသခင့်အမှုတော်မှာ ပျော်ရွှင်စွာ ဆက်ပါဝင်ဖို့ အားပေးနေသူတွေဖြစ်ကြောင်း ဖော်ပြတာဖြစ်တယ်။—ဟေရှာယ ၃၂:၁၊ ၂ ကိုဖတ်ပါ။

၁၇။ အကြီးအကဲတွေက “မဟာသိုးထိန်း” ကို တုပတဲ့အခါ အသင်းတော် ဘယ်လို အကျိုးခံစားရသလဲ။

၁၇ ခရစ်ယာန်အကြီးအကဲတွေဟာ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ သူတို့လုပ်ဆောင်သမျှမှာ “မဟာသိုးထိန်း” ဖြစ်တဲ့ ယေရှုခရစ်ကိုတုပဖို့ ကြိုးစားကြတယ်။ ဒီတာဝန်ရှိအမျိုးသားတွေရဲ့ ကူညီပေးမှုကြောင့် သိုးတွေဟာ ကျန်းမာသန်စွမ်းကြတယ်၊ ဘုရားသခင့်အမှုတော်မှာ သစ္စာရှိရှိ ဆက်ပါဝင်နိုင်ကြတယ်။ ကျွန်ုပ်တို့မှာ မေတ္တာရှိတဲ့သိုးထိန်းတွေနဲ့ အကြီးမြတ်ဆုံးသိုးထိန်း ယေဟောဝါ ရှိတဲ့အတွက် အလွန်ကျေးဇူးတင်ကြပါတယ်။