မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ကိုယ့်ဘဝမှာ ဘုရားရှိဖို့ လိုအပ်သလား

ဘုရားကို သူတို့ မေ့နေကြ

ဘုရားကို သူတို့ မေ့နေကြ

“ကိုယ့်ဘဝမှာ ဘုရားမလိုအပ်ဘူးလို့ ယူမှတ်တဲ့သူ သန်းပေါင်းများစွာရှိတယ်။ အဲဒီထဲမှာ သင်လည်းပါသလား။” ဒါဟာ မကြာသေးမီက နိုင်ငံတစ်နိုင်ငံမှာ ဘုရားတရားမဲ့အုပ်စုတစ်စု စိုက်ထူခဲ့တဲ့ ဆိုင်းဘုတ်ပေါ်က စာသားတွေ ဖြစ်ပါတယ်။ ဘဝမှာ ဘုရားမလိုဘူးလို့ သူတို့ ခံစားနေရတာ ထင်ရှားပါတယ်။

ဘုရားကို ယုံပါတယ်လို့ ဆိုတဲ့သူများစွာကလည်း ဘုရားမရှိသလိုမျိုး ဆုံးဖြတ်ချက်တွေချကြတယ်။ ကက်သလစ်ဂိုဏ်းချုပ်ဖြစ်သူ ဆာလ်ဗာတိုရီ ဖီဇီခေးလ်အာက အသင်းသားတွေကို ဒီလိုပြောခဲ့တယ်– “ငါတို့ရဲ့ဘဝပုံစံက ခရစ်ယာန်မဟုတ်တဲ့သူတွေရဲ့ ဘဝပုံစံနဲ့ တူနေလို့ အခုချိန်မှာ ငါတို့ကို ခရစ်ယာန်တွေလို့ ဘယ်သူမှ အသိအမှတ် မပြုကြတော့ဘူး။”

လူတချို့က ဘုရားအကြောင်း စဉ်းစားဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များနေကြတယ်။ ဘုရားက လူတွေကို စိတ်မဝင်စားဘူး၊ ခပ်တန်းတန်းပဲနေတဲ့အတွက် ကိုယ့်ဘ၀မှာ ဘုရားက အရေးမပါဘူးလို့ သူတို့ ယူမှတ်လာကြတယ်။ အဲဒီလိုလူတွေက ဘုရားအကြောင်း တစ်ခါမှ မစဉ်းစားကြဘူး။ သူတို့ ဒုက္ခရောက်မှသာ၊ တစ်ခုခု လိုအပ်မှသာ ဘုရားတကြတယ်။ ဘုရားကို စေလိုရာလုပ်ပေးမယ့် အစေအပါးတစ်ယောက်လိုပဲ သူတို့ သဘောထားပုံရတယ်။

တချို့က ဘာသာရေးသွန်သင်ချက်တွေကို အကျိုးမရှိဘူးလို့ ယူမှတ်ပြီး လက်တွေ့မကျင့်သုံးကြတော့ဘူး။ ဥပမာ၊ ဂျာမနီနိုင်ငံက ကက်သလစ်ဘာသာဝင် ၇၆ ရာခိုင်နှုန်းဟာ လက်မထပ်ဘဲ အတူနေတာကို လက်ခံနိုင်တယ်လို့ ရှုမြင်ကြတယ်။ အဲဒီရှုမြင်ချက်က သူတို့ရဲ့ ဘာသာရေးသွန်သင်ချက်နဲ့ရော ကျမ်းစာသွန်သင်ချက်နဲ့ပါ တခြားစီပါပဲ။ (၁ ကောရိန္သု ၆:၁၈; ဟေဗြဲ ၁၃:၄) ဘာသာရေးသွန်သင်ချက်တွေနဲ့အညီ မနေထိုင်တာက ကက်သလစ်ဘာသာဝင်တွေပဲ မဟုတ်ပါဘူး။ အသင်းသားတွေရဲ့ ဘဝပုံစံဟာ ဘုရားကို မယုံကြည်တဲ့သူတွေရဲ့ ဘဝပုံစံနဲ့ အတူတူဖြစ်နေတယ်လို့ ဘာသာတရားအသီးသီးက တရားဟောဆရာတွေ ပြောဆိုနေကြတယ်။

ဒီဥပမာတွေကြောင့် ကိုယ့်ဘဝမှာ ဘုရားရှိဖို့ လိုအပ်သလားဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာတာဖြစ်တယ်။ ဒါပေမဲ့ အဲဒီမေးခွန်းက အခုမှ ပေါ်လာတဲ့မေးခွန်း မဟုတ်ပါဘူး။ သမ္မာကျမ်းစာရဲ့ ပထမဆုံးကျမ်းမှာ အဲဒီမေးခွန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တွေ့ရှိရပါတယ်။ အဖြေရဖို့ ကမ္ဘာဦးကျမ်းမှာပါတဲ့ အဖြစ်အပျက်တွေကို ဆန်းစစ်ကြည့်ရအောင်။