မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ—ပြင်ဆင်ပေးသူနဲ့ ကာကွယ်ပေးသူ

ယေဟောဝါ—ပြင်ဆင်ပေးသူနဲ့ ကာကွယ်ပေးသူ

“ငါ့ကိုချစ်မြတ်နိုးတဲ့အတွက် သူ့ကိုကယ်တင်မယ်။ ငါ့နာမည်ကို သိတဲ့အတွက် သူ့ကိုကာကွယ်မယ်။”—ဆာ. ၉၁:၁၄ကဘ။

၁၊ ၂။ မိသားစုအခြေအနေတွေ ဘယ်လို ကွာခြားကြသလဲ။ အမှန်တရားကို ကျွန်ုပ်တို့ ဘယ်လိုနည်းတွေနဲ့ သိလာတာ ဖြစ်နိုင်သလဲ။

ယေဟောဝါက မိသားစုအစီအစဉ်ကို အစပြုခဲ့သူဖြစ်တယ်။ (ဧ. ၃:၁၄၊ ၁၅) ကျွန်ုပ်တို့အားလုံးက မိသားစုတစ်ခုထဲက ဖြစ်ပေမဲ့ အကျင့်စရိုက်တွေနဲ့ အခြေအနေတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တချို့က မိဘနဲ့အတူနေပြီး ကြီးပြင်းလာကြတယ်။ တချို့သူတွေရဲ့ မိဘတွေကျတော့ ရောဂါကြောင့်၊ မတော်တဆထိခိုက်မှု ဒါမှမဟုတ် တခြားဘေးဆိုးတစ်ခုခုကြောင့် သေဆုံးသွားကြတယ်။ တချို့ကျတော့ သူတို့ရဲ့မိဘတွေကိုတောင် မသိကြဘူး။

ကျွန်ုပ်တို့အားလုံးဟာ ယေဟောဝါကိုဝတ်ပြုတဲ့မိသားစုမှာ ပါဝင်ကြပြီး အမှန်တရားကို နည်းလမ်းမျိုးစုံနဲ့ လေ့လာသိရှိခဲ့ကြတယ်။ သင်ဟာ ကျမ်းစာလမ်းညွှန်ချက်တွေနဲ့အညီ အသက်ရှင်နေထိုင်တတ်ဖို့ မိဘတွေ သွန်သင်ဆုံးမတာကို ခံခဲ့ရတာဖြစ်နိုင်တယ်။ (တရား. ၆:၆၊ ၇) ဒါမှမဟုတ် ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကြောင့် အမှန်တရားသိလာတာ ဖြစ်နိုင်တယ်။—ရော. ၁၀:၁၃-၁၅; ၁ တိ. ၂:၃၊ ၄

၃။ ကျွန်ုပ်တို့အားလုံးမှာရှိတဲ့ တူညီချက်တစ်ခုက ဘာလဲ။

ကျွန်ုပ်တို့ရဲ့အခြေအနေတွေက တစ်ယောက်နဲ့တစ်ယောက် မတူပေမဲ့ တူတာတစ်ခုတော့ရှိတယ်။ အဲဒါကတော့ ဘုရားသခင့်စကားကို အာဒံ နားမထောင်ခဲ့လို့ ကျွန်ုပ်တို့အားလုံး မစုံလင်မှု၊ အပြစ်နဲ့ သေခြင်းကို အမွေခံခဲ့ရတယ်ဆိုတာပဲ။ (ရော. ၅:၁၂) အဲဒီလိုဖြစ်နေပေမဲ့ စစ်မှန်တဲ့ဘုရားကို ဝတ်ပြုသူတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ယေဟောဝါကို “အဖ” လို့ ခေါ်နိုင်ကြတယ်။ ရှေးခေတ်က ဘုရားသခင့်လူမျိုးဟာ “အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ဖခင်ပါ” ဆိုတဲ့စကားကို ပြောနိုင်ခဲ့ကြတယ်။ (ဟေရှာ. ၆၄:၈ကဘ) ယေရှုသင်ပေးခဲ့တဲ့ နမူနာဆုတောင်းချက်မှာလည်း “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဆိုပြီး အစပြုထားတယ်။—မ. ၆:၉

၄၊ ၅။ ကောင်းကင်ဖခင် ယေဟောဝါကိုချစ်တဲ့မေတ္တာ ပိုတိုးများလာဖို့အတွက် ဘယ်အကြောင်းတွေကို ဆွေးနွေးကြမလဲ။

ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင်ဟာ သူ့ကိုဝတ်ပြုတဲ့ သူ့မိသားစုရဲ့လိုအပ်ရာတွေကို ဂရုစိုက်ကြည့်ရှုပေးပြီး ကာကွယ်ပေးတယ်။ ဆာလံ ၉၁:၁၄ (ကဘ) မှာ ယေဟောဝါက “ငါ့ကိုချစ်မြတ်နိုးတဲ့အတွက် သူ့ [စစ်မှန်တဲ့ဘုရားကိုဝတ်ပြုသူ] ကို ကယ်တင်မယ်။ ငါ့နာမည်ကိုသိတဲ့အတွက် သူ့ကိုကာကွယ်မယ်” လို့ပြောခဲ့တယ်။ ယေဟောဝါဘုရားသခင်က မိမိရဲ့လူတွေကို ရန်သူတွေလက်ကနေ ကယ်တင်ပြီး ကာကွယ်ပေးတယ်၊ ဒါကြောင့် သူတို့ဖျက်ဆီးမခံခဲ့ရဘူး။

ယေဟောဝါကို ချစ်တဲ့မေတ္တာ ပိုတိုးများလာစေဖို့အတွက် ယေဟောဝါဟာ (၁) ပြင်ဆင်ပေးသူ၊ (၂) ကာကွယ်ပေးသူနဲ့ (၃) ကျွန်ုပ်တို့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်တယ်ဆိုတဲ့ အရေးကြီးတဲ့ အချက်သုံးချက်ကို လေ့လာကြည့်ကြစို့။ အဲဒီအချက်တွေကို လေ့လာသွားတဲ့အခါ ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးအကြောင်း၊ ကိုယ်တော့်ကို ကျွန်ုပ်တို့ရဲ့ဖခင်အဖြစ် ဘယ်လိုဂုဏ်တင်နိုင်တယ် ဆိုတဲ့အကြောင်းတွေကို သေချာစဉ်းစားကြည့်ကြစို့။ ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေကို ကိုယ်တော်ပေးမယ့် ကောင်းချီးတွေအကြောင်းလည်း စဉ်းစားသင့်တယ်။—ယာ. ၄:၈

ယေဟောဝါဟာ ကြီးမြတ်တဲ့ပြင်ဆင်ပေးသူဖြစ်

၆။ ‘ကောင်းမြတ်တဲ့ဆုကျေးဇူးရှိသမျှ’ က ယေဟောဝါပေးတာလို့ ဘာကြောင့် ပြောနိုင်သလဲ။

“ကောင်းမြတ်သော ဆုကျေးဇူး၊ ပြည့်ဝစုံလင်သော လက်ဆောင်ရှိသမျှသည် အထက်အရပ်မှဖြစ်၏။ ကောင်းကင်အလင်းတို့၏အဖထံတော်မှ သက်ရောက်တော်မူ၏” လို့ တပည့်တော်ယာကုပ်က ရေးခဲ့တယ်။ (ယာ. ၁:၁၇) အသက်ဆိုတာ ယေဟောဝါပေးတဲ့ အံ့ဖွယ်ဆုကျေးဇူးတစ်ခုပဲ။ (ဆာ. ၃၆:၉) ကျွန်ုပ်တို့ရဲ့အသက်တာကို ယေဟောဝါရဲ့အလိုတော်အတိုင်း အသုံးပြုမယ်ဆိုရင် အခုအချိန်မှာ ကောင်းချီးများစွာခံစားရပြီး အနာဂတ်ကမ္ဘာသစ်မှာလည်း ထာဝရအသက်ရမယ်။ (သု. ၁၀:၂၂; ၂ ပေ. ၃:၁၃) ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးဟာ အာဒံဆီက မစုံလင်မှု၊ အပြစ်နဲ့သေခြင်းကို အမွေခံထားရလို့ အဲဒီလို ဖြစ်နိုင်ပါ့မလား။

၇။ ဘုရားသခင်က မိမိနဲ့ လူသားတွေ ရင်းနှီးတဲ့ဆက်ဆံရေးရှိနိုင်ဖို့ ဘယ်နည်းလမ်း ပြင်ဆင်ပေးခဲ့သလဲ။

ယေဟောဝါဟာ ကျွန်ုပ်တို့ကို နည်းလမ်းများစွာနဲ့ ပြင်ဆင်ပေးသူဖြစ်တယ်။ ကိုယ်တော့်ရဲ့ မဟာကရုဏာတော်က ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ကိုယ်တော့်ကို လှုံ့ဆော်ပေးတယ်။ ကျွန်ုပ်တို့ သိရှိခဲ့ကြတဲ့အတိုင်း ကျွန်ုပ်တို့အားလုံးဟာ အပြစ်ရှိပြီး အာဒံဆီက မစုံလင်မှုကို အမွေရထားကြတယ်။ (ရော. ၃:၂၃) ဒါပေမဲ့ ယေဟောဝါက ကျွန်ုပ်တို့ကို ချစ်တဲ့အတွက်ကြောင့် ကိုယ်တော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိနိုင်တဲ့ နည်းလမ်းတစ်ခု ပြင်ဆင်ပေးထားတယ်။ တမန်တော်ယောဟန်က “ဤနည်းဖြင့် ဘုရားသခင်၏မေတ္တာသည် ငါတို့တွင် ထင်ရှား၏။ အကြောင်းမူကား သားတော်အားဖြင့် ငါတို့အသက်ရရန် ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူပြီ။ ငါတို့သည် ဘုရားသခင်ကို ချစ်သည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်အဖြစ် သားတော်ကို စေလွှတ်တော်မူ၏” လို့ရေးခဲ့တယ်။—၁ ယော. ၄:၉၊ ၁၀

၈၊ ၉။ အာဗြဟံနဲ့ ဣဇာက်အချိန်တုန်းက ယေဟောဝါဟာ ကြီးမြတ်တဲ့ပြင်ဆင်ပေးသူဖြစ်တယ်ဆိုတာ ဘယ်လိုဖော်ပြခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

ယေရှု မမွေးဖွားခင် နှစ်ပေါင်း ၁,၉၀၀ လောက်က အာဗြဟံရဲ့ဘဝမှာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ အဲဒီအဖြစ်အပျက်က ယေဟောဝါက နာခံတဲ့လူသားအားလုံးကို ထာဝရအသက် ဘယ်လိုပေးမယ်ဆိုတာ ဖော်ပြတယ်။ ဟေဗြဲ ၁၁:၁၇-၁၉ မှာ ဒီလိုဖော်ပြထားတယ်– “အာဗြဟံသည် စမ်းသပ်တော်မူခြင်းခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်မည်ပြု၏။ ကတိတော်များကို ဝမ်းမြောက်စွာရရှိသူသည် မိမိ၏တစ်ဦးတည်းသောသားကို ပူဇော်မည်ပြုလေ၏။ ‘သင်၏အမျိုးအနွယ် ဟုအခေါ်ခံရမည့်သူသည် ဣဇာက်မှဆင်းသက်လာမည်’ ဟူသော မိန့်တော်မူချက်ကိုရလျက်နှင့် ထိုသို့ပြု၏။ မိမိ၏သားကို သေခြင်းမှ ဘုရားသခင် ထမြောက်စေနိုင်သည်ဟု သူယူမှတ်၏။ ပုံဆောင်သဘောအရလည်း သူ၏သားကို သေခြင်းမှပြန်ရ၏။” အာဗြဟံက သားဣဇာက်ကို ပူဇော်ဖို့ လိုလိုလားလား ရှိခဲ့သလိုပဲ ယေဟောဝါကလည်း လူသားတွေကိုကယ်တင်ဖို့ သူ့ရဲ့သား ယေရှုခရစ်ကို လိုလိုလားလား ပူဇော်ခဲ့တယ်။ယောဟန် ၃:၁၆၊ ၃၆ ကိုဖတ်ပါ။

ဣဇာက်က သူမသေရတော့ဘူးဆိုတာ သိသွားတဲ့အခါ ဘယ်လောက် စိတ်သက်သာရာရသွားမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ သူ့အစား ယဇ်ပူဇော်ဖို့ သိုးတစ်ကောင်ကို ယေဟောဝါ ပြင်ဆင်ပေးခဲ့လို့ သူ တကယ်ကျေးဇူးတင်ခဲ့မယ်ဆိုတာ သေချာတယ်။ (က. ၂၂:၁၀-၁၃) အာဗြဟံက အဲဒီနေရာကို “ယေဟောဝါယိရေ” လို့ နာမည်ပေးခဲ့တယ်၊ အဲဒါက “ယေဟောဝါပြင်ဆင်ပေးလိမ့်မယ်” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။—က. ၂၂:၁၄

ဘုရားသခင်နဲ့ ပြန်သင့်မြတ်နိုင်တဲ့နည်းတစ်ခု

၁၀၊ ၁၁။ “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” ကို ဘယ်သူတွေ ဦးဆောင်နေသလဲ၊ အဲဒီလုပ်ငန်းကို သူတို့ ဘယ်လိုလုပ်ဆောင်ကြသလဲ။

၁၀ ကျွန်ုပ်တို့အတွက် ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာအားလုံးကို ပြန်စဉ်းစားတဲ့အခါ ယေရှုရဲ့ ပူဇော်သကာသာ မရှိဘူးဆိုရင် ဘုရားသခင်နဲ့ မိတ်ဆွေမဖြစ်နိုင်ဘူးဆိုတာ နားလည်လာတယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “တစ်ယောက်သောသူသည် လူခပ်သိမ်းအတွက် အသေခံသည်ဟု ငါတို့ယူမှတ်ကြ၏။ ထို့ကြောင့် လူခပ်သိမ်းသည် သေခဲ့ကြပြီ။ ထိုသူသည် လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံတော်မူ၍ ထမြောက်တော်မူသော သခင်အတွက် အသက်ရှင်ကြမည်အကြောင်းဖြစ်၏။”—၂ ကော. ၅:၁၄၊ ၁၅

၁၁ ပထမရာစုတုန်းက ခရစ်ယာန်တွေဟာ ဘုရားသခင်ကိုချစ်ပြီး ကိုယ်တော့်အမှုဆောင်ရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်ခဲ့တယ်၊ အဲဒါကြောင့် “ပြန်လည်သင့်မြတ်စေသည့်လုပ်ငန်း” ကို ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီလုပ်ငန်းက ဟောပြောသွန်သင်ခြင်းလုပ်ငန်းဖြစ်တယ်။ ဒီလုပ်ငန်းက လူတွေကို ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်စေပြီး ကိုယ်တော်နဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရရှိစေတယ်၊ လူတွေကို ကိုယ်တော့်သားသမီးတွေ ဖြစ်လာစေတယ်။ ယနေ့အချိန်မှာရှိတဲ့ ယေဟောဝါရဲ့ ဘိသိက်ခံကျေးကျွန်တွေဟာ အဲဒီလုပ်ငန်းကိုပဲ လုပ်ဆောင်နေကြတယ်။ သူတို့က ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ သံအမတ်များအဖြစ် အမှုဆောင်ကြတယ်။ သူတို့ရဲ့ဟောပြောခြင်းလုပ်ငန်းက ရိုးသား၊ နှိမ့်ချသူတွေကို ယေဟောဝါနဲ့ ရင်းနှီးစေပြီး ကိုယ်တော့်ကျေးကျွန်တွေ ဖြစ်လာစေတယ်။၂ ကောရိန္သု ၅:၁၈-၂၀ ကိုဖတ်ပါ; ယော. ၆:၄၄; တ. ၁၃:၄၈

၁၂၊ ၁၃။ ယေဟောဝါ ပေးထားတာတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။

၁၂ ယေဟောဝါက ကြီးမြတ်တဲ့ပြင်ဆင်ပေးသူဖြစ်တာကို အခြားသိုးတွေက ကျေးဇူးတင်တဲ့အတွက်ကြောင့် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ဘိသိက်ခံတွေနဲ့အတူ ပူးပေါင်းပါဝင်ကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်ုပ်တို့ ပါဝင်တဲ့အခါ ကောင်းမြတ်တဲ့ဆုကျေးဇူး နောက်တစ်ခုဖြစ်တဲ့ ကျမ်းစာကို အသုံးပြုကြတယ်။ (၂ တိ. ၃:၁၆၊ ၁၇) ဟောပြောခြင်းလုပ်ငန်းမှာ ကျမ်းစာကို ကောင်းစွာအသုံးပြုတာက တခြားသူတွေ ထာဝရအသက်ရအောင် အခွင့်အရေးပေးတာ ဖြစ်တယ်။ ယေဟောဝါက ကျွန်ုပ်တို့ကို သန့်ရှင်းသောစွမ်းအားတော်လည်း ပေးတယ်။ ကျွန်ုပ်တို့တစ်ယောက်ချင်းစီဟာ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ သန့်ရှင်းသောစွမ်းအားတော်အကူအညီကို အားကိုးကြတယ်။ (ဇာ. ၄:၆; လု. ၁၁:၁၃) ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်တိုင်းမှာ ဖော်ပြထားတဲ့ ဟောပြောခြင်းလုပ်ငန်းရဲ့ရလဒ်တွေက အားရှိစရာပါပဲ။ ကျွန်ုပ်တို့ရဲ့ဖခင်၊ ပြင်ဆင်ပေးရှင်ကို ချီးမွမ်းဖို့ ဒီလုပ်ငန်းမှာ ပါဝင်ရတာက ဂုဏ်ယူစရာဖြစ်ပါတယ်။

၁၃ ဘုရားသခင်က ကျွန်ုပ်တို့အတွက် အများကြီးပြင်ဆင်ပေးထားတယ်၊ ဒါကြောင့် ‘ယေဟောဝါပြင်ဆင်ပေးရာအားလုံးအတွက် ကျေးဇူးတင်ကြောင်းဖော်ပြဖို့ အမှုဆောင်လုပ်ငန်းမှာ ငါအတတ်နိုင်ဆုံး ပါဝင်နေသလား။ သတင်းကောင်းကို ထိထိရောက်ရောက် ဟောပြောတတ်သူဖြစ်လာဖို့ ငါဘာလုပ်နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကို မေးသင့်တယ်။ ဘုရားသခင် ပေးထားတဲ့အရာအားလုံးအတွက် ကျေးဇူးတင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့အသက်တာမှာ ဘုရားသခင့်နိုင်ငံတော်ကို ပထမနေရာမှာ ထားမှာဖြစ်တယ်။ အဲဒီလိုလုပ်တယ်ဆိုရင် ယေဟောဝါက ကျွန်ုပ်တို့လိုအပ်တာတွေကို အမြဲ ဖြည့်ဆည်းပေးပါလိမ့်မယ်။ (မ. ၆:၂၅-၃၃) ယေဟောဝါက ကျွန်ုပ်တို့ကို ချစ်တဲ့အတွက်ကြောင့် ကျွန်ုပ်တို့က ကိုယ်တော်နှစ်သက်တာကိုပဲ လုပ်ချင်ပြီး ကိုယ်တော့်စိတ်တော်ကို ရွှင်လန်းစေချင်ကြတယ်။—သု. ၂၇:၁၁

၁၄။ ယေဟောဝါဟာ မိမိရဲ့လူမျိုးကို ဘယ်လိုကယ်တင်ပေးသလဲ။

၁၄ ဆာလံဆရာဒါဝိဒ်က “ကျွန်တော်က ခိုကိုးရာမဲ့ပြီး ဆင်းရဲနွမ်းပါးနေတယ်။ ကျွန်တော့်ကို ယေဟောဝါ အာရုံစိုက်ပါစေ။ ကိုယ်တော်ဟာ ကျွန်တော့်ကို ကူညီတဲ့သူ၊ ကယ်ဆယ်တဲ့သူပါ” လို့ သီဆိုခဲ့တယ်။ (ဆာ. ၄၀:၁၇ကဘ) ယေဟောဝါဟာ မိမိရဲ့လူမျိုးကို အုပ်စုလိုက်အနေနဲ့ အကြိမ်ကြိမ် ကယ်တင်ခဲ့တယ်၊ အထူးသဖြင့် အပြင်းအထန်နှိပ်စက်တာ၊ ရန်မူတာတွေကို ခံရတဲ့အခါတွေမှာဖြစ်တယ်။ အဲဒီလိုခက်ခဲချိန်တွေမှာ ဆက်သစ္စာရှိဖို့ ကျွန်ုပ်တို့ လိုအပ်တာတွေကို ပြင်ဆင်ပေးလို့ ကိုယ်တော့်ကို တကယ်ကျေးဇူးတင်ကြတယ်။

ယေဟောဝါ ကာကွယ်ပေး

၁၅။ မေတ္တာရှိတဲ့ဖခင်တစ်ယောက်က သူ့ကလေးကို ဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာ ဥပမာတစ်ခုပေးပါ။

၁၅ မေတ္တာရှိတဲ့အဖေဟာ သားသမီးတွေလိုအပ်တာကိုပဲ ပြင်ဆင်ပေးတာမဟုတ်ဘူး၊ ကာကွယ်မှုလည်းပေးတယ်။ သားသမီးတွေ အန္တရာယ်ကြုံတွေ့နေပြီဆိုရင် ကယ်တင်ဖို့ ချက်ချင်းလုပ်ဆောင်တယ်။ ညီအစ်ကိုတစ်ယောက်က သူငယ်ငယ်တုန်းက သူ့အဖေ သူ့ကို ဘယ်လိုကာကွယ်ပေးခဲ့တယ်ဆိုတာ မှတ်မိနေတယ်။ သူနဲ့ သူ့အဖေက အမှုဆောင်ကနေပြန်လာတော့ စမ်းချောင်းတစ်ခုကို ဖြတ်ရတယ်။ မနက်တုန်းက မိုးအရမ်းရွာထားလို့ ချောင်းက ရေလျှံနေတယ်။ ချောင်းကိုဖြတ်ကူးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကျောက်တုံးကြီးတွေကို တစ်ခုပြီးတစ်ခုနင်းပြီး ခုန်ကျော်တာဖြစ်တယ်။ ကလေးက သူ့အဖေရှေ့ကနေ သွားနေရင်း ခြေချော်သွားလို့ ချောင်းထဲပြုတ်ကျပြီး ရေထဲ နှစ်ခါမြုပ်သွားတယ်။ သူ့အဖေက ပခုံးကနေ ချက်ချင်းဖမ်းဆွဲပြီး ကယ်လိုက်လို့ အဲဒီကလေး သိပ်ကျေးဇူးတင်ခဲ့တယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့ရဲ့ကောင်းကင်ဖခင်က ဆိုးညစ်တဲ့ဒီလောကနဲ့ အုပ်စိုးရှင်စာတန်ရဲ့ အန္တရာယ်တွေကနေ ကျွန်ုပ်တို့ကို ကာကွယ်ပေးတယ်။ ယေဟောဝါဟာ အကောင်းဆုံးကာကွယ်ပေးရှင်ပါပဲ။—မ. ၆:၁၃; ၁ ယော. ၅:၁၉

၁၆၊ ၁၇။ အစ္စရေးလူတွေ အာမလက်လူတွေကို တိုက်ခိုက်တဲ့အခါ ယေဟောဝါ ဘယ်လို ကူညီ၊ ကာကွယ်ပေးခဲ့သလဲ။

၁၆ ဘီစီ ၁၅၁၃ မှာ ယေဟောဝါဟာ မိမိရဲ့လူမျိုးကို မေတ္တာပါစွာ ကာကွယ်ပေးခဲ့တယ်။ ကိုယ်တော်ဟာ အစ္စရေးလူတွေကို ကျွန်ဘဝကနေ ကယ်ထုတ်ခဲ့ပြီး ပင်လယ်နီကိုဖြတ်တဲ့အချိန်မှာလည်း သူတို့ကို ကာကွယ်ပေးခဲ့တယ်။ အစ္စရေးလူတွေဟာ ဆိုင်းနိုင်းတောင်ကိုသွားဖို့ တောကန္တာရကိုဖြတ်ပြီးတဲ့နောက် ရေဖိဒိမ်အရပ်ကို ရောက်လာတယ်။

၁၇ ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ ပရောဖက်ပြုချက်ကြောင့် စာတန်ဟာ အကာအကွယ်မရှိပုံပေါက်နေတဲ့ အစ္စရေးလူတွေကို ဒေါသတကြီး တိုက်ခိုက်ခဲ့မှာဖြစ်တယ်။ စာတန်ဟာ အာမလက်လူတွေကို အသုံးပြုပြီး ဘုရားသခင့်လူမျိုးကို တိုက်ခိုက်ခဲ့တယ်။ (တော. ၂၄:၂၀) ယေဟောဝါက ယောရှု၊ မောရှေ၊ အာရုန်နဲ့ ဟုရတို့ကိုသုံးပြီး အစ္စရေးလူမျိုးကို ဘယ်လိုကာကွယ်ခဲ့သလဲ။ ယောရှုနဲ့ သူ့လူတွေ အာမလက်လူတွေကို တိုက်ခိုက်နေချိန်မှာ အနီးနားက တောင်ကုန်းတစ်ခုပေါ်မှာ မောရှေ၊ အာရုန်နဲ့ ဟုရတို့ ရှိနေတယ်။ မောရှေက သူ့ရဲ့လက်နှစ်ဖက်ကို ဆန့်ထားချိန်မှာ အစ္စရေးလူတွေက ရန်သူတွေအပေါ်မှာ အသာစီးရနေတယ်။ မောရှေလက်ညောင်းလာလို့ လက်မဆန့်နိုင်တော့တဲ့အခါ အာရုန်နဲ့ ဟုရက မောရှေရဲ့လက်တစ်ဖက်စီကို မ,ထားပေးတယ်။ နောက်ဆုံးမှာ ယေဟောဝါရဲ့အကူအညီ၊ ကာကွယ်မှုနဲ့ ‘ယောရှုက အာမလက်လူမျိုးနဲ့ အပေါင်းပါတွေကို ချေမှုန်းနိုင်ခဲ့တယ်။’ (ထွ. ၁၇:၈-၁၃) အဲဒီနောက်မှာ မောရှေက ယဇ်ပလ္လင်တစ်ခုတည်ပြီး “ယေဟောဝါနိဿိ” လို့နာမည်ပေးခဲ့တယ်၊ အဲဒါက “ယေဟောဝါသည် ငါ့ခိုလှုံရာဖြစ်တော်မူ၏” ဆိုတဲ့အဓိပ္ပာယ်ရှိတယ်။ထွက်မြောက်ရာ ၁၇:၁၄၊ ၁၅ ကိုဖတ်ပါ။

စာတန့်တိုက်ခိုက်မှုကနေ ကာကွယ်ခံရ

၁၈၊ ၁၉။ မကြာသေးခင်နှစ်တွေမှာ မိမိရဲ့ကျေးကျွန်တွေကို ဘုရားသခင် ဘယ်လိုကာကွယ်ပေးခဲ့သလဲ။

၁၈ ယေဟောဝါဟာ မိမိကိုချစ်တဲ့သူ၊ နာခံတဲ့သူတွေကို ကာကွယ်ပေးတယ်။ ရေဖိဒိမ်အရပ်မှာရှိတဲ့ အစ္စရေးလူတွေလိုပဲ ရန်သူတွေရဲ့အန္တရာယ်ကနေ ကာကွယ်ခံရဖို့ ဘုရားသခင်ကို ကျွန်ုပ်တို့ အားကိုးကြတယ်။ ယေဟောဝါက ကျွန်ုပ်တို့ကို အုပ်စုလိုက်အနေနဲ့ ကာကွယ်ပေးလေ့ရှိတယ်၊ မာရ်နတ်ရဲ့တိုက်ခိုက်မှုတွေကနေလည်း ကာကွယ်ပေးတယ်။ ဥပမာ၊ ခရစ်ယာန်ကြားနေမှုကြောင့် နှိပ်စက်ညှဉ်းပန်းခံရတဲ့ ညီအစ်ကိုတွေကို ဘုရားသခင် အကြိမ်ကြိမ် ကာကွယ်ပေးခဲ့တယ်။ နာဇီတွေအာဏာရခဲ့တဲ့ ၁၉၃၀ နဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ဂျာမနီနဲ့ တခြားနိုင်ငံတချို့မှာ အဲဒီအတိုင်း ဖြစ်ပျက်ခဲ့တယ်။ အဲဒီလို နှိပ်စက်ညှဉ်းပန်းချိန်မှာ ဘုရားသခင် ကာကွယ်ပေးခဲ့တဲ့ တွေ့ကြုံမှုတွေကို ဘဝအတ္ထုပ္ပတ္တိတွေနဲ့ နှစ်ချုပ်စာအုပ်မှာ ဖတ်ရတဲ့အခါ ယေဟောဝါအပေါ် ကျွန်ုပ်တို့ရဲ့ယုံကြည်အားကိုးမှု ပိုခိုင်ခံ့လာမှာဖြစ်တယ်။—ဆာ. ၉၁:၂

ခက်ခဲချိန်တွေမှာ ဆက်သစ္စာရှိဖို့ ကျွန်ုပ်တို့ကို ကူညီပေးရာမှာ ယေဟောဝါက ယုံကြည်သူချင်းတွေကိုသုံးနိုင် (အပိုဒ် ၁၈-၂၀ ကိုကြည့်ပါ)

၁၉ ယေဟောဝါဟာ အဖွဲ့အစည်းနဲ့ စာပေတွေကနေတစ်ဆင့် မေတ္တာပါသတိပေးချက်တွေ ပေးခြင်းအားဖြင့်လည်း ကျွန်ုပ်တို့ကို ကာကွယ်ပေးတယ်။ မကြာသေးခင်နှစ်တွေမှာ အဲဒီသတိပေးချက်တွေက ကျွန်ုပ်တို့ကို ဘယ်လိုကာကွယ်ပေးခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ လောက,က လိင်၊ အရက်နဲ့ ညစ်ညမ်းရုပ်ပုံစာပေတွေကို အရူးအမူးလိုက်စားနေတယ်။ ဒါပေမဲ့ ယေဟောဝါက ကိုယ်တော်နဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပျက်စီးစေနိုင်တဲ့ အရာတွေကနေ ကာကွယ်ပေးဖို့အတွက် အရေးကြီးတဲ့သတိပေးချက်တွေကို တိတိကျကျ ဖော်ပြပေးတယ်။ ဥပမာ၊ သိပ်မကြာသေးခင်ကဆိုရင် လူမှုဆက်သွယ်ရေးကွန်ရက်မှာရှိတဲ့ မကောင်းတဲ့အပေါင်းအသင်းတွေရဲ့ ထောင်ချောက်တွေကိုရှောင်ဖို့ အကြံပြုချက်တွေ ရရှိခဲ့တယ်။ *၁ ကော. ၁၅:၃၃

၂၀။ အသင်းတော်တွေမှာ ဘယ်ကာကွယ်မှုနဲ့ လမ်းညွှန်မှု ရရှိကြသလဲ။

၂၀ အဲဒီမေတ္တာပါအကြံပြုချက်တွေကို နားထောင်ပြီး ‘ယေဟောဝါရဲ့သွန်သင်မှုကို ခံယူ’ ကြောင်း ဘယ်လိုဖော်ပြနိုင်သလဲ။ ကိုယ်တော့်မိန့်မှာချက်တွေကို သေချာလိုက်နာခြင်းအားဖြင့်ဖြစ်တယ်။ (ဟေရှာ. ၅၄:၁၃) အသင်းတော်တွေဟာ လုံခြုံပြီး ကာကွယ်မှုနဲ့ လမ်းညွှန်မှုပေးနိုင်တဲ့နေရာဖြစ်တယ်။ အဲဒီမှာ အကြီးအကဲတွေက ကျမ်းစာသုံးပြီး ကျွန်ုပ်တို့ကို အကူအညီနဲ့ အကြံဉာဏ်တွေပေးတယ်။ (ဂလ. ၆:၁) ယေဟောဝါက အဲဒီ “လူ့အသွင်ဆု” တွေကိုသုံးပြီး ကျွန်ုပ်တို့ကို မေတ္တာပါပါ ဂရုစိုက်စောင့်ရှောက်တယ်။ (ဧ. ၄:၇၊ ၈) ဒါကြောင့် အကြီးအကဲတွေက အကြံဉာဏ်ပေးတဲ့အခါ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ လိုလိုလားလား နားထောင်သင့်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါ ကောင်းချီးပေးပါလိမ့်မယ်။—ဟေဗြဲ ၁၃:၁၇

၂၁။ (က) ကျွန်ုပ်တို့ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။ (ခ) လာမယ့်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၂၁ ဒါကြောင့် သန့်ရှင်းသောစွမ်းအားတော်ကို မှီခိုအားကိုးပြီး ကောင်းကင်ဖခင်ရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါ့အပြင် ယေရှုအကြောင်းကို သေချာစဉ်းစားတွေးတောပြီး သူ့ရဲ့ ပုံသက်သေကိုလည်း အတတ်နိုင်ဆုံး တုပဖို့လိုတယ်။ ယေရှုဟာ ‘အသေခံရတဲ့အထိ နာခံ’ ခဲ့တဲ့အတွက်ကြောင့် ဆုကျေးဇူးကြီးတစ်ခုကို ရရှိခဲ့တယ်။ (ဖိ. ၂:၅-၁၁) ကျွန်ုပ်တို့လည်း ယေဟောဝါကို စိတ်နှလုံးအပြည့် ယုံကြည်အားကိုးမယ်ဆိုရင် ကောင်းချီးခံစားရပါလိမ့်မယ်။ (သု. ၃:၅၊ ၆) ဘယ်သူ့ထက်မဆို ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေး၊ ကာကွယ်ပေးမယ့် ယေဟောဝါကို အမြဲ ယုံကြည်အားကိုးကြပါစို့။ ကိုယ်တော့်အမှုတော်ကို ဆောင်ခြင်းက ဂုဏ်ယူစရာဖြစ်ပြီး ကျွန်ုပ်တို့ကို ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် ယေဟောဝါဟာ ဘယ်လိုနည်းနဲ့ ကျွန်ုပ်တို့အတွက် အကောင်းဆုံးမိတ်ဆွေဖြစ်သလဲ။ ဒီမေးခွန်းရဲ့အဖြေကို လာမယ့်ဆောင်းပါးမှာ ဆွေးနွေးတဲ့အခါ ကိုယ်တော့်ကိုချစ်တဲ့ ကျွန်ုပ်တို့ရဲ့မေတ္တာ ပိုခိုင်မြဲလာပါလိမ့်မယ်။

^ အပိုဒ််၊ 19 အဲဒီသတိပေးချက်တွေကို ဩဂုတ် ၁၅၊ ၂၀၁၁ ကင်းမျှော်စင်၊ စာမျက်နှာ ၃-၅ မှာပါတဲ့ “အင်တာနက်—ကမ္ဘာအနှံ့ခရီးဆန့်နိုင်တဲ့ကိရိယာကို ပညာရှိရှိအသုံးပြုပါ” နဲ့ ဩဂုတ် ၁၅၊ ၂၀၁၂ ကင်းမျှော်စင်၊ စာမျက်နှာ ၂၀-၂၉ မှာပါတဲ့ “စာတန်ရဲ့ထောင်ချောက်တွေကို သတိပြုပါ၊” “အခိုင်အမာရပ်တည်ပြီး စာတန်ရဲ့ ထောင်ချောက်တွေကိုရှောင်ပါ” ဆိုတဲ့ဆောင်းပါးတွေမှာ တွေ့နိုင်ပါတယ်။