မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလား

သင်သိပါသလား

ရှေးခေတ်က သင်္ဘောတွေကို ရေလုံအောင် ဘယ်လိုလုပ်ခဲ့ကြသလဲ။

ရှေးခေတ်သင်္ဘောတွေအကြောင်း နှံ့နှံ့စပ်စပ်သိသူ ပါမောက္ခ လိုင်ရာနယ်လ် ခါဆဲန်ရဲ့ အဆိုအရ ရောမခေတ်က သင်္ဘောတွေ တည်ဆောက်တဲ့အခါ “သစ်သားဆက်ကြောင်းတွေကို ကတ္တရာစေးနဲ့ ပိတ်လိုက်တယ်။ တစ်ခါတလေ သင်္ဘောအပြင်တစ်ခုလုံးကို ကတ္တရာစေး ဒါမှမဟုတ် ဖယောင်းရောထားတဲ့ ကတ္တရာစေးနဲ့ သုတ်တယ်။ သင်္ဘောအတွင်းဘက်မှာလည်း ကတ္တရာစေး သုတ်တယ်။” ရောမခေတ်မတိုင်ခင် အစောပိုင်းကတည်းက အကေးဒီယန်းလူမျိုးနဲ့ ဗာဗုလုန်လူမျိုးတွေဟာ သင်္ဘောကို ရေလုံအောင်လုပ်ဖို့ ကတ္တရာစေးကို အသုံးပြုခဲ့ကြတယ်။

ဒီလိုမျိုးကတ္တရာစေးအရည်ကို ကျမ်းစာပါဒေသတွေမှာ အများအပြားတွေ့ရ

ဒီလိုနည်းနဲ့ သင်္ဘောကို ရေလုံအောင်လုပ်တဲ့အကြောင်း ကမ္ဘာဦး ၆:၁၄ မှာဖော်ပြထားပါတယ်။ တချို့ဘာသာပြန်ကျမ်းတွေက အဲဒီမှာပါတဲ့ ဟေဗြဲစကားလုံးကို “ထင်းရှူးစေး” လို့ပြန်ဆိုကြပေမဲ့ တကယ်တော့ သဘာဝအလျောက်တွေ့ရတဲ့ ကတ္တရာစေးကို ပြောနေတာဖြစ်တယ်။

ကတ္တရာစေးကို သဘာဝအလျောက် အရည်နဲ့ အခဲဆိုပြီး တွေ့နိုင်တယ်။ ရှေးခေတ်က သင်္ဘောဆောက်တဲ့အခါ ကတ္တရာစေးအရည်ကို သင်္ဘောတွေမှာ တိုက်ရိုက် သုတ်လိမ်းခဲ့ကြတယ်။ ကတ္တရာစေးရည် ခြောက်သွားတဲ့အခါ မာသွားတဲ့အတွက် သင်္ဘောထဲကို ရေမဝင်နိုင်တော့ဘူး။

ကျမ်းစာပါဒေသတွေမှာ ကတ္တရာစေးကို အများအပြားတွေ့ရတယ်။ ပင်လယ်သေနားက စိဒ္ဒိမ်ချိုင့်ဟာ “ကတ္တရာစေးတွင်းများ ပြည့်နှက်လျက်ရှိရာ” နေရာဖြစ်တယ်။—ကမ္ဘာဦး ၁၄:၁၀ခမ။

ငါးတွေ မပုပ်မသိုးအောင် ရှေးခေတ်က ဘယ်လိုလုပ်ခဲ့ကြသလဲ။

ငါးဟာ ရှေးအချိန်ကတည်းက အဓိကစားသောက်ကုန်တစ်မျိုး ဖြစ်ပါတယ်။ ယေရှုရဲ့တမန်တော်တချို့ဟာ ကိုယ်တော်နဲ့မလိုက်ခင်က ဂါလိလဲအိုင်မှာ ငါးဖမ်းသူတွေဖြစ်ကြတယ်။ (မဿဲ ၄:၁၈-၂၂) ငါးဖမ်းသမားတွေက ဖမ်းမိတဲ့ငါးတချို့ကို အနီးအနားမှာရှိတဲ့ ငါးခြောက်လုပ်တဲ့နေရာကို ယူသွားကြတယ်။

ရှေးခေတ်က အီဂျစ်ငါးဖမ်းသမားတွေရဲ့ပုံကို ဖော်ပြထားတဲ့ သစ်ထွင်းပန်းချီ

ငါးတွေ မပုပ်မသိုးအောင် ရှေးခေတ် ဂါလိလဲနယ်မှာ လုပ်ခဲ့တဲ့နည်းကို တချို့နေရာတွေမှာ ခုချိန်ထိ အသုံးပြုနေတုန်းပါပဲ။ အရင်ဆုံး ကလီစာတွေကို ထုတ်ပစ်လိုက်ပြီး ငါးကို ရေနဲ့ သေချာဆေးတယ်။ ပြီးတဲ့နောက် ဘာဆက်လုပ်သလဲဆိုတာ စာအုပ်တစ်အုပ် (Studies in Ancient Technology) မှာ ခုလိုဖော်ပြထားတယ်– “ပါးဟက်၊ ပါးစပ်နဲ့ အကြေးခွံတွေကို ဆားကြမ်းနဲ့ သေချာပွတ်တယ်။ ပြီးတော့ ဆားတစ်ထပ်၊ ငါးတစ်ထပ် စီသွားပြီး အပေါ်ဆုံးမှာ ဖျာနဲ့အုပ်လိုက်တယ်။ ၃ ရက်ကနေ ၅ ရက်လောက်အကြာမှာ အပေါ်အောက်လှန်ပြီး နောက် ၃၊ ၄၊ ၅ ရက်လောက် ပြန်ထားလိုက်တယ်။ အဲဒီလို အခြောက်ခံထားတဲ့အချိန်အတွင်း ငါးထဲကနေ ရေတွေ ထွက်သွားပြီး ဆားတွေ စိမ့်ဝင်သွားတယ်။ အခြောက်ခံပြီးနောက် ငါးတွေက မာကျောတောင့်တင်းသွားတယ်။”

ဒီလိုမျိုး မပုပ်မသိုးအောင်လုပ်ထားတဲ့ ငါးတွေဟာ ဘယ်လောက်ကြာကြာ အထားခံသလဲဆိုတာ မသိရပေမဲ့ ရှေးခေတ်အီဂျစ်ပြည်က ငါးခြောက်တွေကို ဝေးလံတဲ့ ဆီးရီးယားပြည်အထိ တင်ပို့ကြတာကိုကြည့်ရင် ဒီနည်းက အလုပ်ဖြစ်တယ်ဆိုတာတော့ သိရတယ်။