မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ဘုရားက သင့်ကို ဂရုစိုက်သလား

ဘုရားက သင့်ကို နှစ်သိမ့်ပေးနိုင်

ဘုရားက သင့်ကို နှစ်သိမ့်ပေးနိုင်

‘စိတ်ညှိုးငယ်သူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။’—၂ ကောရိန္သု ၇:၆

‘ဘုရားသခင်၏ သားတော်သည် ငါ့ကိုချစ်၍ ငါ့အတွက် ကိုယ်ကိုစွန့်တော်မူ၏။’—ဂလာတိ ၂:၂၀

လူတချို့ မယုံရတဲ့အကြောင်းရင်း– လူတချို့က နှစ်သိမ့်မှု အင်မတန်လိုအပ်နေချိန်မှာတောင် ကိုယ့်ရဲ့ပြဿနာတွေကို ဘုရားသခင် ဝင်ဖြေရှင်းပေးဖို့ တောင်းဆိုတာက တစ်ကိုယ်ကောင်းဆန်ရာကျတယ်လို့ ယူမှတ်ကြတယ်။ “ကမ္ဘာပေါ်မှာ လူတွေကလည်း အများကြီးရှိပြီး သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကလည်း ကြီးမားလွန်းတယ်။ ကျွန်မရဲ့ ပြဿနာတွေကို သူတို့ပြဿနာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမဟုတ်သလို ဖြစ်သွားတယ်။ ဒါကြောင့် ဘုရားသခင်ဆီမှာ ကျွန်မ အကူအညီမတောင်းချင်တော့ဘူး” လို့ ရာခဲလ်ဆိုတဲ့ အမျိုးသမီးက ပြောပြတယ်။

ဘုရားပြောဆိုရာ– လူတွေကို ဘုရားသခင် ကူညီနှစ်သိမ့်ပေးဖို့ ထူးခြားတဲ့နည်းနဲ့ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ကမ္ဘာမှာရှိတဲ့ လူအားလုံးဟာ အာဒံနဲ့ ဧဝဆီကနေ အပြစ်အမွေရထားတဲ့အတွက် ဘုရားသခင်ရဲ့ လမ်းညွှန်ချက်တွေကို အပြည့်အဝ မလိုက်နိုင်ကြဘူး။ ဒါပေမဲ့ ဘုရားသခင်ဟာ ‘ငါတို့ကိုချစ်၍ ငါတို့အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှာ၊ သားတော် [ယေရှုခရစ်] ကို စေလွှတ်တော်မူ၏။’ (၁ ယောဟန် ၄:၁၀သမ္မာကျမ်း) လူသားတွေ အပြစ်ခွင့်လွှတ်ခံရဖို့၊ ကြည်လင်တဲ့ ကိုယ့်ကိုယ်ကိုယ်သိစိတ်ရရှိဖို့၊ ငြိမ်းချမ်းတဲ့ကမ္ဘာသစ်မှာ ထာဝစဉ်အသက်ရှင်နိုင်ဖို့ သားတော် ယေရှုခရစ်ကို ဘုရားသခင် အသေခံစေခဲ့တယ်။ * ယေရှုအသက်ပေးဆက်ခဲ့တာက လူသားထုတစ်ရပ်လုံးရဲ့ အကျိုးအတွက်လောက်ပဲလား။ ဒါမှမဟုတ် သင်အပါအဝင် လူတစ်ဦးချင်းစီအပေါ် ဘုရားသခင် စိတ်ဝင်စားတယ်ဆိုတာကို ဖော်ပြနေတာလား။

တမန်တော်ပေါလုရဲ့ အဖြစ်ကို သုံးသပ်ကြည့်ရအောင်။ ယေရှု အသက်ပေးဆက်သွားခဲ့တာကို ပေါလု စဉ်းစားရင်း ဒီလိုရေးခဲ့တယ်– “ယခုအသက်ရှင်နေခြင်းသည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းကြောင့်ဖြစ်၏။ ကိုယ်တော်သည် ငါ့ကိုချစ်၍ ငါ့အတွက် ကိုယ်ကိုစွန့်တော်မူ၏။” (ဂလာတိ ၂:၂၀) ပေါလု ခရစ်ယာန်မဖြစ်ခင်ကတည်းက ယေရှု သေသွားခဲ့တာပါ။ ဒါပေမဲ့ ပေါလုဟာ ယေရှု စွန့်သွားတဲ့အသက်ကို သူ့အတွက် ဘုရားပေးလက်ဆောင်အဖြစ် ရှုမြင်ခဲ့တယ်။

ယေရှုစွန့်ခဲ့တဲ့အသက်ဟာ သင့်အတွက်လည်း ဘုရားပေးလက်ဆောင်ဖြစ်ပါတယ်။ သင့်ကို ဘုရားဘယ်လောက်ချစ်သလဲဆိုတာ အဲဒီလက်ဆောင်က ဖော်ပြနေပါတယ်။ အဲဒီလက်ဆောင်က သင့်ကို “ထာဝရနှစ်သိမ့်မှုနှင့် တောက်ပသော မျှော်လင့်ချက်” ပေးနိုင်ပြီး ‘ကောင်းသောအပြုအမူ၊ အပြောအဆိုရှိသမျှတို့တွင် မြဲမြံစေ’ နိုင်ပါတယ်။—၂ သက်သာလောနိတ် ၂:၁၆၊ ၁၇

ဒါပေမဲ့ ယေရှုအသက်စွန့်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်ကတည်းက ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ ဘုရားသခင်က သင်နဲ့ မိတ်ဆွေဖွဲ့ချင်တယ်ဆိုတာ ဘာအထောက်အထားရှိသလဲ။

^ စာပိုဒ်၊ 5 လူသားတွေအတွက် ယေရှုအသေခံခဲ့တဲ့အကြောင်း ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၅ ကိုဖတ်ကြည့်ပါ။