မာတိကာဆီ ကျော်သွား

“ကြိုးစား​တက်လှမ်း​နေ​သလား”

“ကြိုးစား​တက်လှမ်း​နေ​သလား”

ဖ​န​န်​ဒို * အကြီးအကျယ် စိတ်​လှုပ်ရှား​နေတာ။ အကြီးအကဲ​နှစ်ယောက်​က သူနဲ့ စကားပြော​ချင်​တယ်လို့ လာ​ပြော​လို့​ပါ။ တိုက်နယ် လည်ပတ်တာ အကြိမ်ကြိမ်​ရှိသွား​ပြီ။ အသင်းတော်မှာ အခွင့်အရေးတွေ ထပ်​ရ​ချင်​ရင် ဘာလုပ်​ရမယ့်​အကြောင်း အကြီးအကဲ​တွေ ပြော​ဖူး​တယ်။ အချိန်​ကုန်လွန်​လာတော့ ဘယ်တော့​အကြီးအကဲ ခန့်​မလဲ​လို့ သူ​စဉ်းစား​မိတယ်။ အခုလည်း တိုက်နယ် လာ​ပတ်​သွား​ပြန်​ပြီ။ အကြီးအကဲ​တွေ ဒီ​တစ်ခါ ဘာ​ပြော​မလဲ​လို့ စဉ်းစား​နေတာ။

အကြီးအကဲ​တစ်ယောက် ပြော​တာ​ကို ဖ​န​န်​ဒို ဂရုစိုက်​နားထောင်​နေတယ်။ ၁ တိမောသေ ၃:၁ ကို သူ​ရည်ညွှန်း​ပြီး ဖ​န​န်​ဒို​ကို အသင်းတော်​အကြီးအကဲ ခန့်အပ်​လိုက်တဲ့​အကြောင်း ပြောပြ​တယ်။ ဖ​န​န်​ဒို​လည်း အံ့အားသင့် ဝမ်းသာ​လို့ “ဘာ​ပြောလိုက်​သလဲ ညီအစ်ကို” ဆိုပြီး မေးတယ်။ ညီအစ်ကို​က ထပ်​ပြော​တဲ့​အခါ ဖ​န​န်​ဒို ပြုံး​မိတယ်။ အဲဒီနောက် အသင်းတော်ကို ဒီ​သတင်း ကြေညာ​တဲ့​အခါ ဝမ်းသာ​ကြတယ်။

အသင်းတော်မှာ အခွင့်အရေးတွေ ရ​ချင်​တာ​ဟာ မှား​သလား။ မမှားပါဘူး။ ၁ တိမောသေ ၃:၁ ဆို​တဲ့​အတိုင်း “ကြီးကြပ်မှူး​ဖြစ်ဖို့ ကြိုးစား​တက်လှမ်း​နေ​သူဟာ မွန်မြတ်တဲ့​အလုပ်ကို လိုလား​တဲ့​သူပဲ။” ခရစ်ယာန်​ညီအစ်ကို အတော်များများ​က အဲဒီ​အားပေး​စကား​ကို သဘောကျ​ကြ​ပြီး အသင်းတော်မှာ အခွင့်အရေးတွေ ရနိုင်ဖို့ အရည်အချင်း​ရှိအောင် ကြိုးစား​ကြတယ်။ ဒါ​ကြောင့်​လည်း စွမ်းရည်​ရှိ အကြီးအကဲ​တွေ၊ အသင်းတော် အမှုထမ်းတွေ​ရှိလို့ ဘုရား​လူမျိုးဟာ ကောင်းချီး​ခံစား​နေကြ​ရတာ။ အသင်းတော်​တွေ တိုးတက်လာ​နေလို့ ညီအစ်ကို အတော်များများ ကြိုးစား​တက်လှမ်းဖို့ လိုအပ်​နေပါတယ်။ ဘယ်လို ကြိုးစား​သင့်သလဲ။ အကြီးအကဲ​ဖြစ်လာ​ဖို့ ကြိုးစား​နေ​သူဟာ ဖ​န​န်​ဒို​လို ဘယ်တော့​များ အကြီးအကဲ​ဖြစ်​မလဲ​ဆိုပြီး တွေးပူ​နေ​သင့်​သလား။

“ကြိုးစား​တက်လှမ်း” ဆိုတာ ဘာကို​ဆိုလို​သလဲ

ဂရိ​ကြိယာ​ကနေ ပြန်ဆို​ထား​တဲ့ “ကြိုးစား​တက်လှမ်း” ဆို​တဲ့ ကျမ်းစာ အသုံးအနှုန်းဟာ အလေးအနက်​သဘောထား​နဲ့ ရ​ချင်​တဲ့ စိတ်၊ လက်လှမ်းမီ​အောင် ကြိုးစား​တာ​ကို ဆိုလို​တာ​ပါ။ ဒီလို​ပြော​တော့ အပင်​ပေါ်​က စားချင်စဖွယ် အသီး​တစ်လုံး​ကို မရ​ရအောင် လှမ်းယူ​နေ​ပုံ​ကို မြင်ယောင်မိ​မယ်။ ဒါပေမဲ့ “ကြိုးစား​တက်လှမ်း” တာ​ဟာ “ကြီးကြပ်မှူး” ဖြစ်ခွင့်​ကို ငမ်းငမ်းတက် သဘော​မျိုးနဲ့ လှမ်းယူ​နေတာ မဟုတ်ပါဘူး။ အကြောင်းကတော့ ရာထူး​တစ်ခု ရဖို့​မဟုတ်ဘဲ အကြီးအကဲ​တစ်ဦး​အဖြစ် “မွန်မြတ်တဲ့​အလုပ်” ကို လုပ်ချင်​လို့​ဖြစ်တယ်။

ဒီ​မွန်မြတ်တဲ့​အလုပ် လုပ်ချင်​သူတွေမှာ ရှိ​ရမယ့် အရည်အချင်းတွေကို ၁ တိမောသေ ၃:၂-၇ နဲ့ တိတု ၁:၅-၉ မှာ ဖော်ပြ​ထား​တယ်။ အဲဒီ အရည်အချင်း​ကောင်း​တွေ​နဲ့​ပတ်သက်ပြီး သက်တမ်းကြာ အကြီးအကဲ ရေ​မ​န် ဒီလို​ရှင်းပြတယ်။ “ကျွန်တော့်​အတွက်​တော့ ငါဟာ ဘယ်လို​လူစား​လဲ​ဆိုတာ​က အဓိက​ပါ။ ဟောပြော​သွန်သင်​ပေး​တဲ့​အရည်အချင်း​က အရေးကြီး​မှန်း​သိတယ်။ ဒါပေမဲ့ အပြစ်​ပြောစရာ​မရှိသူ၊ ပြုမူ​ကျင့်ကြံ​ပုံ အစွန်း​မ​ရောက်​သူ၊ ချင့်ချိန်​တတ်​သူ၊ စည်းစနစ်​ရှိသူ၊ ဧည့်ဝတ်​ကျေပွန်သူ၊ အကျိုးသင့် အကြောင်းသင့်​ရှိသူ ဖြစ်ဖို့​က ပို​အရေးကြီးတယ်လို့ ယူမှတ်တယ်။”

နည်း​အမျိုးမျိုးနဲ့ အသင်းတော်မှာ ပါဝင်​ပြီး ‘ကြိုးစား​တက်လှမ်း’ ပါ

“ကြိုးစား​တက်လှမ်း” ချင်​တဲ့ ညီအစ်ကို​တစ်ယောက်​ဟာ မရိုးသားတာ၊ မသန့်ရှင်းတာ မှန်သမျှကို ရှောင်​မယ်။ ဒီလိုနဲ့ အပြစ်​ပြောစရာ​မရှိသူ ဖြစ်​မယ်။ သူဟာ အစွန်း​မ​ရောက်​သူ၊ ချင့်ချိန်​တတ်​သူ၊ စည်းစနစ်​ရှိသူ၊ အကျိုးသင့် အကြောင်းသင့်​ရှိသူ ဖြစ်​မယ်။ ဒါ​ကြောင့် တခြား ညီအစ်ကို/မ​တွေ​က သူ့​ဦးစီးမှု​ကို စိတ်ချ​လက်ချ​ရှိပြီး မိမိတို့ အခက်အခဲ​ပြဿနာ​ကို ရင်ဖွင့် အကူအညီ​တောင်း​မယ်။ ဧည့်ဝတ်​ကျေပွန်သူ​ဖြစ်​တဲ့​အတွက်​လည်း လူငယ်တွေ၊ လူသစ်တွေကို အားပေး​တည်ဆောက်သူ​ဖြစ်​မယ်။ ကောင်းမြတ်​တဲ့​အရာ​ကို နှစ်သက်သူ​ဖြစ်လို့ လူနာ​နဲ့ သက်ကြီးရွယ်အို​တွေ​ကို နှစ်သိမ့်​ကူညီ​ပေး​တတ်​မယ်။ သူတစ်ပါးကို အကျိုးပြု​ချင်​လို့ ဒီ​အရည်အသွေးတွေကို ပြုစု​ပျိုးထောင်​တာ​ပါ။ အကြီးအကဲ ဖြစ်ချင်​လို့ မဟုတ်ပါဘူး။ *

အကြီးအကဲအဖွဲ့​ဟာ အကြံပြုချက်​တွေ၊ အားပေးချက်​တွေ​ကို လိုလိုလားလား​ပေး​ကြတယ်။ ကြိုးစား​တက်လှမ်း​နေ​သူတွေကလည်း ကျမ်းစာ​မှာပါတဲ့ အရည်အချင်းတွေ ပြည့်မီ​ဖို့ ကြိုးစား​ရမယ်။ အတွေ့အကြုံ​ရှိ အကြီးအကဲ ဟင်နရီ ဒီလို​ပြော​တယ်။ “ကြိုးစား​တက်လှမ်း​နေတယ်​ဆိုရင် အရည်အချင်း​ပြည့်မီ​အောင် ကြိုးစား​ပါ။ ဒေသနာ ၉:၁၀ ကို ညွှန်း​ပြီး ဘာပဲ​လုပ်​လုပ် အားသွန်ခွန်စိုက် လုပ်ပါ။ အကြီးအကဲ​တွေ ပေး​တဲ့ ဘယ်​တာဝန်ကို​မဆို အကောင်းဆုံး​လုပ်ပါ။ ကြမ်းတိုက်​တဲ့​အလုပ်​အပါအဝင် ပေး​တဲ့​အလုပ်​အားလုံး​ကို တန်ဖိုး​ထား​ပါ။ အချိန်တန်​တဲ့​အခါ ကိုယ့်​အလုပ်နဲ့ ကြိုးစား​မှု​ကို သတိထား​မိ​ပါ​လိမ့်မယ်။” တစ်နေ့ အကြီးအကဲ​ဖြစ်ချင်​တယ်​ဆိုရင် မြင့်မြတ်​တဲ့ လုပ်ငန်း​မှန်သမျှ​မှာ အလုပ်​ကြိုးစား​ပြီး ယုံကြည်​စိတ်ချ​ထိုက်​သူ​ဖြစ်အောင် လုပ်ပါ။ မာန​မကြီး​ဘဲ နှိမ့်ချ​စိတ်​ကို မွေးမြူ​သင့်တယ်။—မ. ၂၃:၈-၁၂

မသင့်တော်တဲ့ အတွေး​နဲ့ လုပ်ရပ်တွေကို ငြင်းပယ်​ပါ

အသင်းတော်မှာ အခွင့်အရေး​လိုချင်​သူတချို့​ဟာ အကြီးအကဲ​အဖွဲ့ကို မသိမသာ​နည်းနဲ့ အရိပ်အမြွက်​ပြ​တာ​မျိုး ရှိ​နိုင်တယ်။ တချို့​ကျ​တော့ အကြီးအကဲ​တွေ အကြံပေး​တာ​ကို လက်မခံ​တဲ့ ပုံစံ​မျိုး ပြ​ကြတယ်။ အဲဒီလိုလူ​မျိုး​ဟာ ‘ကိုယ့်​အကျိုးအတွက်ပဲ လိုချင်​တာ​လား၊ ယေဟောဝါ​ရဲ့ သိုး​တွေ​ကို နှိမ့်ချမှုနဲ့ ဂရုစိုက်​ချင်​တာ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

ကြိုးစား​တက်လှမ်း​သူတွေဟာ “သိုးတော်စု​ရှေ့မှာ စံနမူနာ ပြ​ကြ​ပါ” ဆို​တဲ့ အကြီးအကဲ​တွေ​မှာ ရှိ​ရမယ့် အရည်အချင်းကို မမေ့​သင့်ဘူး။ (၁ ပေ. ၅:၁-၃) အသင်းတော်ရဲ့ စံနမူနာ​ဖြစ်သူ​ဟာ မရိုးသားတဲ့ အတွေး​နဲ့ လုပ်ရပ်တွေကို ရှောင်ရမယ်။ အကြီးအကဲ​တာဝန် ရတာ​ဖြစ်ဖြစ်၊ မရသေး​တာ​ဖြစ်ဖြစ် စိတ်ရှည်​ရမယ်။ အကြီးအကဲ​ဖြစ်​သွားတာ​နဲ့ အားနည်းချက်​တွေ မရှိတော့​တာ မဟုတ်ဘူး။ (တော. ၁၂:၃။ ဆာ. ၁၀၆:၃၂၊ ၃၃) ညီအစ်ကို​တစ်ယောက်​ဟာ “မကောင်းတာ​တစ်ခု​မှ မ​လုပ်ခဲ့ဘူး​ဆို​တဲ့​အတွေး​နဲ့ စိတ်​ကြည်” နေနိုင်​ပေမဲ့ တခြား​သူတွေက သူ့ကို အမြင်စောင်း​နေတာမျိုး ဖြစ်​နိုင်တယ်။ (၁ ကော. ၄:၄) ဒါ​ကြောင့် အကြီးအကဲ​တွေ​က ကျမ်းစာ​နဲ့ အကြံပေး​လာ​ရင် လိုလိုလားလား နားထောင်​လိုက်ပါ။ အကြံပေး​တဲ့​အတိုင်း လုပ်ဆောင်ပါ။

စောင့်နေ​ရတာ ကြာနေ​ရင်​ကော

ခန့်အပ်​မခံရ​ခင် စောင့်နေ​ရတာ အကြာကြီး​ပဲ​လို့ တချို့ ယူမှတ်​ကြ​မယ်။ “ကြီးကြပ်မှူး​ဖြစ်ဖို့ ကြိုးစား​တက်လှမ်း” နေတာ နှစ်​အတော်ကြာ​လာပြီ​ဆိုတော့ စိတ်ပျက်​အားလျော့​တဲ့ အခါ​တွေ ရှိလား။ ရှိတယ်ဆိုရင် ဒီ​ကျမ်း​စကား​တွေ​ကို သတိရပါ။ “မျှော်လင့်​နေတဲ့​အရာ​က ကြန့်ကြာ​နေရင် စိတ်အား​လျော့​စေတယ်။ လိုအင်ဆန္ဒ ပြည့်ဝ​တဲ့​အခါမှာ​တော့ အသက်​ပင်​ပဲ။”—ပ. ၁၃:၁၂

ကိုယ်​လိုချင်​တဲ့ ပန်းတိုင် မ​ရောက်​နိုင်​ပုံ ပေါက်​တဲ့​အခါ စိတ်အား​လျော့​နိုင်တယ်။ အာဗြဟံ အဲဒီလို ခံစား​ခဲ့​ရတယ်။ သားတစ်ယောက်​ပေး​မယ်လို့ ယေဟောဝါ ကတိပြု​ခဲ့​ပေ​မယ့် နှစ်​အတော်ကြာ သူနဲ့​စာရာ ကလေး​မရသေး​ဘူး။ (က. ၁၂:၁-၃၊) အသက်ကြီး​လာတဲ့ အာဗြဟံ အခုလို​ပြော​ခဲ့တယ်။ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော့်​မှာ သားသမီး​မရှိတော့ ကိုယ်တော်​ပေး​မယ့်​ဆု​ကို ဘယ်လို​လုပ် ရနိုင်​ပါ့​မလဲ။” ယေဟောဝါ​က သားတစ်ယောက်​ပေး​ပြီး ကတိ​ပြည့်စုံ​စေမယ်​လို့ အာမခံခဲ့တယ်။ ဒါပေမဲ့ အနည်းဆုံး ၁၄ နှစ်​ကျော်​ကြာ​မှ ကတိတော်​ပြည့်စုံ​လာတယ်။—က. ၁၅:၂-၄။ ၁၆:၁၆။ ၂၁:၅

အာဗြဟံ​က စောင့်ဆိုင်း​နေစဉ်​အတွင်း ပျော်ရွှင်မှု ပျောက်ဆုံး​ခဲ့​သလား။ မပျောက်ဆုံး​ခဲ့​ဘူး။ ဘုရား​ပေး​တဲ့ ကတိတော်​ကို သူ​တစ်ခါ​မှ သံသယ​မဝင်​ခဲ့​ဘူး။ ဆက်​ပြီး စောင့်မျှော်​ခဲ့တယ်။ တမန်တော်​ပေါလု ဒီလို ရေးခဲ့တယ်။ “အာဗြဟံ​က စိတ်ရှည်ရှည် စောင့်ဆိုင်း​ပြီး​တဲ့​နောက် အဲဒီ​ကတိ​အတိုင်း ခံစား​ခဲ့​ရတယ်။” (ဟီ. ၆:၁၅) သစ္စာ​ရှိသူ အာဗြဟံဟာ အတိုင်း​ထက်​အလွန် ကောင်းချီး ခံစား​ခဲ့​ရတယ်။ သူ့ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

သင်ဟာ အကြီးအကဲ​အဖြစ် အမှုဆောင်​ချင်​ပေ​မယ့် နှစ်​အတော်ကြာ​တဲ့​အထိ ဖြစ်​မလာ​သေး​ဘူးဆို​ရင်တောင် ယေဟောဝါ​ကို ဆက်​ယုံကြည်​နေပါ။ အမှုတော်​ဆောင်​ရာ​မှာ ဆက်​ပျော်ရွှင်​နေပါ။ ဘုရားရေးရာ​မှာ ဆက်​ပြီး​တိုးတက်​နေဖို့ ညီအစ်ကို​အများကြီး​ကို ကူညီ​ပေး​ခဲ့​သူ ဝေါ်​ရန် အခုလို ရှင်းပြတယ်။ “တာဝန်​တစ်ခု​ကို ယူဖို့ အရည်အချင်း​ရှိမရှိ သိရ​အောင် အချိန်​လိုတယ်။” ညီအစ်ကို​တစ်ယောက်​ရဲ့ လုပ်ရည်ကိုင်ရည်၊ သဘောထား၊ တာဝန်​ထမ်းဆောင်​ပုံ​ကို အချိန်​ကြာ​လာ​လေ သိမြင်​လာ​ရလေပဲ။ အခွင့်ထူး​ရ​မှ အောင်မြင်သူ​ဖြစ်တယ်လို့ တချို့ ယူမှတ်​ကြတယ်။ အဲဒီလို​စဉ်းစား​တာ​ဟာ နည်း​မမှန်တဲ့​အပြင် ဒါကိုပဲ စွဲလမ်း​တမ်းတ​နေ​နိုင်တယ်။ ဘယ်မှာပဲ နေပါ​စေ၊ ဘာ​တာဝန်ကို​ပဲ လုပ်ကိုင်​နေပါ​စေ ယေဟောဝါ အမှုတော်ကို သစ္စာရှိ​ရှိ ဆောင်ရွက်​နေမယ်​ဆိုရင် သင်ဟာ အောင်မြင်​တဲ့​သူ ပါ​ပဲ။

ညီအစ်ကို​တစ်ယောက်​ဆိုရင် အကြီးအကဲ​ခန့်အပ်​ခံရ​ဖို့ ဆယ်နှစ်​ကျော် စောင့်ဆိုင်း​ခဲ့​ရတယ်။ ယေဇကျေလကျမ်း အခန်းကြီး ၁ ထဲ​က လူသိ​များတဲ့ သရုပ်ဖော်ပုံ​ကနေ သူ​ရတဲ့ သင်ခန်းစာ​ကို ဒီလို ပြောပြ​တယ်။ “ယေဟောဝါ​က သူ့ရဲ့ ရထား​ဖြစ်​တဲ့ အဖွဲ့အစည်း​ကို ကြိုက်​တဲ့​နှုန်း​နဲ့ မောင်းနှင်​နေတယ်။ ကျွန်တော်​တို့​ရဲ့ အချိန်​မဟုတ်ဘဲ ယေဟောဝါ​ရဲ့ အချိန်​က​သာ အရေးကြီး​တာ​ပါ။ အကြီးအကဲ​ဖြစ်ဖို့​နဲ့​ပတ်သက်ပြီး ကျွန်တော် ဖြစ်ချင်​တာ၊ လိုချင်​တာ​က အရေး​မကြီး​ဘူး။ ကျွန်တော်​လိုချင်​တာ​က ကျွန်တော်​လိုအပ်​နေတာ ဟုတ်​ချင်​မှ ဟုတ်​မယ်​ဆိုတာ​ကို ယေဟောဝါ​သိလို့​ပဲ။”

ခရစ်ယာန်​အကြီးအကဲ​ဖြစ်ချင်​လို့ တက်လှမ်း​နေတယ်​ဆိုရင် အသင်းတော်မှာ ပျော်ရွှင်​စည်းလုံးမှု​ရှိဖို့ ကြိုးစား​ပါ။ ကြန့်ကြာ​နေ​ပုံ ပေါက်​ရင်တောင် စိတ်မပျက်​ပါ​နဲ့။ စိတ်ရှည်ပါ။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ရေ​မ​န် အခုလို​ပြော​တယ်။ “ရည်မှန်းချက် ကြီးခြင်း​ဟာ ရောင့်ရဲခြင်း​ရဲ့ ရန်သူ​ပဲ။ အမြဲတမ်း စိတ်ပျက်​အားလျော့ နေ​သူဟာ ဘုရားသခင့် အမှုဆောင်မှာ မပျော်ရွှင်​တော့​ဘူး။ ဘုရားသခင့်​စွမ်းအားတော်​အရည်အသွေး၊ အထူးသဖြင့် စိတ်ရှည်ခြင်း​ကို မွေးမြူပါ။ ကျမ်းစာ​ကို​ဖတ်ရှု​လေ့လာ​ပြီး ဘုရား​နဲ့ ပို​ရင်းနှီး​လာအောင် လုပ်ပါ။ သတင်းကောင်း​ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​လုပ်ငန်းမှာ တိုးချဲ့​ပါဝင်​ပါ။ ဘုရားရေးရာ​လုပ်ငန်းဆောင်တာ​နဲ့ မိသားစု​ဝတ်ပြုမှု​မှာ ဦးဆောင်​ပါ။ ညီအစ်ကို/မ​တွေ​နဲ့ ပေါင်းသင်း​ရတဲ့ အခွင့်အရေးတွေကို တန်ဖိုး​ထား​ပါ။ ကိုယ့်​ပန်းတိုင်​ကို ရောက်​ဖို့ တက်လှမ်း​လေ ပျော်ရွှင်​လေ​ပဲ။

အသင်းတော်မှာ အခွင့်ထူး​တွေ​ရဖို့ ကြိုးစား​တက်လှမ်း​နေခြင်း​ဟာ ယေဟောဝါ​ဆီက ကောင်းချီး​တစ်ခု​ပါ။ ဘုရား​ရော အဖွဲ့အစည်း​က​ပါ တက်လှမ်း​နေ​သူတွေ စိတ်ပျက်​သွားတာ၊ မပျော်ရွှင်​တော့​တာ​မျိုး မဖြစ်စေ​ချင်ဘူး။ စိတ်ရင်းမှန်​နဲ့ အမှုဆောင်​သူအား​လုံး​ကို ဘုရား​ထောက်မ​ပြီး ကောင်းချီး​ပေးတယ်။ ဘုရား​ရဲ့ ကောင်းချီး​တွေ​မှာ “နာကျင်​စ​ရာတွေ မ​ရော​ဘူး” ဆိုတာ အမှန်ပါပဲ။—ပ. ၁၀:၂၂

ကြိုးစား​တက်လှမ်း​တာ ကြာ​နေပြီ​ဆိုရင်တောင် ဆက်​တိုးတက်စရာ ရှိ​နေပါ​သေး​တယ်။ အရည်အချင်း​ပြည့်မီ​ဖို့၊ အသင်းတော်မှာ ကြိုးစား​နေရင်း မိသားစုကိုလည်း ဂရုစိုက်​နေတာကို ယေဟောဝါ ဘယ်တော့မှ မေ့​မှာ​မဟုတ်ဘူး။ ဘာ​တာဝန်​ပဲ​ရ​ရ ယေဟောဝါ​အမှုတော်ကို ပျော်ရွှင်စွာ ထမ်းဆောင်​နိုင်​ကြ​ပါစေ။

^ အပိုဒ်၊ 2 အမည်​လွှဲ​ထား။

^ အပိုဒ်၊ 8 ဒီ​ဆောင်းပါး​မှာ​ဖော်ပြ​ထား​တဲ့ မူတွေဟာ အသင်းတော်​အမှုထမ်း ဖြစ်ချင်​သူတွေနဲ့​လည်း သက်ဆိုင်​ပါ​တယ်။ သူတို့မှာ ရှိ​ရမယ့် အရည်အချင်းတွေကို ၁ တိမောသေ ၃:၈-၁၀၊ ၁၂၊ ၁၃ မှာ တွေ့​နိုင်​ပါ​တယ်။