အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း

ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲ —အပိုင်း ၁

ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာ စတင်အုပ်ချုပ်သလဲ —အပိုင်း ၁

အခုဖော်ပြမယ့် ဆွေးနွေးခန်းက ယေဟောဝါသက်သေတစ်ဦးနဲ့ အိမ်ရှင်တစ်ဦးတို့ ပြောဆိုတတ်တဲ့ ဆွေးနွေးခန်း ဖြစ်ပါတယ်။ သက်သေခံရဲ့ နာမည်ကို ဦးထွန်းဝင်းနဲ့ အိမ်ရှင်ရဲ့နာမည်ကို ဦးဝေယံလို့ ဆိုကြပါစို့။

သိနားလည်နိုင်ဖို့ ဆက်ကြိုးစားပါ

ဦးထွန်းဝင်း– ကျွန်တော်တို့ ကျမ်းစာပုံမှန်ဆွေးနွေးနေရတာ ဝမ်းသာပါတယ်။ a ပြီးခဲ့တဲ့တစ်ခေါက်က ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ခင်ဗျားမေးထားတာရှိတယ်။ ယေဟောဝါသက်သေတွေဟာ ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် စတင်အုပ်ချုပ်တယ်လို့ ဘာကြောင့် ယုံကြည်ကြတာလဲဆိုတဲ့ မေးခွန်းမဟုတ်လား။

ဦးဝေယံ– ဟုတ်တယ်။ ခင်ဗျားတို့ရဲ့ စာပေတစ်ခုမှာ ဘုရားသခင့်နိုင်ငံတော်က ၁၉၁၄ ခုနှစ်ကနေစပြီး အုပ်ချုပ်တယ်လို့ ဖော်ပြထားတာကို ဖတ်လိုက်ရတယ်။ ခင်ဗျားတို့ရဲ့ ယုံကြည်ချက်တွေက ကျမ်းစာပေါ် အခြေခံထားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။

ဦးထွန်းဝင်း– ဟုတ်ပါတယ်။

ဦးဝေယံ– ကျမ်းစာတစ်အုပ်လုံးကို ကျွန်တော် ဖတ်ပြီးပြီ။ ဒါပေမဲ့ ၁၉၁၄ ခုနှစ်အကြောင်း ပြောထားတဲ့ ကျမ်းချက်တစ်ချက်တောင် မတွေ့ရဘူး။ အင်တာနက်မှာရှိတဲ့ ကျမ်းစာမှာ ၁၉၁၄ လို့ ရိုက်ပြီး ရှာကြည့်တော့လည်း ဘာမှ ပေါ်မလာဘူး။

ဦးထွန်းဝင်း– ခင်ဗျား တော်တော်ကြိုးစားတာပဲ။ ကျမ်းစာတစ်အုပ်လုံးကို ဖတ်ပြီးပြီဆိုတော့ ခင်ဗျားက ဘုရားရဲ့စကားကို တော်တော်နှစ်သက်တဲ့သူဆိုတာ သိသာတယ်။

ဦးဝေယံ– ဟုတ်တယ်။ ကျမ်းစာဖတ်ရတာ ကျွန်တော်ကြိုက်တယ်။

ဦးထွန်းဝင်း– နောက်တစ်ချက်က ခင်ဗျားသိချင်တဲ့ မေးခွန်းတွေကို ကျမ်းစာကနေပဲ အဖြေရှာတာကလည်း တကယ်ကောင်းတယ်။ သိနားလည်နိုင်ဖို့ ဆက်ကြိုးစားနေပါလို့ ကျမ်းစာမှာ အားပေးထားတယ်။ b အဲဒီအတိုင်း ခင်ဗျား ကြိုးစားအားထုတ်ခဲ့တာပဲ။

ဦးဝေယံ– ဒါပေမဲ့ ကျွန်တော် ကျမ်းစာအကြောင်း ထပ်သိချင်တယ်။ တကယ်တော့ ၁၉၁၄ ခုနှစ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အခုလေ့လာနေတဲ့ စာအုပ်ထဲမှာ ရှာကြည့်သေးတယ်။ အဲဒီမှာ ဘုရင်တစ်ပါးရဲ့ အိပ်မက်အကြောင်းပါတယ်။ သစ်ပင်ကြီးတစ်ပင် ခုတ်လှဲခံလိုက်ရပြီး ပြန်ပေါက်လာတဲ့အကြောင်းလို့ ထင်တာပဲ။

ဦးထွန်းဝင်း– မှန်တာပေါ့။ အဲဒါက ဒံယေလ အခန်းကြီး ၄ မှာ မှတ်တမ်းတင်ထားတဲ့ ကြိုဟောချက်ပဲ။ အဲဒီမှာ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာရဲ့ အိပ်မက်အကြောင်းကို ဖော်ပြထားတယ်။

ဦးဝေယံ– ဟုတ်တယ်။ ဒီအကြောင်းကို ကျွန်တော် ခဏခဏပြန်ဖတ်ဖြစ်တယ်။ အမှန်အတိုင်းပြောရရင် ဒီအကြောင်းနဲ့ ဘုရားရဲ့နိုင်ငံတော် ဒါမှမဟုတ် ၁၉၁၄ ခုနှစ်က ဘယ်လိုဆက်စပ်မှုရှိသလဲဆိုတာတော့ နားမလည်နိုင်ဘူး။

ဦးထွန်းဝင်း– ကိုဝေယံ နားမလည်တာ မထူးဆန်းပါဘူး။ ပရောဖက်ဒံယေလကိုယ်တိုင်တောင် ဘုရားရဲ့လမ်းညွှန်မှုနဲ့ ဒီကြိုဟောချက်ကို ရေးသားခဲ့ပေမဲ့ အဓိပ္ပာယ်ကို သေချာနားမလည်ခဲ့ဘူး။

ဦးဝေယံ– ဟုတ်ရဲ့လား။

ဦးထွန်းဝင်း– ဟုတ်တယ်။ ဒံယေလ ၁၂:၈ မှာ “ထိုစကားကို ငါကြား၍နားမလည်” ဘူးလို့ ရေးထားတယ်။

ဦးဝေယံ– အင်း၊ စိတ်ဝင်စားစရာပဲ။

ဦးထွန်းဝင်း– ဒံယေလ ဘာကြောင့် နားမလည်ခဲ့သလဲဆိုတော့ ဒံယေလကျမ်းထဲက ကြိုဟောချက်တွေကို လူတွေနားလည်နိုင်ဖို့ ဘုရားဖွင့်ပြမယ့်အချိန် မရောက်သေးလို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့အချိန်မှာတော့ နားလည်နိုင်ပါပြီ။

ဦးဝေယံ– ဘာလို့ အဲဒီလို ပြောနိုင်တာလဲ။

ဦးထွန်းဝင်း– ကောင်းပြီ။ နောက်အခန်းငယ်ကို ဆက်ဖတ်ကြည့်ရအောင်။ ဒံယေလ ၁၂:၉ မှာ “ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင်ပိတ်၍ တံဆိပ်ခတ်ထားလျက်ရှိ၏” လို့ ရေးထားတယ်။ ဒါကြောင့် ဒီကြိုဟောချက်တွေက “အမှုကုန်ရသည့် ကာလ၊” တစ်နည်းပြောရရင် နောက်ဆုံးကာလရောက်မှ နားလည်နိုင်မှာဖြစ်တယ်။ အခု ကျွန်တော်တို့ အသက်ရှင်နေတဲ့ကာလက နောက်ဆုံးကာလပဲ။ ဒါကိုဖော်ပြတဲ့ အထောက်အထားတွေကိုတော့ နောက်မှဆွေးနွေးကြရအောင်။ c

ဦးဝေယံ– ဒါဆို ဒံယေလရဲ့ ကြိုဟောချက်အကြောင်း ရှင်းပြပေးပါလား။

ဦးထွန်းဝင်း– ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားရှင်းပြပေးပါ့မယ်။

နေဗုခဒ်နေဇာရဲ့ အိပ်မက်

ဦးထွန်းဝင်း– အရင်ဆုံး နေဗုခဒ်နေဇာရဲ့ အိပ်မက်အကြောင်း အကျဉ်းချုပ်ပြောပြချင်တယ်။ ပြီးမှ အဓိပ္ပာယ်ကို ဆွေးနွေးကြရအောင်။

ဦးဝေယံ– ကောင်းပါပြီ။

ဦးထွန်းဝင်း– နေဗုခဒ်နေဇာက အိပ်မက်ထဲမှာ ကောင်းကင်အထိရောက်တဲ့ ဧရာမသစ်ပင်ကြီး တစ်ပင်ကို တွေ့တယ်။ ပြီးတဲ့အခါ ဒီသစ်ပင်ကို ခုတ်လှဲဖို့၊ သစ်ငုတ်ကိုတော့ ချန်ထားဖို့ ဘုရားရဲ့ ကောင်းကင်တမန်တစ်ပါး မိန့်မှာတာကို သူကြားတယ်။ “ခုနစ်ကာလ” ကြာပြီးတဲ့အခါ သစ်ပင် ပြန်ပေါက်လာမှာဖြစ်တယ်။ d ဒီကြိုဟောချက်က အစပိုင်းမှာတော့ ဘုရင်နေဗုခဒ်နေဇာနဲ့ပဲ သက်ဆိုင်တယ်။ ဒီဘုရင်က ကောင်းကင်အထိရောက်တဲ့ သစ်ပင်ကြီးလိုမျိုး ကျော်စောတဲ့ဘုရင်ဖြစ်ပေမဲ့ “ခုနစ်ကာလ” ခုတ်လှဲခံရမှာဖြစ်တယ်။ ဘာဆက်ဖြစ်လဲဆိုတာ ခင်ဗျား မှတ်မိလား။

ဦးဝေယံ– မမှတ်မိဘူးဗျ။

ဦးထွန်းဝင်း– နေဗုခဒ်နေဇာက ခုနစ်ကာလ၊ တစ်နည်းအားဖြင့် ခုနစ်နှစ် စိတ်ဖောက်ပြန်သွားတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ အဲဒီအချိန်အတွင်း ဘုရင်အနေနဲ့ သူ မအုပ်ချုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ခုနစ်ကာလ ပြီးသွားတဲ့အခါမှာတော့ နေဗုခဒ်နေဇာဟာ စိတ်ပုံမှန်ပြန်ဖြစ်လာပြီး ပြန်အုပ်ချုပ်နိုင်ခဲ့တယ်။ e

ဦးဝေယံ– ခင်ဗျားပြောပြတာတွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းက ဘုရားသခင့်နိုင်ငံတော် ဒါမှမဟုတ် ၁၉၁၄ ခုနှစ်နဲ့ ဘာဆိုင်လို့လဲ။

ဦးထွန်းဝင်း– အတိုချုပ်ပြောရရင် ဒီကြိုဟောချက်မှာ ပြည့်စုံမှု နှစ်ခုရှိတယ်။ ဘုရင်နေဗုခဒ်နေဇာရဲ့ အုပ်ချုပ်မှု ခဏပြတ်တောက်သွားတာက ပထမပြည့်စုံချက်ပဲ။ ဒုတိယပြည့်စုံချက်က ဘုရားသခင်ရဲ့ အုပ်ချုပ်မှု ခဏပြတ်တောက်သွားတာနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် ဒီကြိုဟောချက်ရဲ့ ဒုတိယပြည့်စုံချက်က ဘုရားသခင့်နိုင်ငံတော်နဲ့ ဆက်စပ်နေတယ်။

ဦးဝေယံ– ဒီကြိုဟောချက်မှာ ဒုတိယပြည့်စုံချက်က ဘုရားသခင့်နိုင်ငံတော်နဲ့ ဆက်စပ်နေတယ်လို့ ဘာလို့ ပြောနိုင်တာလဲ။

ဦးထွန်းဝင်း– တစ်ချက်အနေနဲ့ ဒီကြိုဟောချက်ကိုယ်နှိုက်က ဘုရားသခင့်နိုင်ငံတော်နဲ့ သက်ဆိုင်တယ်ဆိုတာကို အရိပ်အမြွက်ဖော်ပြထားတယ်။ ဒံယေလ ၄:၁၇ မှာ ‘အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသောသူတို့အား ပေးတော်မူသည်ကိုလည်းကောင်း သတ္တဝါတို့သိနားလည်’ စေဖို့ ဒီကြိုဟောချက်ကိုပေးတယ်လို့ ဖော်ပြထားတယ်။ “လောကီနိုင်ငံ” ဆိုတာကို တခြားဘာသာပြန်ကျမ်းတွေမှာ “လူတို့နိုင်ငံများ” လို့ ဘာသာပြန်ထားတယ်။ လူတို့နိုင်ငံတွေကို ဘယ်သူအုပ်စိုးတယ်လို့ ဖော်ပြထားသလဲ။

ဦးဝေယံ– “အမြင့်ဆုံးသောဘုရား” လို့ ဖော်ပြထားတယ်။

ဦးထွန်းဝင်း– မှန်ပါတယ်။ ဒါကြောင့် ဒီကြိုဟောချက်က ဘုရင်နေဗုခဒ်နေဇာအကြောင်းပဲ ပြောနေတာမဟုတ်ဘူး။ လူတို့နိုင်ငံကိုအုပ်စိုးတဲ့ ဘုရားသခင့် အုပ်ချုပ်မှုနဲ့လည်း သက်ဆိုင်နေတယ်။ ဒံယေလကျမ်းရဲ့ တခြားကြိုဟောချက်တွေကို ကြည့်မယ်ဆိုရင်လည်း ဒီအချက်မှန်တယ်ဆိုတာ နားလည်နိုင်ပါတယ်။

ဦးဝေယံ– ဘယ်ကြိုဟောချက်တွေလဲ။

ဒံယေလကျမ်းရဲ့ အဓိကအကြောင်းအရာ

ဦးထွန်းဝင်း– ဒံယေလကျမ်းမှာ အဓိကအကြောင်းအရာတစ်ခုကို ခဏခဏ ဖော်ပြထားတယ်။ အဲဒါကတော့ ယေရှုအုပ်ချုပ်မယ့် ဘုရားရဲ့နိုင်ငံတော် တည်ထောင်မယ်ဆိုတဲ့ အကြောင်းပဲ။ ဥပမာ၊ ဒံယေလ အခန်းကြီး ၂ မှာပါတဲ့ ကြိုဟောချက်ကို ဖွင့်ကြည့်ရအောင်။ အခန်းငယ် ၄၅ ရဲ့ အလယ်ပိုင်းကို ခင်ဗျား ဖတ်ပေးနိုင်မလား။

ဦးဝေယံ– ရပါတယ်။ “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”

ဦးထွန်းဝင်း– ကျေးဇူးတင်ပါတယ်။ ဒီအခန်းငယ်က ဘယ်နိုင်ငံအကြောင်း ပြောနေတာဖြစ်မလဲ။

ဦးဝေယံ– အင်း၊ သေချာမသိဘူးဗျ။

ဦးထွန်းဝင်း– “ပျက်စီးခြင်းသို့ မရောက်နိုင်” တဲ့နိုင်ငံလို့ ပြောတဲ့အတွက် လူ့အုပ်စိုးရှင်တွေရဲ့နိုင်ငံ ဖြစ်နိုင်ပါ့မလား။

ဦးဝေယံ– မဖြစ်နိုင်ဘူးထင်တယ်။

ဦးထွန်းဝင်း– ဟုတ်တယ်။ ဒါက ဘုရားနိုင်ငံကို ပြောနေတာဖြစ်တယ်။ ဒံယေလကျမ်းမှာပဲ ဘုရားနိုင်ငံတော်အကြောင်းပြောထားတဲ့ နောက်ထပ်ကြိုဟောချက်တစ်ခု ရှိသေးတယ်။ အဲဒါကို ဒံယေလ ၇:၁၃၊ ၁၄ မှာ တွေ့နိုင်တယ်။ ခုလို ဖတ်ရတယ်– “အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကိုအုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်ရာ။” ခုနကဖတ်သွားတဲ့ ကျမ်းချက်နဲ့ တူတဲ့အချက်တွေကို သတိထားမိသလား။

ဦးဝေယံ– ဒီကျမ်းချက်ကလည်း နိုင်ငံတော်အကြောင်း ပြောနေတာပဲ။

ဦးထွန်းဝင်း– မှန်တယ်။ ထူးခြားတာက ဒီနိုင်ငံဟာ “အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကိုအုပ်စိုး” မှာဖြစ်တယ်။ တစ်နည်းပြောရရင် ဒီနိုင်ငံတော်က ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မှာဖြစ်တယ်။

ဦးဝေယံ– ဒီကျမ်းချက်ကို အရင်က သတိမထားမိခဲ့ဘူး။ ခင်ဗျားပြောတာမှန်တယ်။

ဦးထွန်းဝင်း– “အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်ရာ” လို့လည်း ကြိုပြောထားတယ်။ ဒီအချက်က စောစောကဖတ်သွားတဲ့ ဒံယေလ ၂:၄၄၊ ၄၅ မှာပါတဲ့ ကြိုဟောချက်နဲ့ မတူဘူးလား။ ဒါကြောင့် ဒီကြိုဟောချက်ကလည်း ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောနေတာပဲ။

ဦးဝေယံ– ဟုတ်သားပဲ။

ဦးထွန်းဝင်း– ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေကို အတိုချုပ် ပြန်သုံးသပ်ကြည့်ရအောင်။ ဒံယေလ အခန်းကြီး ၄ မှာပါတဲ့ ကြိုဟောချက်ကို ဖော်ပြရတဲ့အကြောင်းရင်းက “အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်” ဆိုတဲ့အချက်ကို လူတွေ သိစေဖို့ဖြစ်တယ်။ ဒီစကားတွေကိုယ်နှိုက်က ဒီကြိုဟောချက်ဟာ နေဗုခဒ်နေဇာအတွက်ပဲမဟုတ်ဘဲ အကြီးစားပြည့်စုံချက် ရှိသေးတယ်ဆိုတာ ဖော်ပြနေတယ်။ အဲဒီအပြင် ဒံယေလကျမ်းတစ်ကျမ်းလုံးမှာလည်း သားတော်ယေရှုအုပ်ချုပ်မယ့် ဘုရားသခင့်နိုင်ငံတော် တည်ထောင်မယ့်အကြောင်း ကြိုဟောချက်တွေကို တွေ့နိုင်တယ်။ ဒီအချက်တွေကိုကြည့်ရင် ဒံယေလအခန်းကြီး ၄ မှာပါတဲ့ ကြိုဟောချက်ဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်းကိုပဲ ပြောနေတာ ဖြစ်ရမယ်မဟုတ်လား။

ဦးဝေယံ– ဟုတ်ပါပြီ။ ဒါပေမဲ့ ၁၉၁၄ ခုနှစ်နဲ့ ဘယ်လို ဆက်စပ်နေလို့လဲ။

‘ခုနစ်ကာလ ကုန်လွန်သွားပါစေ’

ဦးထွန်းဝင်း– ဘုရင်နေဗုခဒ်နေဇာအကြောင်း ကျွန်တော်တို့ ပြန်ကြည့်ရအောင်။ ကြိုဟောချက်မှာပါတဲ့ သစ်ပင်ကြီးက ဦးဆုံးအနေနဲ့ နေဗုခဒ်နေဇာကို တင်စားပါတယ်။ သစ်ပင်ခုတ်လှဲခံလိုက်ရတဲ့ ခုနစ်ကာလက ဘုရင်စိတ်ဖောက်ပြန်လို့ သူ့ရဲ့အုပ်ချုပ်မှု ပြတ်တောက်သွားတဲ့ အချိန်ကာလတစ်ခုကို ဖော်ပြတယ်။ ဘုရင်နေဗုခဒ်နေဇာ စိတ်ပုံမှန်ပြန်ဖြစ်ပြီး ပြန်အုပ်ချုပ်တဲ့အချိန်မှာ အဲဒီခုနစ်ကာလ ကုန်ဆုံးသွားတယ်။ ကြိုဟောချက်မှာပါတဲ့ သစ်ပင်ကြီးက ဒုတိယအနေနဲ့ ဘုရားရဲ့ အုပ်ချုပ်မှုကို တင်စားတယ်။ သစ်ပင်ခုတ်လှဲခံလိုက်ရတာက ဘုရားရဲ့အုပ်ချုပ်မှု အချိန်အတိုင်းအတာတစ်ခုအထိ ပြတ်တောက်သွားမှာကို ဖော်ပြနေတယ်။ ဘုရားဘက်က ချို့ယွင်းချက်တစ်ခုခုရှိလို့ ပြတ်တောက်သွားတာတော့ မဟုတ်ဘူး။

ဦးဝေယံ– ဘာကို ဆိုလိုတာလဲ။

ဦးထွန်းဝင်း– ကျမ်းစာခေတ်တုန်းက ဂျေရုဆလင်မြို့မှာ အုပ်ချုပ်ခဲ့ကြတဲ့ အစ္စရေးဘုရင်တွေကို “ထာဝရဘုရား၏ ရာဇပလ္လင်တော်ပေါ်မှာ” ထိုင်တယ်လို့ ပြောကြတယ်။ f သူတို့က ဘုရားကို ကိုယ်စားပြုပြီး အစ္စရေးလူတွေကို အုပ်ချုပ်နေတယ်။ ဒါကြောင့် ဒီဘုရင်တွေရဲ့ အုပ်ချုပ်မှုက ဘုရားရဲ့အုပ်ချုပ်မှုကို ကိုယ်စားပြုတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဘုရင်အများစုက ဘုရားကို ပုန်ကန်ခဲ့ပြီး တိုင်းသူပြည်သား အများစုကလည်း သူတို့ရဲ့ မကောင်းတဲ့လမ်းစဉ်ကို လိုက်ခဲ့ကြတယ်။ အစ္စရေးလူတွေရဲ့ မနာခံမှုကြောင့် ဘီစီ ၆၀၇ မှာ ဂျေရုဆလင်မြို့ကို ဗာဗုလုန်လူမျိုး သိမ်းပိုက်တာကို ဘုရားခွင့်ပြုလိုက်တယ်။ အဲဒီအချိန်ကနေစပြီး ဂျေရုဆလင်မြို့မှာ ဘုရားကိုကိုယ်စားပြုတဲ့ ဘုရင်တွေ မရှိတော့ဘူး။ တစ်နည်းအားဖြင့် ဘုရားရဲ့အုပ်ချုပ်မှု ခဏပြတ်တောက်သွားတယ်။ ကျွန်တော်ပြောတာတွေကို ခင်ဗျား သဘောပေါက်မယ်လို့ ထင်ပါတယ်။

ဦးဝေယံ– အင်း၊ သဘောပေါက်ပါတယ်။

ဦးထွန်းဝင်း– ဒါကြောင့် ဘီစီ ၆၀၇ က ခုနစ်ကာလရဲ့ အစဖြစ်တယ်။ တစ်နည်းအားဖြင့် ဘုရားရဲ့ အုပ်ချုပ်မှု ခဏတာပြတ်တောက်သွားတဲ့ အချိန်ရဲ့ အစဖြစ်တယ်။ ခုနစ်ကာလ ကုန်ဆုံးသွားတဲ့အခါ ဘုရားကိုကိုယ်စားပြုတဲ့ အုပ်စိုးရှင်အသစ်ကို ကိုယ်တော်ပြန်ခန့်အပ်မှာဖြစ်တယ်။ ဒီတစ်ခါမှာတော့ မြေကြီးပေါ်ကမဟုတ်ဘဲ ကောင်းကင်မှာရှိတဲ့သူကို ဘုရင်အဖြစ် ခန့်အပ်မှာဖြစ်တယ်။ အဲဒီအချိန်မှာ ဒံယေလကျမ်းပါ တခြားကြိုပြောချက်တွေလည်း ပြည့်စုံလာပါလိမ့်မယ်။ ဒါဆို မေးစရာမေးခွန်းက ခုနစ်ကာလရဲ့အဆုံးက ဘယ်တော့လဲ။ ဒီအဖြေကို သိမယ်ဆိုရင် ဘုရားသခင့်နိုင်ငံတော် ဘယ်အချိန်မှာစပြီး အုပ်ချုပ်သလဲဆိုတာကိုလည်း သိနိုင်မှာဖြစ်တယ်။

ဦးဝေယံ– ဒါဆိုရင် ခုနစ်ကာလရဲ့အဆုံးက ၁၉၁၄ ခုနှစ်လား။

ဦးထွန်းဝင်း– အတိအကျပဲ။

ဦးဝေယံ– ဒါပေမဲ့ ၁၉၁၄ ခုနှစ်မှာ ခုနစ်ကာလ ကုန်ဆုံးတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်တာလဲ။

ဦးထွန်းဝင်း– ယေရှုက သူ့ရဲ့ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်းမှာ ဒီခုနစ်ကာလက မကုန်ဆုံးသေးဘူးဆိုတာ ဖော်ပြခဲ့တယ်။ g အဲဒီအတွက် ခုနစ်ကာလက တော်တော်ကြာတဲ့ အချိန်ကာလ ဖြစ်ရမယ်။ ဒီခုနစ်ကာလက ယေရှုမြေကြီးပေါ်မလာခင် နှစ်ပေါင်းရာနဲ့ချီကတည်းက စတင်ခဲ့ပြီး ယေရှု ကောင်းကင်ပြန်သွားပြီး တော်တော်ကြာတဲ့အထိလည်း ဆက်ရှိနေသေးတယ်။ နောက်ပြီး ဒံယေလရဲ့ ကြိုဟောပြောချက်တွေက “အမှုကုန်ရသည် ကာလတိုင်အောင်” နားလည်မှာမဟုတ်ဘူးဆိုတဲ့ အချက်ကိုလည်း မမေ့ပါနဲ့။ h ၁၉၀၀ ခုနှစ်ပြည့်ခါနီးမှာ စိတ်ရင်းမှန်တဲ့ ကျမ်းစာကျောင်းသားတွေက ဒီကြိုဟောချက်နဲ့ တခြားကြိုဟောချက်တွေကို စိတ်ဝင်တစားနဲ့ သေချာဆန်းစစ်ခဲ့ကြတယ်။ ဒါကြောင့် ခုနစ်ကာလက ၁၉၁၄ ခုနှစ်မှာ ကုန်ဆုံးသွားတယ်ဆိုတာ သူတို့ သဘောပေါက်လာခဲ့ကြတယ်။ ကမ္ဘာချီဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကလည်း ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော် ကောင်းကင်မှာ စတင်အုပ်ချုပ်ပြီဆိုတာ ပိုခိုင်မာစေတယ်။ အဲဒီအချိန်ကစပြီး နောက်ဆုံးသောနေ့ရက်တွေ အစပြုခဲ့ပါတယ်။ ဒီအချက်အလက်အသစ်တွေကို နားလည်နိုင်ဖို့ ခင်ဗျား အချိန်ယူပြီး လေ့လာရလိမ့်မယ်။

ဦးဝေယံ– အင်း၊ ဒီအကြောင်းကို ကောင်းကောင်းနားလည်နိုင်ဖို့ နောက်တစ်ခေါက် သေချာပြန်ဖတ်ကြည့်ရမယ်။

ဦးထွန်းဝင်း– ကျွန်တော်လည်း ဒီကြိုဟောချက်တွေနဲ့ ပြည့်စုံချက်တွေအကြောင်း နားလည်နိုင်ဖို့ အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ အခုလိုဆွေးနွေးလိုက်တဲ့အခါ ဘုရားသခင့်နိုင်ငံတော်နဲ့ပတ်သက်ပြီး ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်က ကျမ်းစာအပေါ် အခြေခံထားတယ်ဆိုတာ ခင်ဗျား သဘောပေါက်သွားမှာပါ။

ဦးဝေယံ– သေချာတာပေါ့။ ခင်ဗျားတို့ရဲ့ ယုံကြည်ချက်တွေက ကျမ်းစာအပေါ် အခြေခံထားလို့ ကျွန်တော် အမြဲတမ်း လေးစားပါတယ်။

ဦးထွန်းဝင်း– ခင်ဗျားလည်း ကိုယ့်ရဲ့ယုံကြည်ချက်တွေကို ကျမ်းစာအပေါ် အခြေခံချင်တာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့သလိုပဲ တစ်ခါတည်းနဲ့တော့ အကြောင်းအရာ အကုန်လုံးကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ခင်ဗျားမှာ နောက်ထပ်သိချင်တဲ့မေးခွန်းတွေ ရှိမှာပဲ။ ဥပမာ၊ ခုနစ်ကာလက ဘုရားနိုင်ငံတော်နဲ့ ဆက်စပ်နေပြီး ဘီစီ ၆၀၇ မှာ စတယ်ဆိုတာ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ ဒီခုနစ်ကာလက ၁၉၁၄ မှာ ကုန်ဆုံးသွားတယ်လို့ ဘာကြောင့် အတိအကျ ပြောနိုင်တာလဲဆိုတာ ခင်ဗျား သိချင်မှာပဲ။ i

ဦးဝေယံ– ဟုတ်တယ်။ အဲဒီမေးခွန်းကိုပဲ ကျွန်တော်သိချင်နေတာ။

ဦးထွန်းဝင်း– ခုနစ်ကာလရဲ့ ကြာချိန်အတိအကျကို နားလည်နိုင်ဖို့ ကျမ်းစာကပဲ ကျွန်တော်တို့ကို ကူညီပေးနိုင်ပါတယ်။ အဲဒီအကြောင်း နောက်တစ်ခေါက်မှ ဆွေးနွေးကြရအောင်။ j

ဦးဝေယံ– ကောင်းတာပေါ့။

သင်သိချင်တဲ့ ကျမ်းစာအကြောင်းအရာ တစ်ခုခုများ ရှိပါသလား။ ယေဟောဝါသက်သေတွေရဲ့ ယုံကြည်ချက်တစ်ခုခု ဒါမှမဟုတ် ဘာသာရေးဓလေ့ထုံးစံ တစ်ခုခုကို သိချင်ပါသလား။ သိချင်တယ်ဆိုရင် သူတို့နဲ့တွေ့တဲ့အခါ မေးဖို့ မတွန့်ဆုတ်ပါနဲ့။ သူတို့က သင့်ကို ဝမ်းသာအားရ ပြောပြကြပါလိမ့်မယ်။

a ယေဟောဝါသက်သေတွေဟာ ကျမ်းစာလေ့လာချင်တဲ့သူတွေအတွက် အခမဲ့ကျမ်းစာလေ့လာမှုအစီအစဉ်ကို ပြုလုပ်ပေးထားပါတယ်။ ကျမ်းစာအကြောင်းအရာတွေကို ခေါင်းစဉ်အလိုက် လေ့လာတတ်ကြပါတယ်။

c ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၉ ကို ကြည့်ပါ။

g နောက်ဆုံးသောနေ့ရက်တွေနဲ့ပတ်သက်ပြီး ကြိုဟောတဲ့အခါ ယေရှု ခုလိုလည်း ပြောခဲ့တယ်– “လူမျိုးခြားတို့သည် မိမိတို့အချိန်ကာလ ပြည့်စုံသည့်တိုင်အောင် [ဘုရားရဲ့အုပ်ချုပ်မှုကို ကိုယ်စားပြုတဲ့] ဂျေရုဆလင်မြို့ကို ခြေဖြင့်နင်းကြလိမ့်မည်။” (လုကာ ၂၁:၂၄) ဒါကြောင့် ဘုရားသခင့်အုပ်ချုပ်မှုဟာ ယေရှုအချိန်မှာ ခဏပြတ်တောက်နေတယ်။ နောက်ဆုံးသောနေ့ရက်တွေ စတင်တဲ့အထိတောင် ပြတ်တောက်နေဆဲပါပဲ။

i သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ နောက်ဆက်တွဲ “၁၉၁၄ ခုနှစ်—ကျမ်းစာကြိုတင်ဟောကြားချက်မှာ ထူးခြားတဲ့နှစ်တစ်နှစ်” မှာကြည့်ပါ။

j နောက်လထုတ် ဆောင်းပါးမှာ ခုနစ်ကာလက ဘယ်လောက်ကြာသလဲဆိုတာ ရှင်းပြပေးတဲ့ ကျမ်းချက်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်။