မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားချိန်ဝယ်

ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်ပေးနိုင်ပုံ

ဝမ်းနည်းပူဆွေးနေသူတွေကို နှစ်သိမ့်ပေးနိုင်ပုံ

ချစ်ရတဲ့သူဆုံးပါးသွားလို့ ယူကျုံးမရဖြစ်နေတဲ့ မိတ်ဆွေတစ်ဦးဦးကိုမြင်ရတဲ့အခါ သင့်အနေနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ဖူးလား။ တစ်ခါတလေ ဘာပြောရမယ်၊ ဘာလုပ်ပေးရမယ်ဆိုတာမသိလို့ ရေငုံနှုတ်ပိတ်ပြီး လက်ပိုက်ကြည့်နေတာမျိုး ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ လုပ်ပေးနိုင်တဲ့ လက်တွေ့ကျ အကူအညီတွေရှိပါတယ်။

အများအားဖြင့်တော့ “စိတ်မကောင်းပါဘူး” လို့ရိုးရိုးလေးပြောပြီး သူ့အနားမှာရှိနေပေးတာနဲ့တင် လုံလောက်ပါတယ်။ ယဉ်ကျေးမှုအတော်များများမှာတော့ ဝမ်းနည်းနေသူကို ပွေ့ဖက်တာ၊ လက်ကို ဖွဖွလေးဆုပ်ကိုင်ထားတာက ဂရုစိုက်ကြောင်း ဖော်ပြရာရောက်တယ်။ ဝမ်းနည်းပူဆွေးနေတဲ့ ကျန်ရစ်သူက စကားပြောချင်တယ်ဆိုရင် ဂရုတစိုက် နားထောင်ပေးပါ။ အကောင်းဆုံးကတော့ ကျန်ရစ်သူမိသားစုက ဆန္ဒရှိမယ်ဆိုရင် သူတို့အတွက် တစ်ခုခုလုပ်ပေးနိုင်တယ်။ ချက်ပြုတ်ပေးတာ၊ ကလေးထိန်းပေးတာ၊ အသုဘကိစ္စစီစဉ်ပေးတာစတဲ့ သူတို့မလုပ်ဆောင်နိုင်တဲ့ ကိစ္စတစ်ခုခုကို ကူညီလုပ်ဆောင်ပေးပါ။ ရွှန်းရွှန်းဝေအောင်ပြောတဲ့စကားတွေထက် ကိုယ်တိုင်ကိုယ်ကျကူညီပေးတာက ပိုထိရောက်ပါတယ်။

နောက်ပိုင်းမှာ သင့်အနေနဲ့ ဆုံးပါးသွားသူရဲ့ အရည်အသွေးကောင်း ဒါမှမဟုတ် ပျော်စရာ အတွေ့အကြုံတွေအကြောင်း ပြောပြနိုင်ပါတယ်။ အဲဒီလိုပြောဆိုပေးတာက ကျန်ရစ်သူမိသားစုကို ပြုံးပျော်စေနိုင်တယ်။ ဥပမာ၊ လွန်ခဲ့တဲ့ခြောက်နှစ်က ခင်ပွန်းဖြစ်သူ အီရန်ကိုဆုံးၡုံးလိုက်ရတဲ့ ကျန်ရစ်သူဇနီးသည် ပမ် ခုလိုပြောပြတယ်– “တစ်ခါတလေ လူတွေက အီရန်နဲ့ပတ်သက်ပြီး ကျွန်မတောင်မကြားဖူးတဲ့ သူ့ကောင်းကြောင်းတွေ ပြောပြကြတယ်၊ အဲဒီလိုကြားရတိုင်း ကျွန်မ သိပ်ပျော်တယ်။”

ကျန်ရစ်သူတွေဟာ ဖြစ်ဖြစ်ချင်းမှာ အကူအညီများစွာရပေမဲ့ မိတ်ဆွေတွေလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သူတို့ကို သိပ်မကြာခင်မှာ မေ့သွားကြတယ်လို့ လေ့လာမှုမှတ်တမ်းတစ်ရပ်က ဖော်ပြတယ်။ ဒါကြောင့် စျာပနပြီးရင်တောင် ဝမ်းနည်းပူဆွေးနေတဲ့ မိတ်ဆွေတွေကို ပုံမှန်ဆက်သွယ်ပေးပါ။ * ကြာရှည်ဝမ်းနည်းပူဆွေးနေတာတွေ လျော့ပါးအောင် သင်ပြုလုပ်ပေးတာကို သူတို့ တန်ဖိုးထားလေးမြတ်ကြပါတယ်။

အမေဆုံးပြီး ၁၅ လအကြာမှာ အစ်မဖြစ်သူပါ ဆုံးသွားလို့ ယူကျုံးမရဖြစ်နေရှာတဲ့ ဂျပန်နိုင်ငံက မိန်းမငယ်လေးခါအိုရီရဲ့ အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ အဖြစ်ဆိုးတွေကိုခံရပ်နိုင်အောင် မိတ်ဆွေရင်းချာတွေက သူ့ကို ဆက်ဖေးမကူညီပေးကြတယ်။ သူ့ထက် အသက်အများကြီးကြီးတဲ့ ရေဆူခိုက သူငယ်ချင်းကောင်းတစ်ဦးလို ရင်းရင်းနှီးနှီးပေါင်းသင်းပေးတယ်။ ခါအိုရီ ခုလိုပြောပြတယ်– “ပွင့်ပွင့်လင်းလင်းပြောရရင် သူ အဲဒီလိုလုပ်ပေးတာကို ကျွန်မ မကြိုက်ဘူး။ ကျွန်မအမေရဲ့နေရာမှာ အစားဝင်ယူတာမျိုး မလိုချင်ဘူး၊ ဘယ်သူ့ကိုမှလည်း အစားမထိုးနိုင်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ရေဆူခိုရဲ့ အမေတစ်ယောက်လို ပြုမူဆက်ဆံပုံကြောင့် ကျွန်မတို့ ရင်းနှီးလာတယ်။ အပတ်တိုင်း ကျွန်မတို့ အတူတူ သတင်းကောင်းဟောကြတယ်၊ ခရစ်ယာန်အစည်းအဝေးတွေ အတူတက်ကြတယ်။ သူနဲ့အတူ လက်ဖက်ရည်သောက်ဖို့ ကျွန်မကိုဖိတ်တယ်၊ အစားအစာတွေ ဝယ်လာပေးတယ်၊ စာတွေ ပို့စကတ်တွေလည်း ခဏခဏပို့ပေးတယ်။ ရေဆူခိုက စိတ်ရင်းကောင်းလွန်းလို့ ကျွန်မ အများကြီး အကျိုးခံစားခဲ့ရတယ်။”

ခါအိုရီရဲ့အမေဆုံးသွားတာ ၁၂ နှစ်တောင်ကြာခဲ့ပြီ၊ အခု ခါအိုရီနဲ့သူ့ခင်ပွန်းဟာ ဘုရားအလုပ်ကို အချိန်ပြည့်လုပ်ဆောင်နေကြပါတယ်။ ခါအိုရီ ခုလိုပြောတယ်– “ရေဆူခိုက ကျွန်မအတွက် ခုထက်ထိ စိုးရိမ်ပေးနေတုန်းပဲ။ ကျွန်မ အိမ်ပြန်တိုင်း သူ့ဆီ အမြဲသွားလည်တယ်၊ သူနဲ့ပေါင်းသင်းရတာ ကျွန်မ သိပ်ကြိုက်တယ်။”

ဆက်လက်ကူညီဖေးမမှုတွေကြောင့် အကျိုးခံစားရသူနောက်တစ်ဦးကတော့ ဆိုက်ပရပ်စ်ကျွန်းမှာနေထိုင်တဲ့ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ပေါ်လီပါ။ ပေါ်လီရဲ့ ကြင်နာတတ်တဲ့ခင်ပွန်းလည်းဖြစ်၊ ခရစ်ယာန်အကြီးအကဲလည်းဖြစ်တဲ့ ဆိုဇို့စ်ဟာ မိဘမဲ့တွေ၊ မုဆိုးမတွေကို မကြာခဏ အိမ်ခေါ်ဖိတ်ပြီး ကျွေးမွေးတယ်။ (ယာကုပ် ၁:၂၇) ဝမ်းနည်းစရာက ဦးနှောက်အကျိတ်ရောဂါကြောင့် ဆိုဇို့စ်ဟာ အသက် ၅၃ နှစ်မှာ ကွယ်လွန်သွားတယ်။ “၃၃ နှစ်လုံးလုံး ကျွန်မအပေါ် သစ္စာရှိရှိပေါင်းသင်းခဲ့တဲ့ ခင်ပွန်းကို ကျွန်မ ဆုံးၡုံးလိုက်ရတယ်” ဆိုပြီး ပေါ်လီပြောပြတယ်။

ဝမ်းနည်းပူဆွေးနေသူတွေကို ကိုယ်တိုင်ကိုယ်ကျ ကူညီပေးနိုင်မယ့်နည်းတွေ ရှာဖွေပါ

စျာပနပြီးတဲ့နောက် ပေါ်လီဟာ ၁၅ နှစ်အရွယ် အငယ်ဆုံးသားဒန်နီယယ်ကိုခေါ်ပြီး ကနေဒါနိုင်ငံကို ပြောင်းခဲ့တယ်။ အဲဒီမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တစ်ခုနဲ့ ဆက်သွယ်ပူးပေါင်းတယ်။ သူ ပြန်ပြောပြတာက– “အသင်းတော်အသစ်က မိတ်ဆွေတွေဟာ ကျွန်မရဲ့အတိတ်နဲ့ ခက်ခဲတဲ့အခြေအနေတွေကို ဘာတစ်ခုမှ မသိကြဘူး။ ဒါပေမဲ့လည်း သူတို့က ကျွန်မဆီချဉ်းကပ်ပြီး ကြင်ကြင်နာနာ နှစ်သိမ့်ပေးကြတယ်၊ အကူအညီပေးကြတယ်။ သားလေး သူ့အဖေကိုလိုအပ်နေချိန်မှာ သူတို့ပေးတဲ့အကူအညီတွေက တကယ့်ကို တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ အသင်းတော်မှာဦးဆောင်နေတဲ့သူတွေက ဒန်နီယယ်ကို စိတ်ဝင်တစား ရှိကြတယ်။ မိတ်ဆွေတွေနဲ့ ပေါင်းဖွဲ့စားသောက်တဲ့အခါ၊ ဘောလုံးကစားတဲ့အခါတွေမှာလည်း ဒန်နီယယ်ကို ချန်မထားကြဘူး။” အခုတော့ သူတို့သားအမိနှစ်ယောက် အဆင်ပြေနေပါပြီ။

ဝမ်းနည်းပူဆွေးနေသူတွေကို ကူညီပေးနိုင်မယ့်၊ အားပေးနှစ်သိမ့်နိုင်မယ့် နည်းလမ်းအများကြီး ရှိပါတယ်။ စိတ်ချမ်းမြေ့စရာ တောက်ပတဲ့အနာဂတ်မျှော်လင့်ချက်အားဖြင့်လည်း ကျမ်းစာက ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးပါတယ်။

^ စာပိုဒ်၊ 6 တချို့က ကာယကံရှင်အတွက် နှစ်သိမ့်မှုအလိုအပ်ဆုံးအချိန်ဖြစ်နိုင်တဲ့ ဆုံးသွားတဲ့ရက် ဒါမှမဟုတ် အဲဒီမတိုင်ခင်မှာ နှစ်သိမ့်ပေးနိုင်ဖို့ ဆုံးသွားတဲ့ရက်စွဲကို ပြက္ခဒိန်မှာ မှတ်သားထားကြတယ်။