မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ယေရှု ဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ

ဒါက တကယ့်အဖြစ်အပျက်လား

ဒါက တကယ့်အဖြစ်အပျက်လား

အေဒီ ၃၃၊ နွေဦးပေါက်အချိန်မှာ နာဇရက်မြို့သား ယေရှု ကွပ်မျက်ခံလိုက်ရတယ်။ ဘုရားသခင်ကို အကြည်အညိုပျက်စေတယ်လို့ မဟုတ်မမှန် စွဲချက်တင်၊ မညှာမတာ ရိုက်နှက်ပြီး သူ့ကို သစ်တိုင်မှာသံနဲ့ရိုက်ခဲ့ကြတယ်။ နာကျင်မှုဒဏ်ကို မချိမဆံ့ခံစားပြီး သေဆုံးသွားရှာတယ်။ ဒါပေမဲ့ သူ့ကို ဘုရားသခင် အသက်ပြန်ရှင်စေခဲ့တယ်၊ နောက်ပိုင်း ရက် ၄၀ အကြာမှာ ယေရှု ကောင်းကင်ကိုပြန်ကြွသွားတယ်။

ထူးခြားတဲ့ဒီမှတ်တမ်းကို ဓမ္မသစ်ကျမ်းလို့လူတွေခေါ်ဆိုကြတဲ့ ဂရိကျမ်းစောင်တွေထဲက ခရစ်ဝင်ကျမ်းလေးကျမ်းမှာ ဖော်ပြထားတယ်။ ဒါတကယ့်အဖြစ်အပျက်လား။ ဒီမေးခွန်းက မေးသင့်မေးထိုက်တဲ့၊ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ အဲဒါတွေသာ တကယ်မဖြစ်ခဲ့ရင် ခရစ်ယာန်ယုံကြည်ချက်က အဓိပ္ပာယ်လုံးဝမရှိတော့တဲ့အပြင် သာယာလှပတဲ့ကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ခွင့်မျှော်လင့်ချက်ကလည်း အိပ်မက်မျှသာ ဖြစ်သွားပါလိမ့်မယ်။ (၁ ကောရိန္သု ၁၅:၁၄) ဒါပေမဲ့ ဒါတွေသာ တကယ်ဖြစ်ခဲ့ရင်တော့ လူသားတွေအတွက် တောက်ပတဲ့မျှော်လင့်ချက်ရှိလာပြီး သင်လည်းပဲ အကျိုးခံစားနိုင်မှာဖြစ်တယ်။ ဒါဆို ခရစ်ဝင်ကျမ်းမှတ်တမ်းတွေက ဖြစ်ရပ်မှန်လား၊ ယုံတမ်းစကားလား။

အချက်အလက်အမှန်က ဘာဖော်ပြ

စိတ်ကူးယဉ်ဒဏ္ဍာရီ ပုံပြင်တွေနဲ့မတူဘဲ ခရစ်ဝင်ကျမ်းမှတ်တမ်းတွေမှာ အသေးစိတ်ကအစ အတိအကျဖော်ပြထားတယ်။ ဥပမာ၊ ကျမ်းစာမှာ တကယ်ရှိခဲ့တဲ့နေရာတွေရဲ့နာမည် အများကြီးပါပြီး အဲဒီနေရာအတော်များများကို ဒီနေ့ထက်တိုင် သွားရောက်လည်ပတ်နိုင်တယ်။ တကယ်တည်ရှိခဲ့တဲ့လူတွေအကြောင်း ဖော်ပြထားပြီး အချက်အလက်တွေဟာ မှန်ကန်ကြောင်း သမိုင်းပညာရှင်တွေလည်း ထောက်ခံတယ်။—လုကာ ၃:၁၊ ၂၊ ၂၃

ပထမရာစုနဲ့ ဒုတိယရာစုအချိန်က စာရေးဆရာတွေဟာ ယေရှုအကြောင်း ရေးသားဖော်ပြခဲ့ကြတယ်။ * ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်းတင်ထားတဲ့ ယေရှုကွပ်မျက်ခံခဲ့ရပုံနဲ့ အဲဒီခေတ်က ရောမတွေအသုံးပြုတဲ့ ကွပ်မျက်နည်းတွေဟာ တစ်ပုံစံတည်းပဲ။ ဒါ့အပြင် အဖြစ်အပျက်တွေကို အမှန်အတိုင်း ပွင့်လင်းမြင်သာစွာ ဖော်ပြပေးထားတယ်။ တပည့်တချို့ရဲ့ အားနည်းချက်တွေအကြောင်းတောင် ပါတယ်။ (မဿဲ ၂၆:၅၆; လုကာ ၂၂:၂၄-၂၆; ယောဟန် ၁၈:၁၀၊ ၁၁) အဲဒီအချက်တွေအရ ခရစ်ဝင်ကျမ်းရေးသူတွေဟာ ယေရှုအကြောင်း အတိအကျ၊ ရိုးရိုးသားသား ရေးသားဖော်ပြခဲ့မှန်း သိနိုင်တယ်။

ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းကကော

ယေရှု အသက်ရှင်နေထိုင်ပြီး သေဆုံးသွားခဲ့တယ်ဆိုတာကို အများစုလက်ခံကြပေမဲ့ အသက်ပြန်ရှင်လာတာကိုတော့ တချို့မယုံကြဘူး။ တမန်တော်တွေတောင်မှ ကိုယ်တော် အသက်ပြန်ရှင်လာတဲ့အကြောင်း စ,စချင်းကြားရချိန်မှာ မယုံနိုင်ခဲ့ကြဘူး။ (လုကာ ၂၄:၁၁) ဒါပေမဲ့ တမန်တော်တွေနဲ့ တခြားတပည့်တွေဟာ ရှင်ပြန်ထမြောက်လာသူယေရှုကို အချိန်နေရာအမျိုးမျိုးမှာ တွေ့မြင်ရတဲ့အခါ လုံးဝသံသယရှင်းသွားတယ်။ တစ်ကြိမ်မှာ ကိုယ်တော်ဟာ မျက်မြင်သက်သေ ၅၀၀ ကျော်ရှေ့ ကိုယ်ထင်ရှားပြခဲ့တယ်။—၁ ကောရိန္သု ၁၅:၆

ဖမ်းဆီးချုပ်နှောင်၊ ကွပ်မျက်ခံရနိုင်ပေမဲ့ တပည့်တွေဟာ ယေရှုရှင်ပြန်ထမြောက်ပြီဆိုတဲ့အကြောင်း လူအားလုံးကို၊ ယေရှုကို ကွပ်မျက်ခဲ့သူတွေကိုတောင် မကြောက်မရွံ့ ကြွေးကြော်ခဲ့ကြတယ်။ (တမန်တော် ၄:၁-၃၊ ၁၀၊ ၁၉၊ ၂၀; ၅:၂၇-၃၂) ယေရှု ရှင်ပြန်ထမြောက်တာ သိပ်မကျိန်းသေဘူးဆိုရင် ဒီလောက်များတဲ့တပည့်တွေက ခုလို သတ္တိရှိနိုင်ပါ့မလား။ ယေရှု ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့အမှန်တရားက အဲဒီဖြစ်ရပ်နောက်ပိုင်းနဲ့ ခုချိန်အထိ ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘာသာပျံ့နှံ့စေတဲ့ အကြောင်းရင်းဖြစ်တယ်။

ယေရှုသေဆုံးခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်းဖော်ပြတဲ့ ခရစ်ဝင်ကျမ်းမှတ်တမ်းတွေမှာ သမိုင်းဆိုင်ရာ တိကျမှန်ကန်တဲ့အထောက်အထားတွေ ရှိတယ်။ သေချာဖတ်ရှုကြည့်ရင် အဲဒါတွေက ဖြစ်ရပ်မှန်တွေဆိုတာကို သင် ယုံကြည်စိတ်ချလာပါလိမ့်မယ်။ အဲဒီဖြစ်ရပ်တွေ ဘာကြောင့်ဖြစ်ရမှန်း နားလည်မယ်ဆိုရင် သင် ပိုပြီးယုံကြည်စိတ်ချလာပါလိမ့်မယ်။ ဒီအကြောင်း နောက်ဆောင်းပါးမှာ ရှင်းပြထားပါတယ်။

^ စာပိုဒ်၊ 7 စာရေးဆရာတစ်ဦးကတော့ အေဒီ ၅၅ လောက်မှာ မွေးဖွားခဲ့တဲ့ တက်စီတပ်စ်ဖြစ်တယ်၊ သူ ဒီလိုရေးသားခဲ့တယ်– “[ခရစ်ယာန်] ဆိုတဲ့နာမည်ရဲ့မူလအစက ခရစ်တော် (ခရိုက်စ်တပ်) ကနေ ဆင်းသက်လာတာဖြစ်ပြီး ခရစ်တော်ဟာ တိဗေရိမင်းနန်းစံချိန်အတွင်း ဘုရင်ခံပုန္တိပိလတ်ရဲ့အမိန့်နဲ့ သေဒဏ်ပေးခံခဲ့ရတယ်။” စူတိုနီးယပ်စ် (ပထမရာစု)၊ ဂျူးသမိုင်းဆရာ ဂျိုစီဖတ်စ် (ပထမရာစု) နဲ့ ဗိသုနိပြည်ဘုရင်ခံ ပလင်နီအငယ် (ဒုတိယရာစုအစောပိုင်း) တို့လည်း ယေရှုအကြောင်း ရည်ညွှန်းပြောဆိုခဲ့တယ်။