မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာ ရှင်သန်တည်တံ့ခဲ့ပုံ

စိတ်ဝင်စားစရာ သမိုင်းကြောင်း

စိတ်ဝင်စားစရာ သမိုင်းကြောင်း

ဘာသာရေးစာပေတွေထဲမှာ သမ္မာကျမ်းစာက အထူးခြားဆုံးပါပဲ။ သမိုင်းတစ်လျှောက် လူများစွာရဲ့ယုံကြည်ချက်ကို ပုံသွင်းပေးနိုင်တဲ့ စာအုပ်ကိုပြပါဆိုရင် သမ္မာကျမ်းစာကလွဲလို့ တခြားမရှိဘူး။ တစ်ချိန်တည်းမှာ ဝေဖန်ပြောဆိုမှုအခံရဆုံး၊ ဖတ်ရှုလေ့လာမှု အများဆုံးစာအုပ်ဆိုရင်လည်း မမှားဘူး။

ဥပမာ၊ ကျမ်းပညာရှင်တချို့က ခေတ်သုံးကျမ်းစာတွေဟာ မူရင်းလက်ရေးစာမူတွေအတိုင်း ဟုတ်ရဲ့လားဆိုပြီး သံသယဝင်ကြတယ်။ “မူရင်းစာသားအတိုင်း တိတိကျကျပြန်ဆိုထားတာ ဟုတ်မဟုတ် သေချာမသိနိုင်ဘူး။ ကျွန်တော်တို့ဆီမှာရှိတာက အမှားတွေပြည့်နေတဲ့ လက်ရေးစာမူတွေပဲ။ အဲဒီလက်ရေးစာမူအများစုဟာ မူရင်းကျမ်းတွေရေးပြီးလို့ နှစ်ရာချီကြာမှရေးခဲ့တာဆိုတော့ မူရင်းနဲ့တော်တော့်ကို ကွဲလွဲနေမှာ” ဆိုပြီး ဘာသာရေးပါမောက္ခတစ်ဦး ပြောခဲ့တယ်။

တချို့ကျတော့လည်း ဘာသာရေးနောက်ခံကြောင့် ကျမ်းစာရဲ့တိကျမှန်ကန်မှုကို သံသယဝင်ကြတယ်။ ဥပမာ၊ ကျမ်းစာဟာ သန့်ရှင်းမြင့်မြတ်တဲ့စာအုပ်ဖြစ်ပေမဲ့ အကြောင်းအရာတွေ ပြောင်းလဲသွားပြီဆိုပြီး ခရစ်ယာန်မဟုတ်တဲ့မိသားစုဝင်တွေက ဖိုင်ဇယ်ကို ပြောကြတယ်။ “ဒါကြောင့် လူတွေ ကျွန်တော့်ကို ကျမ်းစာအကြောင်းပြောတဲ့အခါ မယုံတော့ဘူး။ သူတို့မှာရှိတာက မူရင်းကျမ်းစာ မဟုတ်ဘူးလေ။ ပြောင်းလဲသွားပြီ” ဆိုပြီး သူပြောတယ်။

ကျမ်းစာပါအကြောင်းအရာတွေ ပြောင်းလဲ၊ မပြောင်းလဲဆိုတာသိဖို့ အရေးကြီးသလား။ ဒီမေးခွန်းတွေကို သုံးသပ်ကြည့်ပါ– အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာကတိတွေဟာ မူရင်းကျမ်းမှာ ပါမပါ မသေချာဘူးဆိုရင် နှစ်သိမ့်မှုပေးတဲ့ အဲဒီကတိတွေကို သင် ယုံကြည်စိတ်ချပါ့မလား။ (ရောမ ၁၅:၄) ခေတ်သုံးကျမ်းစာတွေဟာ လူတွေကူးရေးထားတဲ့ အမှားမကင်းတဲ့စာအုပ်ဆိုရင် အလုပ်အကိုင်၊ မိသားစု၊ ဝတ်ပြုရေးစတဲ့ အရေးကြီးဆုံးဖြတ်ချက်တွေချတဲ့အခါ ကျမ်းစာလမ်းညွှန်ချက်တွေကို သင် ကျင့်သုံးပါ့မလား။

မူရင်းကျမ်းစာစောင်တွေ ပျောက်ကွယ်သွားပြီဆိုပေမဲ့ ထောင်နဲ့ချီတဲ့ ကျမ်းလက်ရေးစာမူတွေအပါအဝင် ရှေးလက်ရေးစာမူတွေကို နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။ အဲဒီရှေးလက်ရေးစာမူတွေဟာ ဆွေးမြည့်ပျက်စီးမှု၊ ဆန့်ကျင်မှု၊ စာသားကိုပြောင်းလဲဖို့ ကြိုးစားမှုတွေကြားမှာ ဘယ်လိုများ ရှင်သန်တည်တံ့လာခဲ့သလဲ။ ရှေးလက်ရေးစာမူတွေ ရှင်သန်တည်တံ့နေမှုက ခေတ်သုံးကျမ်းစာရဲ့တိကျမှန်ကန်မှုကို ယုံကြည်စိတ်ချနိုင်ဖို့ ဘယ်လိုထောက်ကူပေးသလဲ။ အဖြေကိုသိနိုင်ဖို့ နောက်ဆောင်းပါးတွေမှာပါတဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်းကို လေ့လာကြည့်ပါ။