မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလား

သင် သိပါသလား

အနာကြီးရောဂါသည်တွေကို ယေရှုဆက်ဆံပုံက ဘာထူးခြားသလဲ။

ရှေးခေတ်ဂျူးတွေဟာ အနာကြီးရောဂါကို ကြောက်ကြတယ်။ ကြောက်စရာကောင်းတဲ့ ဒီရောဂါက အာရုံကြောတွေကို ထိခိုက်စေနိုင်ပြီး လုံးလုံးပျက်စီးသွားစေနိုင်တယ်။ နောက်ဆုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေနိုင်တယ်။ ကုရာနတ္ထိ ဆေးမရှိတဲ့ရောဂါပဲ။ အနာကြီးရောဂါသည်တွေဟာ သီးသန့်နေထိုင်ရပြီး သူတို့အခြေအနေကို တခြားသူတွေသိအောင် သတိပေးရတယ်။—ဝတ်ပြုရာ ၁၃:၄၅၊ ၄၆

ဂျူးဘာသာရေးခေါင်းဆောင်တွေက အနာကြီးရောဂါနဲ့ပတ်သက်ပြီး ကျမ်းစာပြောတာထက်ပိုတဲ့ စည်းမျဥ်းတွေ ထုတ်ခဲ့ကြတယ်။ ဒါကြောင့် ဝေဒနာရှင်တွေခမျာ အသက်ရှင်ရတာ ပိုခက်ခဲလာတယ်။ ဥပမာ၊ ရဗ္ဗိစည်းမျဥ်းတွေအရ အနာကြီးရောဂါသည်နဲ့ ၆ ပေပတ်လည်မှာ ဘယ်သူမှ မရှိရဘူး။ တကယ်လို့ လေတိုက်နေတယ်ဆိုရင် ပေ ၁၅၀ ပတ်လည်မှာ ဘယ်သူမှ မရှိရဘူး။ အနာကြီးရောဂါသည်တွေဟာ ‘စခန်းအပြင်ဘက်မှာ နေထိုင်ရမယ်’ ဆိုတဲ့ ကျမ်းစာတောင်းဆိုချက်ကို တာလမွဒ်ကျမ်းတစ်စောင်က သူတို့ကို မြို့ရိုးအပြင်ဘက် မောင်းထုတ်ရမယ်လို့ အနက်ဖွင့်ဆိုခဲ့တယ်။ ဒါကြောင့် ရဗ္ဗိတစ်ယောက်က အနာကြီးရောဂါသည်ကို မြို့ထဲမှာတွေ့တဲ့အခါ ကျောက်ခဲနဲ့ပေါက်ပြီး “ဒီကနေ ထွက်သွားစမ်း၊ တခြားသူတွေကို မသန့်မရှင်းဖြစ်အောင် မလုပ်နဲ့” လို့ပြောခဲ့တယ်။

ယေရှုကတော့ အဲဒီလိုမဟုတ်ဘူး။ အနာကြီးရောဂါသည်တွေကို မောင်းထုတ်မယ့်အစား သူတို့ကို တို့ထိကိုင်တွယ်ခဲ့တယ်။ သူတို့ရောဂါကိုတောင် ကုသပေးခဲ့တယ်။—မဿဲ ၈:၃

ဂျူးဘာသာရေးခေါင်းဆောင်တွေက ဘယ်အကြောင်းတွေကြောင့် ကွာရှင်းခွင့်ပြုခဲ့သလဲ

အေဒီ ၇၁/၇၂ ခုနှစ်တုန်းက ကွာရှင်းစာချုပ်

ကွာရှင်းခြင်းဟာ အေဒီပထမရာစု ဘာသာရေးခေါင်းဆောင်တွေကြား အငြင်းပွားစရာကိစ္စတစ်ခုပါ။ ဒါကြောင့်လည်း ဖာရိရှဲတချို့က ယေရှုကို “ယောက်ျားသည် မည်သည့်အကြောင်းဖြင့်မဆို မိမိမယားကို ကွာရှင်းအပ်သလော” ဆိုပြီးမေးခဲ့တာဖြစ်တယ်။—မဿဲ ၁၉:၃

မောရှေပညတ်အရ လူတစ်ယောက်ဟာ သူ့မိန်းမဆီမှာ “အပြစ်တင်စရာအကြောင်း” ရှိရင် ကွာရှင်းနိုင်တယ်။ (တရားဟောရာ ၂၄:၁) ယေရှုလက်ထက်မှာ ရဗ္ဗိကျောင်းနှစ်ကျောင်းက အဲဒီပညတ်ကို အမျိုးမျိုး အနက်ဖွင့်ဆိုခဲ့တယ်။ စည်းကမ်းပိုကြီးတဲ့ ရှမ္မဲကျောင်းကတော့ ကွာရှင်းနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းဟာ “အကျင့်ပျက်ခြင်း၊” တစ်နည်းအားဖြင့် အိမ်ထောင်ရေးဖောက်ပြန်ခြင်းဆိုပြီး အနက်ဖွင့်တယ်။ ဟိလေလကျောင်းကတော့ အသေးအဖွဲကိစ္စပဲဖြစ်ဖြစ် အိမ်ထောင်မှာ သဘောထားမတိုက်ဆိုင်ဘူးဆိုရင် ကွာရှင်းနိုင်တယ်၊ ညစာ ကောင်းကောင်းမချက်ရင် ဒါမှမဟုတ် ပိုချောပိုလှတဲ့ မိန်းမတစ်ယောက်ကိုတွေ့ရင်တောင် ဇနီးကိုကွာရှင်းနိုင်တယ်လို့ ဆိုတယ်။

ဒီတော့ ဖာရိရှဲတွေကို ယေရှု ဘယ်လိုအဖြေပေးသလဲ။ ‘ကိုယ့်ဇနီးကို လိင်အကျင့်ယိုယွင်းမှုကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ကွာရှင်းပြီး တခြားသူနဲ့ လက်ထပ်တဲ့သူဟာ အိမ်ထောင်ရေးဖောက်ပြန်သူပဲ’ လို့ ရှင်းရှင်းလေးဖြေလိုက်တယ်။—မဿဲ ၁၉:၆၊ကဘ။