မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့နှိုင်းယှဥ်ကြည့်ချင်ပါသလား

သင့်ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့နှိုင်းယှဥ်ကြည့်ချင်ပါသလား

သင်ဟာ ခရစ်ယာန်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားသလား။ လူသန်း ၂၀၀၀ ကျော်ထဲက သုံးယောက်မှာ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခရစ်ယာန်ပါလို့ပြောနေကြတယ်။ သင်လည်း ခရစ်ယာန်ဖြစ်မယ်ဆိုရင် အဲဒီထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ခရစ်ယာန်ဂိုဏ်းဂဏပေါင်း ထောင်နဲ့ချီရှိပြီး အယူဝါဒအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး ကွဲပြားနေတယ်။ ဒါကြောင့် သင့်ယုံကြည်ချက်လည်း တခြားခရစ်ယာန်တွေနဲ့ အတော်လေးကွာခြားနေနိုင်တယ်။ သင့်ယုံကြည်ချက်တွေက တကယ်ပဲ အရေးကြီးသလား။ ကျမ်းစာမှာသွန်သင်တဲ့ ခရစ်ယာန်ယုံကြည်ချက်တွေအတိုင်း လိုက်လျှောက်ချင်ရင်တော့ အရေးကြီးပါတယ်။

ခရစ်တော်ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေကို “ခရစ်ယာန်” တွေလို့ခေါ်ကြတယ်။ (တမန်တော် ၁၁:၂၆) အဲဒီတုန်းက ခရစ်ယာန်ယုံကြည်ချက် တစ်မျိုးပဲရှိတာကြောင့် သူတို့ကိုခွဲခြားသိနိုင်ဖို့ တခြားနာမည်တွေ မလိုအပ်ခဲ့ဘူး။ သူတို့တွေဟာ ခရစ်ယာန်ဘာသာကို စတည်ထောင်ခဲ့သူ ယေရှုခရစ်ရဲ့ သွန်သင်ချက်တွေ၊ လမ်းညွှန်ချက်တွေကို တညီတညွတ်တည်း လိုက်လျှောက်ခဲ့ကြတယ်။ သင်တက်ရောက်နေတဲ့ ချာ့ခ်ျကကော။ ယေရှုခရစ်ရဲ့သွန်သင်ချက်တွေ၊ အစောပိုင်းခရစ်ယာန်တွေရဲ့ ယုံကြည်ချက်တွေအတိုင်း သွန်သင်ပေးနေသလား။ အဲဒီလိုဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက ကျမ်းစာသုံးပြီး နှိုင်းယှဥ်ကြည့်ခြင်းပါပဲ။

ယေရှုခရစ်ဟာ ကျမ်းစာကို ဘုရားသခင့်နှုတ်ထွက်စကားအဖြစ် သိပ်တန်ဖိုးထားလေးစားခဲ့တယ်။ ကျမ်းစာသွန်သင်ချက်တွေကို လျစ်လျူရှုပြီး လူ့ထုံးတမ်းစဥ်လာတွေကို အဓိကထားသူတွေကို ယေရှု လုံးဝမနှစ်သက်ဘူး။ (မာကု ၇:၉-၁၃) ဒါကြောင့် ယေရှုရဲ့နောက်လိုက်စစ်တွေဟာ သူတို့ရဲ့ယုံကြည်ချက်တွေကို ကျမ်းစာပေါ် အခြေခံမယ်ဆိုတာ ကျိန်းသေပြောနိုင်ပါတယ်။ ဒီတော့ ‘ငါ့ချာ့ခ်ျရဲ့ သွန်သင်ချက်တွေဟာ ကျမ်းစာနဲ့ကိုက်ညီရဲ့လား’ လို့ ခရစ်ယာန်ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။ အဖြေရဖို့ သင့်ချာ့ခ်ျရဲ့သွန်သင်ချက်တွေကို ကျမ်းစာသွန်သင်ချက်တွေနဲ့ နှိုင်းယှဥ်ကြည့်ပါ။

ကျွန်ုပ်တို့ရဲ့ ဝတ်ပြုကိုးကွယ်မှုဟာ ကျမ်းစာမှာပါတဲ့အမှန်တရားအပေါ် အခြေခံရမယ်လို့ ယေရှုပြောတယ်။ (ယောဟန် ၄:၂၄; ၁၇:၁၇) တမန်တော်ပေါလုကလည်း ကယ်တင်ခြင်းဟာ “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာ” အပေါ်မူတည်တယ်လို့ ပြောခဲ့တယ်။ (၁ တိမောသေ ၂:၄) ဒါကြောင့် ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေဟာ တိကျမှန်ကန်တဲ့ ကျမ်းစာသွန်သင်ချက်တွေအပေါ်အခြေခံဖို့ သိပ်အရေးကြီးပါတယ်။ အကြောင်းက ကယ်တင်ခြင်းဟာ အလွယ်တကူမရနိုင်တဲ့အရာ ဖြစ်လို့ပါပဲ။

ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့ နှိုင်းယှဥ်နိုင်ပုံ

သင့်အနေနဲ့ ပူးတွဲပါမေးခွန်းခြောက်ခုကို ဖတ်ပြီး ဒီမေးခွန်းတွေနဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာအဖြေကို မှတ်သားထားစေလိုပါတယ်။ ကိုးကားထားတဲ့ ကျမ်းချက်တွေကို ဖတ်ပါ၊ အဖြေတွေကို သေချာစဥ်းစားပါ။ ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းမေးပါ– ‘ငါ့ချာ့ခ်ျက သွန်သင်ချက်တွေကို ကျမ်းစာသွန်သင်ချက်တွေနဲ့ ဘယ်လိုနှိုင်းယှဥ်နိုင်မလဲ။’

အဲဒီမေးခွန်းက သင့်ယုံကြည်ချက်တွေကို သမ္မာကျမ်းစာနဲ့ နှိုင်းယှဥ်ကြည့်နိုင်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ သင့်ချာ့ခ်ျရဲ့ ကျန်တဲ့သွန်သင်ချက်တွေကိုလည်း ကျမ်းစာနဲ့ကိုက်ညီမညီဆိုတာ နှိုင်းယှဥ်ကြည့်ချင်ပါသလား။ တိကျမှန်ကန်တဲ့ကျမ်းစာသွန်သင်ချက်တွေကို သေချာဆန်းစစ်နိုင်ဖို့ ယေဟောဝါသက်သေတွေက ကူညီပေးချင်ပါတယ်။ ဒါကြောင့် အခမဲ့ကျမ်းစာသင်အံမှုကို တောင်းခံနိုင်ပါတယ် ဒါမှမဟုတ် jw.org/mya ကိုဝင်ကြည့်ပါ။