မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်​နှာ​ဖုံး​ဆောင်း​ပါး | နှစ်​သိမ့်​မှု​ကို ဘယ်​မှာ​ရှာ​တွေ့​နိုင်​မလဲ

နှစ်သိမ့်မှု လိုအပ်နေကြ

နှစ်သိမ့်မှု လိုအပ်နေကြ

က​လေး​ဘဝ​တုန်း​က ချော်​လဲ​တာ​ကို မှတ်​မိ​သေး​လား။ လက်​တွေ ပွန်း​ပဲ့​ပြီး ဒူး​ပြဲသွား​တာ​ကို ကြုံ​ဖူး​မှာ​ပဲ။ အဲဒီ​အခါ အမေက ကိုယ့်​ကို ချော့​မော့​နှစ်​သိမ့်​ခဲ့​တာ၊ ဒဏ်​ရာ​ကို ဆေး​ကြော​ပြီး ပတ်​တီး​စည်း​ပေး​ခဲ့​တာ​ကို ပြန်​အမှတ်​ရ​မိ​မှာ​ပါ။ ကိုယ်​က ငို​ယို​လိုက်​ပေမယ့် အမေက ချော့​မော့​နှစ်​သိမ့်​ပြီး ပွေ့​ဖက်​ထား​တဲ့​အခါ နာ​ကျင်​နေ​တာ သက်​သာ​သွား​သလို ခံစား​ခဲ့ရ​တယ် မဟုတ်​လား။ အဲဒီ​အသက်​အရွယ်​တုန်း​က​တော့ နှစ်​သိမ့်​မှု​ရ​ဖို့ သိပ်​မခက်​သလို​ပဲ။

ဒါ​ပေမဲ့ အသက်​အရွယ်​ရ​လာ​တဲ့​အခါ ဘဝ​ဟာ ပို​ရှုပ်​ထွေး​လာ​တယ်။ ပြဿ​နာ​တွေ ပို​များ​လာ​သလို နှစ်​သိမ့်​မှု​ရ​ဖို့​လည်း ပို​ခက်​လာ​တယ်။ လူ​ကြီး​ဖြစ်​လာ​ချိန်​မှာ ကြုံရ​တဲ့ ပြဿ​နာ​တွေ​ဟာ ပတ်​တီး​စည်း​လိုက်​ရုံ၊ အမေ့​ရဲ့ ပွေ့​ဖက်​မှု​ကို ခံ​ရ​ရုံ​နဲ့ ပြေလည်​မသွား​တာ ဝမ်းနည်း​စ​ရာ​ပဲ။ ဥပမာ​တ​ချို့​ကို သုံးသပ်​ကြည့်​ပါ။

  • ရုတ်​တ​ရက် အလုပ်​ပြုတ်​သွား​လို့ စိတ်​ဒုက္ခရောက်​တဲ့​အခါ။ အလုပ်ဖြုတ်​ခံ​လိုက်​ရ​တဲ့​အခါ ထိတ်​လန့်​ပြီး စိတ်​ရှုပ်​ထွေး​သွား​တယ်​လို့ ဟို​လီ​ယန် ပြော​တယ်။ ‘နှစ်​နဲ့​ချီ​ပြီး ကြိုး​စား​ပမ်း​စား အလုပ်​လုပ်​ခဲ့​တာ​တောင် ကု​မ္ပဏီ​က ငါ့​ကို အသုံး​မဝင်​ဘူး​လို့ ဘာ​ကြောင့်​ယူ​ဆ​ရ​တာ​လဲ၊ အခု ငါ့​မိသား​စု​ကို ဘယ်​လို ထောက်ပံ့​ရ​မလဲ’ ဆို​ပြီး သူ​တွေး​ပူ​ခဲ့​တယ်။

  • အိမ်​ထောင် ပြို​ကွဲ​သွား​လို့ စိတ်​ဓာတ်​ကျ​တဲ့​အခါ။ “လွန်​ခဲ့တဲ့ ၁၈ လ​လောက်​က ကျွန်​မယောက်ျား ရုတ်​တ​ရက် ထား​သွား​လို့ ကျွန်​မ ဝမ်း​နည်း​လို့ မဆုံး​ဘူး။ ရင်​ကွဲ​မတတ် ခံစား​ရ​တယ်။ စိတ်​ထောင်း​ကိုယ်​ကြေ​ဖြစ်​ပြီး ကြောက်​စိတ်​ဝင်​လာ​တယ်” လို့ ရေ​ချယ်​ပြော​တယ်။

  • ကျန်း​မာ​ရေး​ပြဿ​နာ ကြီး​ကြီး​မား​မား ခံစား​နေ​ရ​ပြီး ရော​ဂါ​သက်​သာ​မယ့်​ပုံ မပေါက်​တဲ့​အခါ။ “ကိုယ်​အသက်​ကို ရွံ​ရှာ​ပါ​၏။ အစဉ်​မပြတ် အသက်​မရှင်​လို” ဆို​ပြီး​ပြော​ခဲ့​တဲ့ ရှေး​ခေတ်​က ယောဘ​ဆို​တဲ့ လူ​တစ်​ယောက်​လို သင်​လည်း တစ်​ခါ​တ​လေ ခံစား​မိ​မှာ​ပဲ။ (ယောဘ ၇:၁၆သမ္မာ) အသက် ၈၀ ကျော် လူး​ဝစ်​ဆို​တဲ့ လူ​က​လည်း “ငါ​ဟာ သေနေ့​ကို စောင့်​နေ​ရ​တာ​ပါ​လား​ဆို​ပြီး တစ်​ခါ​တလေ တွေး​မိ​တယ်” လို့ ဝန်​ခံ​တယ်။ သင်​လည်း သူ့​လို ခံစား​မိ​မှာ​ပဲ။

  • ချစ်​ရ​သူ​တစ်ဦး ဆုံး​ပါး​သွား​လို့ နှစ်​သိမ့်​မှု လို​အပ်​နေ​တဲ့​အခါ။ “လေယာဉ်​ပျက်​ကျ​ပြီး သား​လေး ဆုံး​သွား​တဲ့​အခါ ဦး​ဆုံး​ပေါ်​လာ​တဲ့ ခံစား​ချက်​က​တော့ လုံး​ဝ​မယုံ​နိုင်​တာ​ပဲ။ အဲဒီ​နောက်​တော့ တ​မြည့်​မြည့် နာ​ကျင်​လာ​တော့​တယ်။ ကျမ်း​စာ​ထဲ​မှာ ခိုင်း​နှိုင်း​ထား​တဲ့​အတိုင်း ဓား​ရှည်​နဲ့​အခွင်း​ခံ​ရ​သလို နာ​ကျင်​ခံစား​ရ​တယ်” ဆို​ပြီး ရော​ဘတ်​ပြော​တယ်။—လုကာ ၂:၃၅

ရော​ဘတ်၊ လူး​၀စ်၊ ရေ​ချယ်​နဲ့ ဟို​လီ​ယန်​တို့​ဟာ ဆိုး​ရွား​တဲ့​အခြေ​အနေ​တွေ ကြုံရ​ပေမဲ့ နှစ်​သိမ့်​မှု ရခဲ့​ပါ​တယ်။ ဘယ်​က​နေ ရခဲ့​ကြ​သလဲ။ နှစ်​သိမ့်​မှု​ပေး​နိုင်​ဆုံး ပု​ဂ္ဂိုလ်​ဖြစ်​တဲ့ အနန္တ​တန်ခိုး​ရှင်​ဆီ​က ရခဲ့​တာ​ပါ။ ကိုယ်​တော်​က ဘယ်​လို​နည်း​တွေ​နဲ့ နှစ်​သိမ့်​ပေး​သလဲ။ သင်​လို​အပ်​နေ​တဲ့ နှစ်​သိမ့်​မှု​ကို​လည်း ကိုယ်​တော်​ပေး​မှာ​လား။