မျက်နှာဖုံးဆောင်းပါး | နှစ်သိမ့်မှုကို ဘယ်မှာရှာတွေ့နိုင်မလဲ
ပြဿနာကြုံချိန်မှာ နှစ်သိမ့်မှု
ပြဿနာတွေဟာ ပုံစံအမျိုးမျိုးနဲ့ လာတတ်တယ်။ အားလုံးကို မဆွေးနွေးနိုင်ပေမဲ့ ရှေ့ဆောင်းပါးမှာပါတဲ့ အခက်အခဲ လေးမျိုးအကြောင်းကို အသေအချာ သုံးသပ်ကြည့်ရအောင်။ ပြဿနာအမျိုးမျိုး ကြုံချိန်မှာ ဘုရားသခင်ဆီက နှစ်သိမ့်မှုကို သူတို့ဘယ်လိုခံစားခဲ့ရတယ်ဆိုတာ သတိပြုကြည့်ပါ။
အလုပ်လက်မဲ့ဖြစ်ချိန်မှာ
“ဘယ်အလုပ်မဆို လုပ်တတ်အောင် သင်ယူခဲ့တယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချတယ်။”—ယောနသန်
စတီဗင် * က သူ့အဖြစ်ကို အခုလို ပြန်ပြောပြတယ်– “ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး တစ်ပြိုင်တည်း အလုပ်ပြုတ်သွားတယ်။ သူများ ပေးတာကမ်းတာလေးနဲ့ နှစ်နှစ်လောက် အသက်ဆက်ပြီး ကြုံရာကျပန်း အလုပ်လုပ်ခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့်မိန်းမ ဆူဇီဟာ စိတ်ဓာတ်ကျလာပြီး ကျွန်တော်ကိုယ်တိုင်လည်း အသုံးမကျဘူးလို့ ခံစားခဲ့ရတယ်။
“ဒီအခြေအနေကို ကျွန်တော်တို့ ဘယ်လို ရင်ဆိုင်ခဲ့ကြသလဲ။ ယေရှုက မဿဲ ၆:၃၄ မှာ ‘နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် မစိုးရိမ်ပါနဲ့’ လို့ပြောခဲ့တယ်။ ဆူဇီက အဲဒီကျမ်းစကားနဲ့ သူ့ကိုယ်သူ မပြတ်သတိပေးခဲ့တယ်။ အဲဒီအပြင် ထက်ထက်သန်သန် ဆုတောင်းတာကလည်း ဘဝကိုရှေ့ဆက်နိုင်ဖို့ သူ့ကို ခွန်အားပေးခဲ့တယ်။ ကျွန်တော့်ကိုတော့ ဆာလံ ၅၅:၂၂ မှာပါတဲ့ ကျမ်းစကားက နှစ်သိမ့်ပေးခဲ့တာပါ။ ဆာလံဆရာလိုပဲ ကျွန်တော်လည်း ထမ်းထားရတဲ့ဝန်တွေကို ဘုရားသခင်ဆီ ပုံအပ်တဲ့အခါ ကျွန်တော့်ကို ဘုရားသခင် တကယ်ဖေးမပေးမှန်း သိခဲ့ရတယ်။ အခု ကျွန်တော့်မှာ အလုပ်အကိုင်ရှိနေပေမဲ့ မဿဲ ၆:၂၀-၂၂ မှာပါတဲ့ ယေရှုရဲ့အကြံပြုချက်အတိုင်း ဘဝကို ရိုးရိုးရှင်းရှင်းပဲ ထားတယ်။ ဒါကြောင့် ဘုရားသခင်နဲ့ ပိုရင်းနှီးလာပြီး လင်မယားနှစ်ယောက်လည်း ပိုရင်းနှီးတွယ်တာလာတယ်။”
ယောနသန်ကလည်း အခုလို ဝန်ခံတယ်– “မိသားစုရဲ့ တပိုင်တနိုင် စီးပွားရေးလုပ်ငန်း ဒေဝါလီခံလိုက်ရတုန်းက အနာဂတ်အတွက် စိုးရိမ်ပြီး ကျွန်တော် သိပ်ကြောက်ခဲ့တယ်။ စီးပွားရေး ချွတ်ခြုံကျသွားတော့ နှစ်ပေါင်း ၂၀ လုံးလုံး ကြိုးစားလုပ်ခဲ့သမျှ အလကားဖြစ်သွားတယ်။ ပိုက်ဆံကိစ္စကြောင့် လင်မယားနှစ်ယောက် စကားများလာတယ်။ အကြွေးဝယ်ကဒ်နဲ့ စျေးဝယ်ရင်တောင် လက်မခံမှာစိုးတာနဲ့ မဝယ်ရဲခဲ့ဘူး။
“ဒါပေမဲ့ သမ္မာကျမ်းစာနဲ့ ဘုရားသခင့် စွမ်းအားတော်က မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချတတ်အောင် ကျွန်တော်တို့ကို ကူညီပေးခဲ့တယ်။ ဘယ်အလုပ်မဆို လုပ်တတ်အောင် သင်ယူခဲ့တယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေကို လျှော့ချတယ်။ ယေဟောဝါသက်သေတွေဖြစ်တဲ့အတွက် ခရစ်ယာန်ချင်းတွေဆီကလည်း အကူအညီရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ် ပြန်ရလာအောင် သူတို့အားပေးရုံမက ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေမှာ ရိုင်းပင်းကူညီခဲ့ကြတယ်။”
အိမ်ထောင်ဖက် ကွာရှင်းသွားချိန်မှာ
ရေချယ်ကလည်း အခုလို ဖြစ်ကြောင်းကုန်စင် ပြောပြတယ်– “ကျွန်မယောက်ျား ရုတ်တရက် ထားသွားတုန်းက ကျွန်မ ဒေါသတကြီးနဲ့ နာကြည်းမိတယ်။ နောက်တော့ ဝမ်းနည်းကြေကွဲတဲ့စိတ်က မခံမရပ်နိုင်အောင် ဖိစီးတော့တာပဲ။ ဒါပေမဲ့ ဘုရားသခင်နဲ့ ပိုရင်းနှီးဖို့ ကြိုးစားတဲ့အခါ ဘုရားက နှစ်သိမ့်ပေးခဲ့တယ်။ ဘုရားသခင်ဆီ နေ့တိုင်း ဆုတောင်းတဲ့အတွက် ဘုရားပေးငြိမ်သက်မှုက ကျွန်မရဲ့ စိတ်နှလုံးကို ကာကွယ်ပေးခဲ့တယ်။ ကျွန်မရဲ့ ကြေကွဲနေတဲ့ စိတ်နှလုံးကို ပြန်ကုစားပေးလိုက်သလိုပါပဲ။
“ဒေါသနဲ့ နာကြည်းစိတ်ကို ဘုရားရဲ့ နှုတ်ထွက်စကားဖြစ်တဲ့ ကျမ်းစာရဲ့ အကူအညီနဲ့ ဖြေဖျောက်နိုင်ခဲ့လို့ ကျေးဇူးတင်လိုက်တာ။ ‘အဆိုးအားဖြင့် အၡုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍အနိုင်ယူနေလော့’ ဆိုတဲ့ ရောမ ၁၂:၂၁ ထဲက တမန်တော်ပေါလုရဲ့ စကားကို ကျွန်မ နှလုံးသွင်းခဲ့တယ်လေ။
“ဘဝမှာ ‘ပျောက်ဆုံးသွားပြီ’ လို့ ယူမှတ်ရတဲ့အချိန်ရှိတယ်. . . အခုတော့ ဘဝကို ရှေ့ဆက်လျှောက်နိုင်ပါပြီ။”—ရေချယ်
“မိတ်ဆွေကောင်း တစ်ယောက်ကလည်း ဘဝကိုရှေ့ဆက်ဖို့လိုမှန်း သိလာအောင် ကျွန်မကို ကူညီပေးခဲ့တယ်။ သူက ဒေသနာကျမ်း ၃:၆ ကိုပြပြီး ဘဝမှာ ‘ပျောက်ဆုံးသွားပြီ’ လို့ ယူမှတ်ရတဲ့အချိန်ရှိတယ်ဆိုပြီး ကြင်ကြင်နာနာ ပြောပြတယ်။ ဒီအကြံကိုလက်ခံဖို့ ခက်တာမှန်ပေမယ့် ကျွန်မလိုအပ်နေတာ အဲဒါပဲ။ အခုတော့ ဘဝကို ရှေ့ဆက်လျှောက်နိုင်ပါပြီ။”
အဲလီဇဘက်ကလည်း အခုလိုပြောပြတယ်– “အိမ်ထောင်ဖက်နဲ့ ကွာရှင်းလိုက်တဲ့အခါ တကယ်ပဲ အကူအညီလိုတယ်။ ကျွန်မကို နေ့စဉ်ရက်ဆက် ကူညီပေးတဲ့ မိတ်ဆွေကောင်း တစ်ယောက်ရှိခဲ့တယ်။ ကျွန်မငိုတဲ့အခါ သူလည်း လိုက်ငိုပြီး နှစ်သိမ့်ပေးတယ်။ စွန့်ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်ထက် အချစ်ခံရတယ်ဆိုတဲ့ ခံစားချက်ရှိလာအောင် ကူညီပေးတယ်။ ယေဟောဝါဘုရားက သူ့ကိုသုံးပြီး ကျွန်မရဲ့ စိတ်ဒဏ်ရာကို ကုသပေးမှန်း ကျွန်မ အပြည့်အဝယုံတယ်။”
ဖျားနာချိန် ဒါမှမဟုတ် အိုမင်းလာချိန်မှာ
“ဆုတောင်းပြီးသွားတဲ့အခါ ဘုရားရဲ့ စွမ်းအားတော်ကြောင့် ခွန်အားရှိလာတယ်လို့ ခံစားရတယ်။”—လူးဝစ်
ဒီဆောင်းပါးတွဲရဲ့ အစမှာ ဖော်ပြထားတဲ့ လူးဝစ်ဟာ ပြင်းထန်တဲ့ နှလုံးရောဂါကြောင့် နှစ်ကြိမ်တိတိ သေလုမျောပါးဖြစ်ခဲ့ရတယ်။ အခုဆို သူ့ကို တစ်နေ့ ၁၆ နာရီ အောက်စီဂျင်ပေးထားရတယ်။ သူအခုလိုပြောတယ်– “အချိန်တိုင်း ယေဟောဝါဘုရားဆီ ကျွန်တော်ဆုတောင်းတယ်။ ဆုတောင်းပြီးသွားတဲ့အခါ ဘုရားရဲ့ စွမ်းအားတော်ကြောင့် ခွန်အားရှိလာတယ်လို့ ခံစားရတယ်။ ဘုရားသခင် ဂရုစိုက်မယ်ဆိုတာ ကျွန်တော်သိနေ၊ ယုံကြည်နေတဲ့အတွက် ဘုရားဆီ ဆုတောင်းတာက ဆက်ရှင်သန်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းသတ္တိကို ရရှိစေတယ်။”
အသက် ၈၀ ကျော် ရိုစလင်းကလည်း အခုလိုပြောပြတယ်– “လုပ်ချင်တာတွေ သိပ်များပေမဲ့ ကျွန်မ မလုပ်နိုင်ဘူး။ ခွန်အားတွေ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီဆိုတဲ့ အသိဟာ တော်တော်ဆိုးဝါးတာပဲ။ သိပ်မောလာလို့ ဆေးဝါးတွေကိုပဲ အားကိုးနေရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီအခက်အခဲကို ဖယ်ရှားပေးပါဆိုပြီး အဖဘုရားကို ယေရှုတောင်းပန်ခဲ့သလို ကျွန်မလည်း တစ်ခါတလေ အဲဒီလိုခံစားရတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက ယေရှုကို ခွန်အားပေးခဲ့သလို ကျွန်မကိုလည်း ခွန်အားပေးပါတယ်။ ဆုတောင်းတာမဿဲ ၂၆:၃၉။
ဟာ ကျွန်မအတွက်တော့ နေ့တိုင်းသောက်တဲ့ အားဆေးတစ်ခွက်နဲ့တူတယ်။ ဘုရားနဲ့ စကားပြောပြီးသွားတဲ့အခါ တော်တော်လေး စိတ်သက်သာရာရသွားတယ်။”—နာတာရှည် နာဗ်ကြောဖွဲ့ရောဂါကို နှစ်ပေါင်း ၃၀ လောက် ခါးစည်းခံခဲ့ရတဲ့ ဟိုလီယန်လည်း အဲဒီလိုပဲ ခံစားရတယ်။ “မန်နေဂျာထိုင်ခုံကနေ ဘီးတပ်ကုလားထိုင်ပေါ်ကို ပြောင်းထိုင်ခဲ့ရတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ အကျိုးအတွက် ဘဝကို မြုပ်နှံထားတာမို့ အသက်ရှင်ရကျိုးနပ်ပါတယ်။ သူတစ်ပါး အကျိုးဆောင်တာက ခံစားရတဲ့ဒုက္ခတွေကို လျော့ပါးစေတယ်။ ယေဟောဝါဘုရားကလည်း လိုအပ်ချိန်တိုင်းမှာ အားပေးမယ်ဆိုတဲ့ ကတိအတိုင်း လုပ်ဆောင်ပေးခဲ့တယ်။ တမန်တော် ပေါလုလိုပဲ ကျွန်တော်လည်း ‘ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏’ လို့ ပြောနိုင်ပါတယ်။”—ဖိလိပ္ပိ ၄:၁၃။
ချစ်ရသူ ဆုံးပါးချိန်မှာ
အန်ဒရူး အခုလိုပြောပြတယ်– “ကျွန်တော့်အဖေ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတုန်းက အစပိုင်းမှာ ကျွန်တော် လက်မခံနိုင်ဘူး။ လူသွားလမ်းပေါ် အေးအေးလူလူ လျှောက်နေတဲ့ အဖေ့ကိုမှ တိုက်သွားတာ လုံးဝမတရားဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ။ ငါးရက်လောက် မေ့မျောနေပြီးနောက် အဖေ ဆုံးသွားတယ်။ အမေ့ရှေ့မှာ မငိုမိအောင် ထိန်းထားပေမဲ့ တစ်ယောက်တည်း ရှိတဲ့အခါ ချူံးပွဲချ ငိုပစ်လိုက်တယ်။ ပြီးတော့ ‘ဘာကြောင့် ဒီလိုဖြစ်ရတာလဲ’ ဆိုပြီး တမေးတည်း မေးနေမိတယ်။
“အဲဒီတုန်းက စိတ်ထိခိုက်လွန်းနေတော့ ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့၊ စိတ်ငြိမ်သက်မှုရှိလာဖို့ ကူညီပေးပါဆိုပြီး ယေဟောဝါဘုရားဆီ တဖွဖွ အသနားခံခဲ့တယ်။ နောက်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်လာတယ်။ လူတိုင်းဟာ ‘မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ’ ကြုံရတတ်တယ်ဆိုတဲ့ ကျမ်းစကားကို ကျွန်တော် သတိရလာတယ်။ ဘုရားသခင်ဟာ လိမ်ညာတတ်တဲ့ ဘုရားမဟုတ်လို့ သေဆုံးသူတွေ ရှင်ပြန်ထမြောက်လာချိန်မှာ အဖေနဲ့ ပြန်ဆုံတွေ့ရမယ်ဆိုတာ ကျွန်တော် တထစ်ချယုံတယ်။”—ဒေသနာ ၉:၁၁၊ ကဘ; ယောဟန် ၁၁:၂၅; တိတု ၁:၂။
“လေယာဉ်ပျက်ကျလို့ သားလေး ဆုံးပါးသွားပေမဲ့ သူနဲ့အတူပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေတော့ အများကြီးရှိပါသေးတယ်။”—ရောဘတ်
အဖွင့်ဆောင်းပါးမှာပါတဲ့ ရောဘတ်လည်း အဲဒီလိုပဲ တွေးမိတယ်။ သူ အခုလိုပြောပြတယ်– “ယေဟောဝါဘုရားကို ဆုတောင်းလိုက်တဲ့အခါ ဖိလိပ္ပိ ၄:၆၊ ၇ မှာပြောထားတဲ့ စိတ်ငြိမ်သက်မှုကို ကျွန်တော်ရော ဇနီးသည်ပါ ခံစားရတယ်။ အဲဒီစိတ်ငြိမ်သက်မှုကြောင့် သတင်းထောက်တွေကို ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း ကောင်းကောင်း ပြောပြနိုင်ခဲ့တယ်။ လေယာဉ်ပျက်ကျလို့ သားလေး ဆုံးပါးသွားပေမဲ့ သူနဲ့အတူပျော်ရွှင်ခဲ့တဲ့ အမှတ်တရတွေတော့ အများကြီးရှိပါသေးတယ်။ အဲဒါတွေကို ပြန်သတိရနေဖို့ ကျွန်တော်တို့ ကြိုးစားတယ်။
“ကိုယ့်ရဲ့မျှော်လင့်ချက်အကြောင်း တည်တည်ငြိမ်ငြိမ် ရှင်းပြနိုင်တဲ့ ကျွန်တော်တို့ကို ရုပ်သံအစီအစဉ်မှာ တွေ့လိုက်တယ်လို့ မိတ်ဆွေတွေ ပြောတဲ့အခါ ကျွန်တော်တို့အတွက် ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြလို့ အဲဒီလိုရှင်းပြနိုင်တာပါဆိုပြီး သူတို့ကို ပြန်ပြောခဲ့တယ်။ အဲဒီအပြင် နှစ်သိမ့်စကားရေးထားတဲ့ စာတိုလေးတွေ အများကြီးရလို့လည်း ယေဟောဝါဘုရား ဖေးမပေးနေမှန်း ကျွန်တော်တို့ သိခဲ့ရတယ်။”
ဘုရားသခင်ဟာ ပြဿနာအမျိုးမျိုး၊ အခက်အခဲ အဖုံဖုံ ကြုံနေရသူတွေကို နှစ်သိမ့်မှုပေးနိုင်မှန်း အထက်ပါဖြစ်ရပ်တွေကနေ သိရတယ်။ သင့်အတွက်ကော။ ဘဝမှာ ဘာပဲကြုံရပါစေ အခက်အခဲကြုံချိန်မှာ ခံရပ်စေနိုင်တဲ့ နှစ်သိမ့်မှုကို ရရှိနိုင်ပါတယ်။ * ယေဟောဝါဘုရားဆီ အကူအညီတောင်းကြည့်ပါ။ အကြောင်းက ကိုယ်တော်ဟာ “နှစ်သိမ့်ခြင်းရှိသမျှတို့၏ ဘုရားသခင်” ဖြစ်လို့ပါပဲ။—၂ ကောရိန္သု ၁:၃။
^ စာပိုဒ်၊ 5 နာမည်တချို့ကို ပြောင်းထားတယ်။
^ စာပိုဒ်၊ 23 ဘုရားသခင်နဲ့ ပိုရင်းနှီးချင်တယ်၊ ဘုရားဆီက နှစ်သိမ့်မှုရချင်တယ်ဆိုရင် သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်ပါ ဒါမှမဟုတ် အနီးဆုံးမှာရှိတဲ့ သူတို့ရဲ့ ဌာနခွဲရုံးဆီ စာရေးပါ။