ဘဝအတ္ထုပ္ပတ္တိ
လက်အစုံမရှိပေမဲ့ အမှန်တရားကို လက်ဝယ်ပိုင်ဆိုင်ခဲ့
လူတွေ ကြောက်စိတ်ဝင်တဲ့အခါ တစ်ခုခုကို ဆုပ်ကိုင်ထား တတ်ကြတယ်။ ကျွန်တော့်မှာတော့ လက်အစုံမရှိလို့ အဲဒီလို မလုပ်နိုင်ဘူး။ အသက် ၇ နှစ်ရောက်တဲ့အခါ ဆက်အသက်ရှင်နိုင်ဖို့ လက်တွေကို ဖြတ်ပစ်လိုက်ရတယ်။
၁၉၆၀ ခုနှစ်၊ ကျွန်တော့်ကို မွေးတဲ့အချိန်မှာ အမေက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အဖေကတော့ ကျွန်တော်မမွေးခင်ကတည်းက ကျွန်တော်တို့သားအမိကို စွန့်ပစ်သွားတယ်။ ဒါကြောင့် သားအမိနှစ်ယောက်က အဖိုးအဖွားနဲ့အတူ ယခင် ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ) ဘာ့ခ်မြို့လေးမှာ နေထိုင်ကြတယ်။ အဲဒီမှာ အများစုက ဘုရားမဲ့ဝါဒီသမားတွေဆိုတော့ ကျွန်တော်တို့လည်း သူတို့လိုပဲပေါ့။ ဘုရားသခင်ဆိုတာ ကျွန်တော်တို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူး။
ကျွန်တော်က အဖိုးကို သိပ်ခင်တွယ်တော့ အဖိုးသွားလေရာ တကောက်ကောက် လိုက်လေ့ရှိတယ်။ အဖိုးနဲ့အတူ အလုပ်လုပ်တယ်။ သစ်ပင်ပေါ်တက်ပြီး သစ်ကိုင်းတွေလည်း ဖြတ်တယ်။ ကလေးတစ်ယောက်အနေနဲ့ ဒီလိုစွန့်စားရတာတွေကို သိပ်ကြိုက်တာပဲ။ ဘဝဟာ အပူအပင်မရှိဘဲ ပျော်စရာကောင်းခဲ့တယ်။
မတော်တဆမှုကြောင့် ဘဝတစ်ခုလုံး ပြောင်းလဲသွား
အသက် ၇ နှစ်မှာ တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော် ဒုတိယတန်း စတက်တဲ့ အချိန်လောက်ပေါ့။ ကျောင်းကနေ အိမ်အပြန်မှာ ဓာတ်တိုင်တစ်ခုကို တက်တယ်။ အမြင့် ၂၅ ပေလောက်လည်းရောက်ရော လျှပ်စစ်ရှော့ခ်တစ်ခုကြောင့် ဓာတ်လိုက်ပြီး သတိလစ်သွားတယ်။ ဆေးရုံမှာ သတိရလာတော့ ကျွန်တော့်မှာ လက်တွေမရှိတော့မှန်း သိလိုက်ရတယ်။ လက်တွေကို ဆိုးဆိုးရွားရွား မီးလောင်သွားပြီး ဒဏ်ရာတွေ သိပ်ဆိုးရွားလွန်းလို့ သွေးအဆိပ်တက်တာမျိုး မဖြစ်အောင် လက်နှစ်ဖက်စလုံးကို ဖြတ်ပစ်လိုက်ရတယ်။ အမေနဲ့ အဖိုးအဖွားတို့ ဘယ်လောက်တောင် ယူကျုံးမရ ဖြစ်သွားမလဲဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်က ကလေးဆိုတော့ လက်နှစ်ဖက် ဆုံးၡုံးလိုက်ရတာက နောက်ပိုင်းမှာ ဘဝကို ဘယ်လောက်ထိ ထိခိုက်နိုင်မှန်း အဲဒီတုန်းက ကောင်းကောင်းနားမလည်ခဲ့ဘူး။
ဆေးရုံဆင်းပြီးနောက် ကျောင်းပြန်တက်တယ်။ အဲဒီအခါ ကလေးတွေက ကျွန်တော် ဘာမှပြန်မလုပ်နိုင်မှန်းသိတော့ လှောင်ပြောင်တယ်၊ တွန်းတိုက်တယ်၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြတယ်။ အဲဒီလို ရက်ရက်စက်စက် အနိုင်ကျင့်ခံရမှုတွေကြောင့် တော်တော်လေး စိတ်ထိခိုက်ခဲ့ရတယ်။ နောက်ဆုံးတော့ ကျွန်တော့်ကို ဘာကန်ဝါဒါမြို့မှာရှိတဲ့ မသန်မစွမ်းကျောင်းဆီ ပို့လိုက်ကြတယ်။ ကျောင်းက အိမ်နဲ့သိပ်ဝေးတော့ အမေတို့ ကျွန်တော့်ဆီ အလည်မလာနိုင်ဘူး။ အားလပ်ရက်ရောက်မှပဲ သူတို့နဲ့ တွေ့ခွင့်ရတယ်။ နောက် ၁၀ နှစ်ကိုတော့ အမေနဲ့ အဖိုးအဖွားတွေမပါဘဲ ကျွန်တော်ကြီးပြင်းခဲ့ရတယ်။
လက်အစုံမရှိဘဲ ကြီးပြင်းခဲ့
ခြေထောက်သုံးပြီး အလုပ်အတော်များများ လုပ်တတ်ဖို့ သင်ယူခဲ့တယ်။ ဇွန်းခက်ရင်းကို ခြေချောင်းလေးတွေနဲ့ညှပ်ပြီး အစာစားတာ ဘယ်လိုများနေမလဲလို့ တွေးကြည့်ဖူးသလား။ ကျွန်တော်တော့ အဲဒါကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်လာတယ်။ ခြေထောက်သုံးပြီး သွားတိုက်တတ်အောင်၊ ခေါင်းဖြီးတတ်အောင်လည်း သင်ယူခဲ့တယ်။ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ခြေထောက်နဲ့ အမူအရာတွေတောင် ပြတတ်လာတယ်။ ဒါကြောင့် ခြေထောက်က ကျွန်တော့်အတွက်တော့ လက်အစုံပါပဲ။
ဆယ်ကျော်သက် အရွယ်လောက်မှာ သိပ္ပံဝတ္ထုတွေ ဖတ်ရတာ သိပ်ကြိုက်တယ်။ အရာအားလုံးကို လုပ်နိုင်ဖို့ အထူးတီထွင်ထားတဲ့ လက်တွေရှိရင် သိပ်ကောင်းမှာပဲလို့ တစ်ခါတလေ စဉ်းစားမိတယ်။ အသက် ၁၄ နှစ်မှာ ဆေးလိပ်ကို စသောက်တတ်လာတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိစေတယ်၊ တခြားသူတွေနဲ့ တန်းတူပဲလို့ ခံစားရစေတယ်။ ‘အရွယ်ရောက်သူမှန်ရင် ဆေးလိပ်သောက်ရမှာပဲ။ ငါလည်း လက်အစုံမရှိပေမဲ့ လုပ်နိုင်ပါတယ်’ ဆိုတဲ့ပုံစံမျိုး ဖမ်းထားတယ်။
ကျွန်တော်က အမြဲအလုပ်များအောင် နေတယ်၊ ပရဟိတလုပ်ငန်းတွေ လုပ်တယ်။ ဒီလိုနဲ့ လွတ်လပ်တဲ့ဂျာမန်လူငယ်များအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့တယ်။ အဲဒီအဖွဲ့က အစိုးရရဲ့ ထောက်ပံ့ကြေးရထားတဲ့ ဆိုရှယ်လစ် လူငယ်အဖွဲ့အစည်းတစ်ခုပါ။ ကျွန်တော်က အတွင်းရေးမှူးဆိုတော့ ဒေသခံအဖွဲ့ဝင်တွေထဲမှာဆို ရာထူးကြီးတယ်လို့ ပြောရမယ်။ သီချင်းဆိုကလပ်မှာ ပါတယ်။ ကဗျာရွတ်ပွဲတွေ၊ မသန်မစွမ်း အားကစားပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့တယ်။ အလုပ်သင်ကာလ ပြီးသွားတဲ့နောက် ကျွန်တော်တို့မြို့ရဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်တယ်။ နောက်ပိုင်းမှာ သာမန်လူတစ်ယောက်လို လှုပ်ရှားသွားလာချင်တာနဲ့ လက်အတုတွေကို အမြဲလိုလို တပ်ထားဖြစ်တယ်။
အမှန်တရားကို လက်ဝယ်ပိုင်ဆိုင်ခဲ့
တစ်နေ့ကျတော့ အလုပ်သွားဖို့ ရထားစောင့်နေတုန်း ကျွန်တော့်အနား လူတစ်ယောက် ရောက်လာပြီး ‘ဘုရားသခင်က ခင်ဗျားကို လက်နှစ်ဖက်စလုံး ပြန်ရအောင် လုပ်ပေးနိုင်မယ်လို့ ထင်သလား’ ဆိုပြီး မေးတယ်။ ကျွန်တော် တော်တော်လေး စိတ်ရှုပ်သွားတယ်။ လက်နှစ်ဖက်စလုံး ပြန်လိုချင်ပေမဲ့ အဲဒါက ကျွန်တော့်အတွက်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘုရားမဲ့ဝါဒီသမားအနေနဲ့ ဘုရားသခင် မရှိဘူးလို့ အခိုင်အမာ ယုံကြည်ထားလို့ပါ။ ဒါနဲ့ အဲဒီအချိန်ကစပြီး သူ့ကိုတွေ့ရင် ကျွန်တော် ရှောင်တော့တယ်။
နောက်ပိုင်း၊ အလုပ်ဖော် အမျိုးသမီးတစ်ယောက်က သူ့အိမ်ကို အလည်ခေါ်တယ်။ သူ့မိဘတွေက ကျွန်တော်နဲ့ ကော်ဖီအတူတူသောက်ရင်း ယေဟောဝါဘုရားအကြောင်း စပြောပြတယ်။ ဘုရားသခင်မှာ နာမည်ရှိမှန်း ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ (ယေရမိ ၃၃:၂) ဒါပေမဲ့ ‘ဘုရားသခင်နာမည် ဘာပဲဖြစ်နေဖြစ်နေ ဘုရားဆိုတာ တကယ်မရှိနိုင်ပါဘူး။ ဒီလူတွေ မှားနေတယ်ဆိုတာ ငါ သက်သေပြမယ်’ လို့ စိတ်ထဲကနေ ပြောမိတယ်။ ကိုယ့်အထင်အမြင်ကို အပြည့်အဝယုံကြည်ပြီး ကျမ်းစာအကြောင်း ဆွေးနွေးဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ အံ့သြစရာက ဘုရားသခင်မရှိဘူးဆိုတာ ကျွန်တော့်ဘက်က သက်သေမပြနိုင်ဘူး။
ကျမ်းစာမှာပါတဲ့ ကြိုဟောချက်တွေအကြောင်း လေ့လာတဲ့အခါ ဘုရားတည်ရှိမှုနဲ့ ပတ်သက်တဲ့ ကျွန်တော့်သဘောထားတွေ တဖြည်းဖြည်း ပြောင်းလဲလာတယ်။ နှစ်ပေါင်းထောင်ချီပြီးရေးခဲ့တဲ့ ကြိုဟောချက်တွေ တကယ်ဖြစ်ပျက်နေတယ်။ တစ်ခါတုန်းက ကျမ်းစာဆွေးနွေးနေချိန်မှာ လက်ရှိကမ္ဘာ့အခြေအနေတွေကို မဿဲအခန်းကြီး ၂၄၊ လုကာအခန်းကြီး ၂၁ နဲ့ ၂ တိမောသေ အခန်းကြီး ၃ မှာပါတဲ့ ကြိုဟောချက်တွေနဲ့ နှိုင်းယှဉ်ခဲ့ကြတယ်။ ဆရာဝန်က လူနာခံစားနေရတဲ့ လက္ခဏာအားလုံးကို ခြုံကြည့်ပြီး ရောဂါအမည်မှန် တပ်ပေးနိုင်သလို ကျွန်တော်လည်း ဒီကြိုဟောချက်တွေမှာပါတဲ့ ဖြစ်ရပ်အားလုံးကို ခြုံကြည့်ပြီး ကျမ်းစာမှာပြောထားတဲ့ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်နေရမှန်း သိမြင်နိုင်ခဲ့တယ်။ * ကိုယ့်မျက်စိရှေ့မှာပဲ ဒီကြိုဟောချက်တွေ ဖြစ်ပျက်နေမှန်း သိလိုက်ရတော့ အံ့သြမှင်တက်သွားခဲ့တယ်။
သိရှိလာတဲ့အရာတွေဟာ အမှန်တရားဖြစ်မှန်း ကျွန်တော် အခိုင်အမာယုံကြည်တယ်။ ဒါကြောင့် ယေဟောဝါဘုရားဆီ စပြီးဆုတောင်းတယ်၊ ဆေးလိပ်ကို ဆယ်နှစ်ကျော်ကျော်လောက် အလွန်အကျွံသောက်ခဲ့ပေမဲ့လည်း ဖြတ်လိုက်တယ်။ ကျမ်းစာကို တစ်နှစ်လောက် ဆက်လေ့လာပြီး
၁၉၈၆ ခုနှစ်၊ ဧပြီ ၂၇ ရက်မှာ ရေချိုးဇလုံမှာပဲ တိတ်တဆိတ် နှစ်ခြင်းခံခဲ့တယ်။ အဲဒီအချိန်တုန်းက အရှေ့ဂျာမနီမှာ သက်သေခံတွေရဲ့ လုပ်ငန်းကို ပိတ်ပင်ထားတယ်။တခြားသူတွေကို ကူညီပေး
ပိတ်ပင်မှုကြောင့် အိမ်တွေမှာ အုပ်စုငယ်တွေအနေနဲ့ ကျွန်တော်တို့ တွေ့ဆုံခဲ့ရတယ်။ ဒါကြောင့် ညီအစ်ကိုညီအစ်မ နည်းနည်းလောက်ကိုပဲ သိကျွမ်းခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အာဏာပိုင်တွေက ကျွန်တော့်ကို အနောက်ဂျာမနီဆီ သွားဖို့ခွင့်ပြုခဲ့တယ်။ အဲဒီမှာတော့ သက်သေခံတွေရဲ့ လုပ်ငန်းကို မပိတ်ပင်ထားဘူး။ စည်းဝေးကြီးတွေကို ပထမဆုံးအနေနဲ့ တက်ရောက်ခွင့်ရခဲ့ပြီး ညီအစ်ကိုညီအစ်မ ထောင်နဲ့ချီကို တွေ့မြင်ခွင့်ရခဲ့တယ်။ တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံပါပဲ။
ဘာလင်တံတိုင်းကြီး ပြိုလဲသွားပြီးနောက် ယေဟောဝါသက်သေတွေရဲ့ ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ကြတယ်။ နောက်ဆုံးတော့ ယေဟောဝါကို ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်ပြီ။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းမှာ ပိုတိုးချဲ့ ပါဝင်ချင်တယ်။ ဒါပေမဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်သွယ်ရမှာကိုတော့ သိပ်ကြောက်မိတယ်။ မသန်မစွမ်းဖြစ်တာ၊ ကလေးဘဝရဲ့ အချိန်အတော်များများကို မသန်မစွမ်းကျောင်းမှာပဲ ကုန်လွန်ခဲ့တာကြောင့် ကျွန်တော့်မှာ သိမ်ငယ်စိတ်ရှိတယ်။ ဒါပေမဲ့ ၁၉၉၂ ခုနှစ်မှာ တစ်လကို နာရီ ၆၀ ဟောပြောဖို့ ကြိုးစားပါဝင်ခဲ့တယ်။ အဲဒီလို ကြိုးစားခဲ့တာကြောင့် ပျော်ရွှင်မှုလည်း ခံစားခဲ့ရတယ်။ ဒါနဲ့ လတိုင်း ပါဝင်ဖို့ ဆုံးဖြတ်ပြီး နောက်သုံးနှစ်လောက်အထိ ဆက်တိုက်ပါဝင်နိုင်ခဲ့တယ်။
“မည်သူသည် အားနည်း၍ ငါမူကား အားမနည်းဘဲ နေရသနည်း” ဆိုတဲ့ ကျမ်းစကားကို စွဲမှတ်ထားတယ်။ (၂ ကောရိန္သု ၁၁:၂၉) မသန်မစွမ်းဖြစ်နေပေမဲ့ ကျွန်တော့်မှာ စဉ်းစားဉာဏ် ရှိသေးတယ်၊ စကားပြောနိုင်သေးတယ်။ ဒီတော့ တခြားသူတွေကို အတတ်နိုင်ဆုံး ကူညီတယ်။ နောက်ပြီး ကျွန်တော့်မှာ လက်အစုံမရှိတော့ ချို့ယွင်းချက်ရှိတဲ့သူတွေကို အပြည့်အဝ နားလည်ပေးနိုင်တာပေါ့။ တစ်ခုခုကို သိပ်လုပ်ချင်ပေမဲ့ မလုပ်နိုင်တဲ့အခါ ဘယ်လိုခံစားရမှန်း ကျွန်တော် ကောင်းကောင်းနားလည်တယ်။ ဒါကြောင့် အဲဒီလိုခံစားနေတဲ့သူတွေကို အတတ်နိုင်ဆုံး အားပေးတယ်။ တခြားသူတွေကို အဲဒီလိုအားပေးတာက ကျွန်တော့်ကို ပျော်ရွှင်စေတယ်။
ယေဟောဝါရဲ့ အကူအညီကို နေ့တိုင်းရရှိ
ဒါပေမဲ့ စိတ်ဓာတ်ကျတဲ့ အချိန်တွေရှိတယ်ဆိုတာ ဝန်ခံပါတယ်။ ကျွန်တော်က သာမန်လူတစ်ယောက်လိုပဲ ဖြစ်ချင်တာပါ။ နေ့စဉ်အလုပ် အတော်များများကို ကိုယ့်ဘာသာလုပ်နိုင်ပေမဲ့ သာမန်လူထက်တော့ အချိန်နဲ့ခွန်အား အများကြီး စိုက်ထုတ်ရတယ်။ ဒါကြောင့် “ငါ့ကို တန်ခိုးပေးတော်မူသော ကိုယ်တော်အားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏” ဆိုတဲ့ကျမ်းစကားဟာ ကျွန်တော့်ရဲ့ လက်စွဲဆောင်ပုဒ် ဖြစ်လာတယ်။ (ဖိလိပ္ပိ ၄:၁၃) နေ့စဉ်လုပ်နေကျအရာတွေကို လုပ်နိုင်ဖို့ ယေဟောဝါဘုရားက အမြဲခွန်အားပေးတယ်။ ဘုရားသခင် အမြဲခွန်အားပေးနေမှန်း သိလာတော့ ကျွန်တော်လည်း ဘုရားအတွက် အမြဲအမှုဆောင်ချင်စိတ် ပေါ်လာတယ်။
ဒါ့အပြင် ကလေးဘဝကတည်းက လိုချင်တောင့်တခဲ့တဲ့ မိသားစုဘဝကိုလည်း ယေဟောဝါဘုရား ပေးသနားပါတယ်။ သိပ်ချစ်စရာကောင်းပြီး ကြင်နာသနားတတ်တဲ့ ဇနီးအဲလ်ကာလည်း အနားမှာ ရှိတယ်။ သန်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေကလည်း ကျွန်တော့်ရဲ့ ညီအစ်ကိုညီအစ်မတွေ ဖြစ်လာတဲ့အတွက် ကမ္ဘာချီမိသားစုတစ်စုကို ပိုင်ဆိုင်ခွင့်ရတယ်။
သာယာလှပတဲ့ကမ္ဘာသစ်မှာ ကျွန်တော့်ရဲ့ လက်အစုံအပါအဝင် “အရာခပ်သိမ်းကို အသစ်ပြုလုပ်” ပေးမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ ကတိကြောင့် နှစ်သိမ့်မှုရတယ်။ (ဗျာဒိတ် ၂၁:၅) ယေရှု မြေကြီးပေါ်ရှိတုန်းက ခြေလက်သေနေသူတွေကို ကုသပေးခဲ့တယ်။ နားရွက်ပြတ်သွားတဲ့သူကိုတောင် အကောင်းပကတိဖြစ်အောင် လုပ်ပေးခဲ့တယ်။ အဲဒီအကြောင်း စဉ်းစားလိုက်တဲ့အခါ ဘုရားပေးကတိဟာ သိပ်ကောင်းမှန်း ပိုနားလည်လာတယ်။ (မဿဲ ၁၂:၁၃; လုကာ ၂၂:၅၀၊ ၅၁) ယေဟောဝါဘုရားရဲ့ ကတိတွေနဲ့ ယေရှုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုတွေက မကြာခင် ကျွန်တော်လည်း သာမန်လူတစ်ယောက်လို လှုပ်ရှားသွားလာနိုင်တော့မယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်။
ကျွန်တော့်အတွက် အကြီးမားဆုံး ကောင်းချီးတစ်ခုက ယေဟောဝါဘုရားကို သိကျွမ်းခွင့်ရတာပဲ။ ကိုယ်တော်ဟာ ကျွန်တော့်အတွက် အဖေလို၊ သူငယ်ချင်းလိုဖြစ်တဲ့အပြင် နှစ်သိမ့်မှုနဲ့ ခွန်အားပေးတဲ့အရှင်လည်း ဖြစ်တယ်။ “ထာဝရဘုရားသည် ငါ၏ခွန်အားဗလ . . . ဖြစ်တော်မူ၏။ ငါ့ကို စောင့်မတော်မူသောကြောင့် ငါ့နှလုံးသည် ရွှင်လန်းလျက်ရှိ၏” ဆိုပြီးပြောခဲ့တဲ့ ဘုရင်ဒါဝိဒ်လို ကျွန်တော် ခံစားရတယ်။ (ဆာလံ ၂၈:၇) ဒီအမှန်တရားကို တစ်ဘဝလုံး ဆုပ်ကိုင်ထားချင်တယ်။ ကျွန်တော့်မှာ လက်အစုံမရှိပေမဲ့ အဲဒါကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရခဲ့တယ်။
^ စာပိုဒ်၊ 17 နောက်ဆုံးသောနေ့ရက်များနဲ့ဆိုင်တဲ့ နိမိတ်တွေအကြောင်း အသေးစိတ် ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲစာအုပ် အခန်း ၉၊ “‘နောက်ဆုံးသောနေ့ရက်များ’ မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကြည့်ပါ။ www.pr418.com/mya အွန်လိုင်းမှာလည်း ဒီစာအုပ်ကို ကူးယူနိုင်ပါတယ်။