မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်မဟာကရုဏာ ခံစားရသူတွေ

ဘုရားသခင့်မဟာကရုဏာ ခံစားရသူတွေ

“ငါတို့ရှိသမျှသည် မဟာကရုဏာတော်ကို အထပ်ထပ် ခံစားကြရ၏။”—ယော. ၁:၁၆

သီချင်း– ၉၅၊ ၁၃

၁၊ ၂။ (က) ယေရှုပြောခဲ့တဲ့ စပျစ်ခြံပိုင်ရှင် ပုံဥပမာကို ဖော်ပြပါ။ (ခ) ဒီပုံဥပမာက ရက်ရောမှုနဲ့ ကရုဏာ အရည်အသွေးတွေကို ဘယ်လို ပေါ်လွင်စေသလဲ။

စပျစ်ခြံပိုင်ရှင်တစ်ယောက်ဟာ မနက်စောစော ခြံလုပ်သားတွေကို ငှားဖို့ ဈေးထဲသွားတယ်။ တစ်ရက်လုပ်ခ ဘယ်လောက်ပေးမယ်လို့ သူ သတ်မှတ်တာကို လုပ်သားတွေလည်း သဘောတူပြီး အလုပ်လက်ခံလိုက်တယ်။ ဒါပေမဲ့ တစ်နေ့တာအတွင်း လုပ်သားတွေ ထပ်လိုတဲ့အတွက် ဈေးထဲ ခဏခဏပြန်သွားပြီး ငှားရတယ်။ သူတို့အားလုံးကို သင့်တော်သလောက် လုပ်ခပေးဖို့ ကမ်းလှမ်းတယ်။ တစ်နေ့တာကုန်တဲ့အခါ လုပ်သားတွေကို စုပြီး ငွေရှင်းပေးတယ်။ ခြံရှင်က ရက်ရောပြီး တစ်နေ့လုံး လုပ်သူကိုရော တစ်နာရီတည်း လုပ်သူကိုပါ လုပ်ခအတူတူပေးတယ်။ တစ်နေ့လုံး လုပ်သူတွေ မကျေမနပ်ဖြစ်တဲ့အခါ ခြံရှင်က ‘ကျွန်တော်ပေးတဲ့ လုပ်ခကို ခင်ဗျားတို့ သဘောတူခဲ့တယ် မဟုတ်လား။ လုပ်သားအားလုံးကို ပေးချင်သလောက် ပေးပိုင်ခွင့် မရှိဘူးလား။ ကျွန်တော် ရက်ရောတာကို ခင်ဗျားတို့ မနာလိုဖြစ်စရာလား’ လို့ ပြန်ပြောတယ်။—မ. ၂၀:၁-၁၅

ယေရှုရဲ့ ပုံဥပမာက ကျမ်းစာမှာ မကြာခဏဖော်ပြထားတဲ့ ယေဟောဝါရဲ့အရည်အသွေးတစ်ခုကို သတိရစေတယ်။ အဲဒါကတော့ “မဟာကရုဏာ” ပဲ။ [၁] (၂ ကောရိန္သု ၆:၁ ကိုဖတ်ပါ။) တစ်နာရီတည်း အလုပ်လုပ်သူတွေဟာ လုပ်ခအပြည့် မရသင့်ဘူးလို့ တချို့တွေးမိနိုင်တယ်။ ဒါပေမဲ့ စပျစ်ခြံရှင်က သူတို့ကို ထူးထူးခြားခြား ကရုဏာပြခဲ့တယ်။ ကျမ်းစာမှာသုံးထားတဲ့ “မဟာကရုဏာ” ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ကျမ်းပညာရှင်တစ်ယောက် အခုလိုပြောတယ်– “ဒီစကားလုံးရဲ့ ခြုံငုံအဓိပ္ပာယ်ဟာ အားစိုက်ထုတ်မှု မပါဘဲ၊ မထိုက်တန်ဘဲ၊ မရထိုက်ဘဲ လူတစ်ယောက် အခမဲ့ရလိုက်တဲ့ လက်ဆောင်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။”

ယေဟောဝါပေးတဲ့ ရက်ရောတဲ့လက်ဆောင်

၃၊ ၄။ လူသားတွေကို ယေဟောဝါ ဘာကြောင့် မဟာကရုဏာပြသလဲ။ ဘယ်လိုနည်းနဲ့လဲ။

ကျမ်းစာမှာ ‘ဘုရားသခင်ရဲ့ မဟာကရုဏာတော် ဆုကျေးဇူး၊’ တစ်နည်းအားဖြင့် အခမဲ့လက်ဆောင်အကြောင်း ပြောထားတယ်။ (ဧ. ၃:၇) ဒီလက်ဆောင်ကို ယေဟောဝါ ဘာကြောင့်ပေးသလဲ။ ဘယ်လို ပေးသလဲ။ ယေဟောဝါရဲ့ တောင်းဆိုချက်တွေကိုသာ ကျွန်တော်တို့ အပြည့်အဝ ပြည့်မီတယ်ဆိုရင် ကိုယ်တော့်ကရုဏာကို ကျွန်တော်တို့ ရထိုက်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို မပြည့်မီကြဘူး။ ဒါကြောင့် “အပြစ်မပါဘဲ ကောင်းသောအကျင့်ကို ကျင့်သောသူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာမရှိ” လို့ ပညာရှိဘုရင်ရှောလမုန် ပြောခဲ့တယ်။ (ဒေ. ၇:၂၀) တမန်တော်ပေါလုကလည်း “လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ ဘုန်းတော်ကို မမီကြ၊” “အပြစ်တရား၏အခကား သေခြင်းဖြစ်၏” လို့ ပြောခဲ့တယ်။ (ရော. ၃:၂၃; ၆:၂၃) ကျွန်တော်တို့ ရထိုက်တာ အဲဒါပဲ။

ဒါပေမဲ့ အပြစ်ရှိတဲ့လူသားတွေကို ယေဟောဝါ မေတ္တာပြပြီး အနှိုင်းမဲ့မဟာကရုဏာ ပြတယ်။ ကိုယ်တော့် အကြီးမားဆုံးလက်ဆောင်ကတော့ ကျွန်တော်တို့အတွက် အသေခံဖို့ “တစ်ပါးတည်းသောသားတော်” ကို မြေကြီးပေါ် စေလွှတ်တာပဲ။ (ယော. ၃:၁၆) ဒါကြောင့် ယေရှုက ‘ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် ချီးမြှောက်ခံရ၏။ ဘုရားသခင်၏မဟာကရုဏာတော်အားဖြင့် လူအားလုံးအတွက် အသေခံခဲ့ရ၏’ လို့ ပေါလုပြောခဲ့တယ်။ (ဟေဗြဲ ၂:၉) မှန်ပါတယ်။ ‘ဘုရားသခင်ပေးတဲ့ ဆုလက်ဆောင်ကတော့ သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက်’ ဖြစ်တယ်။—ရော. ၆:၂၃

၅၊ ၆။ (က)အပြစ်ရဲ့ အစိုးရမှုကြောင့် ဘာရလဒ်တွေ ရရှိသလဲ။ (ခ) မဟာကရုဏာရဲ့ အစိုးရမှုကြောင့် ဘာရလဒ်တွေ ရရှိသလဲ။

လူသားတွေ ဘာကြောင့် အပြစ်ရှိပြီး သေဆုံးရတာလဲ။ ‘တစ်ယောက်သောသူ [အာဒံ] ရဲ့အပြစ်ကြောင့်’ အာဒံရဲ့ သားစဉ်မြေးဆက်တွေအပေါ် ‘သေခြင်းတရား အစိုးရ’ တယ်လို့ ကျမ်းစာပြောတယ်။ (ရော. ၅:၁၂၊ ၁၄၊ ၁၇) ဝမ်းသာစရာက အပြစ်ရဲ့ အစိုးရမှု၊ လွှမ်းမိုးမှုကို မခံယူဖို့ ကျွန်တော်တို့ ရွေးချယ်နိုင်တယ်။ ခရစ်တော်ရဲ့ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြခြင်းအားဖြင့် ယေဟောဝါပြတဲ့ မဟာကရုဏာရဲ့ အစိုးရမှုကို ခံယူကြတယ်။ ဘယ်နည်းအားဖြင့်လဲ။ “အပြစ်ပွားများလေ မဟာကရုဏာတော် သာ၍ကြွယ်ဝလေဖြစ်၏။ အဘယ်အတွက်နည်း။ အပြစ်တရားသည် သေခြင်းနှင့်အတူ အစိုးရသကဲ့သို့ ငါတို့၏သခင်ယေရှုခရစ်ကြောင့် မဟာကရုဏာတော်သည်လည်း ထာဝရအသက်ရစေရန် ဖြောင့်မတ်ခြင်းတရားအားဖြင့် အစိုးရမည် အကြောင်းတည်း” လို့ ကျမ်းစာပြောတယ်။—ရော. ၅:၂၀၊ ၂၁

အပြစ်သားတွေဖြစ်ပေမဲ့ အပြစ်ရဲ့ အစိုးရမှုကို ခွင့်မပြုရဘူး။ ဒါကြောင့် အမှားလုပ်မိတဲ့အခါ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ကျွန်တော်တို့ တောင်းခံကြတယ်။ “သင်တို့သည် ပညတ်တရားအောက်၌ မရှိ၊ မဟာကရုဏာတော်အောက်၌ ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို အစိုးမရပါစေနှင့်” လို့ ပေါလု သတိပေးတယ်။ (ရော. ၆:၁၄) ဘုရားသခင့်မဟာကရုဏာရဲ့ အစိုးရမှုကနေ ဘယ်လို အကျိုးရရှိနိုင်သလဲ။ ‘ဘုရားသခင်၏ မဟာကရုဏာတော်သည် လက်ရှိလောကစနစ်တွင် ဘုရားတရားမဲ့ခြင်းနှင့် လောကတပ်မက်ခြင်းကို ငြင်းပယ်၍ သမာသတိရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားတရား ဆည်းကပ်ခြင်းတို့ဖြင့် အသက်ရှင်ကြရန် ငါတို့အား ညွှန်ကြား၏’ လို့ ပေါလုပြောတယ်။—တိ. ၂:၁၁၊ ၁၂

‘နည်းအမျိုးမျိုးဖြင့်ဖော်ပြတဲ့’ မဟာကရုဏာ

၇၊ ၈။ ယေဟောဝါရဲ့ မဟာကရုဏာကို ‘နည်းအမျိုးမျိုးနဲ့ ဖော်ပြ’ တယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

“နည်းအမျိုးမျိုးဖြင့်ဖော်ပြသော ဘုရားသခင်၏မဟာကရုဏာတော် ခံစားရသူ ဘဏ္ဍာစိုးကောင်းများအနေနှင့် သင်တို့တစ်ဦးစီသည် ရရှိထားသော ဆုကျေးဇူးတော်ကို အချင်းချင်းအတွက် အကျိုးဆောင်ရာတွင် အသုံးပြုကြလော့” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၄:၁၀) ယေဟောဝါရဲ့ မဟာကရုဏာကို နည်းအမျိုးမျိုးနဲ့ ဖော်ပြတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘယ်လိုအခက်အခဲတွေ ကြုံရပါစေ ခံနိုင်ရည်ရှိဖို့ လိုအပ်တဲ့အရာကို ယေဟောဝါ ပေးမယ်လို့ ဆိုလိုတယ်။ (၁ ပေ. ၁:၆) အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ လိုအပ်ရာ အတိအကျကို ဘုရားသခင် အမြဲပေးပါလိမ့်မယ်။

“ကိုယ်တော်၏ပြည့်စုံခြင်းမှ ငါတို့ရှိသမျှသည် မဟာကရုဏာတော်ကို အထပ်ထပ် ခံစားကြရ၏” လို့ တမန်တော်ယောဟန် ပြောတယ်။ (ယော. ၁:၁၆) မဟာကရုဏာကို နည်းအမျိုးမျိုးနဲ့ ယေဟောဝါ ဖော်ပြတဲ့အတွက် ကောင်းချီးများစွာကို ကျွန်တော်တို့ ခံစားနေရတယ်။ အဲဒီကောင်းချီးတချို့က ဘာတွေလဲ။

၉။ ယေဟောဝါရဲ့ မဟာကရုဏာကနေ ကျွန်တော်တို့ ဘယ်လို အကျိုးရရှိသလဲ။ ကျေးဇူးတင်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။

ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်တယ်။ ယေဟောဝါက မဟာကရုဏာကြောင့် ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးတယ်။ ဒါပေမဲ့ နောင်တယူပြီး အပြစ်လုပ်ချင်စိတ်ကို ဆက်တိုက်လှန်နေမှသာဖြစ်တယ်။ (၁ ယောဟန် ၁:၈၊ ၉ ကိုဖတ်ပါ။) ဘုရားသခင့်ကရုဏာအတွက် ကျေးဇူးတင်လွန်းလို့ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းဖို့ လှုံ့ဆော်ခံရသင့်တယ်။ အပြစ်တွေကို ယေဟောဝါ ဘယ်လို ခွင့်လွှတ်မှန်း ဘိသိက်ခံခရစ်ယာန်ချင်းတွေကို ပေါလု အခုလိုပြောတယ်– “[ယေဟောဝါသည်] ငါတို့ကို မှောင်မိုက်တန်ခိုးအောက်မှ ကယ်နုတ်၍ ချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ဆောင်သွင်းတော်မူ၏။ ထိုသားတော်အားဖြင့် ငါတို့သည် ရွေးနုတ်တော်မူခြင်းတည်းဟူသော အပြစ်လွှတ်ခြင်းကို ခံရ၏။” (ကော. ၁:၁၃၊ ၁၄) အပြစ်တွေ ခွင့်လွှတ်ခံရလို့ နောက်ထပ်ကောင်းချီးများစွာ ရရှိဖို့ လမ်းပွင့်လာတယ်။

၁၀။ ဘုရားသခင့် မဟာကရုဏာကြောင့် ကျွန်တော်တို့ ဘာခံစားရသလဲ။

၁၀ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ရရှိနိုင်တယ်။ ကျွန်တော်တို့ မစုံလင်တဲ့အတွက် မွေးကတည်းက ဘုရားသခင့် ရန်သူတွေဖြစ်ကြတယ်။ “ငါတို့သည် ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်လာ” တယ်လို့ ပေါလုပြောတယ်။ (ရော. ၅:၁၀) ရွေးနုတ်ဖိုးကြောင့် ဘုရားသခင်နဲ့ ပြန်သင့်မြတ်လာပြီး ဆက်ဆံရေးကောင်း ရရှိနိုင်ကြတယ်။ ပေါလုက အဲဒီအခွင့်ထူးကို ယေဟောဝါရဲ့ မဟာကရုဏာနဲ့ အခုလို ဆက်စပ်ခဲ့တယ်– “ငါတို့ [ခရစ်တော်ရဲ့ဘိသိက်ခံညီတွေ] သည် ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ ရောက်ပြီဖြစ်လျှင် ငါတို့၏သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြစို့။ ထိုသခင်အားဖြင့်လည်း ယခု ငါတို့တည်နေရာ မဟာကရုဏာတော်သို့ ယုံကြည်ခြင်းကြောင့် ချဉ်းကပ်ခွင့် ရကြ၏။” (ရော. ၅:၁၊ ၂) ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရရှိထားလို့ ကျေးဇူးတင်စရာပဲ။

ဘုရားသခင့်မဟာကရုဏာ ခံစားရပုံ–သတင်းကောင်း ကြားနာခွင့် (အပိုဒ် ၁၁ ကိုကြည့်ပါ)

၁၁။ “အခြားသိုး” တွေ ဖြောင့်မတ်တဲ့အနေအထား ရရှိအောင် ဘိသိက်ခံတွေ ဘယ်လို ကူညီပေးသလဲ။

၁၁ ဘုရားသခင်ရှေ့ ဖြောင့်မတ်တဲ့အနေအထား ရရှိနိုင်တယ်။ “ပညာရှိသောသူ” တွေဖြစ်တဲ့ ဘိသိက်ခံတွေဟာ နောက်ဆုံးကာလမှာ “လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်း” မယ်လို့ ပရောဖက်ဒံယေလ ကြိုပြောတယ်။ (ဒံယေလ ၁၂:၃ ကိုဖတ်ပါ။) ဘိသိက်ခံတွေ ဘယ်နည်းနဲ့ အဲဒီလို လုပ်ဆောင်နေသလဲ။ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းအားဖြင့် “အခြားသိုး” သန်းပေါင်းများစွာကို ဘုရားရှေ့ ဖြောင့်မတ်တဲ့အနေအထား ရရှိအောင် သူတို့ ကူညီပေးနေတယ်။ (ယော. ၁၀:၁၆) ဒါပေမဲ့ ယေဟောဝါရဲ့ မဟာကရုဏာကြောင့်သာ အဲဒီအနေအထားကို ရရှိနိုင်တယ်။ “ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးအားဖြင့် ဘုရားသခင်၏မဟာကရုဏာတော်ကြောင့် ဆုကျေးဇူးအဖြစ် ဖြောင့်မတ်ရာသို့ ရောက်၏” လို့ ပေါလုပြောတယ်။—ရော. ၃:၂၃၊ ၂၄

ဆုတောင်းနိုင်တဲ့ အခွင့်ထူး (အပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ ဆုတောင်းခြင်းဟာ ဘုရားသခင့်မဟာကရုဏာနဲ့ ဘယ်လိုဆက်စပ်သလဲ။

၁၂ ဘုရားသခင်ဆီ ဆုတောင်းချဉ်းကပ်နိုင်တယ်။ ယေဟောဝါရဲ့ မဟာကရုဏာကြောင့် ကိုယ်တော့်ဆီ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။ ပေါလုက ယေဟောဝါရဲ့ ပလ္လင်ကို “မဟာကရုဏာတော်ပလ္လင်” လို့ ခေါ်ပြီး “လွတ်လပ်စွာပြောဆိုခွင့်နှင့်တကွ” ချဉ်းကပ်ဖို့ ဖိတ်ခေါ်ထားတယ်။ (ဟေဗြဲ ၄:၁၆) ယေရှုကတစ်ဆင့် ယေဟောဝါဆီ ကျွန်တော်တို့ အချိန်မရွေး ဆုတောင်းနိုင်တယ်။ တကယ့်အခွင့်ထူးပါပဲ။ “ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာ ပြောဆိုလျက် ယုံကြည်စိတ်ချစွာ ချဉ်းကပ်ရသောအခွင့်ကို ရကြပြီ” လို့ ပေါလုပြောတယ်။—ဧ. ၃:၁၂

လိုအပ်ချိန်မှာ အကူအညီရရှိ (အပိုဒ် ၁၃ ကိုကြည့်ပါ)

၁၃။ မဟာကရုဏာတော်က ကျွန်တော်တို့ “အကူအညီလိုအပ်ချိန်” မှာ ဘယ်လို ကူညီပေးနိုင်သလဲ။

၁၃ လိုအပ်တဲ့အချိန်မှာ အကူအညီရရှိနိုင်တယ်။ ယေဟောဝါဆီ ဆုတောင်းမယ်ဆိုရင် “အကူအညီလိုအပ်ချိန်တွင် သနားကြင်နာမှုနှင့် မဟာကရုဏာတော်ကို ခံစားနိုင်ကြမည်” လို့ ပေါလုပြောတယ်။ (ဟေဗြဲ ၄:၁၆) ဘဝမှာ အခက်အခဲတွေ ကြုံရတိုင်း အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ ဆုတောင်းချက်တွေကို အဖြေပေးဖို့ ယေဟောဝါမှာ တာဝန်မရှိပေမဲ့ ဖြေကြားပေးတယ်။ ညီအစ်ကိုညီအစ်မတွေကို သုံးပြီး ကျွန်တော်တို့ကို ကူညီပေးလေ့ရှိတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေးလို့သာ ‘“ယေဟောဝါဘုရားသည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း” ဟု ရဲရင့်စွာ ပြောဆိုနိုင်’ ကြတယ်။—ဟေဗြဲ ၁၃:၆

၁၄။ ယေဟောဝါရဲ့ မဟာကရုဏာက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။

၁၄ နှစ်သိမ့်မှု ရရှိနိုင်တယ်။ စိတ်ဖိစီးမှု ကြုံရတိုင်း ယေဟောဝါရဲ့ နှစ်သိမ့်မှု ခံစားရတာ တကယ့်ကောင်းချီးပဲ။ (ဆာ. ၅၁:၁၇) သက်သာလောနိတ်မြို့က ခရစ်ယာန်တွေ နှိပ်စက်ညှဉ်းပန်းမှု ကြုံရတဲ့အခါ ‘ငါတို့သခင်ယေရှုခရစ် ကိုယ်တော်တိုင်သည်လည်းကောင်း၊ ငါတို့ကို ချစ်တော်မူ၍ မဟာကရုဏာတော်အားဖြင့် ထာဝရနှစ်သိမ့်မှုနှင့် တောက်ပသောမျှော်လင့်ချက်ကို ပေးတော်မူသော ငါတို့အဖ ဘုရားသခင်သည်လည်းကောင်း သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ သင်တို့ကို မြဲမြံစေတော်မူပါစေ’ လို့ ပေါလုပြောခဲ့တယ်။ (၂ သက်. ၂:၁၆၊ ၁၇) ကျွန်တော်တို့ကို ယေဟောဝါ ချစ်ပြီး ဂရုစိုက်မှန်း သိရတာ အားရှိစရာပဲ။

၁၅။ ဘုရားသခင့် မဟာကရုဏာကြောင့် ကျွန်တော်တို့ ဘာမျှော်လင့်ချက် ရှိလာသလဲ။

၁၅ ထာဝရအသက် မျှော်လင့်ချက် ရရှိထားတယ်။ အပြစ်သားတွေဖြစ်လို့ ယေဟောဝါရဲ့ အကူအညီမပါဘဲ ကျွန်တော်တို့ မျှော်လင့်ချက် မရှိနိုင်ဘူး။ (ဆာလံ ၄၉:၇၊ ၈ ကိုဖတ်ပါ။) ဒါပေမဲ့ အံ့ဖွယ်မျှော်လင့်ချက်ကို ယေဟောဝါ ပေးထားတယ်။ ‘ငါ့ခမည်းတော်၏အလိုတော်ကား သားတော်ကိုမြင်၍ ယုံကြည်ကြောင်း တင်ပြသောသူတိုင်း ထာဝရအသက်ရစေရန်ဖြစ်၏’ လို့ ယေရှု ပြောတယ်။ (ယော. ၆:၄၀) ယေဟောဝါရဲ့ မဟာကရုဏာကြောင့်သာ ထာဝစဉ်အသက်ရှင်ဖို့ ကျွန်တော်တို့ မျှော်လင့်ချက် ရှိလာတယ်။ ‘လူအမျိုးမျိုးအတွက် ကယ်တင်ခြင်းဖြစ်စေသည့် ဘုရားသခင်၏ မဟာကရုဏာတော်သည် ထင်ရှားခဲ့ပြီ’ လို့ ပေါလုပြောတယ်။—တိ. ၂:၁၁

ဘုရားသခင့် မဟာကရုဏာကို အခွင့်ကောင်းမယူပါနဲ့

၁၆။ အစောပိုင်းခရစ်ယာန်တချို့ ဘုရားသခင့်မဟာကရုဏာကို ဘယ်လို အခွင့်ကောင်းယူခဲ့ကြသလဲ။

၁၆ ယေဟောဝါရဲ့ မဟာကရုဏာကြောင့် ကောင်းချီးများစွာကို ကျွန်တော်တို့ ခံစားနေရတယ်။ ဒါပေမဲ့ အဲဒီကရုဏာကို တလွဲမသုံးသင့်ဘူး၊ အခွင့်ကောင်းယူပြီး အပြစ်မလုပ်သင့်ဘူး။ အစောပိုင်းခရစ်ယာန်တွေထဲမှာ “ဘုရားသခင့် မဟာကရုဏာတော်ကို အခွင့်ကောင်းယူ၍ အကျင့်ပျက်နေ” သူတချို့ ရှိခဲ့တယ်။ (ယု. ၄) အဲဒီသစ္စာမဲ့ခရစ်ယာန်တွေဟာ အပြစ်လုပ်တိုင်း ယေဟောဝါ အမြဲခွင့်လွှတ်မယ်လို့ ထင်ကြပုံရတယ်။ သူတို့နဲ့အတူ အပြစ်လုပ်ဖို့ ညီအစ်ကိုတွေကိုတောင် သွေးဆောင်ကြတယ်။ ဒီနေ့ခေတ်မှာလည်း အဲဒီလိုလုပ်သူဟာ ‘မဟာကရုဏာတော်ကို မထီမဲ့မြင်ပြုသူ’ ဖြစ်တယ်။—ဟေဗြဲ ၁၀:၂၉

၁၇။ ပေတရု ဘယ်လို သတိပေးခဲ့သလဲ။

၁၇ အပြစ်လုပ်လို့ရတယ်၊ ယေဟောဝါ အလိုလိုခွင့်လွှတ်ပေးလိမ့်မယ်လို့ ထင်လာအောင် ဒီနေ့ခေတ် ခရစ်ယာန်တချို့ကို စာတန် လှည့်စားနေတယ်။ အပြစ်ပြုသူတွေ နောင်တယူတဲ့အခါ ယေဟောဝါ လိုလိုလားလားခွင့်လွှတ်ပေမဲ့ အပြစ်လုပ်ချင်စိတ်ကို တိုက်လှန်ဖို့လည်း ကိုယ်တော် မျှော်လင့်တယ်။ “ထို့ကြောင့် ချစ်ရသောသူတို့၊ ဤအကြောင်းကို ကြိုသိထားသဖြင့် သတိရှိကြလော့။ သို့မှသာ တရားမဲ့သူတို့နှင့်အတူ သွေဖည်သွားမည်မဟုတ်။ သင်တို့၏တည်ကြည်မှုကို ဆုံးရှုံးမည်မဟုတ်။ မဟာကရုဏာတော်၌လည်းကောင်း၊ ငါတို့သခင် ကယ်တင်ရှင် ယေရှုခရစ်နှင့်ပတ်သက်သော အသိပညာ၌လည်းကောင်း တိုးပွားပါစေ” လို့ ရေးဖို့ ပေတရုကို ယေဟောဝါ လှုံ့ဆော်ခဲ့တယ်။—၂ ပေ. ၃:၁၇၊ ၁၈

မဟာကရုဏာနဲ့အတူ တာဝန်တွေ လိုက်ပါလာ

၁၈။ ယေဟောဝါရဲ့ မဟာကရုဏာ ခံစားရလို့ ကျွန်တော်တို့မှာ ဘာတာဝန်တွေ ရှိသလဲ။

၁၈ ယေဟောဝါရဲ့ မဟာကရုဏာအတွက် ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြတယ်။ ဒါကြောင့် ကိုယ်ရရှိထားတဲ့ ဆုလက်ဆောင်တွေကို ယေဟောဝါကို ဂုဏ်တင်ရာမှာ၊ တခြားသူတွေကို ကူညီရာမှာ အသုံးပြုဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဘယ်လို အသုံးပြုနိုင်သလဲ။ “ထိုသို့ ပေးသနားတော်မူသော မဟာကရုဏာတော်အတိုင်း ငါတို့သည် ခြားနားသောဆုတော်များကို ရကြသောကြောင့် . . . အမှုတော်ဆောင်ဆုဖြစ်လျှင် ထိုအမှုကို ဆောင်ရွက်ကြစို့။ သွန်သင်ပေးသူဖြစ်လျှင် သွန်သင်ခြင်းအမှုကို ဆောင်ရွက်ပါစေ။ နှိုးဆော်သူဖြစ်လျှင် နှိုးဆော်ပါစေ။ . . . သနားတတ်သူဖြစ်လျှင် လှိုက်လှိုက်လှဲလှဲ သနားပါစေ” လို့ ပေါလုပြောတယ်။ (ရော. ၁၂:၆-၈) ယေဟောဝါရဲ့ မဟာကရုဏာ ခံစားရလို့ အမှုဆောင်လုပ်ငန်းမှာ အင်တိုက်အားတိုက်ပါဝင်ဖို့၊ တခြားသူတွေကို ကျမ်းစာသင်ပေးဖို့၊ ညီအစ်ကိုညီအစ်မတွေကို အားပေးဖို့၊ ကိုယ့်ကို စိတ်ထိခိုက်အောင်လုပ်သူတွေကို ခွင့်လွှတ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။

၁၉။ နောက်ဆောင်းပါးမှာ ဘယ်တာဝန်အကြောင်း ဆွေးနွေးကြမလဲ။

၁၉ ယေဟောဝါရဲ့ မဟာကရုဏာ ခံစားရသူတွေအနေနဲ့ “မဟာကရုဏာတော်နှင့်ဆိုင်သော သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံ” ရာမှာ အတတ်နိုင်ဆုံးပါဝင်ဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံရသင့်တယ်။ (တ. ၂၀:၂၄) ဒီတာဝန်အကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ [၁] (အပိုဒ် ၂) ကမ္ဘာသစ်ဘာသာပြန်ကျမ်း ရဲ့ “ခက်ဆစ်” မှာပါတဲ့ “မဟာကရုဏာ” ကို ကြည့်ပါ။