မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပစ္စည်းဥစ္စာတွေကိုမဟုတ်ဘဲ နိုင်ငံတော်ကို ဦးစားထားပါ

ပစ္စည်းဥစ္စာတွေကိုမဟုတ်ဘဲ နိုင်ငံတော်ကို ဦးစားထားပါ

“[ဘုရားသခင့်] နိုင်ငံတော်ကို ရှာလျက်နေကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလိမ့်မည်။”—လု. ၁၂:၃၁

သီချင်း– ၄၀၊ ၉၈

၁။ လိုအပ်ရာနဲ့ လိုချင်ရာ ဘယ်လိုကွာခြားသလဲ။

လိုအပ်တာနည်းနည်း၊ လိုချင်တာများများလို့ ပြောလေ့ရှိကြတယ်။ လူအတော်များများက လိုအပ်ရာနဲ့ လိုချင်ရာကို မခွဲခြားတတ်ကြဘူး။ ဘယ်လိုကွာခြားသလဲ။ “လိုအပ်ရာ” ဆိုတာ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်ရာတွေဖြစ်တယ်။ ဥပမာ၊ စားစရာ၊ ဝတ်စရာ၊ နေစရာ တို့ဖြစ်တယ်။ “လိုချင်ရာ” ဆိုတာ ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာတွေဖြစ်တယ်။ မရှိမဖြစ်လိုအပ်ရာတော့ မဟုတ်ဘူး။

၂။ လူတွေလိုချင်တဲ့အရာ တချို့ကို ဖော်ပြပါ။

နေထိုင်တဲ့ဒေသအပေါ် မူတည်ပြီး လူတွေ လိုချင်တဲ့အရာ ကွာခြားနိုင်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူတွေက ဆဲလ်ဖုန်း၊ ဆိုင်ကယ် ဒါမှမဟုတ် မြေကွက်လေးတစ်ကွက် ပိုင်ဆိုင်ချင်ကြတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ လူတွေက ဈေးကြီးတဲ့အဝတ်အစား၊ ကား ဒါမှမဟုတ် အိမ်ကြီးအိမ်ကောင်းတွေကို လိုချင်ကြတယ်။ ဘယ်နေရာမှာ နေနေ၊ ငွေ ဘယ်လောက်ရှိရှိ ကိုယ်တကယ်မလိုအပ်တဲ့အရာတွေ၊ မတတ်နိုင်တဲ့အရာတွေကို လိုချင်တပ်မက်လာပြီဆိုရင် အန္တရာယ်ရှိတယ်။

ပစ္စည်းဥစ္စာ အဓိကထားခြင်းကို သတိထားပါ

၃။ ပစ္စည်းဥစ္စာ အဓိကထားခြင်းဆိုတာ ဘာလဲ။

ပစ္စည်းဥစ္စာ အဓိကထားခြင်းဆိုတာ ဘာလဲ။ ဘုရားနဲ့ဆက်ဆံရေးထက် ပစ္စည်းဥစ္စာတွေကို ပိုအလေးထားတဲ့ သဘောထားဖြစ်တယ်။ အဲဒီသဘောထားရှိသူဟာ လိုအပ်ရာတွေရှိရုံနဲ့ မကျေနပ်ဘဲ အမြဲတမ်း ရလေ လိုလေ ဖြစ်နေတယ်။ မချမ်းသာတဲ့သူ၊ ဈေးကြီးတဲ့ပစ္စည်းတွေ မဝယ်နိုင်တဲ့သူတောင် ပစ္စည်းဥစ္စာအဓိကထားသူ၊ နိုင်ငံတော်ကို ဦးစားမထားသူ ဖြစ်လာနိုင်တယ်။—ဟေဗြဲ ၁၃:၅

၄။ “မျက်စိတပ်မက်ခြင်း” ကို စာတန် ဘယ်လိုသုံးနေသလဲ။

ပစ္စည်းဥစ္စာများများရှိမှ ပျော်ရွှင်နိုင်မယ်လို့ ကျွန်တော်တို့ကို စာတန် ယုံစေချင်တယ်။ ဒါကြောင့် ဒီလောကနဲ့ “မျက်စိတပ်မက်ခြင်း” ကိုသုံးပြီး ပစ္စည်းဥစ္စာပိုလိုချင်အောင် သွေးဆောင်နေတယ်။ (၁ ယော. ၂:၁၅-၁၇; က. ၃:၆; သု. ၂၇:၂၀) ပစ္စည်းအသစ်တွေဝယ်ဖို့ တွန်းအားပေးတဲ့ ကြော်ငြာတွေကိုလည်း ကျွန်တော်တို့ အမြဲ မြင်နေ၊ ကြားနေရတယ်။ ပစ္စည်းတစ်ခုခုကို လှလို့ ဒါမှမဟုတ် ကြော်ငြာမှာတွေ့လို့ ဝယ်လိုက်တာမျိုး ဖြစ်ဖူးသလား။ နောက်မှ တကယ်မလိုအပ်မှန်း သိလာသလား။ မလိုအပ်တဲ့ပစ္စည်းတွေက ဘဝကို ပိုရှုပ်ယှက်ခတ်စေပြီး ဝန်ပိစေတယ်။ ကျမ်းစာလေ့လာတာ၊ အစည်းအဝေးအတွက် ပြင်ဆင်ပြီး တက်ရောက်တာ၊ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်တာ စတဲ့ ဘုရားရေးရာလုပ်ငန်းတွေကနေ အာရုံလွဲသွားစေနိုင်တယ်။ “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏” လို့ တမန်တော်ယောဟန် ပြောခဲ့တာကို သတိရပါ။

၅။ ပစ္စည်းဥစ္စာပိုရဖို့ပဲ ခွန်အားစိုက်ထုတ်နေရင် ဘာဖြစ်သွားနိုင်သလဲ။

စာတန်က ကျွန်တော်တို့ကို ယေဟောဝါအတွက် မဟုတ်ဘဲ စည်းစိမ်ချမ်းသာအတွက် အစေခံစေချင်တယ်။ (မ. ၆:၂၄) ဒါပေမဲ့ ပစ္စည်းဥစ္စာပိုရဖို့ပဲ ခွန်အားစိုက်ထုတ်နေမယ်ဆိုရင် ဘဝက အဓိပ္ပာယ်မဲ့သွားပါလိမ့်မယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကျလာနိုင်တယ်။ ငွေကြေးအခက်အခဲတွေ ကြုံလာရနိုင်တယ်။ ပိုဆိုးတာက ယေဟောဝါနဲ့ နိုင်ငံတော်ကို မယုံကြည်တော့ဘဲ ဖြစ်သွားနိုင်တယ်။ (၁ တိ. ၆:၉၊ ၁၀; ဗျာ. ၃:၁၇) “တပ်မက်ခြင်းအမျိုးမျိုး” ဟာ မျိုးစေ့ အပင်မပေါက်အောင်၊ အသီးမသီးအောင် တားဆီးနိုင်တဲ့ ဆူးတွေနဲ့တူတယ်။—မာ. ၄:၁၄၊ ၁၈၊ ၁၉

၆။ ဗာရုတ်ဆီကနေ ဘာသင်ခန်းစာရသလဲ။

ပရောဖက်ယေရမိရဲ့ အတွင်းရေးမှူး ဗာရုတ်အကြောင်း စဉ်းစားကြည့်ပါ။ “ကြီးစွာသောအရာတို့ကို” ဗာရုတ် ရှာတဲ့အတွက် ယေဟောဝါ သတိပေးခဲ့တယ်။ ဂျေရုဆလင်မြို့ကို မကြာခင် ဖျက်ဆီးတော့မှာဖြစ်ပြီး ဗာရုတ်ရဲ့ အသက်ကိုပဲ ချမ်းသာပေးမယ်လို့ ကတိပေးခဲ့တယ်။ (ယေ. ၄၅:၁-၅) ဒီထက်ပိုပြီး ဗာရုတ် မမျှော်လင့်သင့်ဘူး။ လူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ယေဟောဝါ ကယ်မှာမဟုတ်ဘူး။ (ယေ. ၂၀:၅) ဒီနေ့လည်း စာတန့်စနစ်အဆုံးပိုင်းမှာ ကျွန်တော်တို့ အသက်ရှင်နေတယ်။ အခုအချိန်ဟာ ကိုယ့်အတွက် ပစ္စည်းဥစ္စာတွေ ရှာဖွေစုဆောင်းရမယ့်အချိန် မဟုတ်ဘူး။ ကိုယ်တန်ဖိုးထားတဲ့ပစ္စည်းတွေကို ကြီးစွာသောဒုက္ခပြီးနောက်မှာလည်း ဆက်ပိုင်ဆိုင်နေဦးမယ်လို့ မမျှော်လင့်သင့်ဘူး။—သု. ၁၁:၄; မ. ၂၄:၂၁၊ ၂၂; လု. ၁၂:၁၅

၇။ ဘယ်အကြောင်း ဆွေးနွေးကြမလဲ။ ဘာကြောင့်လဲ။

ဘဝမှာ အရေးကြီးဆုံးအရာကို ဦးစားထားရင်း ကိုယ်တိုင်နဲ့ မိသားစုကိုလည်း ဘယ်လို ထောက်ပံ့နိုင်သလဲ။ ပစ္စည်းဥစ္စာအဓိကထားခြင်းကို ဘယ်လို ရှောင်နိုင်သလဲ။ လိုအပ်ရာတွေအတွက် အစိုးရိမ်မလွန်အောင် ဘာက ကူညီပေးနိုင်သလဲ။ တောင်ပေါ်တရားတော်မှာ ယေရှု အကောင်းဆုံးအကြံဉာဏ် ပေးခဲ့တယ်။ (မ. ၆:၁၉-၂၁) မဿဲ ၆:၂၅-၃၄ ကိုဖတ်ပြီး ဆွေးနွေးကြည့်ကြစို့။ ပစ္စည်းဥစ္စာကို မဟုတ်ဘဲ “နိုင်ငံတော်ကို ရှာလျက်နေ” ဖို့ အရေးကြီးမှန်း သိလာပါလိမ့်မယ်။—လု. ၁၂:၃၁

လိုအပ်ရာတွေကို ယေဟောဝါ ထောက်ပံ့ပေး

၈၊ ၉။ (က) လိုအပ်ရာတွေအတွက် ဘာကြောင့် အစိုးရိမ်မလွန်သင့်သလဲ။ (ခ) လူတွေနဲ့ သူတို့ရဲ့လိုအပ်ရာတွေအကြောင်း ယေရှု ဘာသိသလဲ။

မဿဲ ၆:၂၅ ကိုဖတ်ပါ။ စားစရာ၊ သောက်စရာ၊ ဝတ်စရာအတွက် တပည့်တွေ စိုးရိမ်မှန်း ယေရှု သိတယ်။ ဒါကြောင့် “သင်တို့၏အသက်အတွက် မစိုးရိမ်ကြနှင့်တော့” လို့ တောင်ပေါ်တရားတော်မှာ ပြောတယ်။ ဘာကြောင့် မစိုးရိမ်သင့်မှန်း နားလည်အောင်လည်း ကူညီပေးခဲ့တယ်။ တကယ်လိုအပ်ရာတွေအတွက်တောင် စိုးရိမ်လွန်းအားကြီးရင် ဘဝမှာ ပိုအရေးကြီးတဲ့အရာတွေကို မေ့လျော့သွားနိုင်တယ်။ တပည့်တွေအတွက် စိတ်ပူလို့ တောင်ပေါ်တရားတော်မှာ အဲဒီအကြောင်း နောက်ထပ်လေးကြိမ် သတိပေးခဲ့တယ်။—မ. ၆:၂၇၊ ၂၈၊ ၃၁၊ ၃၄

စားစရာ၊ သောက်စရာ၊ ဝတ်စရာအတွက် မစိုးရိမ်ဖို့ ယေရှု ဘာကြောင့် ပြောခဲ့သလဲ။ စားဖို့၊ ဝတ်ဖို့ လိုအပ်တယ်မဟုတ်လား။ သိပ်လိုအပ်ပါတယ်။ စားစရာ၊ ဝတ်စရာဝယ်ဖို့ ငွေမရှိရင် စိတ်ပူတတ်တာ သဘာဝပါပဲ။ အဲဒါကို ယေရှုသိတယ်။ လူတွေ ဘာလိုအပ်တယ်ဆိုတာကိုလည်း သိတယ်။ ခက်ခဲကျပ်တည်းတဲ့ ‘နောက်ဆုံးကာလ’ မှာ နောက်လိုက်တွေ အသက်ရှင်ရမယ်ဆိုတာလည်း သိတယ်။ (၂ တိ. ၃:၁) အလုပ်လက်မဲ့ဖြစ်တာ၊ ကုန်ဈေးနှုန်းကြီးတာ၊ အစာရှားပါးတာ၊ ဆင်းရဲမွဲတေတာတွေကို လူများစွာ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ‘အစာထက် အသက်မြတ်ပြီး အဝတ်ထက် ခန္ဓာကိုယ်မြတ်’ မှန်း ယေရှု သိတယ်။

၁၀။ ဘဝမှာ အရေးကြီးဆုံးအရာက ဘာဖြစ်သင့်တယ်လို့ ယေရှု သင်ပေးသလဲ။

၁၀ ကောင်းကင်ဖခင်ဆီ ဆုတောင်းတဲ့အခါ လိုအပ်ရာတွေရရှိဖို့ တောင်းနိုင်တယ်ဆိုပြီး အစောပိုင်းမှာ တပည့်တွေကို ယေရှု သင်ပေးတယ်။ “ယနေ့အတွက် အသက်မွေးလောက်သောအစာကို ကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ” လို့ သူတို့ ဆုတောင်းနိုင်တယ်။ (မ. ၆:၁၁) နောက်တစ်ကြိမ်မှာလည်း နေ့စဉ်လိုအပ်ရာတွေအတွက် ဆုတောင်းဖို့ ယေရှု ထပ်ပြောတယ်။ (လု. ၁၁:၃) အဲဒီလိုပြောလို့ လိုအပ်ရာတွေရဖို့ပဲ တစ်ချိန်လုံး စဉ်းစားနေရမယ်လို့ မဆိုလိုဘူး။ ကိုယ့်လိုအပ်ရာတွေထက် နိုင်ငံတော်အတွက် ဆုတောင်းဖို့ ပိုအရေးကြီးတယ်လို့ ယေရှု သင်ပေးတယ်။ (မ. ၆:၁၀; လု. ၁၁:၂) ဖန်ဆင်းရာအားလုံးကို ယေဟောဝါ ဂရုစိုက်မှန်း ပြန်အမှတ်ရစေခြင်းအားဖြင့် တပည့်တွေ မစိုးရိမ်အောင် ယေရှု ကူညီပေးခဲ့တယ်။

၁၁၊ ၁၂။ ငှက်တွေကို ယေဟောဝါ ဂရုစိုက်ပုံကနေ ဘာသိရှိနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၁ မဿဲ ၆:၂၆ ကိုဖတ်ပါ။ “မိုးကောင်းကင်ငှက်များကို စေ့စေ့ဆင်ခြင်” သင့်တယ်။ ငှက်တွေဟာ အကောင်သေးပေမဲ့ တော်တော်စားနိုင်တယ်။ ငှက်တစ်ကောင်ဟာ လူတစ်ယောက်လောက် ကြီးမယ်ဆိုရင် လူထက် ပိုစားနိုင်ပါလိမ့်မယ်။ အသီးတွေ၊ အစေ့အဆန်တွေ၊ ပိုးကောင်တွေကို ငှက်တွေစားတယ်။ မျိုးစေ့ကြဲဖို့၊ စိုက်ပျိုးဖို့ မလိုအပ်ဘူး။ သူတို့လိုအပ်သမျှကို ယေဟောဝါ ထောက်ပံ့ပေးတယ်။ (ဆာ. ၁၄၇:၉) နှုတ်သီးထဲ ခွံ့ကျွေးတာတော့ မဟုတ်ဘူး။ သူတို့ ရှာဖွေစားသောက်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ စားစရာအလျှံပယ်ရရှိဖို့ ယေဟောဝါ ပြင်ဆင်ပေးထားတယ်။

၁၂ ငှက်တွေကိုတောင် ကောင်းကင်ဖခင် ဂရုစိုက်တယ်ဆိုရင် လူတွေကိုလည်း ဂရုစိုက်မယ်ဆိုတာ ယေရှု ယုံကြည်စိတ်ချတယ်။ (၁ ပေ. ၅:၆၊ ၇) ယေဟောဝါက ကျွန်တော်တို့ပါးစပ်ထဲ အစာခွံ့ကျွေးမှာ မဟုတ်ပေမဲ့ စိုက်ပျိုးဖို့၊ အစားအစာဝယ်နိုင်အောင် ငွေရှာဖို့ ကြိုးစားလုပ်ဆောင်မှုကို ကောင်းချီးပေးပါလိမ့်မယ်။ စားစရာ ဒါမှမဟုတ် ငွေမရှိတဲ့အခါ ကျွန်တော်တို့ကို ကူညီပေးဖို့ တခြားသူတွေကိုလည်း လှုံ့ဆော်ပေးနိုင်တယ်။ ယေဟောဝါက ငှက်တွေအတွက် နေစရာကိုလည်း ပြင်ဆင်ပေးတယ်။ အသိုက်ဆောက်နိုင်စွမ်း ပေးထားတဲ့အပြင် အသိုက်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း ပေးထားတယ်။ ကျွန်တော်တို့ကိုလည်း သင့်တော်တဲ့နေစရာ ရရှိအောင် ကူညီပေးနိုင်ပါတယ်။

၁၃။ ငှက်တွေထက် ကျွန်တော်တို့ ပိုမြတ်မှန်း ဘာက သက်သေထူသလဲ။

၁၃ “သင်တို့သည် ထိုငှက်တို့ထက် သာ၍မြတ်သည်မဟုတ်လော” လို့ တပည့်တွေကို ယေရှု ပြောတယ်။ (လုကာ ၁၂:၆၊ ၇ နဲ့နှိုင်းယှဉ်ပါ။) လူသားတွေအတွက် မကြာခင် အသက်ပေးတော့မှာကို ယေရှု တွေးနေပုံရတယ်။ မှန်ပါတယ်၊ ငှက်တွေ၊ တခြားတိရစ္ဆာန်တွေအတွက် ယေရှု သေခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ ထာဝစဉ်အသက်ရှင်နိုင်ဖို့ သေခဲ့တာဖြစ်တယ်။—မ. ၂၀:၂၈

၁၄။ စိုးရိမ်တာက ဘာမဖြစ်စေနိုင်သလဲ။

၁၄ မဿဲ ၆:၂၇ ကိုဖတ်ပါ။ စိုးရိမ်ခြင်းအားဖြင့် အသက်ကို တစ်တောင်မျှ ပိုရှည်စေနိုင်မှာမဟုတ်ဘူးလို့ ယေရှု ဘာကြောင့်ပြောတာလဲ။ ဘာကြောင့်လဲဆိုတော့ စိုးရိမ်နေလို့လည်း အသက်ပိုရှည်မှာ မဟုတ်လို့ပဲ။ တကယ်တော့ စိုးရိမ်လွန်းအားကြီးရင် ရောဂါရပြီး အသက်တိုနိုင်တယ်။

၁၅၊ ၁၆။ (က) တောနှင်းပင်တွေကို ယေဟောဝါ ဂရုစိုက်ပုံကနေ ဘာသိရသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းတွေ မေးသင့်သလဲ။ ဘာကြောင့်လဲ။

၁၅ မဿဲ ၆:၂၈–၃၀ ကိုဖတ်ပါ။ ကျွန်တော်တို့အားလုံး အဝတ်အစားကောင်းကောင်း ရှိချင်ကြတယ်။ အထူးသဖြင့် အမှုဆောင်သွားတဲ့အခါ၊ အစည်းအဝေးတွေ၊ စည်းဝေးကြီးတွေ တက်တဲ့အခါဖြစ်တယ်။ ဒါပေမဲ့ ‘အဝတ်အဖို့ စိုးရိမ်’ သင့်သလား။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေအကြောင်း စဉ်းစားကြည့်ဖို့ တပည့်တွေကို ယေရှု ထပ်သတိပေးတယ်။ “တောနှင်းပင်” ပုံဥပမာကို ယေရှု ပြောခဲ့တယ်။ နှင်းပန်းလို လှပတဲ့ပန်းတွေအကြောင်း ယေရှု ပြောချင်တာ ဖြစ်နိုင်တယ်။ အဲဒီပန်းပင်တွေတစ်ခုမှ အဝတ်အစားအတွက် ချည်မငင်ကြဘူး။ ဒါပေမဲ့ “ခန့်ညားထည်ဝါစွာ ဆင်ယင်ထားသည့် ရှောလမုန်မင်းကြီးပင်လျှင် ထိုအပင်တစ်ပင်လောက် လှပအောင် မဆင်မြန်းနိုင်” လို့ ယေရှု ပြောတယ်။

၁၆ ‘ယုံကြည်ခြင်းအားနည်းသောသူတို့၊ တောပင်များကို ဘုရားသခင်သည် ထိုသို့ဆင်ယင်တော်မူလျှင် ထိုမျှမက သင်တို့ကို ဆင်ယင်တော်မူမည် မဟုတ်လော’ လို့ ယေရှု ဆက်ပြောတယ်။ ဘုရားသခင် ဆင်ယင်ပေးမှာ သေချာတယ်။ တပည့်တွေအနေနဲ့ ယုံကြည်ခြင်းရှိဖို့ပဲ လိုအပ်တယ်။ (မ. ၈:၂၆; ၁၄:၃၁; ၁၆:၈; ၁၇:၂၀) သူတို့ကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုတာ အခိုင်အမာ ယုံကြည်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့ကော။ ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုတာ အခိုင်အမာ ယုံကြည်သလား။

၁၇။ ယေဟောဝါနဲ့ဆက်ဆံရေးကို ဘာက ပျက်စီးစေနိုင်သလဲ။

၁၇ မဿဲ ၆:၃၁၊ ၃၂ ကိုဖတ်ပါ။ ယေဟောဝါကို မသိသူများစွာဟာ ငွေနဲ့ ပစ္စည်းဥစ္စာ ပိုရဖို့ပဲ အဓိကထားကြတယ်။ ကျွန်တော်တို့ အဲဒီလိုလုပ်မယ်ဆိုရင် ဘုရားနဲ့ဆက်ဆံရေး ပျက်စီးသွားနိုင်တယ်။ ယေဟောဝါဟာ မေတ္တာရှိတဲ့ဖခင်ဖြစ်မှန်း ကျွန်တော်တို့ သိထားတယ်။ ကိုယ်တော်တောင်းဆိုရာတွေကို လုပ်ဆောင်ပြီး နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် ကျွန်တော်တို့လိုအပ်သမျှအပြင် ထပ်ပြီးတော့တောင် ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိမှသာ စစ်မှန်တဲ့ပျော်ရွှင်မှု ရရှိနိုင်ပြီး “စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲ” နိုင်မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။—၁ တိ. ၆:၆-၈

သင့်ဘဝမှာ နိုင်ငံတော်ကို ဦးစားထားသလား

၁၈။ ကျွန်တော်တို့ တစ်ဦးစီအကြောင်း ယေဟောဝါ ဘာသိသလဲ။ ဘာလုပ်ပေးမလဲ။

၁၈ မဿဲ ၆:၃၃ ကိုဖတ်ပါ။ ဘဝမှာ နိုင်ငံတော်ကို ဦးစားထားရင် လိုအပ်ရာအားလုံးကို ယေဟောဝါ ပြင်ဆင်ပေးလိမ့်မယ်။ အဲဒီကတိကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ “ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း ကောင်းကင်ဘုံရှိ သင်တို့၏အဖ သိတော်မူ၏” လို့ ယေရှု ပြောတယ်။ သင် လိုအပ်တာကို သင်ကိုယ်တိုင် မသိခင်မှာတောင် ယေဟောဝါ သိတယ်။ (ဖိ. ၄:၁၉) ဘယ်အချိန်မှာ အဝတ်အစားအသစ် လိုအပ်တယ်ဆိုတာ ကိုယ်တော်သိတယ်။ ဘာအစားအစာ လိုအပ်တယ်ဆိုတာလည်း သိတယ်။ သင်နဲ့ သင့်မိသားစုအတွက် နေစရာလိုအပ်တယ်ဆိုတာလည်း သိတယ်။ သင် အမှန်တကယ်လိုအပ်ရာကို ရရှိအောင် ယေဟောဝါ စီစဉ်ပေးပါလိမ့်မယ်။

၁၉။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘာကြောင့် မစိုးရိမ်သင့်သလဲ။

၁၉ မဿဲ ၆:၃၄ ကိုဖတ်ပါ။ “ဘယ်သောအခါမျှ မစိုးရိမ်ကြနှင့်” လို့ တပည့်တွေကို ယေရှု ထပ်ပြောတယ်။ နေ့စဉ်လိုအပ်ရာတွေကို ယေဟောဝါ ထောက်ပံ့ပေးပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ အစိုးရိမ်မလွန်သင့်ဘူး။ အဲဒီလိုစိုးရိမ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အားကိုးမိနိုင်ပြီး ယေဟောဝါနဲ့ဆက်ဆံရေး ပျက်စီးသွားပါလိမ့်မယ်။ အဲဒီအစား ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်အားကိုးရမယ်။—သု. ၃:၅၊ ၆; ဖိ. ၄:၆၊ ၇

နိုင်ငံတော်ကို ဦးစားထားရင် ယေဟောဝါ ထောက်ပံ့ပေးမယ်

နိုင်ငံတော်ကို ပိုဦးစားထားဖို့ သင့်ဘဝကို ရိုးရှင်းစေနိုင်မလား (အပိုဒ် ၂၀ ကိုကြည့်ပါ)

၂၀။ (က) ယေဟောဝါရဲ့လုပ်ငန်းမှာ ဘယ်ပန်းတိုင်ကို သင် ချမှတ်နိုင်သလဲ။ (ခ) ဘဝကို ဘယ်လို ပိုရိုးရှင်းစေနိုင်သလဲ။

၂၀ ပစ္စည်းဥစ္စာကိုပဲ သဲကြီးမဲကြီးရှာတဲ့အတွက် ယေဟောဝါရဲ့လုပ်ငန်းမှာ အပြည့်အဝပါဝင်ဖို့ အားအင်မရှိတော့ဘူးဆိုရင် သိပ်ဝမ်းနည်းစရာပဲ။ အဲဒီလိုဖြစ်မယ့်အစား ယေဟောဝါကို အကောင်းဆုံး ပေးဆက်သင့်တယ်။ ဥပမာ၊ ကြေညာသူ ပိုလိုအပ်တဲ့အသင်းတော်ကို သင် ပြောင်းရွှေ့နိုင်မလား။ ရှေ့ဆောင် လုပ်နိုင်မလား။ ရှေ့ဆောင်လုပ်နေတယ်ဆိုရင် သတင်းကောင်းဟောပြောသူများအတွက်သင်တန်း တက်ဖို့ လျှောက်လွှာတင်နိုင်မလား။ ဗေသလ ဒါမှမဟုတ် ဘာသာပြန်ရုံးခွဲမှာ အချိန်ပိုင်း လုပ်အားပေးနိုင်မလား။ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းအဖြစ် နိုင်ငံတော်ခန်းမ စီမံကိန်းတွေမှာ အချိန်ပိုင်း လုပ်နိုင်မလား။ နိုင်ငံတော်လုပ်ငန်းတွေမှာ အချိန်ပိုပေးနိုင်အောင် သင့်ဘဝကို ဘယ်လို ပိုရိုးရှင်းစေနိုင်မယ်ဆိုတာ စဉ်းစားကြည့်ပါ။ “ ဘဝကို ရိုးရှင်းစေနိုင်ပုံ” ဆိုတဲ့ လေးထောင့်ကွက်ကို ဆုတောင်းသုံးသပ်ပြီး ပန်းတိုင်ရောက်ဖို့ လိုအပ်တဲ့အပြောင်းအလဲတွေကို စတင်လုပ်ဆောင်ပါ။

၂၁။ ယေဟောဝါနဲ့ ပိုရင်းနှီးအောင် ဘာက ကူညီပေးမလဲ။

၂၁ နိုင်ငံတော်ကို ဦးစားထားဖို့ ယေရှု သင်ပေးတယ်။ အဲဒီလိုလုပ်မယ်ဆိုရင် လိုအပ်ရာတွေအတွက် အစိုးရိမ်လွန်တော့မှာ မဟုတ်ဘူး။ ယေဟောဝါ ဂရုစိုက်မယ်ဆိုတာ ယုံကြည်စိတ်ချတဲ့အတွက် ကိုယ်တော်နဲ့ ပိုရင်းနှီးလာမယ်။ လိုချင်တာမှန်သမျှ၊ လောကကမ်းလှမ်းရာမှန်သမျှကို ဝယ်နိုင်ရင်တောင် မဝယ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်လာမယ်။ အခုအချိန်မှာ ဘဝကို ရိုးရိုးရှင်းရှင်းထားတာက ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့၊ ကိုယ်တော် ကတိပေးထားတဲ့ “မှန်သောအသက်ကို ခိုင်မြဲစွာ ကိုင်စွဲထားနိုင်” ဖို့ ကူညီပေးပါလိမ့်မယ်။—၁ တိ. ၆:၁၉