မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘မကြောက်နဲ့။ ငါကူညီမယ်’

‘မကြောက်နဲ့။ ငါကူညီမယ်’

ညတစ်ညမှာ တစ်ယောက်တည်း လမ်းလျှောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ သင့်နောက်ကနေ လူတစ်ယောက် လိုက်လာတာကို သတိထားမိတယ်။ သင် ရပ်တဲ့အခါ သူ လိုက်ရပ်တယ်။ မြန်မြန်သွားတဲ့အခါ သူလည်း မြန်မြန်သွားတယ်။ ဒါနဲ့ အနီးအနားမှာရှိတဲ့ သူငယ်ချင်းအိမ်ကို သုတ်ခြေတင်တော့တယ်။ သူငယ်ချင်းက တံခါးဖွင့်ပေးပြီး အိမ်ထဲဝင်ခိုင်းတဲ့အခါကျမှ စိတ်သက်သာရာ ရသွားတယ်။

အဲဒီလိုအဖြစ်မျိုး သင် တကယ်မကြုံဖူးရင်တောင် တခြားဘဝပြဿနာတွေကြောင့် စိုးရိမ်ပူပန်နေနိုင်တယ်။ ဥပမာ၊ သင် ကြိုးစားတိုက်လှန်နေပေမဲ့ အမှားတစ်ခုတည်းကို ထပ်ခါထပ်ခါ လုပ်မိနေတုန်းလား။ အလုပ်လက်မဲ့ဖြစ်တာ တော်တော်ကြာနေပြီး အလုပ်ရဖို့ အစွမ်းကုန်ကြိုးစားနေတဲ့ကြားက မရဘဲ ဖြစ်နေသလား။ အသက်တဖြည်းဖြည်းကြီးလာပြီး မကျန်းမမာဖြစ်မှာကို စိုးရိမ်နေသလား။ ဒါမှမဟုတ် တခြားအရာတစ်ခုခုကြောင့် စိုးရိမ်မကင်း ဖြစ်နေသလား။

ဘာပြဿနာပဲကြုံရပါစေ ကိုယ့်ရဲ့စိုးရိမ်မှုကို ဝေမျှခံစားပြီး ကူညီပေးနိုင်တဲ့ သူငယ်ချင်းရှိရင် ကောင်းမှာပဲ။ အဲဒီလိုသူငယ်ချင်း သင့်မှာ ရှိသလား။ ရှိပါတယ်။ ဟေရှာယ ၄၁:၈-၁၃ (ကဘ) အရ ယေဟောဝါဟာ ရှေးသစ္စာရှိ အာဗြဟံရဲ့ မိတ်ဆွေဖြစ်ခဲ့သလို သင့်အတွက်လည်း ဖြစ်နိုင်ပါတယ်။ အခန်းငယ် ၁၀ နဲ့ ၁၃ မှာ မိမိကျေးကျွန်တွေကို ယေဟောဝါ အခုလို ကတိပေးတယ်– ‘မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲကိုင်ထားမယ်။ မင်းရဲ့ဘုရား ယေဟောဝါဟာ မင်းရဲ့ညာလက်ကို ဆုပ်ကိုင်ပြီး “မကြောက်နဲ့။ ငါကူညီမယ်” လို့ ပြောတဲ့အရှင်ပဲ။’

‘မြဲမြဲကိုင်ထားမယ်’

ယေဟောဝါရဲ့ စကားတွေက တကယ့်ကို အားရှိစရာပါပဲ။ သင့်ကို ယေဟောဝါ ကတိပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ သင်ဟာ ယေဟောဝါရဲ့ လက်ကိုကိုင်ပြီး ဘေးချင်းယှဉ်လျှောက်နေတယ်လို့ ကျမ်းချက်မှာ မပြောထားဘူး။ ဘေးချင်းယှဉ်လျှောက်တယ်ဆိုရင် ယေဟောဝါရဲ့ ညာလက်က သင့်ရဲ့ ဘယ်လက်ကို ကိုင်ထားမှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ ယေဟောဝါက သူ့ရဲ့ ‘ဖြောင့်မတ်တဲ့ ညာလက်နဲ့’ သင့်ရဲ့ ‘ညာလက်ကို’ ဆုပ်ကိုင်ထားတယ်။ ဘဝပြဿနာတွေထဲကနေ သင့်ကို ဆွဲထုတ်လိုက်တယ် ဆိုတဲ့သဘောဖြစ်တယ်။ ယေဟောဝါက သင့်ရဲ့ညာလက်ကို ဆုပ်ကိုင်ရင်း ‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ အားပေးနေတယ်။

ပူပင်သောကရောက်နေချိန်မှာ ကူညီပေးမယ့် မေတ္တာရှိဖခင်အဖြစ်၊ မိတ်ဆွေအဖြစ် ယေဟောဝါကို သင် ရှုမြင်သလား။ ယေဟောဝါက သင့်ကို တကယ်ဂရုစိုက်ပြီး ကူညီပေးချင်တယ်။ သင့်ကို သိပ်ချစ်တဲ့အတွက် ဘဝပြဿနာတွေကြောင့် စိတ်သောက မရောက်စေချင်ဘူး။ ကိုယ်တော်ဟာ သင် ‘ဒုက္ခရောက်ချိန်မှာ ကူညီပေးဖို့ အသင့်’ ရှိတယ်။—ဆာ. ၄၆:၁ကဘ။

အတိတ်ကအမှားတွေကြောင့် အပြစ်ရှိတယ်လို့ ခံစားရတဲ့အခါ

လူတချို့ဟာ အတိတ်ကအမှားတွေကို မမေ့နိုင်ဘဲ ဘုရား ခွင့်လွှတ်နိုင်ပါ့မလားလို့ စိုးရိမ်ကြတယ်။ သင်လည်း အဲဒီလို ခံစားနေရရင် သစ္စာရှိ ယောဘကို သတိရပါ။ ‘အသက်ငယ်စဉ်မှာ ပြုမိတဲ့အပြစ်’ တွေကို သူ ဝန်ခံခဲ့တယ်။ (ယောဘ ၁၃:၂၆) ဆာလံဆရာ ဒါဝိဒ်လည်း “အသက်အရွယ်ငယ်စဉ် ပြစ်မှားမိသောအပြစ်တို့ကို အောက်မေ့တော်မမူပါနှင့်” လို့ ယေဟောဝါကို တောင်းပန်ခဲ့တယ်။ (ဆာ. ၂၅:၇) ကျွန်တော်တို့အားလုံး မစုံလင်တဲ့အတွက် အပြစ်တွေလုပ်ပြီး ‘ဘုရားသခင်ရဲ့ ဘုန်းတော်ကို မမီကြဘူး။’—ရော. ၃:၂၃

ဟေရှာယ အခန်းကြီး ၄၁ မှာပါတဲ့ စကားတွေကို အစ္စရေးလူမျိုးအတွက် ရေးခဲ့တာဖြစ်တယ်။ သူတို့ရဲ့အပြစ် ကြီးလွန်းလို့ ဗာဗုလုန်မှာ သုံ့ပန်းဘဝကျရောက်စေမယ်လို့ ယေဟောဝါ ပြောတယ်။ (ဟေရှာ. ၃၉:၆၊ ၇) တစ်ချိန်တည်းမှာ နောင်တရပြီး ပြန်လှည့်လာသူတွေကို ကယ်တင်မယ်လို့လည်း ကြိုကတိပေးတယ်။ (ဟေရှာ. ၄၁:၈၊ ၉; ၄၉:၈) ဒီနေ့အချိန်မှာလည်း စစ်မှန်တဲ့နောင်တရသူတွေကို ယေဟောဝါ ချစ်ပြီး ကရုဏာပြတယ်။—ဆာ. ၅၁:၁

ဥပမာ၊ တာကူယာ *ဟာ ညစ်ညမ်းရုပ်ပုံကြည့်ပြီး တစ်ကိုယ်တည်း ရာဂစိတ်ဖြေတဲ့ မသန့်ရှင်းတဲ့အကျင့်တွေကို ဖြတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒုံရင်းအခြေအနေကို ပြန်ပြန်ရောက်သွားတယ်။ သူ ဘယ်လိုခံစားရသလဲ။ “လုံးဝတန်ဖိုးမရှိဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ ယေဟောဝါဆီ ဆုတောင်းပြီး ခွင့်လွှတ်မှုတောင်းခံတဲ့အခါ လဲကျနေတဲ့ကျွန်တော့်ကို ကိုယ်တော် ဆွဲထူခဲ့တယ်” လို့ သူပြောတယ်။ ယေဟောဝါ ဘယ်လိုနည်းနဲ့ ဆွဲထူသလဲ။ အသင်းတော်အကြီးအကဲတွေက တာကူယာကို အကျင့်ဆိုးတွေ ပြန်လုပ်မိတိုင်း သူတို့ဆီဖုန်းဆက်ဖို့ ပြောတယ်။ “သူတို့ကို ဖုန်းဆက်ဖို့ အရမ်းခက်ပေမဲ့ ဖုန်းဆက်လိုက်တိုင်း ခွန်အားရရှိတယ်” လို့ တာကူယာ ပြောတယ်။ အဲဒီနောက် တာကူယာဆီ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ဖို့ အကြီးအကဲတွေ စီစဉ်ပေးတယ်။ “ကျွန်တော် ဒီကိုရောက်လာတာ တိုက်ဆိုင်လို့ မဟုတ်ဘူး။ ဒီနေရာမှာ အကြီးအကဲတွေ ရှိစေချင်လို့ ရောက်လာတာ။ ညီအစ်ကို့ဆီ သိုးထိန်းလည်ပတ်ဖို့ သူတို့ စီစဉ်ပေးတာ” လို့ တိုက်နယ်ကြီးကြပ်မှူး ပြောတယ်။ “အပြစ်လုပ်တဲ့သူက ကျွန်တော်ဖြစ်ပေမဲ့ အကြီးအကဲတွေကိုသုံးပြီး ကျွန်တော့်ကို ယေဟောဝါ ကူညီပေးခဲ့တယ်” လို့ တာကူယာ ပြောတယ်။ နောက်ပိုင်း တာကူယာဟာ အကျင့်ဆိုးတွေကို ဖြတ်နိုင်ပြီး မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ အခု၊ ဌာနခွဲရုံးမှာ အမှုဆောင်နေတယ်။ ဒီညီအစ်ကို,ကို ဘုရားသခင် ကူညီပေးသလို သင့်ကိုလည်း ကူညီပေးပါလိမ့်မယ်။

အလုပ်အကိုင်အတွက် စိုးရိမ်တဲ့အခါ

အလုပ်ပြုတ်သွားပြီး နောက်အလုပ်ရှာမရတဲ့အခါ စိုးရိမ်ပူပန်လေ့ရှိကြတယ်။ အလုပ်ရှင် တစ်ယောက်ပြီးတစ်ယောက် သင့်ကို လက်မခံတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ အသုံးမကျသူလို့ ခံစားရနိုင်တယ်။ သင့်ကို ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။ အလုပ်ကောင်းကောင်းရအောင် ချက်ချင်း လုပ်ပေးချင်မှလုပ်ပေးမယ်။ ဒါပေမဲ့ “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး” ဆိုတဲ့ ဒါဝိဒ်စကားတွေကို သတိရနေအောင်တော့ ကူညီပေးနိုင်တယ်။ (ဆာ. ၃၇:၂၅) မှန်ပါတယ်၊ ယေဟောဝါက သင့်ကို တန်ဖိုးရှိသူအဖြစ် ရှုမြင်ပြီး မိမိကိုဆက်ဝတ်ပြုနိုင်အောင် လိုအပ်ရာတွေကို “ဖြောင့်မတ်တဲ့ ညာလက်နဲ့” ထောက်မပေးနိုင်တယ်။

အလုပ်ပြုတ်သွားတဲ့အခါ ယေဟောဝါ ဘယ်လိုကူညီပေးနိုင်သလဲ

ကိုလံဘီယာမှာနေထိုင်တဲ့ စာရာက ယေဟောဝါရဲ့ ကူညီနိုင်စွမ်းကို ကိုယ်တွေ့ခံစားခဲ့ရတယ်။ သူဟာ နာမည်ကြီးကုမ္ပဏီတစ်ခုမှာ အချိန်ပြည့်အလုပ်လုပ်ပြီး ဝင်ငွေကောင်းတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပိုပါဝင်ချင်တဲ့အတွက် အလုပ်ထွက်ပြီး ရှေ့ဆောင်စလုပ်တယ်။ ဒါပေမဲ့ အချိန်ပိုင်းအလုပ် ရှာမရဘဲဖြစ်နေတယ်။ ရေခဲမုန့်ဆိုင်လေး ဖွင့်ပေမဲ့ နောက်ပိုင်း အရင်းပြုတ်ပြီး ဆိုင်ပိတ်လိုက်ရတယ်။ “နောက်သုံးနှစ်လုံးလုံး ဆက်ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးခဲ့တယ်” လို့ သူ ပြောတယ်။ တကယ်လိုအပ်တဲ့အရာတွေကို ပိုင်းခြားတတ်ဖို့၊ နောက်နေ့အတွက် မစိုးရိမ်ဖို့ စာရာ သင်ယူခဲ့တယ်။ (မ. ၆:၃၃၊ ၃၄) နောက်ပိုင်းမှာ အရင်အလုပ်ရှင်က စာရာကို ဆက်သွယ်ပြီး အရင်အလုပ်ကိုပဲ ပြန်လုပ်ဖို့ ကမ်းလှမ်းတယ်။ အချိန်ပိုင်းအလုပ်ဖြစ်မှ၊ ဘုရားရေးရာလုပ်ငန်းတွေအတွက် အချိန်ပေးမှ လက်ခံမယ်လို့ စာရာ ပြန်ပြောတယ်။ အခုဆိုရင် စာရာဟာ အရင်ကလောက် ဝင်ငွေမကောင်းပေမဲ့ ရှေ့ဆောင်ဆက်လုပ်နိုင်တယ်။ ခက်ခဲတဲ့အချိန်တစ်လျှောက် “ယေဟောဝါရဲ့လက်တော် ကူညီပေးတာကို ခံစားခဲ့ရတယ်” လို့ သူ ပြောတယ်။

အိုမင်းချိန်အတွက် စိုးရိမ်တဲ့အခါ

အသက်ကြီးလာပြီး အလုပ်ကနေ အငြိမ်းစားယူတဲ့အခါ ဘယ်လိုရပ်တည်ရမလဲလို့ လူတော်တော်များများ စိုးရိမ်ကြတယ်။ မကျန်းမမာဖြစ်မှာကိုလည်း စိုးရိမ်ကြတယ်။ “အကျွန်ုပ်ကို အိုသောအခါ ပယ်တော်မမူပါနှင့်။ အားလျော့သောအခါ စွန့်ပစ်တော်မမူပါနှင့်” လို့ ယေဟောဝါကို တောင်းဆိုခဲ့သူဟာ ဘုရင်ဒါဝိဒ်ဖြစ်နိုင်တယ်။—ဆာ. ၇၁:၉၊ ၁၈

အသက်ကြီးသူတွေဟာ ဘယ်လိုနည်းနဲ့ အနာဂတ်အတွက် စိတ်အေးအေးထားနိုင်သလဲ။ လိုအပ်ရာတွေကို ဘုရားပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ဆက်မွေးမြူဖို့လိုတယ်။ နှစ်တွေတစ်လျှောက် ဇိမ်ကျကျနေခဲ့ရသူတချို့ဟာ ဘဝကို ရိုးရိုးရှင်းရှင်းထားပြီး ပစ္စည်းဥစ္စာအနည်းငယ်နဲ့ ရောင့်ရဲနိုင်အောင် ကြိုးစားဖို့ လိုအပ်နိုင်တယ်။ ‘ဆူဖြိုးတဲ့ အမဲသားဟင်း’ ထက် ‘ဟင်းသီးဟင်းရွက် တစ်နပ်စာ’ က ကျန်းမာရေးအတွက် ပိုကောင်းမှန်း သူတို့ သိလာနိုင်တယ်။ (သု. ၁၅:၁၇ကဘ) ယေဟောဝါရဲ့ အမှုတော်ကို ဦးစားထားမယ်ဆိုရင် အိုမင်းချိန်မှာ လိုအပ်ရာမှန်သမျှရရှိအောင် ကိုယ်တော် စီစဉ်ပေးပါလိမ့်မယ်။

ဟိုစေး၊ ရို့စ် နဲ့အတူ တိုနီနဲ့ ဝင်ဒီ

ဟိုစေးနဲ့ ရို့စ် အကြောင်း စဉ်းစားကြည့်ပါ။ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ၆၅ နှစ်ကျော်အတွင်း အခက်အခဲများစွာကို သူတို့ရင်ဆိုင်ခဲ့ရတယ်။ ရို့စ်ရဲ့အဖေကို အချိန်ပြည့်ပြုစုခဲ့ရတယ်။ ဟိုစေးလည်း ကင်ဆာရောဂါရှိလို့ ခွဲစိတ်ကုသပြီး ဓာတုကုထုံး ခံယူခဲ့ရတယ်။ ဒီဇနီးမောင်နှံကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့သလဲ။ တိုနီနဲ့ ဝင်ဒီလို့ခေါ်တဲ့ ဇနီးမောင်နှံကတစ်ဆင့် ကူညီပေးခဲ့တယ်။ သူတို့က သူတို့ရဲ့တိုက်ခန်းမှာ အချိန်ပြည့်အမှုဆောင်တွေကို အခမဲ့ ပေးနေချင်တယ်။ တိုနီ ကျောင်းသားဘဝတုန်းက ဟိုစေးနဲ့ ရို့စ် အမှုဆောင်သွားတာကို ကျောင်းပြတင်းပေါက်ကနေ အမြဲတွေ့ခဲ့တယ်။ သူတို့ရဲ့ ဇွဲထက်သန်မှုကြောင့် သူတို့ကိုချစ်ပြီး အားကျခဲ့တယ်။ သူတို့ရဲ့တစ်ဘဝလုံး ယေဟောဝါကို ပေးဆက်ခဲ့လို့ သူတို့ကို တိုက်ခန်းမှာ ခေါ်နေခဲ့တယ်။ အခု အသက် ၈၅ နှစ်လောက်ရှိပြီဖြစ်တဲ့ ဟိုစေးနဲ့ ရို့စ်ကို တိုနီနဲ့ ဝင်ဒီ ကူညီပေးခဲ့တာ ၁၅ နှစ်လောက်ရှိပြီ။ တိုနီတို့ဇနီးမောင်နှံကို ဘုရားပေးလက်ဆောင်အဖြစ် ဟိုစေးနဲ့ ရို့စ် ယူမှတ်တယ်။

ယေဟောဝါက ‘မကြောက်နဲ့။ ငါကူညီမယ်’ လို့ သင့်ကိုလည်း ကတိပေးပြီး ‘ဖြောင့်မတ်တဲ့ ညာလက်’ ကို ကမ်းပေးထားတယ်။ ကိုယ်တော့်လက်ကို သင် ဆုပ်ကိုင်မလား။

^ အပိုဒ်၊ 11 နာမည်တချို့ ပြောင်းထားပါတယ်။