မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ဝတ်စားပုံက ဘု​ရား​သခင့် ဘုန်း​တော်​ကို ထင်​ရှား​စေ​သလား

သင့်ဝတ်စားပုံက ဘု​ရား​သခင့် ဘုန်း​တော်​ကို ထင်​ရှား​စေ​သလား

“ဘု​ရား​သခင်​၏​ဘုန်း​တော်​အတွက် အရာ​ခပ်​သိမ်း​ကို ပြု​ကြ​လော့။”—၁ ကော. ၁၀:၃၁

သီချင်း– ၃၄၊ ၆၁

၁၊ ၂။ ယေဟောဝါ​သက်​သေတွေ​မှာ သင့်​တော်​တဲ့ အဝတ်​အစား​စံနှုန်း ဘာ​ကြောင့် ရှိ​သလဲ။ (ဆောင်း​ပါး​အစ​မှာ​ပါ​တဲ့ ရုပ်​ပုံ​ကို ကြည့်​ပါ။)

ချာ့ခ်ျ​ခေါင်း​ဆောင်​တွေ အစည်း​အဝေး​တစ်​ခု​မှာ ဝတ်​စား​ပုံ​ကို ဒတ်ခ်ျ​သတင်း​စာ​တစ်​စောင်​က အခု​လို ဖော်ပြတယ်– “အထူး​သဖြင့် ပူ​အိုက်​တဲ့​အခါ​မှာ ဖြစ်​က​တတ်​ဆန်း ဝတ်​စား​ကြ​တယ်။ . . . ယေဟောဝါ​သက်​သေတွေရဲ့ ခ​ရိုင်​အစည်း​အဝေး​မှာ​တော့ အဲဒီ​လို မဟုတ်​ဘူး။ ယောက်ျား​လေး​တွေ​နဲ့ အမျိုး​သား​တွေ​ဟာ ကုတ်​အင်္ကျီ​နဲ့ လည်​စည်း​တွေ ဝတ်​ကြ​တယ်။ မိန်း​က​လေး​တွေ​နဲ့ အမျိုး​သမီး​တွေ​ဟာ အနေ​တော် ရှည်​ပေမဲ့ ခေတ်​မီ​တဲ့ စ​ကတ်​တွေ ဝတ်​ကြ​တယ်။” မှန်​ပါ​တယ်၊ ‘ဣ​န္ဒြေ​ရှိ​ခြင်း၊ သမာ​သတိ​ရှိ​ခြင်း​နှင့်​တ​ကွ ဘု​ရား​သခင်​ကို ကြည်​ညို​ပါ​သည်​ဟု ဝန်​ခံ​သူ​များ ဆင်​ယင်​သင့်​သည့်​အတိုင်း ကောင်း​သော​အကျင့်​များ​ဖြင့် ကိုယ်​ကို ဆင်​ယင်’ ကြ​တဲ့​အတွက် ယေဟောဝါ​သက်​သေတွေ ချီး​မွမ်း​ခံ​ရ​လေ့​ရှိ​တယ်။ (၁ တိ. ၂:၉၊ ၁၀) တမန်​တော်​ပေါလု​က အမျိုး​သမီး​တွေ​အကြောင်း ပြော​နေ​တာ ဖြစ်​ပေမဲ့ အမျိုး​သား​တွေ​နဲ့​လည်း သက်​ဆိုင်​ပါ​တယ်။

သင့်​တော်​တဲ့ အဝတ်​အစား​စံနှုန်း ရှိ​ခြင်း​က ယေဟောဝါ​သက်​သေတွေ​အတွက်​ရော၊ သူတို့​ကိုးကွယ်​တဲ့ ယေဟောဝါ​ဘု​ရား​အတွက်​ပါ အရေး​ကြီး​တယ်။ (က. ၃:၂၁) စ​ကြ​ဝ​ဠာ​ပိုင်​သအုပ်​စိုး​ရှင် ယေဟောဝါ​က သူ့​ကျေး​ကျွန်​တွေ​အတွက် ဝတ်​စား​ဆင်​ယင်​ပုံ စံနှုန်း​တွေ ချ​မှတ်​ပေး​ထား​တယ်​လို့ ကျမ်း​စာ​မှာ ရှင်း​ရှင်း​လင်း​လင်း ဖော်ပြထား​တယ်။ ဒါ​ကြောင့် အဝတ်​အစား ရွေး​တဲ့​အခါ ကိုယ့်​အကြိုက်​သာ​မက ယေဟောဝါ ကြိုက်​နှစ်​သက်​ရာ ဖြစ်​သင့်​တယ်။

၃။ အစ္စရေးတွေ​ကို ပေး​တဲ့ ဘု​ရား​သခင့် ပညတ်​တ​ရား​က​နေ အဝတ်​အစား​နဲ့​ပတ်​သက်​ပြီး ဘာ​သိ​ရ​သလဲ။

ပညတ်​တ​ရား​မှာ​ပါ​တဲ့ စည်း​မျဉ်းတွေ​က ပတ်​ဝန်း​ကျင်​လူမျိုး​တွေရဲ့ အကျင့်​ပျက် ဘဝ​ပုံ​စံ​က​နေ အစ္စရေး​လူမျိုး​တွေ​ကို ကာ​ကွယ်​ပေး​တယ်။ ယောက်ျား​မိန်းမ မကွဲ​ပြား​တဲ့ အဝတ်​အစား​ပုံ​စံ​ကို ယေဟောဝါ လုံးဝ မကြိုက်​မှန်း ပညတ်​တ​ရား​က ဖော်ပြတယ်။ ဒီ​နေ့​ခေတ်​မှာ​လည်း အဲဒီ​လို​ပဲ ဝတ်​စား​နေ​ကြ​တယ်။ (တ​ရား​ဟော​ရာ ၂၂:၅ ကို​ဖတ်​ပါ။) ယောက်ျား​က မိန်း​မလို ဝတ်​တာ၊ မိန်း​မက ယောက်ျား​လို ဝတ်​တာ ဒါ​မှ​မဟုတ် ယောက်ျား​မိန်း​မ မကွဲ​ပြား​တဲ့ အဝတ်​အစား ပုံ​စံ​တွေ​ကို ယေဟောဝါ လုံး​ဝ မနှစ်​သက်​မှန်း ပညတ်​တ​ရား​က​နေ သိ​ရှိ​ရ​တယ်။

၄။ ဝတ်​စား​ပုံ​နဲ့​ပတ်​သက်​ပြီး ဆုံး​ဖြတ်​ချက်​ကောင်း ချ​နိုင်​ဖို့ ခ​ရစ်​ယာန်တွေ​ကို ဘာ​က ကူညီ​ပေး​နိုင်​သလဲ။

အဝတ်​အစား​နဲ့​ပတ်​သက်​ပြီး ဆုံး​ဖြတ်​ချက်​ကောင်း ချ​နိုင်​ဖို့ ကျမ်း​စာ​မူ​တွေ​က ကူညီ​ပေး​တယ်။ ဒီ​မူ​တွေ​ဟာ ဘယ်​နိုင်​ငံ၊ ဘယ်​ယဉ်​ကျေး​မှု၊ ဘယ်​ရာ​သီ​ဥ​တု​နဲ့​မဆို သက်​ဆိုင်​တယ်။ သင့်​တော်​တဲ့၊ မသင့်​တော်​တဲ့ အဝတ်​အစား စာ​ရင်း​ရှည်​ကြီး မလို​အပ်​ပါ​ဘူး။ ကျမ်း​စာ​မူ​အတွင်း​မှာ​ပဲ ကိုယ်​နှစ်​သက်​ရာ​ကို ဝတ်​ဆင်​နိုင်​ပါ​တယ်။ အဝတ်​အစား ရွေး​တဲ့​အခါ “ဘု​ရား​သခင့် အလို​တော်​အတိုင်း ကောင်း​မြတ်​တော်​မူ​သော​အရာ၊ လက်ခံ​တော်​မူ​ဖွယ်​သော​အရာ၊ စုံလင်​တော်​မူ​သော​အရာ​တို့​ကို သိ​မှတ်​နိုင်” ဖို့ ကူညီ​ပေး​တဲ့ ကျမ်း​စာ​မူ​တ​ချို့​ကို သုံးသပ်​ကြည့်​ကြ​ပါ​စို့။—ရော. ၁၂:၁၊ ၂

“ဘု​ရား​သခင့် အမှု​တော်​ဆောင်​များ​ဖြစ်​ကြောင်း နည်း​အမျိုး​မျိုး​ဖြင့် ဖော်ပြ”

၅၊ ၆။ ကျွန်​တော်​တို့​ရဲ့ အဝတ်​အစား​က တ​ခြား​သူ​တွေ​အပေါ် ဘယ်​လို အကျိုး​သက်​ရောက်​သင့်​သလဲ။

၂ ကော​ရိန္သု ၆:၄ (ဖတ်​ပါ) မှာ အရေး​ကြီး​တဲ့​မူ​တစ်​ခု​ကို တမန်​တော်​ပေါလု ဖော်ပြခဲ့​တယ်။ ကျွန်​တော်​တို့​ရဲ့ ဝတ်​ဆင်​ပုံ​က ကျွန်​တော်​တို့​အကြောင်း များ​စွာ ဖော်ပြတယ်။ လူ​အများ​က “အဆင်း​သဏ္ဌာန်” ပေါ်​မူ​တည်​ပြီး စီ​ရင်​ဆုံး​ဖြတ်​တတ်​ကြ​တယ်။ (၁ ရာ. ၁၆:၇) ကျွန်​တော်​တို့​ဟာ ဘု​ရား​သခင့် ကျေး​ကျွန်​တွေ ဖြစ်​တဲ့​အတွက် သက်​သောင့်​သက်​သာ​ဖြစ်​ဖို့၊ ကိုယ်​နှစ်​သက်​ဖို့​လောက်​ပဲ မစဉ်း​စား​သင့်​ဘူး။ ကျပ်​လွန်း​တဲ့၊ မလုံ့​တလုံ​ဖြစ်​တဲ့၊ တ​ခြား​သူ​တွေ​မှာ မကောင်း​တဲ့​စိတ် ဝင်​လာ​စေ​တဲ့ အဝတ်​အစား​တွေ​ကို ရှောင်​ဖို့ ကျမ်း​စာ​မူ​တွေ​က ကူညီ​ပေး​တယ်။ ဆိုလို​တာ​က ခန္ဓာ​ကိုယ် အစိတ်​အပိုင်း​တွေ​ကို ကွက်​ကွက်​ကွင်း​ကွင်း မြင်​သာ​စေ​တဲ့ အဝတ်​အစား​တွေ​ကို ရှောင်ရ​ပါ​မယ်။ ကိုယ့်​အဝတ်​အစား​ကို ကြည့်​ပြီး တ​ခြား​သူ​တွေ စိတ်​မသက်​မသာ ဖြစ်​သွား​တာ​မျိုး၊ မကောင်း​တဲ့​စိတ် ဝင်​လာ​တာ​မျိုး မဖြစ်​စေ​သင့်​ဘူး။

သပ်​သပ်​ရပ်ရပ်၊ သန့်​သန့်​ရှင်း​ရှင်း၊ ဣ​န္ဒြေ​ရှိ​ရှိ ဝတ်​စား​ဖြီး​လိမ်း​မယ်​ဆို​ရင် ကျွန်​တော်​တို့​ကို လူ​တွေ ပို​လေး​စား​လာ​နိုင်​တယ်။ ကျွန်​တော်​တို့​ရဲ့ ဘု​ရား​အကြောင်း ပို​စိတ်​ဝင်​စား​လာ​ပြီး အဖွဲ့​အစည်း​ကို ပို​လေး​စား​လာ​နိုင်​တယ်။ အသက်​ကယ် သတင်း​တ​ရား​ကို​လည်း ပို​နား​ထောင်​လာ​နိုင်​တယ်။

၇၊ ၈။ အထူး​သဖြင့် ဘယ်​အချိန်တွေ​မှာ သင့်​တော်​တဲ့ အဝတ်​အစား​တွေ ဝတ်​ဆင်​သင့်​သလဲ။

ကျွန်​တော်​တို့​ရဲ့ အဝတ်​အစား​က သန့်​ရှင်း​တဲ့​ဘုရား၊ ညီ​အစ်​ကို/မတွေ​နဲ့ ရပ်​ကွက်​က လူ​တွေ​အပေါ် အကျိုး​သက်​ရောက်​နိုင်​တယ်။ ဒါ​ကြောင့် ယေဟောဝါ​နဲ့ သတင်း​တ​ရား​ကို ဂုဏ်​တင်​တဲ့​နည်း​နဲ့ ဝတ်​ဆင်​သင့်​တယ်။ (ရော. ၁၃:၈-၁၀) အထူး​သဖြင့် အစည်း​အဝေး တက်​တဲ့​အချိန်၊ အမှု​ဆောင် ထွက်​တဲ့​အချိန်​မှာ ပို​အရေး​ကြီး​တယ်။ ‘ဘု​ရား​သခင်​ကို ကြည်​ညို​ပါ​သည်​ဟု ဝန်​ခံ​သူ​များ ဆင်​ယင်​သင့်​သည့်​အတိုင်း’ ဝတ်​ဆင်​သင့်​တယ်။ (၁ တိ. ၂:၁၀) အဝတ်​အစား​တ​ချို့​က ဒေ​သတစ်​ခု​မှာ သင့်​တော်​ပေမဲ့ နောက်​ဒေ​သတစ်​ခု​မှာ သင့်​တော်​ချင်​မှ သင့်​တော်​မယ်။ ဒါ​ကြောင့် ယေဟောဝါ​သက်​သေတွေ​အနေ​နဲ့ ဘယ်​နေ​ရာ​မှာ​ပဲ နေ​ထိုင်​ပါ​စေ တ​ခြား​သူ​တွေ​ကို ထိ​ခိုက်​စေ​တဲ့ အဝတ်​အစား​တွေ မဝတ်​ဆင်​သင့်​ဘူး။

သင့်​ရဲ့ ဝတ်​စား​ပုံ​က သင်​ကိုယ်​စား​ပြု​တဲ့​ဘု​ရား​ကို လေး​စား​ဖို့ တ​ခြား​သူ​တွေ​ကို လှုံ့​ဆော်​ပေး​မလား (အပိုဒ် ၇၊ ၈ ကို​ကြည့်​ပါ)

၁ ကော​ရိန္သု ၁၀:၃၁ ကို​ဖတ်​ပါ။ တိုက်​နယ် အစည်း​အဝေး​တွေ၊ ခ​ရိုင် အစည်း​အဝေး​တွေ တက်​တဲ့​အခါ သင့်​တော်​ပြီး ဣ​န္ဒြေ​ရှိ​တဲ့ အဝတ်​အစား​တွေ ဝတ်​ဆင်​သင့်​တယ်။ လော​က​မှာ ရေ​ပန်း​စား​နေ​တဲ့၊ တစ်​ဖက်​စွန်း​ရောက်​တဲ့ အဝတ်​အစား ပုံ​စံ​တွေ​ကို ရှောင်​သင့်​တယ်။ အစည်း​အဝေး အစီ​အစဉ် မတိုင်​ခင်​နဲ့ ပြီး​နောက်၊ ဟို​တယ်​မှာ တည်း​ခို​ဖို့ လာ​တဲ့​အချိန်​နဲ့ ပြန်​ထွက်​တဲ့​အချိန်​မှာ​လည်း ဖို​သီ​ဖတ်​သီ၊ ဖြစ်​က​တတ်​ဆန်း မဝတ်​သင့်​ဘူး။ ဒီ​နည်း​အား​ဖြင့် ကိုယ့်​ကိုယ်​ကိုယ် ယေဟောဝါ​သက်​သေအဖြစ် ရဲရဲ​ဝံ့​ဝံ့ ဖော်ပြနိုင်​ပြီး အချိန်​တိုင်း​မှာ သက်သေခံ​ဖို့ အသင့်​ဖြစ်​နေ​ပါ​လိမ့်​မယ်။

၉၊ ၁၀။ ဖိ​လိပ္ပိ ၂:၄ က ကျွန်​တော်​တို့​ရဲ့ ဝတ်​စား​ပုံ​အပေါ် ဘာ​ကြောင့် အကျိုး​သက်​ရောက်​သင့်​သလဲ။

ဖိ​လိပ္ပိ ၂:၄ ကို​ဖတ်​ပါ။ ကိုယ့်​အဝတ်​အစား​ကြောင့် တ​ခြား​ညီ​အစ်​ကို/မတွေ ဘယ်​လို ထိ​ခိုက်​သွား​နိုင်​တယ်​ဆို​တာ ဘာ​ကြောင့် စဉ်း​စား​သင့်​သလဲ။ အကြောင်း​ရင်း တစ်​ခု​က​တော့ ဒီ​အကြံ​ဉာဏ်​ကို လိုက်​နာ​ကြ​လို့​ပဲ– “ထို့​ကြောင့် မတ​ရား​မေထုန်​ပြု​ခြင်း၊ မသန့်​ရှင်း​ခြင်း၊ သွေး​သား​ဆန္ဒ ပြင်း​ပြခြင်း၊ မကောင်း​သော တောင့်​တ​ခြင်း . . . နှင့်​ဆိုင်​သည့် မြေကြီး​ပေါ်​ရှိ သင်​တို့​၏​ကိုယ်​အင်္ဂါ​များ​ကို သေစေ​ကြ​လော့။” (ကော. ၃:၂၊) လိင်​အကျင့်​ယို​ယွင်း​တဲ့ ဘဝ​ပုံ​စံ​က​နေ ရုန်း​ထွက်​ခဲ့​ကြ​တဲ့ ညီ​အစ်​ကို/မတွေ​ဟာ မကောင်း​တဲ့​ဆန္ဒတွေ​ကို တိုက်​လှန်​နေ​ရ​တုန်း​ပဲ။ သတိ​မထား​ဘူး​ဆို​ရင် ကိုယ့်​အဝတ်​အစား​ပုံ​စံ​ကြောင့် ကျမ်း​စာ​သွန်သင်​ချက်​တွေ​ကို လိုက်​နာ​ဖို့၊ မကောင်း​တဲ့​ဆန္ဒတွေ တိုက်​လှန်​ဖို့ သူတို့​ကို ပို​အခက်​တွေ့​စေ​နိုင်​တယ်။ (၁ ကော. ၆:၉၊ ၁၀) သူတို့​ကို အခက်​တွေ့​အောင် ကျွန်​တော်​တို့ မလုပ်​ချင်​ကြ​ပါ​ဘူး။

၁၀ ညီ​အစ်​ကို/မတွေ​နဲ့ အတူ​ရှိ​နေ​ချိန်​မှာ အကျင့်​ပျက်​မှု​ကို အား​ပေး​သူ​တွေ​နဲ့ ကင်း​ဝေး​ကြ​တယ်။ အစည်း​အဝေး​မှာ​ဖြစ်​ဖြစ်၊ သာ​မန်​အချိန်တွေ​မှာ​ဖြစ်​ဖြစ် ကျွန်​တော်​တို့​ရဲ့ ဝတ်​စား​ပုံ​က အဲဒီ​လို သန့်​ရှင်း​တဲ့​ဝန်း​ကျင်​ကို အား​ဖြည့်​ပေး​သင့်​တယ်။ ကိုယ်​ကြိုက်​ရာ​ကို လွတ်​လပ်​စွာ ရွေး​ချယ်​ဝတ်​ဆင်​ခွင့် ရှိ​ပေမဲ့ တ​ခြား​သူ​တွေရဲ့ သန့်​ရှင်း​တဲ့ အတွေး၊ အပြော​အဆို၊ အပြု​အမူ​ကို ဆက်​ထိန်း​သိမ်း​နိုင်​ဖို့ လွယ်​ကူ​စေ​တဲ့ အဝတ်​အစား​တွေ ဝတ်​ဆင်​ဖို့ တာဝန်​ရှိ​တယ်။ (၁ ပေ. ၁:၁၅၊ ၁၆) မေတ္တာ​စစ်​ဟာ “မလျောက်​ပတ်​စွာ မကျင့်​တတ်။ ကိုယ့်​အကျိုး​ကို မရှာ​တတ်” ဘူး။—၁ ကော. ၁၃:၄၊ ၅

အချိန်​အခါ၊ နေ​ရာ​ဒေ​သနဲ့ ကိုက်​ညီ​တဲ့ အဝတ်​အစား

၁၁၊ ၁၂။ ဒေ​သနာ ၃:၁၊ ၁၇ က သင့်​တင့်​မျှ​တ​မှု​ရှိ​ဖို့ ဘယ်​လို ကူညီ​ပေး​သလဲ။

၁၁ အဝတ်​အစား ရွေး​ချယ်​တဲ့​အခါ “ခပ်​သိမ်း​သော​အမှု​အရာ​တို့​သည် မိမိ​တို့​အချိန် ရှိ” တယ်​ဆို​တာ သိ​ထား​သင့်​တယ်။ (ဒေ. ၃:၁၊ ၁၇) ရာ​သီ​ဥ​တု၊ ပတ်​ဝန်း​ကျင်​နဲ့ လူ​နေ​မှု​အခြေ​အနေ​အလိုက် ဝတ်​စား​ကြ​တာ​တော့ မှန်​ပါ​တယ်။ ဒါ​ပေမဲ့ ယေဟောဝါ​ရဲ့ စံနှုန်း​တွေ​က​တော့ အမြဲတမ်း တစ်​သမတ်​တည်း​ပဲ။—မာ​လ. ၃:၆

၁၂ ပူ​အိုက်​တဲ့​ရာ​သီ​မှာ သင့်​တော်​ပြီး ဣ​န္ဒြေ​ရှိ​တဲ့ အဝတ်​အစား ဝတ်​ဖို့ ခက်​ခဲ​တတ်​တယ်။ ဒါ​ပေမဲ့ ကျပ်​လွန်း​တဲ့၊ မလုံ့​တ​လုံ​ဖြစ်​တဲ့ အဝတ်​အစား မဝတ်​ဆင်​တာ​ကို ညီ​အစ်​ကို/မတွေ လေး​မြတ်​ကြ​တယ်။ (ယောဘ ၃၁:၁) ကမ်း​ခြေ​မှာ​ဖြစ်​ဖြစ်၊ ရေ​ကူး​ကန်​မှာ​ဖြစ်​ဖြစ် အနား​ယူ အပန်း​ဖြေတဲ့​အခါ​မှာ​လည်း ဣ​န္ဒြေ​ရှိ​တဲ့ ရေ​ကူး​ဝတ်​စုံ​တွေ ဝတ်​ဆင်​သင့်​တယ်။ (သု. ၁၁:၂၊ ၂၀) လော​က​မှာ​တော့ ဖော်​လွန်း​တဲ့ ရေ​ကူး​ဝတ်​စုံ​တွေ ဝတ်​ကြ​ပေမဲ့ ကျွန်​တော်​တို့​က​တော့ သန့်​ရှင်း​တဲ့​ဘု​ရား ယေဟောဝါ​ကို ဂုဏ်​တင်​တဲ့ ဝတ်​စုံ​ကို​ပဲ ရွေး​ချယ်​သင့်​တယ်။

၁၃။ ၁ ကော​ရိန္သု ၁၀:၃၂၊ ၃၃ မှာ​တွေ့​ရ​တဲ့ အကြံ​ပြု​ချက်​က အဝတ်​အစား ရွေး​ချယ်​ရာ​မှာ ဘယ်​လို အကျိုး​သက်​ရောက်​သင့်​သလဲ။

၁၃ အဝတ်​အစား ရွေး​ချယ်​မှု​အပေါ် အကျိုး​သက်​ရောက်​တဲ့ အရေး​ကြီး​တဲ့​မူ​တစ်​ခု ရှိ​သေး​တယ်။ တ​ခြား​သူ​တွေရဲ့ သိ​စိတ်​ကို မထိ​ခိုက်​မိ​အောင် သတိ​ထား​သင့်​တယ်။ (၁ ကော​ရိန္သု ၁၀:၃၂၊ ၃၃ ကို​ဖတ်​ပါ။) အဝတ်​အစား​ကြောင့် ညီ​အစ်​ကို/မတွေ​ကို​ရော၊ ယေဟောဝါ​ကို ဝတ်​မပြု​သူ​တွေ​ကို​ပါ မထိ​ခိုက်​စေ​ဖို့ တာဝန်​ရှိ​တယ်။ တမန်​တော်​ပေါလု ဒီ​လို ရေး​တယ်– “ငါ​တို့​ရှိ​သမျှ​သည် လူ​သား​ချင်း​၌ တည်​ဆောက်​ခြင်း ကောင်း​ကျိုး​ရှိ​စေ​ရန် သူ​၏​အလို​အတိုင်း ပြု​ကြ​စို့။ အကြောင်း​မူ​ကား ခ​ရစ်​တော်​ပင်​လျှင် ကိုယ့်​အလို​အတိုင်း ပြု​တော်​မမူ။” (ရော. ၁၅:၂၊ ၃) ယေရှု​လို​ပဲ ဘု​ရား​အလို​တော်​ဆောင်​ခြင်း​နဲ့ တ​ခြား​သူ​တွေ ကူညီ​ပေး​ခြင်း​ကို ကိုယ့်​အကြိုက်​ထက် ပို​ဦးစား​ပေး​သင့်​တယ်။ ဒါ​ကြောင့် ကိုယ်​ကြိုက်​နှစ်​သက်​ပေမဲ့ တ​ခြား​သူ​တွေ သတင်း​ကောင်း နား​ထောင်​ဖို့ အတား​အဆီး ဖြစ်​စေ​နိုင်​တဲ့ အဝတ်​အစား​ပုံ​စံ​တွေ​ကို ရှောင်​မှာ​ဖြစ်​တယ်။

၁၄။ ဝတ်​စား​ပုံ​အား​ဖြင့် ဘု​ရား​သခင်​ကို ဂုဏ်​တင်​ဖို့ သား​သမီး​တွေ​ကို မိ​ဘ​တွေ ဘယ်​လို လေ့ကျင့်​ပေး​နိုင်​သလဲ။

၁၄ ကျမ်း​စာ​မူ​တွေ​ကို က​လေး​တွေ ကျင့်​သုံး​တတ်​အောင် သင်​ပေး​ဖို့ ခ​ရစ်​ယာန်​မိ​ဘ​တွေ​မှာ တာဝန်​ရှိ​တယ်။ အဲဒီ​ထဲ​မှာ မိ​ဘ​နဲ့ သား​သမီး​တွေ​ဟာ ဣ​န္ဒြေ​ရှိ​တဲ့ ဝတ်​စား​ဖြီး​လိမ်း​ပုံ​အား​ဖြင့် ဘု​ရား​သခင့်​စိတ်​တော် ပျော်​ရွှင်​အောင်​လုပ်​ဖို့​လည်း ပါ​တယ်။ (သု. ၂၂:၆။ ၂၇:၁၁) သန့်​ရှင်း​တဲ့ ဘု​ရား​သခင်​နဲ့ ကိုယ်​တော့်​စံနှုန်း​တွေ​ကို လေး​စား​တတ်​ဖို့ က​လေး​တွေ​ကို မိ​ဘ​တွေ ဘယ်​လို လေ့ကျင့်​ပေး​နိုင်​သလဲ။ ကိုယ်​တိုင် ပုံသက်သေ​ကောင်း ပြသင့်​တယ်။ သင့်​တော်​တဲ့ အဝတ်​အစား​တွေ​ကို ဘယ်​နေ​ရာ​မှာ ဘယ်​လို ရှာ​တွေ့​နိုင်​မှန်း သင်​ပေး​သင့်​တယ်။ က​လေး​တွေ​ဟာ ကိုယ်​ကြိုက်​တဲ့ အဝတ်​အစား​ထက် သူတို့​ကိုယ်​စား​ပြု​တဲ့ ယေဟောဝါ​ဘု​ရား​ကို ဂုဏ်​တင်​တဲ့ အဝတ်​အစား​တွေ ရွေး​ချယ်​သင့်​တယ်။

လွတ်​လပ်​စွာ ရွေး​ချယ်​ခွင့်​ကို ပညာ​ရှိ​ရှိ အသုံး​ပြု​ပါ

၁၅။ ဆုံး​ဖြတ်​ချက်​ကောင်း​တွေ ချ​နိုင်​ဖို့ ဘာ​က ကူညီ​ပေး​သင့်​သလဲ။

၁၅ ဘု​ရား​သခင်​ကို ဂုဏ်​တင်​တဲ့ ဆုံး​ဖြတ်​ချက်​ကောင်း​တွေ ချ​ဖို့ ကျမ်း​စာ​လမ်း​ညွှန်​ချက်​တွေ​က ကူညီ​ပေး​နိုင်​တယ်။ ဒါ​ပေမဲ့ ကိုယ့်​ဝတ်​စား​ပုံ​က ကိုယ့်​အကြိုက်​ကို ဖော်ပြလေ့​ရှိ​တယ်။ ကိုယ်​ကြိုက်​တဲ့​ပုံ​စံ၊ ကိုယ်​ဝယ်​နိုင်​တဲ့ အဝတ်​အစား​ဟာ တစ်​ယောက်​နဲ့ တစ်​ယောက် မတူ​ကြ​ဘူး။ ဒါ​ပေမဲ့ အချိန်​အခါ၊ နေ​ရာ​ဒေ​သနဲ့ သင့်​တော်​တဲ့၊ သပ်​ရပ်​သန့်​ရှင်း​ပြီး ဣ​န္ဒြေ​ရှိ​တဲ့ အဝတ်​အစား အမြဲ ဖြစ်​သင့်​တယ်။

၁၆။ ဘာ​ကြောင့် သင့်​တော်​တဲ့ အဝတ်​အစား ဝတ်​ဆင်​ရ​ကျိုး နပ်​သလဲ။

၁၆ ဣ​န္ဒြေ​ရှိ​ပြီး သင့်​တော်​တဲ့ အဝတ်​အစား ရှာ​တွေ့​ဖို့ အမြဲတော့ မလွယ်​ဘူး။ စ​တိုး​ဆိုင် အများ​စု​မှာ ခေတ်​ပေါ်​အဝတ်​အစား​တွေ​ကို​ပဲ ရောင်း​ကြ​တယ်။ ဒါ​ကြောင့် ဣ​န္ဒြေ​ရှိ​တဲ့ အဝတ်​အစား ရှာတွေ​ဖို့ အချိန်​နဲ့ အား​ထုတ်​မှု ပို​လို​အပ်​နိုင်​တယ်။ ဒါ​ပေမဲ့ ကြည့်​ကောင်း​ပြီး သင့်​တော်​တဲ့ အဝတ်​အစား ဝတ်​ဖို့ ကြိုး​စား​အား​ထုတ်​တာ​ကို ညီ​အစ်​ကို/မတွေ သတိ​ထား​မိ​ပြီး လေး​မြတ်​ကြ​ပါ​လိမ့်​မယ်။ ဘု​ရား​သခင့်​ဘုန်း​တော် ထင်​ရှား​စေ​တယ်​ဆို​တဲ့ စိတ်​ကျေ​နပ်​မှု​ဟာ ဘယ်​စွန့်​လွှတ်​အနစ်​နာ​ခံ​မှု​ထက်​မဆို သာ​လွန်​ပါ​တယ်။

၁၇။ ညီ​အစ်​ကို​တစ်​ယောက် မုတ်​ဆိတ်​မွေး ထား​လို့ရ​မရ​နဲ့​ပတ်​သက်​ပြီး ဘယ်​အချက်​တွေ​ကို ထည့်​တွက်​စဉ်း​စား​သင့်​သလဲ။

၁၇ ညီ​အစ်​ကို​တွေ မုတ်​ဆိတ်​မွေး ထား​တာ သင့်​တော်​သလား။ ပညတ်​တ​ရား​က​တော့ အမျိုး​သား​တွေ မုတ်​ဆိတ်​မွေး ထား​ဖို့ တောင်း​ဆို​တယ်။ ခ​ရစ်​ယာန်တွေ​ဟာ ပညတ်​တ​ရား​အောက်​မှာ မရှိ​ကြ​တော့​ဘူး။ လိုက်​နာ​ဖို့​လည်း မလို​အပ်​ဘူး။ (ဝတ်. ၁၉:၂၇။ ၂၁:၅။ ဂလ. ၃:၂၄၊ ၂၅) ယဉ်​ကျေး​မှု​တ​ချို့​မှာ သပ်​သပ်​ရပ်ရပ် တိ​ထား​တဲ့ မုတ်​ဆိတ်​မွေး​ဟာ သင့်​တော်​ပြီး လေး​စား​စ​ရာ ဖြစ်​တယ်။ သတင်း​ကောင်း​ကို​လည်း အတား​အဆီး မဖြစ်​စေ​ဘူး။ ခန့်​အပ်​ခံ ညီ​အစ်​ကို​တ​ချို့​တောင် မုတ်​ဆိတ်​မွေး ထား​ကြ​တယ်။ တ​ချို့​က​တော့ မထား​ဖို့ ဆုံး​ဖြတ်​ကြ​တယ်။ (၁ ကော. ၈:၉၊ ၁၃။ ၁၀:၃၂) ယဉ်​ကျေး​မှု​တ​ချို့​နဲ့ နိုင်​ငံ​တွေ​မှာ​ကျ​တော့ မုတ်​ဆိတ်​မွေး ထား​တာ ထုံး​စံ မဟုတ်​ဘူး။ ယေဟောဝါ သက်​သေတွေ​အတွက် မသင့်​တော်​ဘူး​လို့ ယူ​ဆ​ကြ​တယ်။ မုတ်​ဆိတ်​မွေး ထား​လို့ ဘုရား​သခင့်​ဘုန်း​တော် ထိ​ခိုက်​စ​ရာ​တောင် ဖြစ်​စေ​နိုင်​တယ်။ ‘အပြစ်​ဆို​ဖွယ်​ရှိ​သူ’ ဖြစ်သွားနိုင်​တယ်။—၁ တိ. ၃:၂၊ ၇။ ရော. ၁၅:၁-၃

၁၈၊ ၁၉။ မိက္ခာ ၆:၈ က ကျွန်​တော်​တို့​ကို ဘယ်​လို ကူညီ​ပေး​သလဲ။

၁၈ သင့်​တော်​တဲ့၊ မသင့်​တော်​တဲ့ ဝတ်​စား​ဖြီး​လိမ်း​ပုံ စာ​ရင်း​ရှည်​ကြီး​ကို ယေဟောဝါ မပေး​ထား​တဲ့​အတွက် ကျေး​ဇူး​တင်​စ​ရာ​ပါ​ပဲ။ အဲဒီ​အစား ကျမ်း​စာ​မူ​တွေ​အပေါ် အခြေ​ခံ​ပြီး သင့်​တင့်​မျှ​တ​စွာ ဆုံး​ဖြတ်​နိုင်​အောင် လွတ်​လပ်​စွာ ရွေး​ချယ်​နိုင်​စွမ်း ပေး​ထား​တယ်။ ဒါ​ကြောင့် ဝတ်​စား​ဖြီး​လိမ်း​ပုံ​နဲ့​ပတ်​သက်​ပြီး ဆုံး​ဖြတ်​ချက် ချ​တဲ့​အခါ ‘ဘု​ရား​သခင်​နဲ့​အတူ ကျိုးနွံ​စွာ လျှောက်​လှမ်း’ ချင်​မှန်း ဖော်ပြနိုင်​တယ်။—မိ. ၆:၈က​ဘ။

၁၉ ယေဟောဝါ​ဟာ သန့်​ရှင်း​စင်​ကြယ်​ပြီး ကိုယ်​တော့်​စံနှုန်း​တွေ​က အကောင်း​ဆုံး လမ်း​ညွှန်​ဖြစ်​တယ်​ဆို​တာ ကျွန်​တော်​တို့ အသိ​အမှတ် ပြု​ကြ​တယ်။ ကျွန်​တော်​တို့ နှိမ့်​ချ​ကျိုးနွံ​ချင်​တယ်​ဆို​ရင် ကိုယ်​တော့်​စံနှုန်း​တွေ​ကို လိုက်​လျှောက်​ကြ​ပါ​လိမ့်​မယ်။ ကျိုးနွံ​မှု​က တခြား​သူ​တွေရဲ့ ခံစား​ချက်​နဲ့ သဘော​ထား​ကို လေး​စား​ဖို့​လည်း ကူညီ​ပေး​ပါ​လိမ့်​မယ်။

၂၀။ ကျွန်​တော်​တို့​ရဲ့ ဝတ်​စား​ဖြီး​လိမ်း​ပုံ​က တ​ခြား​သူ​တွေ​အပေါ် ဘယ်​လို အကျိုး​သက်​ရောက်​သင့်​သလဲ။

၂၀ ကျွန်​တော်​တို့​ရဲ့ ဝတ်​စား​ပုံ​က ယေဟောဝါ​ရဲ့ ကျေး​ကျွန်​တွေ​ဖြစ်​မှန်း အထင်​အရှား ဖော်ပြနေ​သင့်​တယ်။ ယေဟောဝါ​ရဲ့ မြင့်​မား​တဲ့ စံနှုန်း​တွေ​ကို လို​လို​လား​လား လိုက်​လျှောက်​နေ​ကြ​တယ်။ ညီ​အစ်​ကို/မတွေ​ကို သူတို့​ရဲ့ ပုံ​ပန်း​သွင်​ပြင်​နဲ့ အကျင့်​ကောင်း​ကြောင့် ချီး​မွမ်း​သင့်​ပါ​တယ်။ အဲ​ဒါ​တွေ​ကြောင့် ကျမ်း​စာ​မှာ​ပါ​တဲ့ အသက်​ကယ် သတင်း​တ​ရား​ကို လူ​များ​စွာ လက်ခံ​နား​ထောင်​လာ​ပြီး ယေဟောဝါ​ရဲ့ ဘုန်း​တော်​ကို ထင်​ရှား​စေ​တယ်။ ဝတ်​စား​ဆင်​ယင်​ပုံ​နဲ့​ပတ်​သက်​ပြီး ပညာ​ရှိ ဆုံး​ဖြတ်​ချက်​တွေ ချ​တဲ့​အခါ ‘ဘုန်း​တန်ခိုး​အာ​နု​ဘော်​နှင့် တန်​ဆာ​ဆင်​တော်​မူ’ တဲ့​အရှင်​ရဲ့ ဘုန်း​တော်ကို ဆက်​ထင်​ရှား​စေ​ပါ​လိမ့်​မယ်။—ဆာ. ၁၀၄:၁၊ ၂