မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တိုင်း​တစ်ပါးမှာ အမှုဆောင်စဉ် ဘုရားသခင်နဲ့ ​ဆက်ဆံရေးကောင်း ထိန်းသိမ်းထားပါ

တိုင်း​တစ်ပါးမှာ အမှုဆောင်စဉ် ဘုရားသခင်နဲ့ ​ဆက်ဆံရေးကောင်း ထိန်းသိမ်းထားပါ

“ဗျာဒိတ်​တော်​ကို နှလုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။”—ဆာ. ၁၁၉:၁၁

သီချင်း– ၁၄၂၊ ၉၂

၁–၃။ (က) ဘယ်​လို​အခြေ​အနေ​မှာ​မဆို ဘာ​ကို အဓိ​က ထား​သင့်​သလဲ။ (ခ) ဘာ​သာ​စကား​အသစ် သင်​ယူ​နေ​သူ​တွေ ဘယ်​အခက်​အခဲ​တွေ ကြုံ​နေ​ရ​သလဲ။ ဘယ်​မေး​ခွန်း​တွေ ပေါ်​လာ​သလဲ။ (ဆောင်း​ပါး​အစ​မှာ​ပါ​တဲ့ ရုပ်​ပုံ​ကို​ကြည့်​ပါ။)

ဒီ​နေ့ ယေဟောဝါ​သက်​သေ ထောင်​ပေါင်း​များ​စွာ​ဟာ “လူမျိုး၊ လူမျိုး​နွယ်၊ ဘာ​သာ​စကား၊ လူ​စု​အသီး​သီး” ကို သတင်း​ကောင်း ကြေ​ညာ​နေ​တဲ့ စိတ်​အာ​ရုံ​ပြည့်​စုံ​မှု​မှာ အား​တက်​သရော ပါ​ဝင်​နေ​ကြ​တယ်။ (ဗျာ. ၁၄:၆) သင်​ဟာ ဘာ​သာ​ခြား​စကား​ သင်​ယူ​နေ​သူ​လား။ သာ​သနာ​ပြု ဒါ​မှ​မဟုတ် ပို​လို​အပ်​တဲ့​နေ​ရာ​မှာ အမှု​ဆောင်​နေ​သူ​လား။ ကိုယ့်​တိုင်း​ပြည်​မှာ​ပဲ ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ အစည်း​အဝေး တက်​ရောက်​နေ​သူ​လား။

ဘု​ရား​သခင့် ကျေး​ကျွန်​တွေ​အနေ​နဲ့ ကျွန်​တော်​တို့​အားလုံး​ဟာ ကိုယ်​တိုင်​နဲ့ မိသား​စု​ဝင်​တွေ ဘု​ရား​နဲ့​ဆက်ဆံ​ရေး​ကောင်း ရှိ​နေ​ဖို့ အဓိ​က​ထား​ကြ​တယ်။ (မ. ၅:၃) ဒါ​ပေမဲ့ အလုပ်​များ​လွန်း​လို့ အဓိပ္ပာယ်​ရှိ​ရှိ ကိုယ်​ပိုင်​လေ့​လာ​မှု လုပ်​ဖို့ ခက်​နိုင်​တယ်။ ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ အမှု​ဆောင်​နေ​သူ​တွေ​ကျ​တော့ တခြား​အခက်​အခဲ​တွေ ကြုံ​နေ​ရ​တယ်။

ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ အမှု​ဆောင်​နေ​သူ​တွေ​ဟာ ဘာ​သာ​စကား​အသစ် သင်​ယူ​ရ​တဲ့​အပြင် နက်​နဲ​တဲ့​အမှန်​တ​ရား​တွေ​ကို ပုံ​မှန် လေ့​လာ​ဖို့​လည်း လို​အပ်​တယ်။ (၁ ကော. ၂:၁၀) အသင်း​တော်​မှာ ပြော​တဲ့​စကား​ကို အပြည့်​အဝ နား​မလည်​ရင် ဘယ်​လို လုပ်​မလဲ။ သား​သမီး​တွေရဲ့ စိတ်​နှလုံး​ထဲ အမှန်​တ​ရား ရောက်​ရှိ​အောင် ခ​ရစ်​ယာန်​မိ​ဘ​တွေ ဘာ​လုပ်​နိုင်​သလဲ။

ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို အန္တရာယ်​ပြု​တဲ့​အရာ

၄။ ဘာ​က ဘု​ရား​သခင်​နဲ့ ဆက်ဆံ​ရေး​ကို အန္တရာယ်​ပြု​နိုင်​သလဲ။ ဥပမာ​ပေး​ပါ။

နိုင်​ငံ​ခြား​ဘာ​သာ​စကား​နဲ့ ကျမ်း​စာ​ကို နား​မလည်​နိုင်​တဲ့​အခါ ဘု​ရား​သခင်​နဲ့ ဆက်ဆံ​ရေး အန္တရာယ် ရှိ​နိုင်​တယ်။ ဘီ​စီ ငါး​ရာ​စု​တုန်း​က ဗာ​ဗု​လုန်​က​နေ ပြန်​လာ​တဲ့​ဂျူး​တွေရဲ့ သား​သမီး​တ​ချို့ ဟီ​ဘ​ရူး​စကား မတတ်​မှန်း နေဟမိ ကြား​သိ​တဲ့​အခါ စိုး​ရိမ်ခဲ့​တယ်။ (နေဟမိ ၁၃:၂၃၊ ၂၄ ကို​ဖတ်​ပါ။) ကျမ်း​စာ​ရဲ့ အဓိပ္ပာယ်​ကို အပြည့်​အဝ နား​မလည်​နိုင်​တဲ့​အတွက် ဘု​ရား​သခင့်​လူမျိုး ဖြစ်​တယ်​ဆို​တဲ့ အနေ​အထား​ကို သူတို့ ဆုံး​ၡုံး​နေ​ရ​တယ်။—နေ. ၈:၂၊ ၈

၅၊ ၆။ ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ အမှု​ဆောင်​နေ​တဲ့ မိ​ဘ​တ​ချို့ ဘာ​ကို သတိ​ထား​မိ​သလဲ။ ဘာ​ကြောင့်​လဲ။

ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ အမှု​ဆောင်​နေ​တဲ့ မိ​ဘ​တ​ချို့​ဟာ သား​သမီး​တွေ အမှန်​တ​ရား​မှာ စိတ်​ဝင်​စား​မှု လျော့​နည်း​လာ​တာ​ကို သတိ​ထား​မိ​ကြ​တယ်။ အစည်း​အဝေး​တွေ​မှာ အပြည့်​အဝ နား​မလည်​တဲ့​အတွက် နှလုံး​မထိ​မိ​ကြ​ဘူး။ တောင်​အမေရိ​က​က​နေ ဩစ​တြေး​လျ​ကို မိသား​စု​လိုက် ပြောင်း​ရွှေ့​သွား​တဲ့ ပေတ​ရို []  က “ဘု​ရားရေးရာ​အကြောင်း​တွေ ပြော​တဲ့​အခါ စိတ်​ခံစား​ချက် ပါ​ဝင်​သင့်​တယ်” လို့​ပြော​တယ်။—လု. ၂၄:၃၂

ဘာ​သာ​ခြား​စကား​နဲ့ စာ​ဖတ်​တဲ့​အခါ ကိုယ့်​ဘာ​သာ​စကား​လောက် ခံစား​ချက် မပါ​ဘူး။ ပြော​ဆို​ဆက်​သွယ်​ဖို့​လည်း ခက်​တဲ့​အတွက် စိတ်​ပိုင်း​ရော၊ ဘု​ရား​နဲ့​ဆက်ဆံ​ရေး​ပါ ထိ​ခိုက်​လာ​တယ်။ ဒါ​ကြောင့် ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ အမှု​ဆောင်​ချင်​တဲ့​ဆန္ဒ​ကို ဆက်​ထိန်း​ထား​ရင်း ဘု​ရား​သခင်​နဲ့ ဆက်ဆံ​ရေး​ကို​လည်း ကာ​ကွယ်​ဖို့ လို​အပ်​တယ်။—မ. ၄:၄

ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကို သူတို့​ကာ​ကွယ်​ခဲ့

၇။ ဗာ​ဗု​လုန်တွေ​က ဒံယေလ​ကို သူတို့​ရဲ့ ယဉ်​ကျေး​မှု​နဲ့ ဘာ​သာ​တ​ရား သွတ်​သွင်း​ပေး​ဖို့ ဘယ်​လို ကြိုး​စား​ခဲ့​ကြ​သလဲ။

ဒံယေလ​နဲ့ အဖော်​တွေ ပြည်​နှင်​ခံ​ရ​တဲ့​အခါ ဗာ​ဗု​လုန်တွေ​က သူတို့​ရဲ့ ယဉ်​ကျေး​မှု​နဲ့ ဘာ​သာ​တ​ရား​ကို သွတ်​သွင်း​ဖို့ ကြိုး​စား​ခဲ့​ကြ​တယ်။ “ခါလဒဲ​ဘာ​သာ​အတတ်​ကို” သင်​ပေး​ပြီး ဗာ​ဗု​လုန်​နာ​မည်​တွေ ပေး​ခဲ့​ကြ​တယ်။ (ဒံ. ၁:၃-၇) ဒံယေလ​ကို ပေး​တဲ့​နာ​မည်​က ဗာ​ဗု​လုန်ရဲ့ အဓိ​က​နတ်​ဘု​ရား ဗာလ​ကို ရည်​ညွှန်း​တယ်။ ဗာ​ဗု​လုန်ရဲ့ ဘု​ရား​ဟာ ဒံယေလ​ရဲ့ ဘု​ရား ယေဟောဝါ​ထက် တန်ခိုး​ပို​ကြီး​တယ်​လို့ နေ​ဗု​ခ​ဒ်​နေ​ဇာ ထင်​စေ​ချင်​လို့ ဖြစ်​နိုင်​တယ်။—ဒံ. ၄:၈

၈။ တိုင်း​တစ်ပါး​မှာ ဘု​ရား​နဲ့​ဆက်ဆံ​ရေး​ကောင်း ထိန်း​သိမ်း​ထား​ဖို့ ဘာ​က ဒံယေလ​ကို ကူညီ​ပေး​ခဲ့​သလဲ။

ဘု​ရင့်​ပွဲ​တော်​စာ​ကို ဒံယေလ စား​သုံး​ခွင့်​ရ​ပေမဲ့ “ကိုယ်​ကို မညစ်​ညူး​စေ​ဖို့ စိတ်​ပိုင်း​ဖြတ်​ထား” တယ်။ (ဒံ. ၁:၈က​ဘ) “ကျမ်း​စာ” ကို မိ​ခင်​ဘာ​သာ​စကား​နဲ့ ဆက်​လေ့​လာ​ခဲ့​တဲ့​အတွက် တိုင်း​တစ်ပါး​မှာ ဘု​ရား​နဲ့ ဆက်ဆံ​ရေး​ကောင်း ထိန်း​သိမ်း​နိုင်​ခဲ့​တယ်။ (ဒံ. ၉:၂) ဒါ​ကြောင့် ဗာ​ဗု​လုန်​ကို ရောက်​တာ နှစ်​ပေါင်း ၇၀ လောက်​ကြာ​တာ​တောင်​မှ သူ့​ကို ဟီ​ဘ​ရူး​နာ​မည်​နဲ့ လူ​သိ​များ​နေ​တုန်း​ပဲ။—ဒံ. ၅:၁၃

၉။ ဆာလံ ၁၁၉ ရေး​သား​သူ​ဟာ ကျမ်း​စာ​နဲ့​ပတ်​သက်​ပြီး ဘယ်​လို သဘော​ထား ရှိ​သလဲ။

ဆာလံ ၁၁၉ ကို ရေး​သား​သူ​ဟာ တ​ခြား​သူ​တွေ​နဲ့ မတူ​အောင် ကျမ်း​စာ​က​နေ ခွန်​အား​ရ​ယူ​ခဲ့​တယ်။ နန်း​တော်​သား​တ​ချို့ရဲ့ လှောင်​ပြောင်​မှု​ကို ခံ​ရပ်ခဲ့​တယ်။ (ဆာ. ၁၁၉:၂၃၊ ၆၁) စိတ်​နှလုံး ထိ​မိ​တဲ့​အထိ ကျမ်း​စကား​တွေ ဖတ်​ရှု​ခဲ့​တယ်။ဆာလံ ၁၁၉:၁၁၊ ၄၆ ကို​ဖတ်​ပါ။

ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ကောင်း​နေ​အောင် ထိန်း​သိမ်း​ပါ

၁၀၊ ၁၁။ (က) ကျမ်း​စာ​ကို လေ့​လာ​တဲ့​အခါ ဘာ​ပန်း​တိုင် ထား​သင့်​သလဲ။ (ခ) အဲဒီ​ပန်း​တိုင်​ကို ဘယ်​လို ရောက်​နိုင်​သလဲ။ ဥပမာ​ပေး​ပါ။

၁၀ လော​က​အလုပ်၊ ဘု​ရား​အလုပ်​တွေ​နဲ့ အလုပ်​များ​နေ​ပေမဲ့ ကိုယ်​ပိုင်​လေ့​လာ​မှု​နဲ့ မိသား​စု​ဝတ်​ပြု​မှု​အတွက် အချိန်​ယူ​ရ​မယ်။ (ဧ. ၅:၁၅၊ ၁၆) ဒါ​ပေမဲ့ စာ​မျက်​နှာ​အရေ​အတွက် ဖတ်​ပြီး​ဖို့၊ အစည်း​အဝေး​တွေ​မှာ ပါ​ဝင်​မှတ်​ချက်​ပေး​ဖို့ ပြင်​ဆင်​ရုံ​လောက်​ပဲ မဖြစ်​သင့်​ဘူး။ ကျမ်း​စာ​က ကျွန်​တော်​တို့​ရဲ့ စိတ်​နှလုံး​ကို ထိ​မိ​ပြီး ယုံ​ကြည်​ခြင်း​ကို ခိုင်​မာ​စေ​ဖို့ ပန်း​တိုင်​ထား​သင့်​တယ်။

၁၁ အဲဒီ​ပန်း​တိုင်​ရောက်​ဖို့ မျှ​တ​မှု ရှိ​ရ​မယ်။ လေ့​လာ​မှု​လုပ်​တဲ့​အခါ တ​ခြား​သူ​တွေရဲ့ လို​အပ်​ရာ​သာ​မက ကိုယ့်​ရဲ့ လို​အပ်​ရာတွေ​ကို​ပါ စဉ်း​စား​သင့်​တယ်။ (ဖိ. ၁:၉၊ ၁၀) အမှု​ဆောင်၊ အစည်း​အဝေး၊ ဟော​ပြော​ချက်​အတွက် ပြင်​ဆင်​တဲ့​အခါ ဖတ်​ရှု​တဲ့​အရာ​ကို ကိုယ်​တိုင်​ကျင့်​သုံး​လေ့​မရှိ​မှန်း အသိ​အမှတ် ပြု​ရ​မယ်။ ဥပမာ၊ စား​ဖို​မှူး​တစ်​ယောက်​ဟာ တ​ခြား​သူ​တွေ​အတွက် ပြင်​ဆင်​ပေး​တဲ့ အစား​အစာ​ကို မြည်း​ကြည့်​ရ​တယ်။ ဒါ​ပေမဲ့ မြည်း​တာ​နဲ့​ပဲ အသက်​ဆက်​လို့ မရ​ဘူး။ ကျန်း​မာ​ချင်​ရင် ကိုယ်​တိုင်​အတွက်​လည်း အာ​ဟာ​ရ​ရှိ​ရှိ ပြင်​ဆင်​စား​သောက်​ရ​မယ်။ ကျွန်​တော်​တို့​လည်း ကိုယ်​တိုင်​ရဲ့ လို​အပ်​ချက်​တွေ​ကို ဖြည့်​ဆည်း​ဖို့ ကျမ်း​စာ​ကို ပုံ​မှန် လေ့​လာရ​မယ်။

၁၂၊ ၁၃။ တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​သူ​များ​စွာ​ဟာ မိ​ခင်​ဘာ​သာ​စကား​နဲ့ ပုံ​မှန်​လေ့​လာ​တာ အကျိုး​ရှိ​မှန်း ဘယ်​လို သိ​ရှိ​ခဲ့​ကြ​သလဲ။

၁၂ ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ အမှု​ဆောင်​နေ​သူ​များ​စွာ​ဟာ မိ​ခင်​ဘာ​သာ​စကား​နဲ့ ပုံ​မှန် ကျမ်း​စာ​လေ့​လာ​တာ အကျိုး​ရှိ​မှန်း တွေ့​ရှိ​ကြ​တယ်။ (တ. ၂:၈) တိုင်း​တစ်ပါး​မှာ အမှု​ဆောင်​နေ​တဲ့ သာ​သနာ​ပြု​တွေ​တောင် ယုံ​ကြည်​ခြင်း ခိုင်​မာ​နေ​ဖို့ အစည်း​အဝေး​တွေ​မှာ​ ကြား​နာ​ရ​တဲ့ အခြေ​ခံ အမှန်​တ​ရား​တွေ​လောက်​ကို​ပဲ အား​ထား​လို့ မရ​မှန်း နား​လည်​ထား​ကြ​တယ်။

၁၃ ပါ​ရှန်း​စကား သင်​ယူ​နေ​တာ ရှစ်​နှစ်​လောက် ရှိ​ပြီဖြစ်​တဲ့ အာ​လိန်း အခု​လို ပြော​တယ်– “ပါ​ရှန်း​စကား​နဲ့ အစည်း​အဝေး​တွေ​အတွက် ပြင်​ဆင်​တဲ့​အခါ ဘာ​သာ​စကား​ကို​ပဲ အာ​ရုံ​စိုက်​တယ်။ ဦး​နှောက်​ကို​ပဲ အဓိ​က သုံး​ရ​တဲ့​အတွက် ဖတ်​နေ​တဲ့ အကြောင်း​အရာ​တွေ​က စိတ်​နှလုံး​ကို မထိ​မိ​တော့​ဘူး။ ဒါ​ကြောင့် ကျမ်း​စာ​နဲ့ ကျမ်း​စာ​အခြေ​ပြု​စာပေတွေ​ကို မိ​ခင်​ဘာ​သာ​စကား​နဲ့ ပုံ​မှန်​လေ့​လာ​ဖို့ အချိန်​ယူ​တယ်။”

သား​သမီး​တွေရဲ့ စိတ်​နှလုံး​ကို ထိ​မိ​စေ​ပါ

၁၄။ မိ​ဘ​တွေ ဘာ​ကို အသေအချာ လုပ်​ဆောင်​သင့်​သလဲ။ ဘာ​ကြောင့်​လဲ။

၁၄ သား​သမီး​တွေရဲ့ စိတ်​နှလုံး​ကို အမှန်​တ​ရား ထိ​မိ​စေ​ဖို့ ခ​ရစ်​ယာန်​မိ​ဘ​တွေ အသေအချာ လုပ်​ဆောင်​သင့်​တယ်။ ဘာ​သာ​ခြား​စကား အသင်း​တော်​မှာ သုံး​နှစ်​ကျော် အမှု​ဆောင်​ပြီး​တဲ့​နောက် ၁၇ နှစ်​အရွယ် သား​ဖြစ်​သူ​ဟာ အမှန်​တ​ရား​မှာ စိတ်​မပါ​တော့​တာ​ကို ဆာ့ခ်ျ​နဲ့ မြူ​ရီ​ယယ်​တို့ သတိ​ထား​မိ​ကြ​တယ်။ “ဘာ​သာ​ခြား​စကား​နဲ့ ဟော​ပြော​ရ​တာ​ကို သူ စိတ်​အနှောင့်​အယှက် ဖြစ်​တယ်။ မိ​ခင်​ဘာ​သာ​စကား​ဖြစ်​တဲ့ ပြင်​သစ်​စကား​နဲ့ ဟော​ပြော​ရ​တာ​ကို​တော့ ကြိုက်​တယ်” လို့ မြူ​ရီ​ယယ် ပြော​တယ်။​ “ဒီ​အခြေ​အနေ​ကြောင့် သား​ရဲ့​တိုး​တက်​မှု နှေး​ကွေး​နေ​တာ​ကို သတိ​ထား​မိ​တဲ့​အခါ အရင်​အသင်း​တော်​ကို ပြန်​ပြောင်း​ဖို့ ဆုံး​ဖြတ်​လိုက်​တယ်” လို့ ဆာ့ခ်ျ ပြော​တယ်။

သင့်​သား​သမီး​တွေရဲ့ စိတ်​နှလုံး​ကို အမှန်​တ​ရား ထိ​မိ​အောင် အသေအချာ လုပ်​ဆောင်​ပါ (အပိုဒ် ၁၄၊ ၁၅ ကို​ကြည့်​ပါ)

၁၅။ (က) သား​သမီး​တွေ ကောင်း​ကောင်း​နား​လည်​တဲ့ ဘာ​သာ​စကား​အသင်း​တော် ပြန်​ပြောင်း​ဖို့ ဆုံး​ဖြတ်​ရာ​မှာ မိ​ဘ​တွေ​ကို ဘာ​က ကူညီ​ပေး​နိုင်​သလဲ။ (ခ) တ​ရား​ဟော​ရာ ၆:၅-၇ မှာ မိ​ဘ​တွေ​ကို ဘယ်​လို တိုက်​တွန်း​ထား​သလဲ။

၁၅ သား​သမီး​တွေ ကောင်း​ကောင်း​နား​လည်​တဲ့ ဘာ​သာ​စကား​အသင်း​တော် ပြန်​ပြောင်း​ဖို့ ဆုံး​ဖြတ်​ရာ​မှာ မိဘ​တွေ​ကို ဘာ​က ကူညီ​ပေး​နိုင်​သလဲ။ ပထ​မ၊ ဘာ​သာ​ခြား​စကား သင်​ပေး​ရင်း​နဲ့ တစ်​ချိန်​တည်း​မှာ ယေဟောဝါ​ကို ချစ်​လာ​အောင် ကူညီ​ပေး​ဖို့ အချိန်​နဲ့ ခွန်အား အလုံ​အလောက် ရှိ​သလား​ဆို​တာ စဉ်း​စား​ရ​မယ်။ ဒုတိယ၊ ဘု​ရား​ရေးရာ​ လုပ်​ဆောင်​မှု​တွေ​မှာ ဒါ​မှ​မဟုတ် ဘာ​သာ​ခြား​စကား လယ်​ကွင်း​မှာ အမှု​ဆောင်​တာ​ကို က​လေး​တွေ စိတ်​ဝင်​စား​မှု မရှိ​တာ​ကို​ သတိ​ထား​မိ​နိုင်​တယ်။ ဒီ​လို​အခြေ​အနေ​တွေ​ကြောင့် သား​သမီး​တွေ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​လာ​တဲ့​အချိန်​အထိ သူတို့​ကောင်း​ကောင်း​နား​လည်​တဲ့ ဘာ​သာ​စကား​အသင်း​တော်​ကို ပြန်​ပြောင်း​ဖို့ ဆုံး​ဖြတ်​နိုင်​တယ်။တရား​ဟော​ရာ ၆:၅–၇ ကို​ဖတ်​ပါ။

၁၆၊ ၁၇။ ယေဟောဝါ​အကြောင်း သွန်သင်​ပေး​ဖို့ မိ​ဘ​တ​ချို့​ကို ဘာ​က ကူညီ​ပေး​သလဲ။

၁၆ ဘာ​သာ​ခြား​စကား အသင်း​တော် ဒါ​မှ​မဟုတ် အုပ်​စု​မှာ အစည်း​အဝေး​တက်​ရင်း သား​သမီး​တွေ​ကို မိ​ခင်​ဘာ​သာ​စကား​နဲ့ သွန်သင်​ပေး​ဖို့ မိ​ဘ​တ​ချို့ နည်း​လမ်း ရှာ​တွေ့​ခဲ့​ကြ​တယ်။ ၉ နှစ်​နဲ့ ၁၃ နှစ်​ကြား သမီး ၃ ယောက်​ရှိ​တဲ့ မိသား​စု​ဟာ လင်​ဂါ​လာ​ဘာ​သာ​စကား အုပ်​စု​မှာ အစည်း​အဝေး​တွေ တက်​တယ်။ ဖခင်​ဖြစ်​သူ ချားလ် အခု​လို ပြော​တယ်– “သင်​အံ​မှု​နဲ့ မိသား​စု​ဝတ်​ပြု​မှု​ကို မိ​ခင်​ဘာ​သာ​စကား​နဲ့ လုပ်​ဖို့ ဆုံး​ဖြတ်​ခဲ့​တယ်။ ဒါ​ပေမဲ့ လင်​ဂါ​လာ​စကား သင်​ယူ​ရ​တာ​ကို ပျော်​လာ​အောင် လေ့ကျင့်​တဲ့​အပိုင်း​နဲ့ က​စား​နည်း​တွေ​ကို​လည်း ပါ​ဝင်​စေ​တယ်။”

ဒေ​သခံ​ဘာ​သာ​စကား​ကို သင်​ယူ​ဖို့၊ အစည်း​အဝေး​တွေ​မှာ ပါ​ဝင်​ဖို့ ကြိုး​စား​ပါ (အပိုဒ် ၁၆၊ ၁၇ ကို​ကြည့်​ပါ)

၁၇ ငါး​နှစ်​နဲ့ ရှစ်​နှစ်​အရွယ် သမီး​နှစ်​ယောက်​ရဲ့ ဖခင် ကေ​ဗင်​က ဘာ​သာ​ခြား​စကား အစည်း​အဝေး​တွေ​မှာ နား​မလည်​တာ​ကို သင်​ပေး​ဖို့ အသေအချာ လုပ်​ဆောင်​ခဲ့​တယ်။ “ကျွန်​တော်​တို့ လင်​မယား​နှစ်​ယောက်​က သမီး​နှစ်​ယောက်​စ​လုံး​နဲ့ မိ​ခင်​ဘာ​သာ​စကား ပြင်​သစ်​လို သင်​အံ​မှု လုပ်​တယ်။ တစ်​လ​တစ်​ကြိမ် ပြင်​သစ်​စကား​ပြော အစည်း​အဝေး​တက်​ဖို့ ပန်း​တိုင်​ထား​တယ်။ အား​လပ်​ရက်တွေ​မှာ ကိုယ့်​ဘာ​သာ​စကား​နဲ့ ကျင်း​ပတဲ့ ခ​ရိုင်​အစည်း​အဝေး​တွေ​ကို ​ သွား​တက်​တယ်” လို့​ပြော​တယ်။

၁၈။ (က) ရော​မ ၁၅:၁၊ ၂ မှာ​ပါ​တဲ့​မူ​က သား​သမီး​တွေရဲ့ အကျိုး​အတွက် ဆုံး​ဖြတ်​ရာ​မှာ ဘယ်​လို​ ကူညီ​ပေး​နိုင်​သလဲ။ (ခ) တ​ခြား​မိ​ဘ​တွေ ဘယ်​လို အကြံ​ပြု​ကြ​သလဲ။ (ဆောင်း​ပါး​အတွက် မှတ်​ချက်​ကို ကြည့်​ပါ။)

၁၈ သား​သမီး​တွေ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိ​နိုင်​အောင် အကောင်း​ဆုံး​နည်း​လမ်း​က ဘာ​လဲ​ဆို​တာ​ကို မိသား​စု​တိုင်း ဆုံး​ဖြတ်​ရ​ပါ​မယ်။ []  (ဂလ. ၆:၅) အစော​ပိုင်း​မှာ ဖော်ပြခဲ့​တဲ့ မြူ​ရီ​ယယ်​က​ သား​နဲ့ ဘု​ရားရဲ့ ဆက်ဆံ​ရေး ကောင်း​နေ​စေ​ဖို့ သူတို့​ရဲ့ အကြိုက်​ကို စွန့်​လွှတ်​ခဲ့ရ​တယ်​လို့ ပြော​တယ်။ (ရော​မ ၁၅:၁၊ ၂ ကို​ဖတ်​ပါ။) သူတို့ မှန်​ကန်​တဲ့ ဆုံး​ဖြတ်​ချက် ချ​ခဲ့​တယ်​လို့ ဆာ့ခ်ျ ယူ​ဆ​တယ်။ “ပြင်​သစ်​စကား​ပြော အသင်း​တော်​ကို ပြောင်း​ရွှေ့​သွား​တဲ့​အချိန်​က​စ​ပြီး သား​နဲ့ ဘု​ရားရဲ့ ဆက်ဆံ​ရေး တိုး​တက်​လာ​ပြီး နှစ်ခြင်း​ခံ​ခဲ့​တယ်။ အခု မှန်​မှန်​ရှေ့​ဆောင်​အဖြစ် အမှု​ဆောင်​နေ​ပြီ။ ဘာ​သာ​ခြား​စကား အုပ်​စု​မှာ ပြန်​အမှု​ဆောင်​ဖို့​တောင် စဉ်း​စား​နေ​တယ်။”

ဘု​ရား​သခင့် စကား​တော် သင့်​စိတ်​နှလုံး​ကို ထိ​မိ​စေ​ပါ

၁၉၊ ၂၀။ ဘု​ရား​သခင့် စကား​တော်​ကို မြတ်​နိုး​ကြောင်း ဘယ်​လို ဖော်ပြနိုင်​သလဲ။

၁၉ ‘လူ​အမျိုး​မျိုး​တို့​သည် အမှန်​တ​ရား​ဆိုင်​ရာ တိ​ကျ​မှန်​ကန်​သော အသိ​ပညာ​ကို သိ​ရှိ​လာ’ စေ​ဖို့ ကျမ်း​စာ​ကို ဘာ​သာ​စကား ထောင်​ပေါင်း​များ​စွာ​နဲ့ ရ​ရှိ​အောင် ယေဟောဝါ မေတ္တာ​ပါ​ပါ ပြင်​ဆင်​ပေး​ထား​ပါ​တယ်။ (၁ တိ. ၂:၄) မိ​ခင်​ဘာ​သာ​စကား​နဲ့ ကျမ်း​စာ​ဖတ်​တဲ့​အခါ ဘု​ရား​နဲ့ ဆက်ဆံ​ရေး ခိုင်​မြဲလာ​မယ်​ဆို​တာ သိ​လို့​ပဲ။

၂၀ ကျွန်​တော်​တို့ အခြေ​အနေ ဘယ်​လို​ပဲ​ရှိ​ပါ​စေ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ခိုင်​မြဲနေ​အောင် ကြိုး​စား​သင့်​တယ်။ မိ​ခင်​ဘာ​သာ​စကား​နဲ့ ပုံ​မှန် ကျမ်း​စာ​လေ့​လာ​ခြင်း​အား​ဖြင့် ကိုယ်​တိုင်​ရော၊ မိသား​စု​ဝင်​တွေ​ပါ ဘု​ရား​နဲ့ ဆက်ဆံ​ရေး​ကောင်း ဆက်​ရှိ​နိုင်​ပြီး ဘု​ရား​သခင့် စကား​တော်​ကို တန်​ဖိုး​ထား​မှန်း ဖော်ပြနိုင်​ပါ​မယ်။—ဆာ. ၁၁၉:၁၁

^ [၁] (အပိုဒ် ၅) နာ​မည်​တွေ ပြောင်း​ထား​ပါ​တယ်။

^ [၂] (အပိုဒ် ၁၈) သင့်​မိသား​စု​ကို ကူညီ​ပေး​နိုင်​တဲ့ ကျမ်း​စာ​မူ​တွေ​ကို အောက်​တို​ဘာ ၁၅၊ ၂၀၀၂ ကင်း​မျှော်​စင် တိုင်း​တစ်ပါး​တွင် သား​သမီး​များ​မွေး​မြူ​ခြင်း—စိန်​ခေါ်​ချက်​များ​နှင့် အကျိုး​ကျေး​ဇူး​များ” ဆောင်း​ပါး​မှာ ကြည့်​ပါ။