မှားယွင်းတဲ့ ဘာသာရေးမှ လွတ်မြောက်ခြင်း
“ငါ၏လူမျိုးတို့၊ . . . သူ၏အထဲမှ ထွက်ကြလော့။” —ဗျာ. ၁၈:၄။
၁။ မဟာဗာဗုလုန်လက်အောက်ကနေ ဘုရားသခင့်လူမျိုး လွတ်မြောက်မယ်လို့ ဘာကြောင့် မျှော်လင့်နိုင်သလဲ။ ဘယ်မေးခွန်းတွေကို ဆန်းစစ်ကြမလဲ။
ရှေ့ဆောင်းပါးမှာ သစ္စာရှိခရစ်ယာန်တွေ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့ပုံအကြောင်း သိရှိခဲ့ကြတယ်။ ဝမ်းသာစရာကတော့ အဲဒီအခြေအနေအောက်မှာ အမြဲ ရှိမနေတာပါပဲ။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာရဲ့ လွှမ်းမိုးမှုအောက်ကနေ တစ်ယောက်မှ မလွတ်မြောက်နိုင်ဘူးဆိုရင် “ငါ၏လူမျိုးတို့၊ . . . သူ၏အထဲမှ ထွက်ကြလော့” ဆိုတဲ့ ဘုရားသခင့် မိန့်မှာချက် အဓိပ္ပာယ် မဲ့သွားပါလိမ့်မယ်။ (ဗျာဒိတ် ၁၈:၄ ကိုဖတ်ပါ။) မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ ဘုရားသခင့်လူမျိုး အပြည့်အဝ လွတ်မြောက်ခဲ့ချိန်ကို ကျွန်တော်တို့ သိချင်နေကြတယ်။ ဒါပေမဲ့ အောက်ပါမေးခွန်းတွေကို ဖြေဆိုရမယ်– ၁၉၁၄ ခုနှစ် မတိုင်ခင်မှာ ကျမ်းစာကျောင်းသားတွေဟာ မဟာဗာဗုလုန်နဲ့ပတ်သက်ပြီး ဘယ်လို ရပ်တည်ခဲ့ကြသလဲ။ ပထမ ကမ္ဘာစစ်အတွင်း ဟောပြောခြင်းလုပ်ငန်းမှာ ညီအစ်ကိုတွေ ဘယ်လောက် တက်ကြွထက်သန်ခဲ့ကြသလဲ။ အဲဒီအချိန်အတွင်း မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်နေတာဟာ ဆုံးမပဲ့ပြင်ခံရဖို့ လိုအပ်နေလို့လား။
“ဗာဗုလုန် ကျဆုံးခြင်း”
၂။ အစောပိုင်း ကျမ်းစာကျောင်းသားတွေဟာ မှားယွင်းတဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး ဘယ်လို ရပ်တည်ခဲ့ကြသလဲ။
၂ အမည်ခံ ခရစ်ယာန် အဖွဲ့အစည်းတွေဟာ ကျမ်းစာအမှန်တရား မသွန်သင်မှန်း ဗျာဒိတ် ၁၇:၁၊ ၂ ကိုဖတ်ပါ။
ပထမကမ္ဘာစစ် မတိုင်ခင် ဆယ်စုနှစ်တွေအတွင်း စီတီ ရပ်စယ်လ်နဲ့ အပေါင်းပါတွေ သိရှိလာကြတယ်။ အဲဒါကြောင့် သူတို့နားလည်ထားတဲ့အတိုင်း မှားယွင်းတဲ့ ဘာသာရေးနဲ့ လုံးဝ မပတ်သက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၁၈၇၉ ခုနှစ်၊ နိုဝင်ဘာလ အစောပိုင်း၊ ဇိအုန်ကင်းမျှော်စင်မှာ သူတို့ရဲ့ ကျမ်းစာရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ပြခဲ့ကြတယ်– “ချာ့ခ်ျတိုင်းက မိမိတို့ဟာ ခရစ်တော်နဲ့ ထိမ်းမြားမယ့် အပျိုစင်ဖြစ်တယ်လို့ ကြွေးကြော်နေပေမဲ့ တကယ်တမ်းကျတော့ လောက (သားရဲ) နဲ့ ပူးပေါင်းနေကြတယ်။ လောက,က သူတို့ကို ကူညီထောက်မပေးနေတယ်။ ဒါကြောင့် အဲဒီချာ့ခ်ျအားလုံးဟာ ကျမ်းစာအရ [မဟာဗာဗုလုန်ကို ဆိုလိုတဲ့] ပြည့်တန်ဆာချာ့ခ်ျ ဖြစ်တယ်လို့ သတ်မှတ်ရမယ်။”—၃။ မှားယွင်းတဲ့ ဘာသာရေးနဲ့ သီးခြားနေရမယ်ဆိုတာ နားလည်လာလို့ ကျမ်းစာကျောင်းသားတွေ ဘယ်လို ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
၃ ဘုရားကို ကြောက်ရွံ့တဲ့ အမျိုးသား/သမီးတွေဟာ ဘာလုပ်ရမယ်ဆိုတာ သိကြတယ်။ မှားယွင်းတဲ့ ဘာသာရေး အဖွဲ့အစည်းတွေကို ဆက်ထောက်ခံနေရင် ဘုရားသခင့် ကောင်းချီး မရနိုင်ဘူး။ အဲဒါကြောင့် ကျမ်းစာကျောင်းသားများစွာဟာ မိမိတို့ရဲ့ ချာ့ခ်ျတွေဆီ နုတ်ထွက်စာ တင်ခဲ့ကြတယ်။ တချို့က ချာ့ခ်ျဝတ်ပြုအစည်းအဝေးတွေမှာ နုတ်ထွက်စာကို လူသိရှင်ကြား ဖတ်ပြခဲ့ကြတယ်။ လူသိရှင်ကြား ဖတ်ပြတာကို တားမြစ်လိုက်တဲ့အခါ ချာ့ခ်ျအဖွဲ့ဝင်တိုင်းဆီ စာပို့ပေးခဲ့ကြတယ်။ မှားယွင်းတဲ့ ဘာသာရေးနဲ့ လုံးဝ မပတ်သက်ချင်ကြတော့ဘူး။ ဒေသတချို့မှာတော့ အဲဒီလို သတ္တိရှိရှိ ရပ်တည်မှုကြောင့် အသက်အန္တရာယ်တောင် ကျရောက်နိုင်တယ်။ ဒါပေမဲ့ ၁၈၀၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်း၊ နိုင်ငံများစွာမှာ နိုင်ငံရေးက ချာ့ခ်ျကို သိပ်မကူညီပေးတော့ဘူး။ တိုင်းသူပြည်သားတွေဟာ ဘာသာရေးကိစ္စတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးလို့၊ ချာ့ခ်ျနဲ့ သဘောထား ကွဲလွဲလို့ ပြစ်ဒဏ်ခံရမှာ စိုးရိမ်စရာ မလိုတော့ဘူး။
၄။ ပထမ ကမ္ဘာစစ်အတွင်း ဘုရားသခင့်လူမျိုးနဲ့ မဟာဗာဗုလုန်ရဲ့ အခြေအနေ ဘယ်လို ရှိခဲ့သလဲ။
၄ မှားယွင်းတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကို ဆွေမျိုး၊ မိတ်ဆွေ၊ ချာ့ခ်ျအဖွဲ့ဝင်တွေဆီ အကြောင်းကြားရုံနဲ့ မလုံလောက်ဘူးဆိုတာ ကျမ်းစာကျောင်းသားတွေ သဘောပေါက်တယ်။ မဟာဗာဗုလုန်ဟာ ဘာသာရေးပြည့်တန်ဆာမှန်း တစ်လောကလုံး သိဖို့လိုတယ်။ ဒါကြောင့် ၁၉၁၇၊ ဒီဇင်ဘာနဲ့ ၁၉၁၈ နှစ်ဦးပိုင်း ကြားကာလမှာ ထောင်ဂဏန်းလောက်ပဲရှိတဲ့ ကျမ်းစာကျောင်းသားတွေဟာ အမည်ခံခရစ်ယာန်ကို ထိထိမိမိ စွဲချက်တင်ထားတဲ့ “ဗာဗုလုန် ကျဆုံးခြင်း” ဝေစာ ၁၀,၀၀၀,၀၀၀ ကို ထက်သန်စွာ ဝေငှခဲ့ကြတယ်။ ဘုန်းတော်ကြီးတွေ ဒေါသူပုန်ထနေမှာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ကျမ်းစာကျောင်းသားတွေကတော့ မမှုဘဲ အရေးကြီးလုပ်ငန်းကို ဆက်လုပ်ဆောင်ခဲ့ကြတယ်။ “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ (တ. ၅:၂၉) ကျွန်တော်တို့ ဘာကောက်ချက် ချနိုင်သလဲ။ ဒီခရစ်ယာန် အမျိုးသား/သမီးတွေဟာ စစ်အတွင်းမှာ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ဖို့ နေနေသာသာ အဲဒီအောက်ကနေ လွတ်မြောက်လာပြီး တခြားသူတွေကိုလည်း လွတ်မြောက်ဖို့ ကူညီပေးခဲ့ကြတယ်။
ပထမ ကမ္ဘာစစ်အတွင်း ထက်ထက်သန်သန် လုပ်ဆောင်ကြ
၅။ ပထမ ကမ္ဘာစစ်အတွင်း ညီအစ်ကိုတွေ စိတ်အားထက်သန်ခဲ့တယ်ဆိုတာ ဘာအထောက်အထား ရှိသလဲ။
၅ ပထမ ကမ္ဘာစစ်အတွင်း ဟောပြောခြင်းလုပ်ငန်းမှာ စိတ်အားထက်သန်မှု မရှိတဲ့အတွက် မိမိလူမျိုးကို ယေဟောဝါ စိတ်ပျက်ခဲ့တယ်လို့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့ ယူဆခဲ့တယ်။ အဲဒါကြောင့် မဟာဗာဗုလုန် သုံ့ပန်းဘဝ တစ်ခဏ ကျရောက်ဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်လို့ ကောက်ချက်ချခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၁၄-၁၉၁၈ ခုနှစ်အတွင်း သစ္စာရှိ ညီအစ်ကို/မတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ အတတ်နိုင်ဆုံး ပါဝင်ခဲ့ကြတယ်။
အဲဒီအချက်ကို ထောက်ခံတဲ့ ခိုင်လုံတဲ့အထောက်အထား ရှိပါတယ်။ ဘုရားသခင့်လူမျိုးရဲ့ သမိုင်းကြောင်းကို ပိုတိတိကျကျ နားလည်ခြင်းက ကျမ်းစာမှတ်တမ်းတချို့ကို ပိုသဘောပေါက်စေတယ်။၆၊ ၇။ (က) ပထမ ကမ္ဘာစစ်အတွင်း ဘယ်အခက်အခဲတွေကို ကျမ်းစာကျောင်းသားတွေ ကျော်ဖြတ်ခဲ့ရသလဲ။ (ခ) ဘယ်ဥပမာတွေက ကျမ်းစာကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှုကို ဖော်ပြသလဲ။
၆ ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈) အတွင်း ကျမ်းစာကျောင်းသားတွေ အကြီးအကျယ် သက်သေခံခဲ့ကြတယ်။ အဲဒီလို သက်သေခံဖို့ မလွယ်ကူတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ အဲဒီထဲက နှစ်ချက်ကို သုံးသပ်ကြည့်ပါမယ်။ ပထမ၊ အဲဒီခေတ်တုန်းက ဒီလုပ်ငန်းမှာ ကျမ်းစာစာပေတွေ ဝေငှတာကို အဓိကထားတယ်။ ၁၉၁၈ နှစ်ဦးပိုင်းမှာ ပြီးဆုံးလေသောနက်နဲရာ စာအုပ်ကို အစိုးရအာဏာပိုင်တွေ ပိတ်ပင်လိုက်တဲ့အခါ ညီအစ်ကိုများစွာအတွက် ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ ခက်ခဲလာတယ်။ ကျမ်းစာကိုပဲ သုံးပြီး မဟောတတ်ကြသေးဘူး။ ပြီးဆုံးလေသောနက်နဲရာ စာအုပ်က သူတို့ကိုယ်စား “စကားပြောပေး” ခဲ့တယ်။ ဒုတိယအချက်ကတော့ ၁၉၁၈ ခုနှစ်မှာ စပိန်တုပ်ကွေး ပျံ့နှံ့လာတာပဲ။ သေစေနိုင်တဲ့ကပ်ရောဂါ သင့်ရောက်မှုကြောင့် ကြေညာသူတွေ လွတ်လွတ်လပ်လပ် မသွားလာနိုင်တော့ဘူး။ ဒါပေမဲ့ အဲဒီအခက်အခဲတွေကြား ဟောပြောခြင်းလုပ်ငန်းမှာ ကျမ်းစာကျောင်းသားတွေဟာ အုပ်စုလိုက်အနေနဲ့ အတတ်နိုင်ဆုံး ပါဝင်ခဲ့ကြတယ်။
စိတ်အားထက်သန်တဲ့ ကျမ်းစာကျောင်းသားများ (အပိုဒ် ၆၊ ၇ ကိုကြည့်ပါ)
၇ ၁၉၁၄ ခုနှစ် တစ်နှစ်တည်းမှာပဲ လက်တစ်ဆုပ်စာ ကျမ်းစာကျောင်းသားတွေဟာ လူပေါင်း ၉,၀၀၀,၀၀၀ ကျော်ကို “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်” ပြသခဲ့တယ်။ အဲဒီပြဇာတ်ဟာ ဓာတ်ပုံတွေ၊ ဆလိုက်ပုံတွေကို အသံနဲ့ တွဲဖက်ထားပြီး ဖန်ဆင်းခြင်းကနေ အနှစ်တစ်ထောင်အဆုံးအထိ လူ့သမိုင်းကို တင်ဆက်ထားတယ်။ ထူးခြားတဲ့ အောင်မြင်မှုပါပဲ။ စဉ်းစားကြည့်ပါ။ ၁၉၁၄ ခုနှစ် တစ်နှစ်ထဲမှာပဲ ပြဇာတ်ကြည့်ခဲ့သူဦးရေဟာ ဒီနေ့ခေတ် တစ်ကမ္ဘာလုံးမှာရှိတဲ့ ကြေညာသူဦးရေထက် ပိုများတယ်။ ၁၉၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ အစည်းအဝေး တက်ရောက်သူ ၈၀၉,၃၉၃ ယောက် ရှိပြီး ၁၉၁၈ ခုနှစ်မှာ ၉၄၉,၄၄၄ ယောက်အထိ တိုးများလာခဲ့ကြောင်း မှတ်တမ်းတွေက ဖော်ပြတယ်။ စိတ်အားထက်သန်လှတဲ့ ကျမ်းစာကျောင်းသားတွေပါပဲ။
၈။ ပထမ ကမ္ဘာစစ်အတွင်း ညီအစ်ကိုတွေရဲ့ ဘုရားရေးရာ လိုအပ်ချက်တွေကို ဘယ်လို ဖြည့်ဆည်းပေးခဲ့သလဲ။
၈ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေဟာ ပထမကမ္ဘာစစ်အတွင်း ကွဲလွင့်နေတဲ့ ကျမ်းစာကျောင်းသားတွေကို ကျမ်းစာအကြောင်းအရာတွေ ဝေမျှပေးဖို့၊ အားပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ဆောင်ဖို့ ညီအစ်ကိုတွေ
ခွန်အားရရှိခဲ့တယ်။ အဲဒီအချိန်အတွင်း တက်ကြွလှုပ်ရှားခဲ့တဲ့ ရစ်ချက် အိပ်ခ်ျ ဘာဘာ အခုလိုပြောတယ်– “တိုက်နယ်ကြီးကြပ်မှူးအနည်းငယ် ဆက်လည်ပတ်နိုင်အောင်၊ ကင်းမျှော်စင်တွေ ဆက်ထုတ်ဝေနိုင်အောင်၊ ပိတ်ပင်ထားတဲ့ ကနေဒါနိုင်ငံဆီ တင်ပို့နိုင်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အဖမ်းခံရချိန်အတွင်း ပြီးဆုံးလေသောနက်နဲရာ စာအုပ် ပျောက်သွားတဲ့ မိတ်ဆွေတချို့ဆီ အိတ်ဆောင်စာအုပ်တွေ ပို့ပေးဖို့ ကျွန်တော် အခွင့်အရေး ရခဲ့တယ်။ အမေရိကန်အနောက်ပိုင်း မြို့အတော်များများမှာ ခရိုင်အစည်းအဝေးတွေ ကျင်းပပေးဖို့၊ မိတ်ဆွေတွေကို အတတ်နိုင်ဆုံး အားပေးမယ့် ဟောပြောသူတွေ စေလွှတ်ပေးဖို့ ညီအစ်ကိုရပ်သဖော့ဒ် စီစဉ်ခိုင်းတယ်။”သန့်စင်ပေးဖို့ လိုအပ်
၉။ (က) ၁၉၁၄ နဲ့ ၁၉၁၉ ခုနှစ်အတွင်း ဘုရားသခင့်လူမျိုးဟာ ဆုံးမပဲ့ပြင်မှု ဘာကြောင့် လိုအပ်ခဲ့သလဲ။ (ခ) အဲဒါက ဘာကို မဆိုလိုသလဲ။
၉ ၁၉၁၄ နဲ့ ၁၉၁၉ ခုနှစ်အတွင်း ကျမ်းစာကျောင်းသားတွေရဲ့ လုပ်ဆောင်မှုတွေမှာ ကျမ်းစာမူတွေနဲ့ မကိုက်ညီတာတွေလည်း ရှိတယ်။ စိတ်ရင်းမှန်ပေမဲ့ လောကအစိုးရတွေကို လက်အောက်ခံခြင်းနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် နားမလည်ခဲ့ကြဘူး။ (ရော. ၁၃:၁) ဒါကြောင့် အုပ်စုလိုက်အနေနဲ့ စစ်ပွဲမှာ ကြားမနေတဲ့အချိန်တွေ ရှိခဲ့တယ်။ ဥပမာ၊ ၁၉၁၈၊ မေ ၃၀ ကို ငြိမ်းချမ်းရေးအတွက် ဆုတောင်းတဲ့နေ့အဖြစ် အမေရိကန် သမ္မတ သတ်မှတ်တဲ့အခါ ကျမ်းစာကျောင်းသားတွေ ပါဝင်ကြဖို့ ကင်းမျှော်စင်က တိုက်တွန်းခဲ့တယ်။ ညီအစ်ကိုတချို့က စစ်ပွဲမှာ ငွေကြေးထောက်ပံ့ဖို့ ငွေချေးစာချုပ်တွေ ဝယ်ယူကြတယ်။ တချို့က သေနတ်တွေ၊ လှံစွပ်တွေကိုင်ပြီး ကတုတ်ကျင်းတွေထဲတောင် သွားခဲ့ကြတယ်။ ဆုံးမပဲ့ပြင်မှု လိုအပ်ခဲ့တာ မှန်ပေမဲ့ အဲဒီအချက်ကြောင့် ကျမ်းစာကျောင်းသားတွေ မဟာဗာဗုလုန် သုံ့ပန်းဘဝ ကျရောက်ခဲ့တယ်လို့ ကောက်ချက်ချရင် မှားသွားပါလိမ့်မယ်။ တကယ်တော့ မှားယွင်းတဲ့ ဘာသာရေးနဲ့ သီးခြားနေရမယ်ဆိုတာ သူတို့သဘောပေါက်ခဲ့ကြတယ်။ ဒါကြောင့် ပထမကမ္ဘာစစ်အတွင်းမှာ မှားယွင်းတဲ့ဘာသာရေးနဲ့ လုံးဝနီးပါး မပတ်သက်ခဲ့ကြဘူး။—လုကာ ၁၂:၄၇၊ ၄၈ ကိုဖတ်ပါ။
၁၀။ အသက်ကို လေးစားကြောင်း ကျမ်းစာကျောင်းသားတွေ ဘယ်လို ဖော်ပြခဲ့ကြသလဲ။
၁၀ ခရစ်ယာန်ကြားနေမှုနဲ့ပတ်သက်ပြီး ဒီနေ့ခေတ်လို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပေမဲ့ လူ့အသက် သတ်တာကို ကျမ်းစာမှာ တားမြစ်ထားမှန်းတော့ ကျမ်းစာကျောင်းသားတွေ သိကြတယ်။ ဒါကြောင့် ပထမ ကမ္ဘာစစ်အတွင်း လက်နက်ကိုင်ပြီး ကတုတ်ကျင်းတွေထဲ သွားခဲ့တဲ့ ညီအစ်ကိုတချို့ဟာ လူမသတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လူသတ်ဖို့ ငြင်းဆန်သူတချို့ဟာ အသတ်ခံရဖို့ ရှေ့တန်းပို့ခံရတယ်။
၁၁။ လက်နက်ကိုင်တာနဲ့ပတ်သက်တဲ့ ကျမ်းစာကျောင်းသားတွေရဲ့ ရပ်တည်ချက်ကို အာဏာပိုင်တွေ ဘယ်လို တုံ့ပြန်ခဲ့သလဲ။
၁၁ စစ်နဲ့ပတ်သက်တဲ့ ညီအစ်ကိုတွေရဲ့ ရပ်တည်ချက်ကြောင့် စာတန်မာရ်နတ် ဒေါသထွက်ခဲ့တာ ထင်ရှားပါတယ်။ ဒါကြောင့် “မတရားသောအကြံကို မင်း၏အခွင့်နှင့် ပြုစု” ခဲ့တယ်။ (ဆာ. ၉၄:၂၀) အမေရိကန် စစ်ဗိုလ်ချုပ် ဂျိမ်းစ် ဖရန်ကလင် ဘဲလ်က ညီအစ်ကို ရပ်သဖော့ဒ်၊ ဗန် အမ်ဘာ့ဂ်တို့နဲ့ တွေ့ဆုံချိန်မှာ အမေရိကန် တရားရေးဌာနက ဥပဒေပြုလွှတ်တော်မှာ ဥပဒေမူကြမ်း တင်သွင်းခဲ့တဲ့အကြောင်း၊ အဲဒီမူကြမ်းအရ စစ်ပွဲမှာ လက်နက်မကိုင်သူတွေကို သေဒဏ်ချမှတ်နိုင်တဲ့အကြောင်း ပြောပြတယ်။ အထူးသဖြင့် ကျမ်းစာကျောင်းသားတွေကို ရည်ညွှန်းနေတာဖြစ်တယ်။ အဲဒီအပြင် “[အမေရိကန်သမ္မတ] ဝီလ်စင် သဘောမတူလို့ အဲဒီမူကြမ်း အတည်မဖြစ်ခဲ့ပေမဲ့ မင်းတို့ကို ဘယ်လို ဖမ်းရမယ်ဆိုတာ ငါတို့သိတယ်။ ငါတို့ဖမ်းမှာပဲ” လို့ ဗိုလ်ချုပ် ဘဲလ်က ညီအစ်ကို ရပ်သဖော့ဒ်ကို ကြိမ်းမောင်းခဲ့တယ်။
၁၂၊ ၁၃။ (က) တာဝန်ရှိ ညီအစ်ကို ရှစ်ယောက်ဟာ ဘာကြောင့် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ရသလဲ။ (ခ) ယေဟောဝါကို နာခံမယ်ဆိုတဲ့ ညီအစ်ကိုတွေရဲ့ စိတ်ပိုင်းဖြတ်ချက်ကို အကျဉ်းထောင်က ချိုးဖျက်နိုင်ခဲ့သလား။ ရှင်းပြပါ။
၁၂ ကြိမ်းမောင်းတဲ့အတိုင်း အာဏာပိုင်တွေ လုပ်ဆောင်ခဲ့တယ်။ ကင်းမျှော်စင်အသင်း ကိုယ်စားလှယ် ညီ
အစ်ကို ရပ်သဖော့ဒ်၊ ဗန် အမ်ဘာ့ဂ်နဲ့ တခြားညီအစ်ကို ခြောက်ယောက် အဖမ်းခံခဲ့ရတယ်။ အမှုကို စီရင်ချက် ချချိန်မှာ တရားသူကြီး ဒီလိုပြောတယ်– “ဒီလူတွေရဲ့ ဘာသာရေး ဝါဒဖြန့်မှုက ဂျာမန်တပ်ခွဲတစ်ခုထက် ပိုအန္တရာယ်များတယ်။ သူတို့က အစိုးရ ဥပဒေအရာရှိတွေနဲ့ စစ်ထောက်လှမ်းရေးဌာနကို မေးခွန်းထုတ်ရုံသာမက ချာ့ခ်ျအားလုံးရဲ့ ဘုန်းတော်ကြီးတွေကိုပါ ပြစ်တင်စွပ်စွဲလိုက်တာပဲ။ သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်။” (အေ အိတ်ခ်ျ မက်ခ်မီလန် ရေးသားတဲ့ ယုံကြည်ခြင်းချီတက်ပွဲ စာအုပ်၊ စာမျက်နှာ ၉၉) ဒီလိုနဲ့ ကျမ်းစာကျောင်းသား ရှစ်ယောက်ဟာ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့၊ ဖယ်ဒရယ်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရတယ်။ စစ်ပြီးတဲ့အခါမှာတော့ ပြန်လွတ်လာပြီး စွဲချက်တွေကို ရုပ်သိမ်းလိုက်တယ်။၁၃ ဒီအမျိုးသား ရှစ်ယောက်ဟာ ထောင်ထဲမှာတောင် နားလည်သလောက် ကျမ်းစာအတိုင်း လိုက်နာခဲ့ကြတယ်။ အမေရိကန် သမ္မတဆီ ရေးတဲ့ အသနားခံစာမှာ ဒီလိုဖော်ပြထားတယ်– “‘လူ့အသတ်ကို မသတ်ရ’ ဆိုတဲ့ သခင့်အလိုတော်ကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါကြောင့် သခင့်ဆီ ဆည်းကပ်မြှုပ်နှံထားတဲ့ [အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများ] အသင်းဝင်တိုင်းဟာ ဆည်းကပ်မြှုပ်နှံမှု ပဋိညာဉ်ကို စိတ်လိုကိုယ်လျောက် ချိုးဖောက်မယ်ဆိုရင် ဘုရားသခင့် မျက်နှာသာ ဆုံးၡုံးပြီး ဖျက်ဆီးခံရမှာဖြစ်တယ်။ အဲဒါကြောင့် အသင်းဝင်တွေဟာ စိတ်လိုကိုယ်လျောက်ဖြစ်စေ၊ တာဝန်အရဖြစ်စေ လူသတ်မှာ မဟုတ်ဘူး။” ရဲဝံ့ပြတ်သားလှတဲ့ စကားတွေပါပဲ။ ညီအစ်ကိုတွေ အလျှော့မပေးခဲ့တာ သေချာတယ်။
လွတ်မြောက်ပြီ
၁၄။ ၁၉၁၄ ကနေ ၁၉၁၉ ခုနှစ်အတွင်း ဖြစ်ခဲ့တာကို ကျမ်းချက်နဲ့ ရှင်းပြပါ။
၁၄ ၁၉၁၄ ခုနှစ်ကနေ ၁၉၁၉ ခုနှစ် အစောပိုင်းအတွင်း ကျမ်းစာကျောင်းသားတွေ ကြုံတွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး မာလခိ ၃:၁–၃ မှာ ဖော်ပြထားတယ်။ (ဖတ်ပါ။) “သခင်” ယေဟောဝါဘုရားနဲ့ “ပဋိညာဉ်တမန်တော်” ယေရှုခရစ်ဟာ ပုံဆောင်ဗိမာန်တော်ကို လာပြီး ဘိသိက်ခံ “လေဝိသားတို့ကို” သန့်စင်ခဲ့တယ်။ လိုအပ်သလို ဆုံးမခံရပြီးတဲ့နောက် သန့်စင်သွားပြီဖြစ်တဲ့ ယေဟောဝါရဲ့ လူမျိုးဟာ ထပ်ဆင့် လုပ်ငန်းတော်တာဝန်တွေ ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပြီ။ ၁၉၁၉ ခုနှစ်မှာ အိမ်သူအိမ်သားတွေကို ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးဖို့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ကို ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅) မဟာဗာဗုလုန်ရဲ့ ဩဇာအောက်ကနေ ဘုရားသခင့် လူမျိုး လွတ်မြောက်ခဲ့ပါပြီ။ အဲဒီအချိန်ကစပြီး ယေဟောဝါရဲ့ လူမျိုးဟာ မဟာကရုဏာကြောင့် ဘုရားသခင်ကို သိတဲ့အသိပညာနဲ့ ချစ်တဲ့မေတ္တာ မပြတ်တိုးများလာတယ်။ အဲဒီကောင်းချီးအတွက် သိပ်ကျေးဇူးတင်ကြတယ်။ [၁]
၁၅။ မဟာဗာဗုလုန်ကနေ လွတ်မြောက်တာကို ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။
၁၅ မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ လွတ်မြောက်လာလို့ ဝမ်းသာစရာပါပဲ။ စစ်မှန်တဲ့ ခရစ်ယာန်ဘာသာကို မြေကြီးပေါ်ကနေ ပပျောက်စေမယ်ဆိုတဲ့ စာတန့်ကြိုးစားမှု ပျက်ပြားခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါ ဒီလိုလွတ်မြောက်စေတဲ့ ရည်ရွယ်ချက်ကို မမေ့သင့်ဘူး။ (၂ ကော. ၆:၁) စိတ်ရိုးဖြောင့်သူများစွာဟာ မှားယွင်းတဲ့ ဘာသာရေးသုံ့ပန်းဘဝမှာ ရှိနေကြတုန်းပဲ။ လွတ်နိုင်တဲ့နည်းလမ်းကို သူတို့ သိဖို့လိုတယ်။ ကျွန်တော်တို့ လမ်းပြကူညီပေးနိုင်ပါတယ်။ လွန်ခဲ့တဲ့ရာစုတုန်းက ညီအစ်ကိုတွေကို တုပပြီး သူတို့လွတ်မြောက်ဖို့ အတတ်နိုင်ဆုံး ကူညီပေးကြပါစို့။
^ [၁] (အပိုဒ် ၁၄) နှစ်ပေါင်း ၇၀ ဗာဗုလုန် ဂျူးသုံ့ပန်းဘဝနဲ့ အယူဖောက်ပြန်မှု ပေါ်ပေါက်ပြီးနောက် ခရစ်ယာန်တွေ ကြုံတွေ့ရတဲ့ အခြေအနေမှာ ဆင်တူချက်များစွာ ရှိတယ်။ ဒါပေမဲ့ ဂျူးသုံ့ပန်းဘဝဟာ ခရစ်ယာန်တွေ ကြုံတွေ့ခဲ့တာကို ပုံဆောင်တယ်လို့ မဆိုနိုင်ဘူး။ တစ်ချက်အနေနဲ့ သုံ့ပန်းဘဝကြာရှည်ချိန် မတူဘူး။ ဒါကြောင့် ဂျူးသုံ့ပန်းဘဝနဲ့ ၁၉၁၉ မတိုင်ခင် နှစ်တွေအတွင်း ဘိသိက်ခံ ခရစ်ယာန်တွေ ကြုံတွေ့ခဲ့ရာရဲ့ အသေးစိတ် ဆင်တူချက်တွေကို မရှာဖွေသင့်ဘူး။