မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မော်​ကွန်း​တိုက်​မှ

“ဗြိတိန်နိုင်ငံက ဘုရားနိုင်ငံတော် ကြေညာ​သူ​တွေ နိုး​ထ​ကြ”

“ဗြိတိန်နိုင်ငံက ဘုရားနိုင်ငံတော် ကြေညာ​သူ​တွေ နိုး​ထ​ကြ”

“ဗြိ​တိန်​နိုင်​ငံ​က ဘု​ရား​နိုင်​ငံ​တော် ကြေ​ညာ​သူ​တွေ နိုး​ထ​ကြ” ဆို​တဲ့ ကျယ်​လောင်​ပြတ်​သား​တဲ့ နှိုး​ဆော်​သံ ပေါ်​လာ​တယ်။ (သ​တင်း​ပေး​သူ၊ * ဒီ​ဇင်​ဘာ ၁၉၃၇၊ လန်​ဒန် ထုတ်) “ဆယ်​နှစ်​အ​တွင်း ထူး​ခြား​တဲ့​တိုး​တက်​မှု မ​ရှိ” ဆို​တဲ့ ခေါင်း​စဉ်​ငယ်​က ထပ်​ဆ​င့် လေး​နက်​စေ​တယ်။ ၁၉၂၈-၁၉၃၇ ခု​နှစ်​ဆယ်​နှစ်​တာ​အ​တွင်း လုပ်​ငန်း​တော်​မှတ်​တမ်း​က အဲ​ဒီ​အ​ချက်​ကို သက်​သေ​ထူ​တယ်။

ရှေ့​ဆောင် များ​လွန်း​နေ​သ​လား

ဗြိ​တိန်​မှာ ဘာ​က အ​မှု​ဆောင်​လုပ်​ငန်း​အ​ရှိန်​ကို လျော့​စေ​ခဲ့​သ​လဲ။ အ​သင်း​တော်​တွေ​ဟာ လွန်​ခဲ့​တဲ့​နှစ်​များ​စွာ​တုန်း​က အ​ရှိန်​အ​တိုင်း ဆက်​သွား​နေ​ပြီး “ဘီး​ရာ​အ​တိုင်း​ပဲ အိ​ပဲ့​အိ​ပဲ့” ဖြစ်​နေ​ကြ​ပုံ ရ​တယ်။ ဒီ့​အ​ပြင် ဌာ​န​ခွဲ​က အ​သင်း​တော်​တွေ​မှာ မ​ဟုတ်​ဘဲ သီး​ခြား​ရပ်​ကွက်​တွေ​မှာ အ​မှု​ဆောင်​တဲ့ ရှေ့​ဆောင် ၂၀၀ လောက်​ကို​ပဲ ထောက်​ပံ့​မယ်​လို့ ဆုံး​ဖြတ်​ထား​တယ်။ ဒါ​ကြောင့် ရှေ့​ဆောင်​လုပ်​မ​ယ့်​သူ​တွေ​ကို ဗြိ​တိန်​နိုင်​ငံ​မှာ မ​ဟုတ်​ဘဲ တ​ခြား​ဥ​ရော​ပ​နိုင်​ငံ​တွေ​မှာ သွား​ရောက်​အ​မှု​ဆောင်​ကြ​ဖို့ အား​ပေး​ခဲ့​တယ်။ ချီးမွမ်း​စရာ​က​တော့ ဘာ​သာ​စ​ကား မ​တတ်​ပေ​မဲ့ ပြင်​သစ်​လို နိုင်​ငံ​တွေ​မှာ ရှေ့​ဆောင်​လုပ်​ဖို့ ဗြိ​တိန်​က​နေ အ​လျှို​လျှို ထွက်​သွား​ကြ​တယ်။

“နှိုး​ဆော်​သံ”

၁၉၃၇ ခု​နှစ် သ​တင်း​ပေး​သူ ဆောင်း​ပါး​မှာ ၁၉၃၈ ခု​နှစ် အ​တွက် နာ​ရီ တစ်​သန်း ရ​ဖို့ ပန်း​တိုင် ချ​မှတ်​ခဲ့​တယ်။ ကြေ​ညာ​သူ​တွေ​က တစ်​လ​ကို ၁၅ နာ​ရီ၊ ရှေ့​ဆောင်​တွေ​က နာ​ရီ ၁၁၀ ပါ​ဝင်​မယ်​ဆို​ရင် အဲ​ဒီ​ပန်း​တိုင်​ကို အ​လွယ်​တ​ကူ ပြည့်​မီ​နိုင်​တယ်။ အ​မှု​ဆောင်​အုပ်​စု​တွေ​ကို တစ်​ရက် ငါး​နာ​ရီ လုပ်​ဖို့၊ အ​ထူး​သ​ဖြ​င့် ကြား​ရက် ည​နေ​ပိုင်း​တွေ​မှာ ပြန်​လည်​ပတ်​မှု​ကို အာ​ရုံ​စိုက်​ဖို့ စီ​စဉ်​ပေး​ခဲ့​တယ်။

အ​မှု​ဆောင်​လုပ်​ငန်း​မှာ အာ​ရုံ​စိုက် လုပ်​ဆောင်​နေ​တဲ့၊ ထက်​သန်​တဲ့ ရှေ့​ဆောင်​များ

ဒီ​အ​စီ​အ​စဉ်​သစ်​ကြောင့် ညီ​အစ်​ကို/မ​များ​စွာ စိတ်​လှုပ်​ရှားခဲ့​ကြ​တယ်။ “ဒါ​ဟာ ဌာ​န​ချုပ်​က နှိုး​ဆော်​သံ​ပဲ။ အဲ​ဒါ​ကို ကျွန်​မ​တို့​အများစု မျှော်​နေ​ကြ​တာ။ မ​ကြာ​ခင်​မှာ​ပဲ ရ​လ​ဒ်​ကောင်း​တွေ ရ​ရှိ​ခဲ့​တယ်” လို့​ဟီ​လ်​တာ ပက်​ဂျက် ပြော​တယ်။ * ညီ​အစ်​မ ဝေါ​လ​စ္စ​လည်း အ​ခု​လို ပြော​တယ်– “တစ်​ရက် ငါး​နာ​ရီ လုပ်​ရ​မယ်​ဆို​တာ သိပ်​ကောင်း​တဲ့ အ​ကြံ​ပြု​ချက်​ပဲ။ သ​ခ​င့်​အ​မှု​တော်​မှာ တစ်​ရက်​လုံး ပါ​ဝင်​ရ​တာ​ထက် ပို​ပျော်​ဖို့​ကောင်း​တာ ဘာ​ရှိ​ဦး​မှာ​လဲ။ . . . မော​မော​နဲ့ အိမ်​ပြန်​လာ​ပေ​မဲ့ ပျော်​နေ​ကြ​တယ်။” လူ​ငယ် စတီ​ဗင်​မီလာက နှိုး​ဆော်​ချက်​ကို အ​ရေး​တ​ကြီး သ​ဘော​ထား​နဲ့ တုံ့​ပြန်​ခဲ့​တယ်။ အ​ခွင့်​အ​ရေး​ရှိ​တုန်း အ​မှု​ဆောင်​ချင်​တယ်။ တစ်​နေ့​လုံး စက်​ဘီး​နဲ့ အုပ်​စု​လိုက် အ​မှု​ဆောင်​ထွက်​ကြ​တာ၊ နွေ​ည​နေ​ခင်း​တွေ​မှာ အ​သံ​သွင်း​ထား​တဲ့ ဟော​ပြော​ချက်​တွေ ဖွင့်​ပြ​တာ​ကို မှတ်​မိ​နေ​တုန်း​ပဲ။ ကြော်​ငြာ​ကတ်​တွေ​နဲ့ ချီ​တက်​တာ၊ လမ်း​ပေါ် မ​ဂ္ဂ​ဇင်း​ဝေ​တာ​တွေ​မှာ သူ​တို့​တစ်​တွေ ထက်​ထက်​သန်​သန် ပါ​ဝင်​ခဲ့​ကြ​တယ်။

သ​တင်း​ပေး​သူ​မှာ “ရှေ့​ဆောင် ၁,၀၀၀ အ​လို​ရှိ​သည်” ဆို​တဲ့ ဖိတ်​ခေါ်​ချက် ပါ​လာ​တယ်။ ရပ်​ကွက်​သစ်​မူ​ဝါ​ဒ​အ​ရ ရှေ့​ဆောင်​တွေ​ဟာ သီး​ခြား​မ​လုပ်​ဆောင်​တော့​ဘဲ အ​သင်း​တော်​တွေ​နဲ့​အတူ လုပ်​ဆောင်​ပြီး အား​ပေး​တည်​ဆောက်​ခဲ့​ကြ​တယ်။ “ညီ​အစ်​ကို​အတော်​များ​များ​မှာ ရှေ့​ဆောင်​လုပ်​ရ​မယ်​ဆို​တဲ့ အ​သိ​စိတ် ဝင်​လာ​တယ်။ အဲ​ဒီ​တုန်း​က ကျွန်​မ ၁၃ နှစ်​ပဲ ရှိ​သေး​ပေ​မဲ့ ရှေ့​ဆောင်​လုပ်​ချင်​ခဲ့​တယ်” လို့ ဂျွိုက်​အဲ​လ​စ္စ (နီး​ဘာ​ဘာ) ပြော​တယ်။ သူ့​ရဲ့​ပန်း​တိုင်​ကို ၁၉၄၀၊ ဇူ​လိုင်​လ အ​သက် ၁၅ နှစ်​အ​ရွယ်​မှာ ပြည့်​မီ​ခဲ့​တယ်။ နောက်​ပိုင်း ဂျွိုက်ရဲ့ ခင်​ပွန်း​ဖြစ်​လာ​တဲ့ ပီ​တာ​က “နိုး​ထ​ကြ” ဆို​တဲ့ နှိုး​ဆော်​သံ​ကို ကြား​ပြီး “ရှေ့​ဆောင်​လုပ်​ဖို့ စ​စဉ်း​စား​ခဲ့​တယ်။” ၁၉၄၀ ဇွန်​လ၊ အ​သက် ၁၇ နှစ်​အ​ရွယ်​မှာ ရှေ့​ဆောင်​တာ​ဝန်​ကျ​ရာ နယ်​မြေ​သစ် စ​ကာ​ဘာ​ရိုး​မြို့​ကို ၆၅ မိုင် စက်​ဘီး စီး​သွား​ခဲ့​တယ်။

စီ​ရီလ်​နဲ့ ကစ်​တီ​ဂျွန်​ဆင်​တို့​ဟာ ကိုယ်​ကျိုး​စွန့်​တဲ့ ရှေ့​ဆောင်​သစ်​တွေ​ပါ​ပဲ။ အ​ချိန်​ပြည့်​လုပ်​ငန်း​ကို ထောက်​ပံ့​နိုင်​ဖို့ အိမ်​နဲ့ ပ​စ္စည်း​ဥစ္စာတွေ​ကို ရောင်း​လိုက်​ကြ​တယ်။ စီ​ရီလ် အ​လုပ်​ထွက်​ပြီး တစ်​လ​အ​တွင်း​မှာ ရှေ့​ဆောင်​လုပ်​ဖို့ အ​သင့်​ဖြစ်​ခဲ့​ကြ​တယ်။ “ကျွန်​တော်​တို့​မှာ ယုံ​ကြည်​မှု အ​ပြည့်​ပဲ။ လို​လို​လား​လား၊ ပျော်​ပျော်​ရွှင်​ရွှင် လုပ်​ဆောင်​ခဲ့​ကြ​တယ်” လို့ သူ​ပြော​တယ်။

ရှေ့​ဆောင်​အိမ်​တွေ ပေါ်​လာ

ရှေ့​ဆောင်​အ​ရေ​အ​တွက် အ​လျင်​အ​မြန် တိုး​များ​လာ​တဲ့​အ​တွက် တာ​ဝန်​ရှိ ညီ​အစ်​ကို​တွေ​က သူ​တို့​ကို လက်​တွေ့​ကျ​ကျ ထောက်​ပံ့​နိုင်​မ​ယ့်​နည်း​တွေ​ကို စဉ်း​စား​ခဲ့​ကြ​တယ်။ ၁၉၃၈ ခု​နှစ်​မှာ ဇုန်​အ​မှု​ထမ်း (အ​ခု တိုက်​နယ်​ကြီး​ကြပ်​မှူး) အ​ဖြစ် အ​မှု​ဆောင်​နေ​တဲ့ ဂျီမ်​ကား​က မြို့​ကြီး​တွေ​မှာ ရှေ့​ဆောင်​အိမ်​တွေ ထား​ပေး​ဖို့ အ​ကြံ​ပြု​ချက်​အ​တိုင်း လုပ်​ဆောင်​ခဲ့​တယ်။ အ​ကုန်​အ​ကျ သက်​သာ​အောင် ရှေ့​ဆောင်​အုပ်​စု​တွေ အ​တူ နေ​ထိုင်​အ​မှု​ဆောင်​ဖို့ အား​ပေး​ခံ​ရ​ကြ​တယ်။ ရှက်​ဖီး​လ်​မြို့​မှာ အိမ်​ကြီး​တစ်​လုံး ငှား​ပြီး တာ​ဝန်​ရှိ ညီ​အစ်​ကို​တစ်​ယောက်​က ကြီး​ကြပ်​ပေး​တယ်။ ဒေ​သ​ခံ​အ​သင်း​တော်​က ရန်​ပုံ​ငွေ​နဲ့ ပ​ရိ​ဘော​ဂ​တွေ ကူ​ညီ​ပေး​ကြ​တယ်။ “အောင်​မြင်​ဖို့ လူ​တိုင်း ပူး​ပေါင်း​လုပ်​ဆောင်​ခဲ့​ကြ​တယ်” လို့ ဂျီမ်​ပြော​တယ်။ အဲ​ဒီ​အိမ်​မှာ အ​လုပ်​ကြိုး​စား​တဲ့ ရှေ့​ဆောင် ဆယ်​ယောက် နေ​ထိုင်​ပြီး ဘု​ရားရေးရာ အ​လေ့​အ​ထ​ကောင်း​ကို ထိန်း​သိမ်း​ခဲ့​ကြ​တယ်။ “မ​နက်​တိုင်း မ​နက်​စာ စား​ရင်း နေ့​စဉ်​ကျမ်း​ချက် ဆွေး​နွေး​ပြီး ရပ်​ကွက်​အ​သီး​သီး​ကို ထွက်​သွား​ကြ​တယ်။”

ဗြိ​တိန်​မှာ တိုး​များ​လာ​တဲ့ ရှေ့​ဆောင်​သစ်​များ

ကြေ​ညာ​သူ​တွေရော ရှေ့​ဆောင်​တွေ​ပါ နှိုး​ဆော်​သံ​ကို တုံ့​ပြန်​ခဲ့​ကြ​တဲ့​အ​တွက် ၁၉၃၈ ခု​နှစ်​မှာ နာ​ရီ​တစ်​သန်း ပန်း​တိုင် ပြည့်​မီ​ခဲ့​တယ်။ အ​မှု​ဆောင်​လုပ်​ငန်း က​ဏ္ဍ​တိုင်း​မှာ တိုး​တက်​ခဲ့​မှန်း မှတ်​တမ်း​တွေ​က ဖော်​ပြ​တယ်။ ငါး​နှစ်​အ​တွင်း ဗြိ​တိန်​ရဲ့ ကြေ​ညာ​သူ​ဦးရေ သုံး​ဆ​နီး​ပါး တိုး​တက်​ခဲ့​တယ်။ ဘု​ရား​နိုင်​ငံ​တော်​လုပ်​ငန်း​ကို ပြန်​အာ​ရုံ​စိုက်​လုပ်​ဆောင်​ခြင်း​က ရှေ့​လာ​မ​ယ့် စစ်​ကာ​လ​အ​တွင်း အ​ခက်​အ​ခဲ​တွေ​ကို ရင်​ဆိုင်​ဖို့ ဘု​ရား​သ​ခ​င့်​လူ​မျိုး​ကို အား​ရှိ​စေ​ခဲ့​တယ်။

ဘု​ရား​သ​ခ​င့် အာ​မ​ဂေ​ဒု​န် စစ်​ပွဲ နီး​လာ​တာ​နဲ့​အ​မျှ ဗြိ​တိန်​မှာ ရှေ့​ဆောင်​တွေ ထပ်​တိုး​များ​လာ​တယ်။ လွန်​ခဲ့​တဲ့​ဆယ်​နှစ်​အ​တွင်း ရှေ့​ဆောင်​နှုန်း​သစ်​တွေ ရ​ရှိ​ခဲ့​ပြီး ၂၀၁၅၊ အောက်​တို​ဘာ​မှာ ၁၃,၂၂၄ ယောက် ရှိ​ခဲ့​တယ်။ အ​ချိန်​ပြည့်​လုပ်​ငန်း​ဟာ ဘ​ဝ​မှာ အကောင်း​ဆုံး​ပဲ​ဆို​တာ​ကို ဒီ​ရှေ့​ဆောင်​တွေ အ​ပြည့်​အ​ဝ သ​ဘော​ပေါက်​နေ​ကြ​တယ်။

^ စာပိုဒ်၊ 3 နောက်​ပိုင်း ကျွန်ုပ်​တို့​၏​နိုင်​ငံ​တော် ဓ​မ္မ​အ​မှု လို့​ခေါ်​တယ်။

^ စာပိုဒ်၊ 8 အောက်​တို​ဘာ ၁၊ ၁၉၉၅ ကင်း​မျှော်​စင်၊ စာ​မျက်​နှာ ၁၉-၂၄ မှာ ဟီ​လ်​တာ ပက်ဂျက်ရဲ့ ဘ​ဝ​အ​တ္ထုပ္ပတ္တိ ပါ​တယ်။