မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်ကို သင်လက်ခံမလား

ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်အတွက် သင် ဘယ်လိုတုံ့ပြန်မလဲ

ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်အတွက် သင် ဘယ်လိုတုံ့ပြန်မလဲ

“ခရစ်တော်ချစ်ခြင်းမေတ္တာသည် ငါတို့ကို အနိုင်အထက် နှိုးဆော်၏။ . . . ထိုသူသည် လူအပေါင်းတို့အတွက် အသေခံတော်မူသဖြင့် အသက်ရှင်သူတို့သည် ကိုယ့်အတွက် အသက်မရှင်တော့ဘဲ မိမိတို့အတွက် အသေခံ . . . သော သခင်အတွက် အသက်ရှင်ကြမည်အကြောင်းဖြစ်၏။”—၂ ကောရိန္သု ၅:၁၄၊ ၁၅

ထူးခြားကောင်းမွန်တဲ့ လက်ဆောင်ဟာ ကျေးဇူးတင်စိတ် ပေါ်လာအောင် လှုံ့ဆော်ပေးတယ်။ ယေရှုဟာ သူ့ခေတ်မှာ ကုလို့ရတဲ့ အနာကြီးရောဂါသည် ဆယ်ယောက်ကို ကုသပေးပြီးနောက် ကျေးဇူးသိတတ်ဖို့လိုတဲ့ သင်ခန်းစာကို အလေးပေးပြောခဲ့တယ်။ သူတို့ထဲက တစ်ယောက်ပဲ ‘ပြန်လာပြီး ဘုရားသခင်ရဲ့ ဘုန်းတော်ကို ကျယ်သောအသံနဲ့ ချီးမွမ်းတယ်။’ အဲဒီအခါ ယေရှုက “ဆယ်ဦးတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကိုးဦးတို့သည် အဘယ်မှာနည်း” လို့ပြောခဲ့တယ်။ (လုကာ ၁၇:၁၂-၁၇) သင်ခန်းစာက ဘာလဲ။ ကိုယ့်အတွက် တခြားသူတွေ စေတနာနဲ့ လုပ်ဆောင်ပေးခဲ့တာတွေကို ချက်ချင်း မေ့တတ်ကြတယ်ဆိုတာပဲ။

ရွေးနုတ်ဖိုးဟာ တခြားဘယ်လက်ဆောင်နဲ့မှ မတူဘူး။ လက်ဆောင်တွေထဲမှာ အကောင်းကာ့ အကောင်းဆုံးပဲ။ ဒါဆိုရင် သင့်အတွက် ဘုရားသခင်လုပ်ဆောင်ပေးခဲ့တာကို ဘယ်လို တုံ့ပြန်သင့်သလဲ။

  • လက်ဆောင်ပေးသူကို သိအောင် လုပ်ပါ။ ရွေးနုတ်ဖိုးကြောင့် လူအားလုံး ထာဝရအသက် အလိုအလျောက်သွားတာ မဟုတ်ဘူး။ ဘုရားသခင်ဆီ ဆုတောင်းတဲ့အခါ ယေရှုက ‘ထာဝရအသက်ရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့ကို သိကျွမ်းရမည်’ လို့ပြောခဲ့တယ်။ (ယောဟန် ၁၇:၃) သင် ကလေးဘဝတုန်းက သင့်အသက်ကို လူတစ်ယောက် ကယ်ခဲ့မှန်း သိလိုက်ရတယ် ဆိုပါစို့။ အဲဒီလူအကြောင်း၊ သင့်ကို ဘာလို့ ကယ်ခဲ့တဲ့အကြောင်း သိချင်မယ်မဟုတ်လား။ အသက်ကယ်နိုင်တဲ့ ရွေးနုတ်ဖိုးလက်ဆောင်ကို ပေးတဲ့ ယေဟောဝါဘုရားဟာ သင့်ကို သူ့အကြောင်း သိစေချင်တဲ့အပြင် သူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေချင်တယ်။ “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” လို့ ကျမ်းစာ တိုက်တွန်းတယ်။—ယာကုပ် ၄:၈

  • ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြပါ။ “သားတော်ကို ယုံကြည်ကြောင်း တင်ပြသူသည် ထာဝရအသက်ကို ရ၏။” (ယောဟန် ၃:၃၆) ယုံကြည်ကြောင်း တင်ပြတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း လုပ်ရပ်နဲ့ပြရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (ယာကုပ် ၂:၁၇) ဘယ်လိုလုပ်ရပ်မျိုးလဲ။ လက်ဆောင်တစ်ခုဟာ သင် ရယူလက်ခံမှသာ သင်ပိုင်တဲ့အရာ ဖြစ်လာမယ်။ ရွေးနုတ်ဖိုးကိုလည်း သင် ရယူလက်ခံဖို့ လိုတယ်။ ဘယ်လိုနည်းနဲ့လဲ။ သင့်ကို ဘုရားသခင် ဘယ်လို အသက်ရှင်နေထိုင်စေချင်မှန်း သိအောင်ကြိုးစားပြီး အဲဒီအတိုင်း လုပ်ဆောင်ပါ။ * ခွင့်လွှတ်ခံရဖို့၊ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြသူတိုင်း အနာဂတ်မှာ ငြိမ်သက်မှု၊ လုံခြုံမှု၊ တိုးတက်အောင်မြင်မှု ရရှိမယ်ဆိုတာ ယုံကြည်မှုအပြည့်နဲ့ ဘုရားဆီ ဆုတောင်းပါ။—ဟေဗြဲ ၁၁:၁

  • ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ပါ။ ရွေးနုတ်ဖိုးပြင်ဆင်ပေးချက်ကို အမှတ်ရနေစေမယ့် နှစ်ပတ်လည်ပွဲတော်ကို ယေရှု အစပြု ကျင်းပခဲ့တယ်။ ဒီပွဲတော်နဲ့ပတ်သက်ပြီး ယေရှုက “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြ” လို့မှာခဲ့တယ်။ (လုကာ ၂၂:၁၉) ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ၂၀၁၇၊ ဧပြီ ၁၁၊ အင်္ဂါနေ့ နေဝင်ပြီးနောက်မှာ ကျင်းပပါလိမ့်မယ်။ တစ်နာရီလောက်ကြာတဲ့ အောက်မေ့ရာပွဲမှာ ယေရှုရဲ့သေခြင်းဟာ အရေးပါတဲ့အကြောင်း၊ လက်ရှိနဲ့ အနာဂတ်မှာ အကျိုးကျေးဇူးတွေ ခံစားရစေမယ့်အကြောင်း ရှင်းပြပါလိမ့်မယ်။ မနှစ်က ကမ္ဘာတစ်ဝန်းမှာ လူပေါင်း သန်း ၂၀ လောက်ဟာ အောက်မေ့ရာပွဲ တက်ရောက်ခဲ့ကြတယ်။ ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင်အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အဲဒီပွဲကို လာတက်ရောက်ဖို့ သင့်ကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။

^ စာပိုဒ်၊ 7 သမ္မာကျမ်းစာကို လေ့လာတာဟာ ဘုရားအကြောင်း သိနိုင်တဲ့၊ ဘုရားနဲ့ရင်းနှီးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပဲ။ ဘယ်လိုလေ့လာနိုင်တယ်ဆိုတာ ယေဟောဝါသက်သေတစ်ယောက်ကို မေးကြည့်ပါ။ ဒါမှမဟုတ် www.pr418.com/mya ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပါ။