မျက်နှာဖုံးအကြောင်းအရာ | ကောင်းကင်တမန်တွေ တကယ်ရှိရဲ့လား၊ သူတို့အကြောင်း ဘာကြောင့် သိသင့်သလဲ
ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရား
ကောင်းကင်တမန်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို သင် သိချင်ပါသလား။ သူတို့ ဘယ်သူတွေလဲ၊ ဘယ်လိုဖြစ်လာတာလဲ၊ ဘာတွေ လုပ်ဆောင်ကြသလဲ။ ကျမ်းစာမှာ အဖြေရှာတာ အကောင်းဆုံးပါပဲ။ (၂ တိမောသေ ၃:၁၆) ကျမ်းစာမှာ ဘာပြောထားသလဲ။
-
ဘုရားသခင်ဟာ ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်သလို ကောင်းကင်တမန်တွေလည်း “အရိုးတွေ၊ အသားတွေ” မရှိတဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေပဲ။ သူတို့ကို လူ့မျက်စိနဲ့ မမြင်နိုင်ဘူး။ သစ္စာရှိတဲ့ ကောင်းကင်တမန်တွေဟာ ကောင်းကင်မှာနေပြီး ဘုရားသခင်ဆီ တိုက်ရိုက်ချဉ်းကပ်နိုင်ကြတယ်။—လုကာ ၂၄:၃၉။ မဿဲ ၁၈:၁၀။ ယောဟန် ၄:၂၄။
-
တစ်ခါတစ်ရံ၊ ကောင်းကင်တမန်တွေဟာ လူ့သဏ္ဌာန် ယူဆောင်ပြီး ကမ္ဘာပေါ်မှာ ဘုရားပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ကြတယ်။ တာဝန်ပြီးဆုံးတဲ့အခါ လူ့ခန္ဓာကိုစွန့်ပြီး ကောင်းကင် ပြန်တက်သွားတယ်။—တရားသူကြီး ၆:၁၁-၂၃။ ၁၃:၁၅-၂၀။
-
ကျမ်းစာမှာ ကောင်းကင်တမန်တွေကို ယောက်ျားတွေအဖြစ် ပုံဖော်ထားပေမဲ့ သူတို့ကို ကျား/မဆိုပြီး ခွဲခြားထားတာ မရှိဘူး။ သူတို့ အိမ်ထောင်မပြုဘူး၊ သားသမီး မမွေးဘူး။ ကမ္ဘာပေါ်က လူတွေလို နို့စို့အရွယ်၊ ကလေး၊ လူကြီးဆိုပြီး ကြီးပြင်းလာတာမျိုးလည်း မရှိဘူး။ သူတို့ကို ယေဟောဝါကိုယ်တိုင် ဖန်ဆင်းထားတာ။ ဒါကြောင့် “ဘုရားသခင်ရဲ့သားတွေ” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။—ယောဘ ၁:၆။ ဆာလံ ၁၄၈:၂၊ ၅။
-
“လူ့ဘာသာစကားနဲ့ ကောင်းကင်တမန် ဘာသာစကား” အကြောင်း ကျမ်းစာဖော်ပြတယ်။ ဒါကြောင့် ဝိညာဉ်ပုဂ္ဂိုလ်တွေမှာ ဘာသာစကားရှိမှန်း သိရတယ်။ ဘုရားသခင်က ကောင်းကင်တမန်တွေကတစ်ဆင့် လူတွေနဲ့ ပြောဆိုဆက်သွယ်ပေမဲ့ သူတို့ကို ကိုးကွယ်တာ၊ ဆုတောင်းတာကိုတော့ ခွင့်မပြုဘူး။—၁ ကောရိန္သု ၁၃:၁။ ဗျာဒိတ် ၂၂:၈၊ ၉။
-
ကောင်းကင်တမန်တွေရဲ့ အရေအတွက်ဟာ ကုဋေအသင်္ချေမက များတယ်။—ဒံယေလ ၇:၁၀။ ဗျာဒိတ် ၅:၁၁။
-
ကောင်းကင်တမန်တွေဟာ လူတွေထက် အဆပေါင်းများစွာ “တန်ခိုးကြီး” ပြီး အသိဉာဏ် ထက်မြက်တယ်။ လူတွေ စိတ်ကူးလို့ရနိုင်တာထက် အဆပေါင်းများစွာ သာလွန်တဲ့ အမြန်နှုန်းနဲ့ သွားလာနိုင်ကြတယ်။—ဆာလံ ၁၀၃:၂၀။ ဒံယေလ ၉:၂၀-၂၃။
-
ကောင်းကင်တမန်တွေဟာ အင်မတန် တန်ခိုးကြီးပြီး အသိဉာဏ် ထက်မြက်ပေမဲ့ ကန့်သတ်ချက်တွေ၊ သူတို့မသိတဲ့အရာတွေ ရှိနေတယ်။—မဿဲ ၂၄:၃၆။ ၁ ပေတရု ၁:၁၂။
-
ကောင်းကင်တမန်တွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘုရားရဲ့အရည်အသွေးတွေ ထည့်သွင်းဖန်ဆင်းထားတယ်။ လူတွေလိုပဲ အမှား ဒါမှမဟုတ် အမှန်ကို လုပ်ဆောင်ဖို့ ရွေးချယ်နိုင်တယ်။ ဝမ်းနည်းစရာက ကောင်းကင်တမန်တချို့ ဘုရားသခင်ကို ပုန်ကန်ဖို့ ရွေးချယ်ခဲ့ကြတယ်။—ယုဒ ၆။