မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုရဲ့ ပုံပန်းသဏ္ဌာန် ဘယ်လိုရှိသလဲ

ယေရှုရဲ့ ပုံပန်းသဏ္ဌာန် ဘယ်လိုရှိသလဲ

ယေရှုရဲ့ ဓာတ်ပုံ ဘယ်သူ့​ဆီမှာ​မှ မရှိဘူး။ ပန်းချီ​ပန်း​ပု​ဆရာ​တွေ​ရှေ့ ယေရှု ကိုယ်ဟန်​ပြခဲ့​တာ​လည်း မရှိဘူး။ ဒါပေမဲ့ ရာစုနှစ်​တွေ​တစ်လျှောက် ပန်းချီ​ပန်း​ပု​ဆရာ​တွေဟာ ယေရှု​ကို အမျိုးမျိုး​ပုံဖော် ရေးဆွဲ​ခဲ့ကြတယ်။

တကယ်တော့ ယေရှုရဲ့ ပုံပန်းသဏ္ဌာန် ​ဘယ်လို​ရှိမှန်း ပန်းချီ​ပန်း​ပု​ဆရာ​တွေ မ​သိ​ကြဘူး။ ခေတ်စား​နေတဲ့ ယဉ်ကျေးမှု၊ ဘာသာရေး​ယုံကြည်ချက်၊ ဖောက်သည်​တွေရဲ့ အကြိုက်​ပေါ် မူတည်ပြီး ယေရှု​ကို ပုံဖော်​လေ့​ရှိ​ကြ​တ​ယ်။ ဒါပေမဲ့ သူတို့ရဲ့ ပုံဖော်ချက်​တွေ​က ယေရှုနဲ့ သူ့ရဲ့​သွန်သင်ချက်​တွေ​အပေါ် လူတွေရဲ့​ရှုမြင်ပုံ​ကို သြဇာလွှမ်း​ရုံမက အထင်မှား​စေနိုင်​တ​ယ်။

ပန်းချီ​ပန်း​ပု​ဆရာ​တချို့​က ယေရှု​ကို ဆံပင်ရှည်​ရှည်၊ မုတ်ဆိတ်​မွေး​ပါး​ပါး၊ နွဲ့နွဲ့​နှောင်း​နှောင်း၊ အဆွေး​သမား​ရုပ်​မျိုး ပုံဖော်​ကြ​တ​ယ်။ တချို့ကျတော့ ခေါင်း​မှာ ရောင်ခြည်​စက်​ဝန်း​ပါတဲ့ စွမ်းအားရှင်​အဖြစ်၊ လူတွေနဲ့ ခပ်ခွာခွာ​နေ​သူ​အဖြစ် ပုံဖော်​ကြ​တ​ယ်။ အဲဒီ​ပုံတွေ​က ယေရှုရဲ့ ပုံပန်းသဏ္ဌာန်​အမှန်​ကို ဖော်ပြ​သလား။ ကျွန်တော်တို့ ဘယ်လို​သိနိုင်​သလဲ။ ယေရှုရဲ့ ပုံပန်းသဏ္ဌာန်​ကို သိနိုင်တဲ့​နည်း​က​တော့ ကျမ်းစာ​ဖော်ပြချက်တွေကို လေ့လာ​ကြည့်ခြင်း​ပဲ။ ဒါဆိုရင် ယေရှု​ကို အမှန်အတိုင်း ရှုမြင်​နိုင်​ပါလိမ့်မယ်။

“ကျွန်တော့်​အတွက် ကိုယ်ခန္ဓာ​ကို ပြင်ဆင်​ထားတယ်”

ယေရှု နှစ်ခြင်းခံချိန်​မှာ ဆုတောင်း​တဲ့အခါ အဲဒီ​အတိုင်း ပြောခဲ့တယ်။ (ဟီဘရူး ၁၀:၅။ မဿဲ ၃:၁၃-၁၇) အဲဒီ​ကိုယ်ခန္ဓာ​ဟာ ဘယ်လို​ပုံ​မျိုး ဖြစ်​မလဲ။ အဲဒီ​မတိုင်ခင် အနှစ် ၃၀ လောက်မှာ ကောင်းကင်တမန် ဂါဗြေလ​က မာရိ​ဆီ​ရောက်လာပြီး “ခင်ဗျား​မှာ ကိုယ်ဝန်​ရှိလာ​ပြီး သားလေး​မွေး​လိမ့်မယ်။ . . . ဘုရားသခင်ရဲ့​သား​လို့ အခေါ်​ခံရ​လိမ့်မယ်” ဆိုပြီး ပြောတယ်။ (လုကာ ၁:၃၁၊ ၃၅) ဒါကြောင့် ယေရှုဟာ အာဒံ ဖန်ဆင်းခံ​ရချိန်​ကလို​ပဲ ပြည့်ဝစုံလင်​သူ​ဖြစ်တယ်။ (လုကာ ၃:၃၈။ ၁ ကောရိန္သု ၁၅:၄၅) ဂျူးလူမျိုး မိခင်​မာရိ​နဲ့ ရုပ်​ချင်း​ဆင်​သူ၊ ရုပ်​ဖြောင့်​သူ ဖြစ်​ရမယ်။

ယေရှုဟာ ရောမ​တွေနဲ့​မတူဘဲ ဂျူး​တွေရဲ့ ထုံးစံ​အတိုင်း မုတ်ဆိတ်​မွေး ထားတယ်။ ဂျူး​တွေဟာ မုတ်ဆိတ်​မွေး​ထားတာကို ဂုဏ်​ရှိတယ်လို့ ယူမှတ်​ပြီး သပ်သပ်ရပ်ရပ် တိ​ထား​လေ့ရှိတယ်။ ယေရှု​လည်း ဆံပင်​ကို သပ်သပ်ရပ်ရပ် ညှပ်ပြီး မုတ်ဆိတ်​မွေး တိ​ထား​မှာ သေချာ​တ​ယ်။ ရှံဆုန်​လိုမျိုး နာဇရိ​လူတွေ​သာ ဆံပင်ရှည်​ထားကြ​တ​ယ်။—တောလည်ရာ ၆:၅။ တရားသူကြီး ၁၃:၅

ယေရှုဟာ အသက် ၃၀ အရွယ်​အထိ လက်သမား​လုပ်တယ်။ အခုခေတ်​လို ခေတ်မီ​ကိရိယာတွေ မ​ရှိသေး​ဘူး။ (မာကု ၆:၃) ဒါကြောင့် ယေရှုဟာ သန်မာ​ကြံ့ခိုင်​သူ ဖြစ်​ရမယ်။ အမှုဆောင်လုပ်ငန်း​အစပိုင်းမှာ ယေရှုဟာ “သိုး​နွား​ရောင်းသူ​တွေကို​ရော သိုး​နွား​တွေကို​ပါ ဗိမာန်တော်​က​နေ နှင်ထုတ်​တ​ယ်။ ငွေ​လဲ​သူတွေ​ရဲ့ ငွေ​တွေကိုလည်း သွန်​ချပြီး စားပွဲ​တွေကို မှောက်လှန်​ပစ်​တ​ယ်။” ဒါတွေ​ကို သူ​တစ်ယောက်တည်း လုပ်ခဲ့တာ။ (ယောဟန် ၂:၁၄-၁၇) အားကောင်းမောင်းသန် ဖြစ်လို့​သာ အဲဒီလို လုပ်နိုင်​တာ။ ဘုရား​ပြင်ဆင်ပေး​တဲ့ ကိုယ်ခန္ဓာ​ကိုသုံးပြီး ဘုရား​ပေးတာ​ဝန်​ကို ထမ်းဆောင်​ခဲ့တယ်။ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို တခြား​မြို့ရွာ​တွေမှာလည်း ဟော​ရဦး​မယ်။ အဲဒီ​အတွက် ကျွန်တော့်ကို စေလွှတ်​လိုက်တာ” လို့ ယေရှု ပြောတယ်။ (လုကာ ၄:၄၃) ပါလက်စတိုင်း​တစ်ခွင် ခြေကျင်​လျှောက်​ပြီး သတင်းကောင်း​ဟော​ဖို့ဆိုတာ သက်​လုံ​ကောင်း​ရမယ်။

“ကျွန်တော့်​ဆီ လာ​ကြပါ။ ခင်ဗျား​တို့​ကို လန်းဆန်း​စေမယ်”

ယေရှုရဲ့ ဖော်ရွေ​တဲ့ မျက်နှာထား​နဲ့ ပြောဆို​ပြုမူပုံ​ကြောင့် အဲဒီ​ဖိတ်ခေါ်ချက်​ဟာ “ဝန်ပိ​လို့ ပင်ပန်း​နေ​သူ” တွေအတွက် နှစ်​လို့​ဖွယ် ဖြစ်ခဲ့​မှာပဲ။ (မဿဲ ၁၁:၂၈-၃၀) ယေရှုရဲ့ ဖော်ရွေမှု၊ ကြင်နာမှု​ကြောင့် သူ့ဆီကနေ သင်ယူ​လို​သူတွေကို လန်းဆန်း​စေမယ်​ဆိုတဲ့ ကတိ​ဟာ ပို​လေးနက်​လာတယ်။ “ကလေးငယ်​တွေကို ပွေ့ဖက်​တ​ယ်” လို့ ကျမ်းစာ ပြောတာကို ကြည့်ရင် ကလေးတွေ​တောင် ယေရှု​နား​မှာ နေချင်​တာ ထင်ရှားတယ်။—မာကု ၁၀:၁၃-၁၆

ယေရှုဟာ မသေ​ဆုံး​ခင်မှာ အကြီးအကျယ် ဝေဒနာ ခံစား​ခဲ့ရ​တာမှန်​ပေ​မဲ့ အဆွေး​သမား​တော့ မဟုတ်ဘူး။ ဥပမာ၊ ရေ​ကို စပျစ်ဝိုင်​ဖြစ်အောင် ပြောင်း​ပေးခြင်း​အားဖြင့် ကာနမြို့​က မင်္ဂလာပွဲ​ကို ပျော်စရာ​ကောင်း​အောင် လုပ်ပေး​ခဲ့တယ်။ (ယောဟန် ၂:၁-၁၁) တခြား​စားသောက်ပွဲ​တွေမှာလည်း မမေ့​အပ်​တဲ့ သင်ခန်းစာ​တွေ သင်ပေးတယ်။—မဿဲ ၉:၉-၁၃။ ယောဟန် ၁၂:၁-၈

ဒါ့အပြင် ယေရှုရဲ့ ဟောပြောချက်​ဟာ နားထောင်သူ​တွေကို ထာဝရ​အသက် ရမယ်​ဆိုတဲ့ ပျော်စရာ​မျှော်လင့်ချက် ရှိစေတယ်။ (ယောဟန် ၁၁:၂၅၊ ၂၆။ ၁၇:၃) တပည့် ၇၀ က ဟောပြောခြင်း အတွေ့အကြုံ​တွေ ပြန်ပြော​ပြ​တဲ့အခါ ယေရှုဟာ “ဝမ်းသာအားရ” ဖြစ်ပြီး “ကောင်းကင်မှာ နာမည်စာရင်း​ဝင်​လို့ ဝမ်းသာ​ကြပါ” လို့ ပြောတယ်။—လုကာ ၁၀:၂၀၊ ၂၁

“ခင်ဗျား​တို့​က​တော့ အဲဒီလို မဖြစ်​ရဘူး”

ယေရှု​ခေတ်​က ဘာသာရေးခေါင်းဆောင်​တွေဟာ လူတွေရဲ့ အာရုံစိုက်မှု​ရဖို့၊ အာဏာပြ​ဖို့ ကြိုးစားကြ​တ​ယ်။ (တောလည်ရာ ၁၅:၃၈-၄၀။ မဿဲ ၂၃:၅-၇) ယေရှု​က​တော့ သူတို့နဲ့​မတူဘူး။ တခြားသူတွေကို “နိုင်ထက်စီးနင်း” မ​လုပ်ဖို့ တမန်တော်​တွေကို သွန်သင်​ခဲ့တယ်။ (လုကာ ၂၂:၂၅၊ ၂၆) “ကျမ်းတတ်​တွေကို သတိထား​ကြ။ သူတို့က ဝတ်လုံ​ရှည်​တွေ ဝတ်​ပြီး သွားလာ​ချင်​တ​ယ်။ စျေး​မှာ ရို​ရိုသေ​သေ နှုတ်ဆက်​တာ​ကို ခံ​ချင်​တ​ယ်” လို့ပြောခဲ့တယ်။—မာကု ၁၂:၃၈

တစ်ခါတုန်းက ယေရှုဟာ လူတွေနဲ့​အတူ ရှိနေ​ချိန်မှာ သူ့ကို ဘယ်သူမှန်း​တောင် မမှတ်မိ​ကြဘူး။ (ယောဟန် ၇:၁၀၊ ၁၁) သစ္စာရှိ​တမန်တော် ၁၁ ယောက်​နဲ့အတူ ရှိနေ​ချိန်မှာ​တောင် သိသာထင်ရှား​မနေ​ဘူး။ သစ္စာဖောက်​ယုဒ​က လူအုပ်​ထဲမှာ သူ​နမ်း​တဲ့​သူဟာ ယေရှု​ပဲ​ဆိုပြီး “အချက်ပေး” ခဲ့ရတယ်။—မာကု ၁၄:၄၄၊ ၄၅

ယေရှုရဲ့ ပုံပန်းသဏ္ဌာန်​အသေးစိတ်​ကို မသိ​ရပေမဲ့ လူတွေ ပုံဖော်​လေ့​ရှိတဲ့ ပုံစံမျိုး​မဟုတ်​တာ သေချာ​တ​ယ်။ ယေရှု ဘယ်လို ပုံပန်းသဏ္ဌာန်​ရှိတယ်​ဆိုတာ​ထက် သူ့ကို အခု ဘယ်လို​မြင်သလဲ​ဆိုတာက ပို​အရေးကြီးတယ်။

“မကြာခင် လောက​ဟာ ကျွန်တော့်ကို မြင်ရ​တော့မှာ မဟုတ်ဘူး”

အဲဒီ​စကားကို ပြောတဲ့​နေ့​မှာပဲ ယေရှု သေဆုံး​ပြီး သင်္ဂြိုဟ်​ခံ​ရတယ်။ (ယောဟန် ၁၄:၁၉) “လူအများ​အတွက် ရွေးဖိုး​အဖြစ်” အသက်ပေး​ခဲ့တယ်။ (မဿဲ ၂၀:၂၈) သုံးရက်​မြောက်​နေ့​မှာ ဘုရား​သခင်က သူ့ကို “ဝိညာဉ်​ပုဂ္ဂိုလ်​အဖြစ်” အသက်ပြန်ရှင်​စေပြီး တပည့်​တချို့ကို “မြင်ခွင့်​ပေးခဲ့တယ်။” (၁ ပေတရု ၃:၁၈။ တမန်တော် ၁၀:၄၀) တပည့်​တွေ​ရှေ့ ကိုယ်ထင်ရှား​ပြ​ချိန်မှာ ယေရှု ဘယ်လို​ပုံစံမျိုး ရှိ​မလဲ။ အရင်းနှီးဆုံး​တပည့်​တွေတောင် သူ့ကို ချက်ချင်း မမှတ်မိ​တဲ့​အတွက် နဂို​ရုပ်သွင်​မျိုး မဟုတ်​တာ သေချာ​တယ်။ မာဂဒလမာရိ​က သူ့ကို ဥယျာဉ်​စောင့်​လို့ အထင်မှား​ခဲ့တယ်။ ဧမောက်​ရွာ​ကို သွားတဲ့​လမ်းမှာ တပည့်​နှစ်ယောက်​က သူ့ကို တိုင်းတစ်ပါး​သား​လို့ အထင်မှား​ခဲ့တယ်။—လုကာ ၂၄:၁၃-၁၈။ ယောဟန် ၂၀:၁၊ ၁၄၊ ၁၅

အခု​ချိန်မှာ ယေရှု​ကို ကျွန်တော်တို့ ဘယ်လို​ပုံဖော်​ကြ​မလဲ။ ယေရှု သေဆုံး​ပြီး နှစ်ပေါင်း ၆၀ ကျော်​ကြာ​တဲ့အခါ တမန်တော်​ယောဟန်​က ယေရှု​ကို စိတ်အာရုံ​မှာ မြင်ရ​တ​ယ်။ ကားတိုင်​ပေါ်​က သေခါနီး​လူတစ်ယောက်​လို မြင်ခဲ့​တာ​မဟုတ်ဘူး။ “ဘုရင်တကာ​တို့ရဲ့ ဘုရင်၊ သခင်​တကာ​တို့ရဲ့ သခင်၊” ဘုရားနိုင်ငံတော်​ရဲ့ ဘုရင်အဖြစ် မြင်ခဲ့တယ်။ ယေရှုဟာ ဘုရားရဲ့ ရန်သူ​တွေ​ဖြစ်တဲ့ နတ်ဆိုး​တွေ​ရော လူတွေကို​ပါ အနိုင်ယူ​ပြီး လူသားတွေ​အတွက် ထာဝရ​ကောင်းချီးတွေ ရရှိ​စေမယ့်​သူ​ပဲ။—ဗျာဒိတ် ၁၉:၁၆။ ၂၁:၃၊ ၄