မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများ​အမေး . . .

ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား

ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား

ခရစ္စမတ်​ဆိုတာ ယေရှု​ခရစ်​ရဲ့ မွေးနေ့ပွဲ​လို့ ကမ္ဘာ​တစ်ဝန်း​က လူသန်းပေါင်းများစွာ ယူဆကြတယ်။ ဒါပေမဲ့ ယေရှုနဲ့​အနီးကပ်​နေ​ခဲ့တဲ့ ပထမရာစု ခရစ်ယာန်တွေ ခရစ္စမတ်ပွဲ လုပ်​သလား။ မွေးနေ့ပွဲ​နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေကို သိမယ်​ဆိုရင် ခရစ္စမတ်​ဟာ ခရစ်ယာန်တွေ​ရဲ့​ပွဲ ဟုတ်မဟုတ် ပိုင်းဖြတ်​နိုင်​ပါလိမ့်မယ်။

ဦးဆုံး​အနေနဲ့ ကျမ်းစာ​ထဲမှာ ယေရှုရဲ့ မွေးနေ့ပွဲ​အကြောင်း၊ ဘုရားကို သစ္စာရှိရှိ​ဝတ်ပြုသူတွေ​ရဲ့ မွေးနေ့ပွဲ​အကြောင်း မပါဘူး။ မွေးနေ့ပွဲ​လုပ်ခဲ့​သူ နှစ်ဦး​အကြောင်း​ပဲ ပါတယ်။ နှစ်ဦး​စလုံး​ဟာ ယေဟောဝါ​ဘုရားကို ကိုးကွယ်သူ​တွေ မဟုတ်ဘူး။ သူတို့ရဲ့​မွေးနေ့ပွဲ​မှာ ဝမ်းနည်းစရာတွေ ဖြစ်ပျက်​ခဲ့တယ်။ (ကမ္ဘာဦး ၄၀:၂၀။ မာကု ၆:၂၁) အစောပိုင်း​ခရစ်ယာန်​တွေဟာ “မွေးနေ့ပွဲ​ကျင်းပတဲ့ အယူမှား​ထုံးစံ” ကို မလိုက်​ကြဘူး​လို့ ဗြိတဲန်နီကာ​စွယ်စုံကျမ်း​က ဖော်ပြတယ်။

ယေရှု ဘယ်​နေ့​မှာ မွေး​ခဲ့​သလဲ

ကျမ်းစာမှာ ယေရှု​မွေးတဲ့အချိန် အတိအကျ​ကို မဖော်ပြ​ဘူး။ “ခရစ်တော်ရဲ့​မွေးနေ့​ကို ဓမ္မသစ်ကျမ်း​မှာ ဒါမှမဟုတ် တခြား​ဘယ်​နေရာမှာ​မှ မ​ဖော်ပြထား​ဘူး” လို့ မက်ကလင်းတော့​နဲ့ စထရောင်း​တို့ရဲ့ စွယ်စုံကျမ်း​က ဆိုတယ်။ ယေရှု​သာ သူ့​မွေးနေ့ ကျင်းပ​စေချင်တယ်​ဆိုရင် သူ​မွေး​တဲ့​နေ့​ကို နောက်လိုက်​တွေ သိအောင် ပြောခဲ့​မှာပဲ။

ဒုတိယ​အနေနဲ့ ယေရှု ဒါမှမဟုတ် တပည့်​တစ်ဦး ခရစ္စမတ်ပွဲ လုပ်​ခဲ့တယ်​ဆိုတဲ့ ကျမ်းစာ​မှတ်တမ်း မရှိဘူး။ ကက်သလစ်​စွယ်စုံကျမ်း​သစ်​အရ “ဖီ​လို​ကား​လူး​စ်​ရဲ့ ရောမ​ပြက္ခဒိန်​မှာ” ခရစ္စမတ်​အကြောင်း ဦးဆုံး​ပါရှိတယ်။ “ခရစ္စမတ်ပွဲ​ကို အေဒီ ၃၃၆ မှာ စတင်​ကျင်းပ​တာ ဖြစ်နိုင်တယ်။” ကျမ်းစာ​ရေး​ပြီးနောက်​ပိုင်း၊ ယေရှု မြေကြီး​ပေါ် အသက်ရှင်​ခဲ့​ချိန်​နောက်ပိုင်း ရာစုနှစ်ချီ​ကြာ​မှသာ ခရစ္စမတ်ပွဲ​ကျင်းပ​တာ ထင်ရှားတယ်။ “ခရစ္စမတ်ပွဲ​ကျင်းပ​ဖို့ ဘုရားသခင် မ​မိန့်မှာ​ခဲ့​သလို ဓမ္မသစ်ကျမ်း​မှာလည်း မ​ဖော်ပြထား​ဘူး” လို့ မက်ကလင်းတော့​နဲ့ စထရောင်း​တို့​က ရေး​တ​ယ်။ *

ဘယ်​ပွဲ​ကို ကျင်းပ​ဖို့ တပည့်​တွေကို ယေရှု ညွှန်ကြားခဲ့​သလဲ

ကြီးမြတ်​တဲ့​ဆရာ ယေရှု​က နောက်လိုက်​တွေကို ဘာ​လုပ်​စေချင်​တဲ့​အကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့တယ်။ အဲဒါကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဒါပေမဲ့ ခရစ္စမတ်​အကြောင်း မပါဘူး။ ကျောင်းဆရာ​က ကျောင်းသား​တွေကို ညွှန်ကြား​တာ​ထက် ကျော်​ပြီး မလုပ်​စေချင်ဘူး။ အဲဒီလိုပဲ ယေရှု​လည်း နောက်လိုက်​တွေကို ‘ကျမ်းစာမှာ ရေးထား​တာ​ထက်​လွန်’ ပြီး မလုပ်​စေချင်ဘူး။—၁ ကောရိန္သု ၄:၆

အစောပိုင်း​ခရစ်ယာန်တွေ ကျင်းပ​လေ့​ရှိတဲ့ အရေးကြီး​ပွဲတော်​တစ်ခု ရှိတယ်။ ယေရှုရဲ့​သေခြင်း အောက်မေ့ရာပွဲ​ပဲ။ ယေရှုဟာ ဒီ​ပွဲတော်​ကို ဘယ်​အချိန်​မှာ ကျင်းပ​ရမယ်​ဆိုတာ တပည့်​တွေကို မိန့်မှာ​ပြီး ဘယ်လို​ကျင်းပ​ရမယ်​ဆိုတာ ကိုယ်တိုင်​ပြခဲ့တယ်။ အဲဒီ တိကျ​တဲ့ ညွှန်ကြားချက်​တွေအပြင် ယေရှု​သေဆုံး​တဲ့ နေ့​ကိုလည်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။—လုကာ ၂၂:၁၉။ ၁ ကောရိန္သု ၁၁:၂၅

ခရစ္စမတ်​ဆိုတာ မွေးနေ့ပွဲ​ကျင်းပ​တာ​ဖြစ်ပြီး အဲဒီ​အယူမှား​ထုံးစံ​ကို အစောပိုင်း​ခရစ်ယာန်တွေ မ​လိုက်​ကြ​မှန်း သိခဲ့​ရ​ပြီ။ ဒါ့အပြင် ယေရှု ဒါမှမဟုတ် တစ်ယောက်ယောက် ခရစ္စမတ်ပွဲ​လုပ်ခဲ့တဲ့​အကြောင်း ကျမ်းစာမှာ မပါဘူး။ ဒီ​အချက်​တွေကြောင့် ကမ္ဘာ​တစ်ဝန်း​မှာရှိတဲ့ ခရစ်ယာန်​သန်းပေါင်းများစွာ​က ခရစ္စမတ်​ဟာ ခရစ်ယာန်တွေ​ရဲ့ ပွဲမဟုတ်ဘူးလို့ သတ်မှတ်ကြတယ်။

^ စာပိုဒ်၊ 6 ခရစ္စမတ်​ထုံးစံ​အများစု​ရဲ့ ဇာစ်မြစ်​အကြောင်း ပို​သိချင်ရင် ၂၀၁​၄၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင် မှာပါတဲ့ “စာရှုသူများ​အမေး . . . ခရစ္စမတ်​နဲ့ပတ်သက်တဲ့ အမှန်တရား​တွေ​က ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။ www.pr418.com/mya မှာလည်း ကြည့်နိုင်တယ်။