မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ’

‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ’

‘ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပြီး ကောင်း​တာ​ကို လုပ်​ပါ။ သစ္စာ​ရှိရှိ ပြုမူ​ပါ။’—ဆာ. ၃၇:၃ကဘ

သီချင်း– ၁၃၃၊ ၆၃

၁။ ယေဟောဝါ​က လူသား​တွေ​ကို ဘယ်​ထူးခြား​တဲ့​စွမ်း​ရည်တွေ​နဲ့ ဖန်ဆင်း​ခဲ့​သလဲ။

ယေဟောဝါ​က လူသား​တွေ​ကို ထူးခြား​တဲ့ စွမ်းရည်​တွေနဲ့ ဖန်ဆင်း​ခဲ့​တယ်။ ပြဿနာ​တွေ​ကို ဖြေရှင်း​နိုင်ဖို့၊ အနာဂတ်​အတွက် စီစဉ်​နိုင်ဖို့ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း ပေး​ထား​တယ်။ (သု. ၂:၁၁) အစီအစဉ်​အတိုင်း အကောင်​အထည်​ဖော်နိုင်စွမ်း၊ သင့်တော်​တဲ့ ပန်းတိုင်​တွေ​အတိုင်း လုပ်ဆောင်​နိုင်စွမ်း ပေး​ထား​တယ်။ (ဖိ. ၂:၁၃) မွေးရာပါ အမှား​အမှန်​သိစိတ်​ကိုလည်း ပေးထား​တယ်။ အဲဒီ​သိစိတ်​က အမှားတွေ​ကို ရှောင်နိုင်​ဖို့၊ အမှား​လုပ်မိတဲ့​အခါ ပြုပြင်​နိုင်ဖို့ ကူညီ​ပေး​တယ်။—ရော. ၂:၁၅

၂။ ကျွန်တော်​တို့​ရဲ့ စွမ်းရည်​တွေ​ကို ဘယ်လို အသုံးပြု​ဖို့ ယေဟောဝါ မျှော်လင့်​သလဲ။

ကျွန်တော်​တို့​ရဲ့ စွမ်းရည်​တွေ​ကို အကောင်း​ဆုံး အသုံး​ပြု​ဖို့ ယေဟောဝါ မျှော်​လင့်​တယ်။ ဘာကြောင့်လဲ။ ကျွန်တော်​တို့​ကို ချစ်​လို့၊ ဒီ​စွမ်းရည်​တွေ​ကနေ ကျေနပ်မှု ရရှိ​မယ်​ဆိုတာ သိလို့ပါပဲ။ ကိုယ့်​ရဲ့ စွမ်းရည်​တွေ​ကို အကောင်းဆုံး အသုံးပြု​ဖို့ ကျမ်းစာ​က​တစ်ဆင့် ယေဟောဝါ အကြိမ်ကြိမ် သတိပေး​ထား​တယ်။ ဥပမာ၊ ဟီဘရူး​ကျမ်းစောင်​တွေ​မှာ ‘လုံ့လ​ဝီရိယ​ပြုသောသူ​၏ အကြံအစည်​သည် ကြွယ်ဝခြင်း​နှင့် ဆိုင်ပေ​၏၊’ “ဆောင်ရွက်စရာ​အမှု​ရှိသမျှ​ကို ကြိုးစား​အားထုတ်​၍ ဆောင်ရွက်​လော့” ဆိုပြီး ဖတ်​ရတယ်။ (သု. ၂၁:၅။ ဒေ. ၉:၁၀) ခရစ်ယာန် ဂရိ​ကျမ်းစောင်​တွေ​မှာလည်း “အခွင့်အခါ​သင့်​နေသရွေ့ လူတိုင်း​ကို ကောင်းမှု​ပြုကြစို့၊” “သင်တို့​တစ်ဦးစီ​သည် ရရှိ​ထား​သော ဆုကျေးဇူး​တော်ကို အချင်းချင်း​အတွက် အကျိုးဆောင်​ရာ​တွင် အသုံးပြု​ကြ​လော့” ဆိုပြီး ပြော​ထား​တယ်။ (ဂလ. ၆:၁၀။ ၁ ပေ. ၄:၁၀) ဒါကြောင့် ကိုယ်တိုင်​နဲ့ တခြား​သူတွေ​ရဲ့ အကျိုး​အတွက် အတတ်​နိုင်​ဆုံး လုပ်ဆောင်​ဖို့ ယေဟောဝါ မျှော်လင့်​တာ ထင်ရှား​တယ်။

၃။ လူ​သား​တွေ​မှာ ဘယ်​အကန့်​အသတ်​တွေ ရှိ​သလဲ။

တစ်ချိန်​တည်းမှာ လူ​သားတွေ​ရဲ့ အကန့်​အသတ်​တွေ​ကို ယေဟောဝါသိ​တယ်။ မ​စုံလင်​မှု၊ အပြစ်၊ သေ​ခြင်းတို့ကို​ ကိုယ့်​ဘာသာ​ကိုယ် မဖယ်ရှား​နိုင်​ဘူး။ အားလုံး​မှာ​ လွတ်လပ်​စွာ ရွေး​ချယ်​ပိုင်​ခွင့်​ရှိလို့ တခြား​သူ​တွေကို ထိန်းချုပ်​လို့​မရဘူး။ (၃ ရာ. ၈:၄၆) အသိ​ပညာ​နဲ့ အတွေ့​အကြုံ ဘယ်လောက်​ပဲ ရှိပါစေ ယေဟောဝါ​နဲ့ ယှဉ်​ရင် ကလေး​တွေ​လို​ပဲ အမြဲ ဖြစ်နေ​ပါ​လိမ့်​မယ်။—ဟေရှာ. ၅၅:၉

ပြဿနာ​တွေ ကြုံ​တွေ့​တဲ့​အခါ ‘ယေဟောဝါ​ကို ယုံကြည်​ကိုးစားပြီး ကောင်း​တာ​ကို လုပ်​ပါ’

၄။ ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေးကြ​မလဲ။

အခြေ​အနေ​တိုင်း​မှာ လမ်း​ညွှန်​မှု​အတွက် ယေဟောဝါ​ကို မှီခို​အားထား​ဖို့ လိုတယ်။ ကျွန်တော်​တို့ကို ဘုရား ကူညီ​ထောက်မ​မယ်၊ ကိုယ်​မတတ်​နိုင်​တာ​ကို ဘုရား လုပ်​ဆောင်ပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​ဖို့ လိုတယ်။ တစ်​ချိန်​တည်း​မှာ ကိုယ်​တတ်​နိုင်​တာ​ကို လုပ်​ဆောင်​သင့်​တယ်။ ပြဿနာ​တွေ​ကို ဖြေ​ရှင်း​ဖို့၊ တခြား​သူတွေ​ကို ကူညီဖို့ သင့်​တော်​သလို လုပ်ဆောင်​သင့်​တယ်။ (ဆာလံ ၃၇:၃ ကိုဖတ်ပါ။) * အချုပ်​အား​ဖြင့် ‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်’ ဖို့၊ ‘သစ္စာရှိရှိ ပြုမူ’ ဖို့ လိုတယ်။ ယေဟောဝါ​ကို အားကိုး​ပြီး သင့်တော်​သလို လုပ်ဆောင်​ခဲ့တဲ့ ​နောဧ၊ ဒါဝိဒ်၊ တခြားသစ္စာရှိ ကျေးကျွန်တွေဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ​ဆိုတာ ဆွေးနွေး​ကြည့်​ကြ​စို့။ သူတို့ လုပ်​နိုင်​တာ၊ မလုပ်​နိုင်​တာကို ပိုင်းခြား​သိရှိ​ပြီး သင့်တော်​သလို လုပ်ဆောင်ခဲ့မှန်း သိရပါလိမ့်မယ်။

ဆိုးသွမ်းမှု​တွေ ဝိုင်း​ရံ​နေတဲ့​အခါ

၅။ ဘယ်​အခြေ​အနေ​ကို နောဧ ရင်​ဆိုင်​ခဲ့​ရ​သလဲ။

နောဧ​ဟာ အကျင့်​ပျက်မှု၊ ‘အကြမ်းဖက်မှု​တွေ ပြည့်နေ’ တဲ့ လောက​မှာ အသက်​ရှင်​ခဲ့​တယ်။ (က. ၆:၄၊​ ၉-၁၃ကဘ) အဲဒီ​ဆိုးသွမ်း​တဲ့​လောက​ကို နောက်ဆုံး​မှာ ယေဟော​ဝါ ဖျက်​ဆီး​မယ်​ဆိုတာ သူ​သိတယ်။ ဒါပေမဲ့ ဘုရား​တရား​မဲ့ အခြေ​အနေ​တွေ​ကြောင့် အတော်​စိတ်​ပျက်​ခဲ့​မှာ​ပဲ။ ဒီ​အခြေ​အနေ​မှာ ကိုယ်​လုပ်​ဆောင်​နိုင်​တဲ့​အရာ ရှိ​သလို၊ မလုပ်​ဆောင်​နိုင်​တဲ့​အရာ​တွေ ရှိ​မှန်း နောဧ အသိ​အမှတ်ပြု​ခဲ့​တယ်။

ဟော​ပြော​ခြင်း​လုပ်ငန်း​မှာ ဆန့်ကျင်​မှု (အပိုဒ် ၆-၉ ကိုကြည့်ပါ)

၆၊ ၇။ (က) ဘာ​တွေ​ကို နောဧ မ​လုပ်ဆောင်​နိုင်​ခဲ့​သလဲ။ (ခ) ကျွန်တော်​တို့​ရဲ့ အခြေအနေ​နဲ့ နောဧ​ရဲ့ အခြေ​အနေ ဘယ်လို ဆင်​တူ​သလဲ။

နောဧ မ​လုပ်ဆောင်​နိုင်​တဲ့​အရာ။ ယေဟောဝါ​ရဲ့ သတိပေး​သတင်း​ကို နောဧ သစ္စာ​ရှိရှိ ဟော​ပြော​ခဲ့​ပေမဲ့ အဲဒီ​သတင်း​ကို ပတ်​ဝန်းကျင်​က လူဆိုး​တွေ လက်ခံ​ဖို့ အတင်း​အကျပ် မလုပ်​နိုင်​ခဲ့​ဘူး။ ရေ​လွှမ်းမိုး​ဘေး အမြန်​ရောက်​အောင်​လည်း မလုပ်​နိုင်​ခဲ့​ဘူး။ သင့်တော်​တဲ့​အချိန်​မှာ ဆိုးသွမ်း​မှု​ကို အဆုံးတိုင်​စေမယ်​ဆိုတဲ့ ကတိ​အတိုင်း ယေဟော​ဝါ လုပ်ဆောင်​မယ်​ဆိုတာ နောဧ ယုံကြည်​စိတ်ချ​ခဲ့ရတယ်။—က. ၆:၁၇

ကျွန်တော်​တို့​လည်း ဆိုးသွမ်းမှု ပြည့်​နေ​တဲ့ လောက​မှာ အသက်​ရှင်​နေရတယ်၊ အဲဒီ​လောက​ကို ဖျက်ဆီး​ဖို့ ယေဟော​ဝါ ကတိ​ပေးထား​မှန်း သိ​တယ်။ (၁ ယော. ၂:၁၇) ဒီ​အတော​အတွင်း ‘နိုင်ငံတော်​နှင့်​ဆိုင်သော သတင်း​ကောင်း’ ကို လူ​တွေ လက်ခံ​အောင် အတင်း​အကျပ် မလုပ်​နိုင်​ဘူး။ “ကြီးစွာ​သော​ဒုက္ခ” အမြန် ရောက်​လာအောင်​လည်း မလုပ်​နိုင်​ဘူး။ (မ. ၂၄:၁၄၊ ၂၁) မကြာ​ခင် ဘုရား​သခင် ကြားဝင်​ဆောင်ရွက်ပေး​မယ်​ဆိုတာ နောဧ​လိုပဲ အခိုင်​အမာ ယုံကြည်​ဖို့ လိုတယ်။ (ဆာ. ၃၇:၁၀၊ ၁၁) ယေဟောဝါ​က ဒီ​စနစ်​ဆိုး​ကို လိုတာ​ထက်ပိုပြီး တစ်ရက်တောင် တည်ရှိ​ခွင့်​ပေးမှာ မဟုတ်မှန်း ကျွန်တော်တို့ ယုံကြည်​စိတ်ချ​ကြတယ်။—ဟဗ. ၂:၃

၈။ လုပ်ဆောင်​နိုင်​တဲ့​အရာ​တွေ​ကို နောဧ ဘယ်လို အာရုံ​စိုက်​ခဲ့​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

နောဧ လုပ်ဆောင်​နိုင်တဲ့​အရာ။ မ​လုပ်​နိုင်​တာ​တွေ​အတွက် စိတ်ဓာတ်​ကျနေ​မယ့်​အစား လုပ်​ဆောင်​နိုင်​တာ​တွေ​ကို နောဧ အာရုံ​စိုက်​ခဲ့တယ်။ “ဖြောင့်မတ်ခြင်း​တရား ဟောပြော​သူ” အနေ​နဲ့ သတိ​ပေး​သတင်း​စကား​ကို သစ္စာ​ရှိရှိ ကြေညာ​ခဲ့​တယ်။ (၂ ပေ. ၂:၅) အဲဒီ​လို​ကြေ​ညာ​ခဲ့​တဲ့​အတွက် ယုံကြည်​ခြင်း ခိုင်​မာ​လာ​မှာ သေချာ​တယ်။ ဟော​ပြော​တဲ့​အပြင် ဘုရား​တာဝန်​ပေး​ထား​တဲ့ သင်္ဘော​ဆောက်​ဖို့ စိတ်​စွမ်း၊ ကိုယ်စွမ်း ရှိသမျှ​ကို အသုံး​ပြု​ခဲ့တယ်။ဟေဗြဲ ၁၁:၇ ကိုဖတ်ပါ။

၉။ နောဧ​ရဲ့ ပုံ​သက်သေ​ကို ဘယ်လို တုပ​နိုင်​သလဲ။

နောဧ​လိုပဲ ကျွန်တော်​တို့​လည်း “သခင်​၏​အမှုတော်​တွင် အလုပ်​များ” နေ​ဖို့ ကြိုးစား​ကြ​တယ်။ (၁ ကော. ၁၅:၅၈) အဲဒီ​ထဲ​မှာ ဝတ်ပြုရာ​နေရာ​တွေ ဆောက်​လုပ်​ခြင်း၊ ပြုပြင်ထိန်းသိမ်း​ခြင်း၊ စည်းဝေး​ပွဲ​နဲ့ အစည်းအဝေး​ကြီး​တွေ​မှာ လုပ်အား​ပေး​ခြင်း၊ ဌာနခွဲ​နဲ့ ဘာသာပြန်​ရုံးခွဲ​တွေမှာ ကူညီ​ပေး​ခြင်း​တို့ ပါဝင်​တယ်။ အရေး​ကြီး​ဆုံး​ကတော့ ဟော​ပြော​ခြင်း​လုပ်ငန်း​မှာ အလုပ်​များ​နေ​ကြတယ်။ ဒီ​လုပ်ငန်း​က အနာဂတ် မျှော်လင့်​ချက်​ကို ခိုင်မာ​စေ​တယ်။ သစ္စာ​ရှိ ညီ​အစ်မ​တစ်ယောက် ဒီလို​ပြောတယ်- “တခြား​သူ​တွေ​ကို ဘုရား​နိုင်ငံ​တော် ကောင်း​ချီး​တွေ​အကြောင်း ပြော​ပြ​တဲ့​အခါ သူတို့​မှာ ဘာ​မျှော်​လင့်​ချက်​မှ မရှိ​မှန်း၊ ပြဿနာ​တွေ အမြဲ ရှိသွား​မယ်လို့ ထင်နေ​ကြ​မှန်း သိလိုက်​ရ​တယ်။” မှန်​ပါတယ်၊ ဟော​ပြော​ခြင်း​လုပ်ငန်း​မှာ ပါဝင်ခြင်း​က အနာဂတ်​နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ အကောင်းမြင် သဘောထား၊ အသက်​ပြေး​ပွဲ​မှာ လက်​မလျှော့​ဘူး​ဆိုတဲ့ စိတ်​ပိုင်း​ဖြတ်​ချက်​ကို ခိုင်​မာ​စေ​တယ်။—၁ ကော. ၉:၂၄

အမှား​လုပ်​မိ​တဲ့​အခါ

၁၀။ ဒါဝိဒ် ကြုံခဲ့​ရ​တဲ့ အခြေ​အနေ​ကို ဖော်​ပြ​ပါ။

၁၀ ယေဟောဝါ​က ဘုရင်ဒါဝိဒ်​ကို “ငါ့​စိတ်နှလုံး​နှင့် ညီညွတ်သော​သူ” လို့ ခေါ်​ခဲ့​တယ်။ (တ. ၁၃:၂၂) ခြုံ​ကြည့်​မယ်​ဆိုရင် ဒါဝိဒ်​ဟာ အသက်​တာ​တစ်လျှောက်​လုံးမှာ သစ္စာ​ရှိ​ခဲ့​သူ ဖြစ်တယ်။ ဒါပေမဲ့ တစ်​ကြိမ်​တော့ အမှား​ကြီး​တစ်ခု ကျူး​လွန်​ခဲ့​တယ်။ ဗာသရှေဘ​နဲ့ မှား​ယွင်း​ခဲ့​တယ်။ ပို​ဆိုး​တာက အပြစ်​ကို ဖုံး​ဖိ​ဖို့​အတွက် သူ့​ယောက်ျား ဥရိယ တိုက်ပွဲ​မှာ သေ​ဆုံး​စေဖို့ စီစဉ်​ခဲ့​တယ်။ ဥရိယ သေ​အောင် စီစဉ်​ခိုင်း​တဲ့ အမိန့်​စာ​ကို ဥရိယ​နဲ့​ပဲ ပါးလိုက်​တယ်။ (၂ ရာ. ၁၁:၁-၂၁) ဒါပေမဲ့ ဒါဝိဒ်​ရဲ့ အပြစ်​တွေ ဘူး​ပေါ်​သလို ပေါ်​လာ​တယ်။ (မာ. ၄:၂၂) ဒါဝိဒ် ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။

ကျူး​လွန်​ခဲ့​တဲ့ အပြစ်​များ (အပိုဒ် ၁၁-၁၄ ကိုကြည့်ပါ)

၁၁၊ ၁၂။ (က) အပြစ်​လုပ်​ပြီး​တဲ့​နောက်​မှာ ဒါဝိဒ် ဘာ​မလုပ်​နိုင်​ခဲ့​သလဲ။ (ခ) ကြီး​လေး​တဲ့ အမှား​တွေ လုပ်မိပြီး နောင်တ​ရမယ်​ဆိုရင် ယေဟောဝါ ဘာလုပ်​ပေးမယ်​လို့ ယုံကြည်​စိတ်ချ​နိုင်​သလဲ။

၁၁ ဒါဝိဒ် မ​လုပ်ဆောင်​နိုင်​တဲ့​အရာ။ ဒါဝိဒ်ဟာ လုပ်ခဲ့တဲ့​အမှား​ကို မ​ချေ​ဖျက်​နိုင်​ခဲ့​ဘူး။ အပြစ်​ရဲ့ အကျိုး​ဆက်​တွေ​ကနေ​လည်း မလွတ်​နိုင်​ခဲ့​ဘူး။ အကျိုး​ဆက်​တချို့​ကို တစ်သက်​လုံး ခံစား​ခဲ့​ရ​တယ်။ (၂ ရာ. ၁၂:၁၀-၁၂၊ ၁၄) ဒါကြောင့် ယုံကြည်​ခြင်း လို​အပ်​ခဲ့​တယ်။ စစ်​မှန်​တဲ့ နောင်တ​ရရင် ယေဟောဝါ ခွင့်လွှတ်​ပြီး အမှား​ရဲ့ အကျိုး​ဆက်​တွေ​ကို ခံ​ရပ်​နိုင်​အောင် ကူညီ​ပေး​မယ်​ဆို​တာ ဒါဝိဒ် ယုံ​ကြည်​စိတ်​ချ​ခဲ့ရတယ်။

၁၂ ကျွန်တော်​တို့​အားလုံး မ​စုံလင်​တဲ့​အတွက် အပြစ်​လုပ်​တတ်​ကြတယ်။ တချို့​အမှား​တွေက ပို​အပြစ်​ကြီး​တယ်။ တချို့​ကိစ္စ​တွေ​မှာ အမှား​တွေ​ကို ချေ​ဖျက်​လို့ မရ​နိုင်တော့​ဘူး။ အကျိုး​ဆက်​တွေ​ကို တစ်​သက်​လုံး ခံစား​သွား​ရုံပဲ ရှိတယ်။​ (ဂလ. ၆:၇) ဒါပေမဲ့ နောင်တ​ရ​မယ်​ဆို​ရင် ကိုယ့်​ကြောင့်​ဖြစ်​လာတဲ့ အခက်အခဲ​တွေ ကြုံ​ရ​ချိန်​မှာ​တောင် ယေဟောဝါ ထောက်မ​ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချ​နိုင်​တယ်။ဟေရှာယ ၁:၁၈၊ ၁၉ နဲ့ တမန်တော် ၃:၁၉ တို့​ကို ဖတ်​ပါ။

၁၃။ ဒါဝိဒ်ဟာ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ဘယ်လို ပြန်​ကောင်း​လာ​သလဲ။

၁၃ ဒါဝိဒ် လုပ်ဆောင်​နိုင်တဲ့​အရာ။ ယေဟောဝါနဲ့ ဆက်ဆံ​ရေး ပြန်ကောင်း​လာ​အောင် ကူညီ​ပေးတာကို ဒါဝိဒ်​ လက်ခံ​ခဲ့တယ်။ နည်း​တစ်နည်း​ကတော့ ယေဟောဝါ​ရဲ့ ကိုယ်စားလှယ် ပရောဖက်​နာသန် ဆုံးမ​တာ​ကို လက်ခံ​ခြင်း​အားဖြင့် ဖြစ်တယ်။ (၂ ရာ. ၁၂:၁၃) ယေဟောဝါ​ဆီ အပြစ်​တွေ​ကို ဝန်ချ​တောင်းပန်​ပြီး မျက်နှာသာ​တော် ပြန်ရချင်​တဲ့​ဆန္ဒ​ကို စိတ်ရင်း​မှန်​နဲ့ ဆုတောင်း​ဖော်ပြ​ခဲ့တယ်။ (ဆာ. ၅၁:၁-၁၇) အပြစ်​ကြောင့် စိတ်ပျက်​လက်ပျက် ဖြစ်​နေမယ့်​အစား အမှား​တွေ​ကနေ သင်​ယူ​ခဲ့​တယ်။ အဲဒီ​ကြီးလေး​တဲ့​အပြစ်​တွေ​ကို ထပ်​မကျူး​လွန်​တော့​ဘူး။ နှစ်​တွေ​ကြာ​ပြီး​တဲ့​နောက်​မှာ ဒါဝိဒ် သစ္စာ​ရှိရှိ သေဆုံး​ခဲ့​တယ်။ သူ့​ရဲ့ သစ္စာ​ရှိ မှတ်​တမ်းဟာ ယေဟောဝါ​ရဲ့ မှတ်​ဉာဏ်​မှာ စွဲထင်​ကျန်ရစ်​ခဲ့​တယ်။—ဟေဗြဲ ၁၁:၃၂-၃၄

၁၄။ ဒါဝိဒ်​ရဲ့ ပုံ​သက်သေ​ကနေ ဘာ​သင်​ယူ​နိုင်​သလဲ။

၁၄ ဒါဝိဒ်​ရဲ့ ပုံ​သက်သေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ကြီးလေး​တဲ့​အပြစ် လုပ်​မိ​တဲ့​အခါ စိတ်​ရင်း​မှန်​နဲ့ နောင်တယူဖို့၊ ယေဟောဝါ​ရဲ့ ခွင့်လွှတ်မှု​ကို တောင်းခံ​ဖို့ လိုတယ်။ ဘုရားဆီ အပြစ်​တွေ​ကို ဝန်ချ​တောင်းပန်​ရမယ်။ (၁ ယော. ၁:၉) ဘုရားနဲ့ ဆက်ဆံရေး ပြန်​ကောင်း​လာ​အောင် ကူညီ​ပေး​နိုင်​တဲ့ အကြီး​အကဲ​တွေ​ဆီ ချဉ်း​ကပ်​ဖို့​လည်း လို​တယ်။ (ယာကုပ် ၅:၁၄–၁၆ ကိုဖတ်ပါ။) ယေဟောဝါ​ရဲ့ အစီ​အစဉ်​တွေ​အတိုင်း လုပ်​ဆောင်​ခြင်း​အား​ဖြင့် ခွင့်​လွှတ်​မယ်​ဆို​တဲ့​ကတိ​ကို ယုံကြည်​စိတ်ချ​ကြောင်း တင်ပြ​ကြ​တယ်။ အမှား​တွေ​ကနေ သင်​ယူပြီး ယေဟောဝါ​ရဲ့ အမှု​တော်​မှာ ယုံကြည်​စိတ်ချမှု​အပြည့်​နဲ့ ဆက်​ပါဝင်​နေ​သင့်တယ်။—ဟေဗြဲ​ ၁၂:၁၂၊ ၁၃

တခြားအခြေအနေတွေမှာ

ကျန်း​မာ​ရေး ပြဿနာ​များ (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ဟန္န​ဆီ​ကနေ ဘာ​သင်​ယူ​နိုင်​သလဲ။

၁၅ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပြီး သင့်တော်​သလို လုပ်​ဆောင်​ခဲ့တဲ့ တခြား​သစ္စာ​ရှိ ကျေးကျွန်​တွေ​အကြောင်း​လည်း စဉ်းစား​ကြည့်​နိုင်​တယ်။ ဥပမာ၊ ဟန္န​ဟာ ကလေး​မရ​နိုင်​တဲ့​ပြဿ​နာ​ကို ကိုယ့်​ဘာသာ​ကိုယ် မဖြေ​ရှင်း​နိုင်​ဘူး။ ဒါပေမဲ့ ယေဟောဝါ နှစ်သိမ့်​ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချ​ပြီး ဗိမာန်တော်​မှာ ဆက်​ဝတ်ပြု​ခဲ့​တယ်။ ရင်​ဖွင့်​ဆု​တောင်း​ခဲ့​တယ်။ (၁ ရာ. ၁:၉-၁၁) ကျွန်တော်​တို့​အတွက် ပုံ​သက်​သေ​ကောင်း မဟုတ်​လား။ ကျန်းမာရေး​ပြဿနာ၊ မဖြေရှင်း​နိုင်​တဲ့ တခြား​အခက်​အခဲ​တွေ ကြုံရ​တဲ့​အခါ စိုးရိမ်ပူပန်မှု​တွေ​ကို ယေဟောဝါ​ဆီ ပုံအပ်ထား​ပြီး ကိုယ်တော် ဂရုစိုက်​စောင့်​ရှောက်​ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချ​ကြတယ်။ (၁ ပေ. ၅:၆၊ ၇) ခရစ်ယာန် အစည်း​အဝေး​တွေ​နဲ့ တခြား​ပြင်​ဆင်​ပေး​မှု​တွေက​နေ အကျိုး​ရယူ​ဖို့ အတတ်နိုင်​ဆုံး ကြိုးစား​ကြတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

လမ်းလွဲ​သွား​တဲ့ သား​သမီး​များ (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ပရောဖက်​ရှမွေလ​ဆီ​ကနေ မိဘ​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၆ လမ်း​လွဲ​သွား​တဲ့ သား​သမီး​တွေ ရှိ​တဲ့ သစ္စာ​ရှိ မိဘ​တွေကော ဘယ်လို​လဲ။ ပရောဖက်ရှမွေလ​ဟာ သား​တွေ​ကို ဖြောင့်မတ်​တဲ့​စံ​နှုန်း​တွေ​အတိုင်း လိုက်​လျှောက်​ဖို့ အတင်း​အကျပ် မလုပ်​နိုင်​ခဲ့​ဘူး။ (၁ ရာ. ၈:၁-၃) ဒီကိစ္စ​ကို ယေဟောဝါ​လက်ထဲ​ပဲ ပုံ​အပ်​ခဲ့​ရတယ်။ ဒါတောင် ယေဟောဝါ​အပေါ် သစ္စာ​ရှိ​နိုင်​ခဲ့​ပြီး ​စိတ်​တော်​ကို ရွှင်​လန်း​စေ​နိုင်​ခဲ့​တယ်။ (သု. ၂၇:၁၁) ဒီ​နေ့​လည်း ခရစ်​ယာန်​မိဘ​များစွာ​ဟာ အလားတူ အခြေ​အနေ​မျိုး ကြုံ​နေ​ရ​တယ်။ သား​မိုက်​ပုံ​ဥပမာ​ထဲ​က ဖခင်​လိုပဲ ယေဟောဝါ​ဟာ နောင်တ​ယူ​တဲ့ အပြစ်​သား​တွေ​ကို ကြိုဆို​ဖို့ အမြဲ​စောင့်​ကြည့်​နေ​တယ်ဆိုတာ မိဘ​တွေ ယုံကြည်​စိတ်ချ​ကြ​တယ်။ (လု. ၁၅:၂၀) တစ်ချိန်​တည်း​မှာ မိမိတို့​ရဲ့ ပုံ​သက်သေ​က သားသမီး​တွေ ပြန်လှည့်​လာဖို့ လှုံ့ဆော်​ပေးမယ်လို့ မျှော်​လင့်​ရင်း ယေဟောဝါ​အပေါ် ဆက်​သစ္စာ​ရှိ​ဖို့ ကြိုးစား​ကြတယ်။

စီး​ပွား​ရေး​အခက်​အခဲ​များ (အပိုဒ် ၁၇ ကို​ကြည့်​ပါ)

၁၇။ ဆင်းရဲ​တဲ့​မုဆိုး​မ​ရဲ့ ပုံသက်သေ​က ဘာကြောင့် အားပေးမှု ဖြစ်​စေ​သလဲ။

၁၇ ယေရှု​ခေတ်​က ဆင်းရဲ​တဲ့​မုဆိုးမ​အကြောင်း စဉ်းစား​ကြည့်​ပါ။ (လုကာ ၂၁:၁–၄ ကိုဖတ်ပါ။) ဗိမာန်တော်​မှာ ဖြစ်​ပျက်​နေ​တဲ့ အကျင့်​ပျက်ခြ​စား​မှု​တွေ​ကို သူ​ဘာမှ မလုပ်​နိုင်​ဘူး။ (မ. ၂၁:၁၂၊ ၁၃) သူ့​ရဲ့ စီးပွားရေး​အခြေအနေ တိုး​တက်​အောင်​လည်း ဘာမှ မတတ်​နိုင်​ဘူး။ ဒါတောင် “အသက်​မွေး​ရန် ရှိသမျှ၊” “ဒင်္ဂါးငယ်​နှစ်ပြား” ကို လှူ​ဒါန်း​ခဲ့​တယ်။ ဘုရား​ရေးရာ​ကို ဦးစား​ပေး​ရင် ရုပ်​ပိုင်း​လိုအပ်​ရာတွေ​ကို ထောက်မ​ပေးမယ်​ဆိုတာ သိ​တဲ့​အတွက် ယေဟောဝါ​ကို အကြွင်းမဲ့ ယုံကြည်​ကိုးစား​ခဲ့​တယ်။ သူ့​ရဲ့ ယုံ​ကြည်​ကိုး​စား​မှု​က စစ်မှန်​တဲ့​ဝတ်ပြု​ရေး အစီ​အစဉ်​ကို ထောက်မ​ဖို့ လှုံ့​ဆော်​ခဲ့​တယ်။ အလားတူ​ပဲ ကျွန်တော်​တို့​လည်း ဘုရား​နိုင်ငံ​တော်​ကို ဦးစား​ထား​ရင် လို​အပ်​တာ​တွေ​ကို ယေဟောဝါ ပေးမယ်​ဆို​တာ ယုံကြည်​စိတ်​ချ​ကြ​တယ်။—မ. ၆:၃၃

၁၈။ မှန်ကန်​တဲ့​သဘောထား​ရှိတဲ့ ခေတ်​သစ်​ကျေး​ကျွန်​တစ်ယောက်​ရဲ့ ပုံ​သက်​သေ​ကို ပြော​ပြ​ပါ။

၁၈ ခေတ်​သစ်​ယုံကြည်​သူ​များစွာ​လည်း ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပြီး သင့်တော်​သလို လုပ်ဆောင်​နေ​ကြ​တယ်။ ၂၀၁၅ ခုနှစ်​မှာ သေဆုံး​တဲ့အထိ သစ္စာ​ရှိ​ခဲ့တဲ့ ညီအစ်ကို မာလ်ကမ်အကြောင်း သုံး​သပ်​ကြည့်​ပါ။ သူတို့​ဇနီး​မောင်နှံ​ဟာ ယေဟောဝါ​ကို အမှု​ဆောင်​ခဲ့​တဲ့ ဆယ်စု​နှစ်​တွေ​တစ်လျှောက် ဘဝ​အတက်​အကျ​တွေ​ကို ကြုံ​ခဲ့​ရ​တယ်။ “ကျွန်တော်​တို့​ဘဝ​မှာ ဘာတွေ​ဖြစ်​လာမယ်​ဆို​တာ ဘယ်တော့​မှ အတိ​အကျ မသိ​နိုင်​ဘူး။ တစ်ခါ​တလေ​မှာ မသေချာ​မရေရာ​တာ​တွေ၊ အခက်​အခဲ​တွေ​နဲ့ ကြုံတွေ့​ရ​နိုင်​တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အား​မကိုး​ဘဲ ကိုယ်တော့်​ကို မှီခို​အားကိုး​တဲ့​သူ​တွေ​ကို ယေဟောဝါ ကောင်းချီး​ပေး​တယ်” လို့ပြော​တယ်။ မာလ်ကမ် ဒီလို​အကြံ​ပေး​တယ်- “ယေဟောဝါ​ရဲ့ အမှု​တော်​မှာ ကြိုးကြိုး​စားစား လုပ်​ဆောင်​နိုင်​ဖို့၊ အောင်မြင်မှု​ရဖို့ ဆုတောင်း​ပါ။ လုပ်​နိုင်​တာ​ကို​ပဲ စဉ်း​စား​ပါ၊ မလုပ်​နိုင်တာ​ကို မစဉ်​စား​ပါနဲ့။” *

၁၉။ (က) ၂၀၁၇ ခုနှစ်​အတွက် နှစ်ချုပ်​ကျမ်းချက်​က ဘာကြောင့် သင့်​လျော်​သလဲ။ (ခ) ၂၀၁၇ ခုနှစ်​အတွက် နှစ်ချုပ်​ကျမ်းချက်​ကို သင့်​အသက်တာ​မှာ ဘယ်လို ကျင့်​သုံး​မလဲ။

၁၉ ဒီ​စနစ် “ဆိုး​သည်​ထက် ဆိုး​လာ” တာ​နဲ့​အမျှ အခက်​အခဲ​တွေ ပို​ပို​ကြုံ​ရ​ဖို့ မျှော်​လင့်​ထား​နိုင်​တယ်။ (၂ တိ. ၃:၁၊ ၁၃) ပို​အရေး​ကြီး​တာ​က အဲဒီ​အခက်​အခဲ​တွေ​ကြောင့် စိတ်ပျက်​လက်​ပျက် မဖြစ်​သွား​ဖို့​ပဲ။ အဲဒီ​အစား ကိုယ်​လုပ်​နိုင်​တဲ့ လုပ်သင့်​လုပ်​ထိုက်​တာ​ကို လုပ်​ဆောင်​ရင်း ယေဟောဝါ​ကို အခိုင်​အမာ ယုံကြည်​စိတ်ချ​ဖို့ လို​တယ်။ ‘ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပြီး ကောင်း​တာ​ကို လုပ်​ပါ’ ဆိုတဲ့ ၂၀၁၇ ခုနှစ်​အတွက် နှစ်ချုပ်​ကျမ်းချက်​က သင့်​လျော်​လှ​ပါ​တယ်။—ဆာ. ၃၇:၃ကဘ။

၂၀၁၇ ခုနှစ်​အတွက် နှစ်ချုပ်​ကျမ်း​ချက်– ‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ။ ကမ္ဘာပေါ်မှာ နေထိုင်ပြီး သစ္စာရှိရှိ ပြုမူပါ။’​–ဆာလံ ၃၇:၃ (ကဘ)

^ အပိုဒ်၊ 4 ဆာလံ ၃၇:၃ (ကဘ)– ‘ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကောင်းတာကို လုပ်ပါ။ ကမ္ဘာပေါ်မှာ နေထိုင်ပြီး သစ္စာရှိရှိ ပြုမူပါ။’