မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ဘုရားသခင့် မဟာကရုဏာကို နည်းလမ်းမျိုးစုံနဲ့ ခံစားခဲ့ရ

ဘုရားသခင့် မဟာကရုဏာကို နည်းလမ်းမျိုးစုံနဲ့ ခံစားခဲ့ရ

ဘုရားသခင်​ကို ကြောက်ရွံ့ရိုသေ​တဲ့​လူငယ် ကျွန်တော့်​အဖေ အာသာ​ဟာ မက်သဒစ် ဓမ္မဆရာ ဖြစ်ချင်​ခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာကျောင်းသား​တွေရဲ့ စာပေ​ကို ဖတ်​ပြီး သူတို့နဲ့ စတင်​ပေါင်းသင်း​လာတဲ့အခါ အ​ဖေ့​အစီအစဉ် ပြောင်း​သွားတယ်။ အသက် ၁၇ နှစ်အရွယ် ၁၉၁၄ ခုနှစ်မှာ နှစ်ခြင်းခံ​ခဲ့တယ်။ ပထမ​ကမ္ဘာစစ် ပြင်းထန်​လာ​တော့ စစ်မှုထမ်း​ဖို့ ဆင့်ခေါ်​ခံ​ရတယ်။ လက်နက်ကိုင်​ဖို့ ငြင်းဆန်​လို့ ကနေဒါနိုင်ငံ၊ အွန်​တာရီယို၊ ကင်​စ​တန် အကျ​ဉ်း​ထောင်​မှာ ထောင်ဒဏ် ဆယ်​လ ကျ​ခဲ့တယ်။ လွတ်​လာတဲ့အခါ ကော်​လ်​ပေါ်​တာ (ရှေ့ဆောင်) အဖြစ် အချိန်ပြည့်​အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။

၁၉၂၆ ခုနှစ်မှာ အာသာ​ဂက်စ်​ဟာ ဟေဇယ် ဝီလ်​ကင်​ဆန်နဲ့ လက်ထပ်​ခဲ့တယ်။ ဟေဇယ်​ရဲ့ အမေက ၁၉၀၈ ခုနှစ်မှာ အမှန်​တရား သိလာ​ခဲ့တယ်။ ကျွန်တော့်ကို ၁၉၃၁၊ ဧပြီ ၂၄ ရက်မှာ မွေးဖွား​ခဲ့တယ်။ သားသမီး​လေးယောက်​ထဲက ဒုတိယ​မြောက်​ပါ။​ ကျွန်တော်တို့​မိသားစု​ဟာ ယေဟောဝါရဲ့ ဝတ်ပြုရေး​ကို အဓိကထား​ခဲ့တယ်။ အဖေ​က ကျမ်းစာကို အလွန်​လေးမြတ်​ပြီး ဘဝတစ်လျှောက်လုံး ကျမ်းစာ​ရဲ့ ဆုံးမသွန်သင်​မှုကို ခံယူ​ခဲ့တယ်။ မိသားစု​လိုက် တစ်အိမ်တက်ဆင်း​လုပ်ငန်းမှာ ပုံမှန်​ပါဝင်​ခဲ့ကြတယ်။—တ. ၂၀:၂၀

အ​ဖေ့​လို ကြားနေခြင်း၊ ရှေ့ဆောင်​လုပ်ခြင်း

၁၉၃၉ ခုနှစ်မှာ ဒုတိယ​ကမ္ဘာစစ် စ​ဖြစ်ပြီး နောက်​တစ်​နှစ်မှာ ကနေဒါနိုင်ငံ​က ယေဟောဝါသက်သေများ​ရဲ့ လုပ်ငန်းကို ပိတ်ပင်​လိုက်တယ်။ ကျောင်း​တွေမှာ နိုင်ငံတော် အလေးပြု​ခြင်း၊ အမျိုးသား​သီချင်း သီဆိုခြင်း​အပါအဝင် မျိုးချစ်​အခမ်းအနား​တွေ ကျင်းပ​ကြ​တ​ယ်။ ဒီ​အချိန်​တွေမှာ ကျွန်တော်နဲ့ အစ်မ ဒေါ်ရသီ​ဟာ စာသင်​ခန်း​ထဲကနေ ထွက်သွား​လိုက်တယ်။ တစ်နေ့​တော့ ဆရာမ​က ကျွန်တော့်ကို င​ကြောက်​လို့ ခေါ်​ပြီး အရှက်ခွဲ​ခဲ့တယ်။ ကျောင်း​ဆင်း​တော့ အတန်းဖော်​အတော်များများ​က ကျွန်တော့်ကို ဝိုင်း​ရိုက်​ပြီး တွန်း​လှဲ​ခဲ့ကြတယ်။ တကယ်တော့ အဲ​ဒီ​တိုက်ခိုက်မှု​က “လူ​၏​စကား​ထက် ဘုရားသခင်၏​စကားကို နားထောင်” ရမယ်​ဆိုတဲ့ ကျွန်တော့်ရဲ့ စိတ်ပိုင်းဖြတ်​ချက်ကို ပို​ခိုင်မာ​စေခဲ့တယ်။—တ. ၅:၂၉

၁၉၄၂ ခုနှစ်၊ ဇူ​လို​င်​လ၊ အသက် ၁၁ နှစ်မှာ လယ်တော​ထဲက ရေ​စ​ည်​ထဲမှာ နှစ်ခြင်းခံ​ခဲ့တယ်။ နှစ်စဉ် ကျောင်း​ပိတ်​တဲ့အခါ​တွေမှာ အားလပ်​ရှေ့ဆောင် (အခု​အခေါ် အရန်ရှေ့ဆောင်) လုပ်​ခဲ့တယ်။ တစ်နှစ်​မှာတော့ အွန်​တာရီယို​မြောက်ပိုင်း​က မခန့်အပ်​ရ​သေး​တဲ့​ရပ်ကွက်​မှာ နေထိုင်တဲ့ သစ်​ခုတ်​သမား​တွေကို တခြား​ညီအစ်ကို သုံးယောက်​နဲ့အတူ သွား​သက်သေခံ​ခဲ့တယ်။

၁၉၄၉ ခုနှစ်၊ မေလ ၁ ရက်မှာ ကျွန်တော် မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ဌာနခွဲ ဆောက်လုပ်​နေတဲ့​အချိန်​မို့ ကူညီဖို့ ဖိတ်ခေါ်​ခံရပြီး ဒီဇင်ဘာ ၁ ရက်မှာ ကနေဒါ ဗေသလ မိသားစုဝင် ဖြစ်လာတယ်။ ပုံနှိပ်စက်​မှာ တာဝန်ရ​ပြီး ပုံနှိပ်စက်​ကို ကိုင်တွယ်​တတ်​လာတယ်။ သီတင်းပတ်​ပေါင်း​များစွာ ည​ဆိုင်း​တာဝန် ရခဲ့တယ်။ ကနေဒါ​နိုင်ငံမှာ ယေဟောဝါရဲ့ လူတွေ ကြုံတွေ့​ရတဲ့ ညှဉ်း​ပ​န်း​နှိပ်စက်မှု​အကြောင်း ဝေစာ​ကို ပုံနှိပ်​ခဲ့တယ်။

နောက်ပိုင်း လုပ်ငန်းတော်​ဌာန​မှာ တာဝန်​ကျတော့ ရှေ့ဆောင်​တွေကို လူတွေ့မေးမြန်း​ခဲ့တယ်။ သူတို့ဟာ ဆန့်ကျင်မှု ပြင်းထန်တဲ့ ကွီဘက်​ဒေသ​မှာ အမှုဆောင်ဖို့ သွား​ရင်း ဌာနခွဲ​ကို ဝင်​လည်ပတ်​ကြတာ​ဖြစ်တယ်။ အဲ​ဒီ​ထဲက တစ်ယောက်က​တော့ အယ်ဘာ​တာ​ပြည်နယ်၊ အက်​မွန်​တန်​က မေရီ ဇာ​ဇူ​လာ​ပါ။ မေရီ​နဲ့ အစ်ကို​ ဂျိုးဟာ ကျမ်းစာ ဆက်လေ့လာ​လို့ ဘာသာတရား ကိုင်းရှိုင်း​တဲ့ ဩသ​ဒေါ့​ဘာသာဝင် မိဘတွေက အိမ်​က​နေ မောင်းထုတ်လိုက်တယ်။ ၁၉၅၁ ခုနှစ်၊ ဇွန်လမှာ နှစ်ယောက်စလုံး နှစ်ခြင်းခံ​တ​ယ်။ နောက်​ခြောက်လ​အကြာ​မှာ ရှေ့ဆောင်​စ​လုပ်ကြတယ်။ လူတွေ့မေးမြန်း​ချိန်မှာ မေရီ​ရဲ့ ဘုရားရေးရာ​စိတ်ဓာတ်​ကို အထင်ကြီး​သွားတယ်။ “ဘာပြဿနာ​မှ ပေါ်​မလာ​ရင် သူ့ကို လက်ထပ်​မယ်” ပေါ့။ နောက်​ကိုးလ​အကြာ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်​နေ့​မှာ ကျွန်တော်တို့ လက်ထပ်​လိုက်တယ်။ နောက်တစ်ပတ်​ကြာ​တော့ တိုက်နယ်လုပ်ငန်း​အတွက် လေ့ကျင့်မှု ခံ​ယူဖို့ ဖိတ်ခေါ်​ခံ​ရတယ်။ နောက်​နှစ်နှစ်​အတွင်း အွန်​တာရီယို​မြောက်​ပိုင်းမှာ တိုက်နယ်​အဖြစ် အမှုဆောင်​ခဲ့ကြတယ်။

ကမ္ဘာ​တစ်ဝန်း​မှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်​လာ​လို့ သာသနာပြု​တွေ လိုအပ်​လာတယ်။ ကနေဒါ​ရဲ့ နှင်း​ခဲ​တဲ့​ဆောင်း​ဒဏ်​နဲ့ နွေရာသီ ခြင်​ဒဏ်​ကို ခံနိုင်​မယ်ဆိုရင် ဘယ်​တာဝန်​မျိုး​ကို​မဆို ထမ်းဆောင်​နိုင်မယ်​လို့ ထင်​ခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်၊ ဇူ​လို​င်​လ​မှာ ၂၇ ကြိမ်​မြောက် ဂိလဒ်သင်တန်း​ကျောင်း ဆင်း​ခဲ့ကြတယ်။ နိုဝင်ဘာလ​မှာ ဘရာဇီး​နိုင်ငံမှာ တာဝန်ကျ​တ​ယ်။

ဘရာဇီး​နိုင်ငံ​က သာသနာပြု​လုပ်ငန်း

ဘရာဇီး​ဌာနခွဲ​ကို ရောက်​တော့ ပေါ်တူဂီ​ဘာသာစကားကို စသင်​တ​ယ်။ အခြေခံ​စကားပြော​နည်း သင်ယူ​တ​ယ်။ တစ်​မိနစ်​ကြာ မဂ္ဂဇင်း​တင်ဆက်မှု​တွေကို အလွတ်ကျက်​တ​ယ်။ ပြီးတော့ အမှုဆောင် သွား​ကြ​တ​ယ်။ အိမ်ရှင် စိတ်ဝင်စား​တယ်ဆိုရင် ဘုရားနိုင်ငံ​တော်​မှာ ရရှိ​မယ့် အသက်တာအ​ကြောင်း ကျမ်းချက်တွေ ဖတ်​ပြဖို့ အကြံပြု​ကြ​တ​ယ်။ ပထမဆုံး​နေ့​မှာပဲ အမျိုးသမီး​တစ်ယောက် စိတ်ဝင်တစား နားထောင်​လို့ ဗျာဒိတ် ၂၁:၃၊ ၄ ကို ဖတ်ပြ​နေတုန်း သတိလစ်​သွားတယ်။ ပူလောင်အိုက်စပ်​တဲ့ ရာသီဥတုဒဏ်​နဲ့ ကျွန်တော် ကျင့်သား​မရ​သေး​ဘူး။ အဲဒါ ရှေ့​ဆက်​ရင်ဆိုင်​ရမယ့် အခက်အခဲ​ပဲ။

ကျွန်တော်တို့ က​မ်​ပို့စ်​မြို့မှာ တာဝန်ကျ​တ​ယ်။ အခု​ဆိုရင် အသင်း​တော် ၁၅ ခု​ရှိနေ​ပြီ။ ကျွန်တော်တို့ စ​ရောက်​တုန်းက အဲဒီမှာ သီးခြား​အုပ်စု​တစ်စု၊ ညီအစ်မ​လေးယောက် အက်စတာ ထ​ရေ​စီ၊ ရာ​မို​နာ ဘောင်​အာ၊ လွီ​ဇာ ရှ​ဗာ့၊ လော်ရိန်းဘ​ရု (အခု ဝေါလန်) တို့ နေထိုင်တဲ့ သာသနာပြု​အိမ် တစ်လုံး ရှိတယ်။ သာသနာပြု​အိမ်​မှာ လျှော်ဖွပ်​တာ၊ ချက်ပြုတ်​ဖို့ ထင်း​ရှာ​တာကို ကျွန်တော် တာဝန်ယူ​ရတယ်။ တ​နင်္လာ​နေ့​ည တစ်ည ကင်းမျှော်စင် သင်တန်း​ပြီးတော့ မမျှော်လင့်​တဲ့​ဧည့်သည် ရောက်​လာတယ်။ တစ်နေ့​တာ ဖြစ်ရပ်​တွေ ပြော​ရင်း ကျွန်တော့်​ဇနီး ဆို​ဖာ​ပေါ်မှာ လဲလျောင်း​နေတယ်။ ခေါင်း​ကြွ​ပြီး ထ​လိုက်​တဲ့အခါ မြွေ​တစ်ကောင် ထွက်​လာတယ်။ ဝရုန်းသုန်းကား ဖြစ်သွား​လိုက်တာ မြွေ​ကို​သတ်​လိုက်​မှ​ပဲ ပြီး​သွား​တော့​တ​ယ်။

ပေါ်တူဂီ​စကား တစ်နှစ်​ကြာ သင်ယူပြီး​နောက်မှာ တိုက်နယ်ကြီးကြပ်မှူး​အဖြစ် ခန့်အပ်ခံ​ရတယ်။ ကျေးလက်ဒေသ​မှာ ရိုးရိုးရှင်းရှင်း နေထိုင်​ကြ​တ​ယ်။ လျှပ်စစ်မီး မရှိ၊ ဖျာ​ပေါ်မှာ အိပ်၊ မြင်း​တွေ၊ လှည်း​တွေနဲ့ ခရီးသွား​ကြ​တ​ယ်။ ခန့်အပ်​မခံ​ရတဲ့ ရပ်ကွက်​တွေမှာ အမှုဆောင်​တဲ့အခါ တောင်ပေါ်မြို့​တွေကို ရထား​နဲ့ သွား​ကြ​တ​ယ်။ အဆောင်​ခန်း​ငှား​ပြီး နေကြတယ်။ အမှုဆောင်​မှာ ဝေငှ​ဖို့ ဌာနခွဲရုံး​က မဂ္ဂဇင်း ၈၀၀ ပို့​ပေးတယ်။ မဂ္ဂဇင်း​ပုံး​တွေ သယ်​ဖို့ စာတိုက်​နဲ့ နေတဲ့​အိမ်​ကို ခေါက်တုံ့ခေါက်ပြန် သွားခဲ့​ရတယ်။

၁၉၆၂ ခုနှစ်မှာ ဘရာဇီး​နိုင်ငံတစ်ဝန်း​မှာ ညီအစ်ကိုတွေ​နဲ့ သာသ​နာပြု ညီအစ်မ​တွေအတွက် နိုင်ငံတော်​ဓမ္မအမှု​သင်တန်း ကျင်းပ​ခဲ့တယ်။ ခြောက်လ​အတွင်း မေရီ​မပါဘဲ သင်တန်း​တစ်ခု​ပြီး​တစ်ခု သွားလာ​ခဲ့ရတယ်။ မာနော်၊ ဘေ​လဲ​မ်၊ ဖော်​တာ​လယ်​ဇာ၊ ရေ​စီ​ဖယ်၊ ဆာ​ဗေ​ဒေါ​မြို့​တွေမှာ သင်တန်း ပို့ချ​ခဲ့ရတယ်။ မာနော်​မြို့​က နာမည်ကျော် ပြဇာတ်ရုံ​မှာ ခရိုင်​အစည်းအဝေး​တစ်ခု စီစဉ်​ကျင်းပ​ခဲ့တယ်။ မိုး​သည်း​လွန်း​လို့ သောက်​ရေ​တွေ ညစ်ပတ်​ကုန်​တယ်။ အစည်းအဝေး​ကြီး​အတွင်း စားသောက်​ဖို့ နေရာ မရှိတော့​ဘူး။ (အဲဒီအချိန်​တုန်းက အစည်းအဝေး​ကြီး​မှာ စားစရာကျွေး​တယ်။) စစ်တပ်​နဲ့ ဆက်သွယ်​လိုက်​တော့ သဘော​ကောင်းတဲ့ အရာရှိ​တစ်ယောက်က သောက်​ရေ​တွေ ပို့ပေး​တဲ့အပြင် ချက်ပြုတ်​ကျွေးမွေး​ဖို့ တဲ​ကြီး​နှစ်လုံး ဆောက်​လုပ်ပေး​ခဲ့ကြတယ်။

ကျွန်တော် အဝေး​ရောက်​နေတုန်းမှာ ငွေ​ကိုပဲ စိတ်ဝင်စား​တဲ့ ပေါ်တူဂီ စီးပွားရေး​ရပ်ကွက်​တစ်ခုမှာ မေရီ သက်သေခံ​ခဲ့တယ်။ ဘယ်သူ​နဲ့​မှ ကျမ်းစာ​အကြောင်း ပြော​လို့​မ​ရတော့ ဗေသလအိမ်သား​တချို့ကို “ကမ္ဘာပေါ်မှာ ကျွန်မ မ​နေချင်​ဆုံး​နေရာ​က​တော့ ပေါ်တူဂီ​ပဲ” လို့ပြောခဲ့တယ်။ အံ့ဩစရာ​က​တော့ သိပ်​မကြာခင်​မှာပဲ ပေါ်တူဂီ​မှာ အမှုဆောင်ဖို့ စာ​ရတယ်။ အဲဒီအချိန်​တုန်းက ပေါ်တူဂီ​မှာ ဟောပြောခြင်း​လုပ်ငန်းကို ပိတ်ပင်​ထားတယ်။ မေရီ လန့်​သွားပေ​မဲ့ တာဝန်ကို လက်ခံ​လိုက်​ကြ​တ​ယ်။

ပေါ်တူဂီ​မှာ တာဝန်ထမ်းဆောင်​ခြင်း

၁၉၆၄ ခုနှစ်၊ ဩ​ဂုတ်​လ​မှာ ပေါ်တူဂီ​နိုင်ငံ လ​စ္စဘွန်းမြို့​ကိုရောက်​တ​ယ်။ ညီအစ်ကို​တွေဟာ ပေါ်တူဂီ​လျှို့ဝှက်​ရဲ​တွေရဲ့ အဓိက ပစ်မှတ်​ပဲ။ အဲဒါကြောင့် တိတ်တိတ်လေး သွားပြီး ဒေသ​ခံ သက်သေ​ခံ​တွေနဲ့ အဆက်အသွယ် မ​လုပ်တာ​က အကောင်းဆုံး​ပဲ။ တရားဝင်​နေထိုင်ခွင့် ရတဲ့​အထိ အဆောင်​မှာ ငှား​နေကြ​တယ်။ နေထိုင်​ခွင့် ရ​တဲ့အခါ တိုက်ခန်း​တစ်ခန်း ငှား​လိုက်တယ်။ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီ​လ​မှာ ဌာနခွဲရုံး​နဲ့ အဆက်အသွယ် ရခဲ့တယ်။ ငါးလ​အတွင်း ပထမဆုံးအကြိမ် အစည်းအဝေး တက်​ခဲ့ရ​လို့ သိပ်ပျော်​ခဲ့ကြတယ်။

ညီအစ်ကိုတွေ​ရဲ့ အိမ်​ကို ရဲ​တွေ နေ့တိုင်း ဝင်​စစ်​တ​ယ်။ နိုင်ငံတော်ခန်းမ​တွေ ပိတ်​လိုက်လို့ အစည်းအဝေးတွေကို အိမ်တွေမှာ ကျင်းပ​ကြ​တ​ယ်။ သက်သေခံ​ရာနဲ့ချီ စစ်ဆေးမေးမြန်း​ခံရဖို့ ရဲစခန်း​ကို ရောက်​ကြရတယ်။ အစည်းအဝေး​တွေ ဦးဆောင်​ကျင်းပ​ပေး​သူတွေ​ရဲ့ နာမ​ည်တွေ ထုတ်ပြော​ဖို့ ညီအစ်ကိုတွေ မတရား​နှိပ်စက်​ခံ​ခဲ့ကြတယ်။ ဒါကြောင့် ညီအစ်ကို​တွေဟာ နာမည်​ရင်းနဲ့ မဟုတ်ဘဲ ဇို​စီ၊ ပေါလု​စတဲ့​နာမည်​တွေနဲ့ ခေါ်​ပြောတဲ့​အကျင့် ရှိလာ​ခဲ့ကြတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ လုပ်ခဲ့​ရတယ်။

ကျွန်တော်တို့ရဲ့ ညီအစ်ကို​တွေကို ကျမ်းစာ​အကြောင်းအရာ​တွေပြင်ဆင်​ပေးဖို့​က ကျွန်တော်တို့ အလေးထား​ဆုံး​ပါပဲ။ မေရီ​ရဲ့ တာဝန်​က​တော့ ကင်းမျှော်စင် လေ့လာရန် ဆောင်းပါး​တွေနဲ့​ တခြား​စာစောင်​တွေကို လက်နှိပ်စက်​နဲ့ ရိုက်နှိပ်​ထုတ်ဝေ​ပေး​ရတယ်။

တရားရုံး​မှာ သတင်းကောင်းကို ခုခံကာကွယ်

၁၉၆၆ ခုနှစ်၊ ဇွန်လမှာ ထူးခြားတဲ့​အမှု လ​စ္စဘွန်း​မြို့မှာ ဖြစ်ခဲ့တယ်။ နေအိမ်​မှာ တရား​မဝင်​ကျင်းပတဲ့ အစည်းအဝေးတက်​လို့ ဖေဇူ​အသင်းတော်သား ၄၉ ယောက်​စလုံး တရားစွဲ​ခံ​ခဲ့ရတယ်။ ကျွန်တော်က အစိုးရ​ရှေ့နေ​လို မေးမြန်းစစ်ဆေး​ပြီး ပြင်ဆင်​ပေးတယ်။ အမှုၡုံး​မယ်​ဆိုတာ သိ​ပေ​မဲ့ သက်သေခံချက်​ကောင်း ဖြစ်​မယ်ဆို​တာကို သဘောပေါက်​ထားတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေ​က ပထမရာစု ဂါမလျေလ​ရဲ့ စကားကို ကိုးကား​ပြီး ရဲရဲဝံ့ဝံ့ ခုခံကာကွယ်​ပေးတယ်။ (တ. ၅:၃၃-၃၉) ဒီ​မှု​ခင်း​သတင်း​ကို အကြီးအကျယ် ပုံနှိပ်​ရတယ်။ ညီအစ်ကို/မ ၄၉ ယောက်​ဟာ ၄၅ ရက်​က​နေ ငါးလ​ခွဲ​အထိ ထောင်ဒဏ်​အသီးသီး ကျ​ခံ​ခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ရှေ့နေ​ဟာ ကျမ်းစာသင်အံမှု လက်ခံပြီး မသေ​ဆုံး​ခင်​အထိ အစည်းအဝေး​တွေ တက်ရောက်​ခဲ့တယ်။

၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာ​လ​မှာ ဌာနခွဲ​ကြီးကြပ်မှူး​အဖြစ် ခန့်အပ်ခံ​ရတယ်။ တရားရေး​ကိစ္စတွေ​အတွက် အချိန်​များစွာ ပေးခဲ့​ရတယ်။ ယေဟောဝါသက်သေများ လွတ်လပ်​စွာ ဝတ်ပြုခွင့်​အတွက် မှတ်တမ်းကောင်း ရရှိ​ခဲ့​ပါ​ပြီ။ (ဖိ. ၁:၇) ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ​လ ၁၈ ရက်မှာ တရားဝင် အသိအမှတ်ပြု​ခံ​ရတယ်။ ဌာနချုပ်​က နေသန်​နောရ်​နဲ့ ဖရက်​ဒ​ရ​စ် ဖ​ရ​န့်စ်​တို့ ပေါ်တူဂီ​ကို လာပြီး အော်ပို​တို​မြို့​နဲ့ လ​စ္စဘွန်း​မြို့မှာ ကျင်းပတဲ့ သမိုင်းဝင် အစည်းအဝေး​ကို တက်ရောက်​ခဲ့ကြတယ်။ တက်ရောက်သူ​ပေါင်း ၄၆,၈၇၀ ဦး​ရှိခဲ့တယ်။

ကိတ်​ဗာ​ဒီ၊ ဆော​တို​မီ​နှင့် ပ​ရင်​စီ​ပီ၊ မာ​ဒေ​ရာ၊ အ​ဇိုရီ​ကျွန်း အပါအဝင် ပေါ်တူဂီ​စကားပြော ကျွန်းများ​စွာ​မှာ လုပ်ငန်း​တိုးချဲ့​ဖို့ ယေဟောဝါ လမ်းဖွင့်​ပေးခဲ့တယ်။ လိုအပ်​နေတဲ့ ဌာနခွဲ​အဆောက်အဦ​ကြီး​ကို ၁၉၈၈ ခုနှစ်မှာ ရရှိ​ခဲ့တယ်။ အဲ​ဒီ​နှစ် ဧပြီလ ၂၃ ရက်မှာ ညီအစ်ကို မီ​လ်​တန် ဟင်ရှယ်​က အဆောက်အဦ​သစ် ဆက်ကပ်အပ်နှံပွဲ ကျင်းပ​ပေးခဲ့တယ်။ ၄၅,၅၂၂ ယောက် တက်ရောက်​ခဲ့တယ်။ ပေါ်တူဂီ​မှာ သာသနာပြု​အဖြစ် အမှုဆောင်​ခဲ့တဲ့ ညီအစ်ကို/မ​ အယောက် ၂၀ ဒီ​သမိုင်းဝင်​ဖြစ်ရပ်​အတွက် ပြန်လာ​နိုင်​ခဲ့တာ ဝမ်းသာစရာ​ပါပဲ။

သစ္စာရှိ​ပုံသက်သေ​တွေကနေ အကျိုးရ​ရှိ

နှစ်တွေ​တစ်လျှောက် သစ္စာရှိ ညီအစ်ကိုတွေ​နဲ့ ပေါင်းသင်းခြင်း​က​နေ ကျွန်တော်တို့ အကြီးအကျယ် အကျိုး​ရရှိ​ခဲ့ကြတယ်။ ဇုန်​လည်ပတ်​မှုမှာ ညီအစ်ကို သီ​အို​ဒေါ ဂျဲ​ရက်​စ်ကို ကူညီပေး​ရလို့ အဖိုးတန်​သင်ခန်းစာ ရခဲ့တယ်။ ကျွန်တော်တို့ လည်ပတ်​တဲ့​ဌာနခွဲ​မှာ ဆိုးရွား​တဲ့​အခြေအနေ ကြုံနေ​ရတယ်။ ဌာနခွဲကော်မတီ​ဝင်​တွေလည်း လုပ်​နိုင်တာ​မှန်သမျှ လုပ်​ပြီးပြီ။ သူတို့ကို စိတ်သက်သာ​စေဖို့ ညီအစ်ကို ဂျဲ​ရက်​စ်​က “အခု သန့်ရှင်းသော စွမ်းအား​တော်ကို အလုပ်လုပ်​ခွင့် ပေး​ရမယ့်​အချိန်​ပဲ” လို့ပြောခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်​များစွာ​တုန်းက ဘရွတ်ကလင်​ကို လည်ပတ်ချိန်​အတွင်း တစ်ည​နေ​မှာ ကျွန်တော်နဲ့ မေရီ​ဟာ ညီအစ်ကို ဖ​ရ​န့်စ်၊ တခြား​ညီအစ်ကို​အနည်းငယ်​နဲ့ ပေါင်းသင်းခွင့် ရခဲ့တယ်။ ယေဟောဝါရဲ့ လုပ်ငန်းတော်​မှာ ပါဝင်​ခဲ့တဲ့ နှစ်ပေါင်း​များစွာ​အကြောင်း တစ်ခုခု​ပြောပြီး ညနေခင်း​ကို နိဂုံးချုပ်​ပေးဖို့ တောင်းဆို​တဲ့အခါ ညီအစ်ကို ဖ​ရ​န့်စ် ဒီလိုပြောတယ်– “ကျွန်တော် ပြော​ချ​င်​တာ​က​တော့ ဘယ်​အခြေအနေ​မှာ​မဆို ယေဟောဝါရဲ့ မျက်မြင်ရ အဖွဲ့အစည်း​နဲ့ အနီးကပ်​နေ​ပါ။ ဘုရားနိုင်ငံတော်​သတင်း ဟောပြော​ပါ​လို့ တပည့်​တွေကို ယေရှု မိန့်မှာ​ခဲ့တဲ့ လုပ်ငန်းကို ဒီ​အဖွဲ့အစည်း​ပဲ လုပ်ဆောင်​နေတယ်။”

အဲ​ဒီအတိုင်း လုပ်ဆောင်​ခဲ့လို့ ကျွန်တော်တို့​ဇနီးမောင်နှံ တကယ်​ပျော်​ခဲ့ရတယ်။ ဇုန်​လည်ပတ်မှု​တွေကို အမှတ်ရနေ​တုန်းပဲ။ လူကြီးလူငယ်​တွေရဲ့ သစ္စာရှိ​မှုကို တန်ဖိုးထားကြောင်း ပြ​နိုင်​ဖို့၊ ယေဟော​ဝါ​ကို ဆက်​အမှုဆောင်​နိုင်အောင် အားပေးဖို့ ဒီ​လည်ပတ်မှု​တွေကနေ အခွင့်အရေး ရရှိ​ခဲ့တယ်။

နှစ်တွေ ကုန်လွန်​သွား​လိုက်တာ အခု ကျွန်တော်တို့​နှစ်ယောက်​လုံး အသက် ၈၀ ကျော်​နေ​ပြီ။ မေရီ ကျန်းမာရေး မကောင်း​တော့ဘူး။ (၂ ကော. ၁၂:၉) အခက်အခဲ​တွေ​က ယုံကြည်ခြင်း ခိုင်မာ​စေပြီး သမာဓိ​တည်ကြည်​မယ်​ဆိုတဲ့ စိတ်ပိုင်းဖြတ်​ချက်ကို ခိုင်ခံ့​စေခဲ့တယ်။ ဘဝနောက်ကြောင်း​ကို ပြန်တွေး​ကြည့်​လိုက်​တဲ့အခါ ယေဟောဝါရဲ့ မဟာကရုဏာ​ကို နည်းလမ်း​ပေါင်း​များစွာ​နဲ့ ခံစား​ခဲ့​ရတာ ဝန်ခံ​ရ​ပါမယ်။ *

^ စာပိုဒ်၊ 29 ဒီ​ဆောင်​ပါး​ကို ပြင်ဆင်​နေတုန်း ၂၀၁၅၊ အောက်​တို​ဘာ ၂၅ မှာ ဒေါက်​ဂ​လပ် ဂက်စ်​ဟာ ယေဟောဝါအပေါ် သစ္စာရှိ​စွာ သေဆုံးခဲ့တယ်။