မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိမိလူမျိုးကို ယေဟောဝါ ဦးဆောင်

မိမိလူမျိုးကို ယေဟောဝါ ဦးဆောင်

‘ယေဟောဝါက မင်း​တို့ကို အမြဲ​ဦးဆောင်​မယ်။’—ဟေ​ရှာ. ၅၈:၁၁ကဘ

သီချင်း– ၁၅၂၊ ၂၂

၁၊ ၂။ (က) ယေဟောဝါသက်သေ​တွေကို ဦးဆောင်​သူတွေနဲ့ တခြား​ဘာသာတရား​တွေရဲ့ ဦးဆောင်​သူတွေ ဘယ်လို ကွာခြား​သလဲ။ (ခ) ဒီဆောင်းပါး​နဲ့ နောက်​ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မလဲ။

“ခင်ဗျား​တို့ရဲ့ ခေါင်းဆောင် ဘယ်သူ​လဲ” ဆိုပြီး ယေဟောဝါသက်သေ​တွေကို မေး​တတ်ကြတယ်။ ဒါ အံ့ဩစရာ မဟုတ်ပါဘူး။ ဘာသာတရား​များစွာ​မှာ အမျိုးသား​က​ဖြစ်ဖြစ်၊ အမျိုးသမီး​က​ဖြစ်ဖြစ် ဦးစီး​ခေါင်းဆောင် လုပ်​ရတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်​ကတော့ မစုံလင်​တဲ့ လူသား​တစ်ယောက် မဟုတ်​ကြောင်း ဂုဏ်ယူ​စွာ ပြော​ကြ​တ​ယ်။ ခမည်းတော် ယေဟောဝါရဲ့ ဦးဆောင်မှု​နောက် လိုက်တဲ့၊ ရှင်ပြန်​ထမြောက်ပြီး​တဲ့ ခရစ်တော်ရဲ့ ဦးဆောင်မှု​နောက် ကျွန်တော်တို့ လိုက်​ကြ​တ​ယ်။—မ. ၂၃:၁၀

ဒါပေမဲ့ “သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်” အဖြစ် ဖွဲ့စည်းထားတဲ့ မျက်မြင်ရ အမျိုးသား​အုပ်စု​တစ်စု​က ဘုရား​လူမျိုး​ကို ဒီနေ့ ဦးဆောင်​ပေးနေတယ်။ (မ. ၂၄:၄၅) ဒါဆို​ရင် မမြင်​ရတဲ့ သားတော်​အားဖြင့် ယေဟောဝါ တကယ် ဦးဆောင်​နေမှန်း ဘယ်လို သိနိုင်​သလဲ။ ဒီဆောင်းပါး​နဲ့ နောက်​ဆောင်းပါးမှာ ဦး​ဆောင်ဖို့ လူတချို့ကို ယေဟောဝါ ဘယ်လို ညွှန်ကြားတယ်​ဆိုတာ လေ့လာဆန်းစစ်​သွား​ပါမယ်။ ဦးဆောင်​သူတွေ​ရဲ့ နောက်ကွယ်​မှာ ယေဟောဝါ တကယ်​ရှိခဲ့​ကြောင်း၊ ရှိနေ​ကြောင်း၊ ယေဟောဝါဟာ မိမိလူ​မျိုး​ကို အမှန်တကယ် ဦးဆောင်​သူ​ဖြစ်ကြောင်း အထောက်အထား သုံးခု​ကို ဆောင်းပါး​နှစ်ခုစလုံး​မှာ ဆွေးနွေးသုံးသပ်​သွား​ကြပါ​မယ်။—ဟေ​ရှာ. ၅၈:၁၁ကဘ။

သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေး

၃။ အစ္စရေးလူမျိုး​ကို ဦးဆောင်​နိုင်​ဖို့ မောရှေ​ကို ဘာက ခွန်အားပေး​ခဲ့​သလဲ။

သန့်ရှင်းသော စွမ်းအားတော်​က ဘုရား​ကိုယ်စားလှယ်​တွေကို ခွန်အား​ပေးတယ်။ အစ္စရေးလူမျိုး​ရဲ့ ခေါင်းဆောင်​အဖြစ် တာဝန်ပေးအပ်​ခံရတဲ့ မောရှေ​ကို သုံးသပ်ကြည့်ပါ။ အဲ​ဒီ​တာဝန်​ကြီး​ကို ထမ်းဆောင်​နိုင်​ဖို့ ဘာက ခွန်အားပေး​ခဲ့​သလဲ။ ယေဟောဝါက ‘သန့်ရှင်းသော စွမ်းအားတော်’ ပေးခဲ့တယ်။ (ဟေရှာယ ၆၃:၁၁-၁၄ ကိုဖတ်ပါ။) မောရှေ​ကို သန့်ရှင်းသော စွမ်းအားတော် ပေးခြင်း​အားဖြင့် မိမိလူ​မျိုး​ကို ယေဟောဝါ ဆက်​ဦးဆောင်​ခဲ့တယ်။

၄။ မောရှေ​အ​ပေါ်မှာ ဘုရားသခင့် စွမ်းအားတော် သက်ရောက်​ကြောင်း အစ္စရေးတွေ ဘယ်လို သိနိုင်​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

သန့်ရှင်းသော စွမ်းအား​တော်ကို မမြင်​ရတော့ မောရှေ​ပေါ်မှာ စွမ်းအားတော် သက်ရောက်​ကြောင်း အစ္စရေးတွေ ဘယ်လို သိနိုင်​သလဲ။ အံ့ဖွယ်အမှု​တွေ ပြု​လုပ်ဖို့၊ ဖာရော​ရှေ့မှာ ဘုရားနာမ​တော် ကြေညာ​ဖို့ သန့်ရှင်းသော စွမ်းအားတော်​က မောရှေ​ကို ခွန်အားပေး​ခဲ့တယ်။ (ထွ. ၇:၁-၃) အစ္စရေး​တွေကို ဦးဆောင်​နိုင်အောင် မေတ္တာ၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း​စတဲ့ အရည်အသွေး​ကောင်း​တွေကို မွေးမြူဖို့ ကူညီပေး​ခဲ့တယ်။ တခြား​တိုင်းပြည်​တွေ​က ခက်ထန်​ပြီး တစ်ကိုယ်ကောင်းဆန်​တဲ့ ခေါင်းဆောင်​တွေနဲ့ ကွာခြား​လိုက်​လေ​ခြင်း။ (ထွ. ၅:၂၊ ၆-၉) အထောက်အထား​က​တော့ ရှင်း​ပါတယ်– ယေဟောဝါဟာ မိမိလူမျိုးရဲ့ ခေါင်းဆောင်​အဖြစ် မောရှေ​ကို ရွေးချယ်ခဲ့တယ်။

၅။ မိမိလူ​မျိုး​ကို ဦး​ဆောင်ဖို့ အစ္စရေး​အမျိုးသား​တွေကို ယေဟောဝါ ဘယ်လို ခွန်အားပေး​ခဲ့​သလဲ။

နောက်ပိုင်းမှာ ယေဟောဝါက မိမိလူ​မျိုး​ကို ဦး​ဆောင်ဖို့ တခြား​အမျိုးသား​တွေကို သန့်ရှင်းသော စွမ်းအားတော် ပေးခဲ့တယ်။ ‘နု​န်​ရဲ့​သား ယောရှု​ဟာ [စွမ်းအားတော်​ပေးတဲ့] ဉာဏ်​ပညာ ပြည့်ဝ​တ​ယ်။’ (တရား. ၃၄:၉) ‘ယေဟောဝါရဲ့ စွမ်းအားတော်​က ဂိဒေါင်​အပေါ် သက်ရောက်’ တ​ယ်။ (သူကြီး. ၆:၃၄ကဘ) ‘ယေဟောဝါရဲ့ စွမ်းအားတော်​က ဒါဝိဒ်​ကို ခွန်အား​ပေးတယ်။’ (၁ ရာ. ၁၆:၁၃ကဘ) ဒီ​အမျိုးသား​တွေဟာ ဘုရားသခင့် စွမ်းအား​တော်ကို မှီခိုအားထား​ခဲ့ကြတယ်။ ကိုယ့်အစွမ်းအစ​နဲ့ မလုပ်ဆောင်​နိုင်တဲ့ ထူးခြားတဲ့​အမှု​တွေကို လုပ်ဆောင်​နိုင်​ဖို့ စွမ်းအားတော်​က ခွန်အားပေး​ခဲ့တယ်။ (ယောရှု ၁၁:၁၆၊ ၁၇။ သူကြီး. ၇:၇၊ ၂၂။ ၁ ရာ. ၁၇:၃၇၊ ၅၀) အဲ​ဒီ​အံ့ဖွယ်အမှု​တွေကြောင့် ယေဟောဝါကို တော်မှန်​စွာ ချီးမွမ်း​ဂုဏ်တင်​ခဲ့ကြတယ်။

၆။ အစ္စရေး ခေါင်းဆောင်​တွေကို ယေဟောဝါ ဘာကြောင့် လေးစား​စေချင်​သလဲ။

အဲ​ဒီ​အမျိုးသား​တွေကို သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေး​နေတယ်​ဆိုတဲ့ အထောက်အထား​ကို အစ္စရေးတွေ ဘယ်လို တုံ့ပြန်​သင့်သလဲ။ မောရှေ​ရဲ့ ဦးဆောင်​မှုကို လူတွေ​အပြစ်တင်​တဲ့အခါ ယေဟောဝါက “ဤ​လူမျိုး​သည် အ​ဘယ်​မျှ​ကာလပတ်​လုံး ငါ့ကို မရိုမသေ ပြု​ကြလိမ့်မည်​နည်း” လို့ မေးခဲ့တယ်။ (တော. ၁၄:၂၊ ၁၁) တကယ်တော့ မောရှေ၊ ယောရှု၊ ဂိဒေါင်၊ ဒါဝိဒ်​တို့ကို မိမိရဲ့​ကိုယ်စားလှယ် ခေါင်းဆောင်​အဖြစ် ယေဟောဝါ ရွေးချယ်​ခဲ့တာပါ။ အဲ​ဒီ​အမျိုးသား​တွေကို နာခံ​တာ​က ခေါင်းဆောင် ယေဟောဝါ​နောက် အမှန်တကယ် လိုက်နေ​တာပါ​ပဲ။

ကောင်းကင်တမန်များ ကူညီပေး

၇။ ကောင်းကင်​တမန်တွေ မောရှေ​ကို ဘယ်လို ကူညီပေး​ခဲ့ကြသလဲ။

ကောင်းကင်​တမန်တွေ​က ဘုရား​ကိုယ်စားလှယ်​တွေကို ကူညီပေး​ခဲ့တယ်။ (ဟေဗြဲ ၁:၇၊ ၁၄ ကိုဖတ်ပါ။) မောရှေ​ကို တာဝန်​ပေးဖို့၊ ကူညီဖို့၊ လမ်းညွှန်​ဖို့ ကောင်းကင်တမန်​တွေကို ယေဟောဝါ အသုံးပြု​ခဲ့တယ်။ “ချုံပုတ်​၌ ထင်ရှား​သော ကောင်းကင်တမန်​အားဖြင့် အုပ်ချုပ်သူ၊ ကယ်နုတ်​သူ​အဖြစ်” မောရှေ​ကို “ဘုရားသခင် စေလွှတ်” ခဲ့တယ်။ (တ. ၇:၃၅) အစ္စရေး​တွေကို လမ်းညွှန်​ဖို့ မောရှေ​ပညတ်​ကို “ကောင်းကင်တမန်များ​မှ​တစ်ဆင့် ပေးအပ်” ခဲ့တယ်။ (ဂ​လ. ၃:၁၉) “ငါ​မှာ​ထား​သော​အရပ်​သို့ သူတို့ကို ယခု သွား​၍ ပို့ဆောင်​လော့။ ငါ့​တမန်​သည် သင့်​ရှေ့မှာ သွား​လိမ့်မည်” လို့ ယေဟောဝါ ပြောခဲ့တယ်။ (ထွ. ၃၂:၃၄) ဒီ​တာဝန်တွေကို ကောင်းကင်​တမန်တွေ ထမ်းဆောင်​တာ အစ္စရေးတွေ မျက်စိ​နဲ့ မြင်ရ​တယ်လို့ ကျမ်းစာမှာ မဖော်ပြ​ထားဘူး။ ဒါပေမဲ့ လူတွေကို မောရှေ လမ်းပြညွှန်ကြား​ပုံ​ဟာ ကောင်းကင်တမန်​တွေရဲ့ အကူအညီ ရထား​မှန်း ထင်ရှား​ပါတယ်။

၈။ ယောရှု​နဲ့ ဟေဇကိ​ကို ကောင်းကင်​တမန်တွေ ဘယ်လို ကူညီပေး​ခဲ့ကြသလဲ။

မောရှေ​နေရာ ဆက်ခံသူ ယောရှု​ကို ‘ယေဟောဝါ​၏ ဗိုလ်ခြေ​ကို အုပ်စိုး​သော​ဗိုလ်မှူး’ က အားပေးခဲ့တယ်။ ခါနာန်​တွေကို တိုက်ခိုက်​တဲ့အခါ ဘုရား​လူမျိုး​ကို ဦး​ဆောင်ဖို့၊ အစ္စရေးတွေ အောင်ပွဲ​ခံဖို့ ကူညီပေး​ခဲ့တယ်။ (ယောရှု ၅:၁၃-၁၅။ ၆:၂၊ ၂၁) နောက်ပိုင်းမှာ ဘုရင် ဟေဇကိ​ဟာ ဂျေရုဆလင်မြို့​ကို ကျူးကျော်ထိပါး​မယ့် အဆီးရီးယား​စစ်တပ်​ကြီး​နဲ့ ရင်ဆိုင်​ခဲ့ရတယ်။ တစ်ည​တည်းမှာ​ပဲ ‘ယေဟောဝါ​၏ ကောင်းကင်တမန်​သည် ထွက်​၍ လူ​တစ်​သိ​န်း​ရှစ်​သော​င်း​ငါး​ထောင်​တို့ကို ဒဏ်ခတ်’ ခဲ့တယ်။—၄ ရာ. ၁၉:၃၅

၉။ ဘုရား ကိုယ်စားလှယ်​တွေ မစုံလင်​ကြပေမဲ့ အစ္စရေးတွေ ဘာ​လုပ်​ရ​မလဲ၊ ရှင်းပြပါ။

ကောင်းကင်​တမန်တွေ စုံလင်​ကြပေမဲ့ သူတို့​ကူညီပေး​နေတဲ့ လူ​တွေကတော့ မစုံလင်​ကြဘူး။ တစ်ခါ​က ယေဟောဝါကို ဂုဏ်တင်​ဖို့ မောရှေ ပျက်ကွက်​ခဲ့တယ်။ (တော. ၂၀:၁၂) ဂိဗောင်​လူမျိုး​နဲ့ ပဋိညာဉ် မ​ဖွဲ့​ခင် ဘုရားသခင့် လမ်းညွှန်မှု ရှာဖွေ​ဖို့ ယောရှု ပျက်ကွက်​ခဲ့တယ်။ (ယောရှု ၉:၁၄၊ ၁၅) ဟေဇကိ​ဟာ တစ်ခဏ​လောက် “စိတ်​ထောင်လွှား” ခဲ့တယ်။ (၆ ရာ. ၃၂:၂၅၊ ၂၆) ဒီလူတွေ မစုံလင်​ကြပေမဲ့ သူတို့ရဲ့ ဦးဆောင်မှု​နောက် အစ္စရေးတွေ လိုက်​ကြ​ရမယ်။ သူတို့ကို ကောင်းကင်​တမန်တွေ​အားဖြင့် ယေဟောဝါ ထောက်မကူညီ​ခဲ့တယ်။ မှန်ပါတယ်၊ မိမိလူ​မျိုး​ကို ယေဟောဝါ ဦးဆောင်​ခဲ့​ပါတယ်။

ဘုရား​စကားတော် လမ်းညွှန်ပေး

၁၀။ ဘုရားသခင့် ပညတ်တရား​က မောရှေ​ကို ဘယ်လို လမ်းညွှန်​ခဲ့​သလဲ။

၁၀ ဘုရား​စကားတော်​က ဘုရား​ကိုယ်စားလှယ်​တွေကို လမ်းညွှန်​ပေးတယ်။ အစ္စရေး​တွေကို ပေးအပ်​တဲ့ ပညတ်​ကို “မောရှေ​၏ ပညတ္တိကျမ်း” လို့ ကျမ်းစာမှာ ရည်​ညွှန်း​ထားတယ်။ (၃ ရာ. ၂:၄) ဒါပေမဲ့ ကျမ်းစာမှာ ယေဟောဝါကို ပညတ်ပေးရှင်​အဖြစ် ဖော်ပြထားပြီး မောရှေ​ကိုယ်တိုင် အဲ​ဒီ​ပညတ်​တရားကို နာခံ​ရတယ်။ (၆ ရာ. ၃၄:၁၄) တဲတော် တည်ဆောက်​ပုံကို ယေဟောဝါ ညွှန်ကြား​ပြီးတဲ့နောက် ‘ယေဟောဝါ မိန့်တော်မူ​သမျှ​အတိုင်း မောရှေ​ပြု’ လုပ်​ခဲ့တယ်။—ထွ. ၄၀:၁-၁၆

၁၁၊ ၁၂။ (က) ယောရှု​နဲ့ ဘုရား​လူမျိုး​ကို အုပ်ချုပ်​တဲ့​ဘုရင်တွေ ဘာ​လုပ်ခဲ့ကြ​ရသလဲ။ (ခ) ဘုရား​လူမျိုး​ကို ဦးဆောင်​သူတွေ​အပေါ် ဘုရား​စကားတော် ဘယ်လို အကျိုးသက်ရောက်​ခဲ့​သလဲ။

၁၁ ယောရှု ခေါင်းဆောင်​ဖြစ်လာ​တဲ့အချိန်မှာ ရေးသားထားတဲ့ ဘုရား​စကားတော် ကျမ်းစာ ရှိနေ​ပြီ။ ‘ထို​ပညတ္တိကျမ်းစာ​၌ ရေးထား​သမျှ​အတိုင်း ကျင့်​မည်​ဟု စောင့်ရှောက်ခြင်း​အ​လို့​ငှာ ကျမ်းစာကို နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်​ရမည်’ လို့ ယောရှု မိန့်မှာခံ​ရတယ်။ (ယောရှု ၁:၈) နောက်ပိုင်းမှာ ဘုရား​လူမျိုး​ကို အုပ်ချုပ်​တဲ့ ဘုရင်​တွေလည်း အဲ​ဒီအတိုင်း​ပဲ လုပ်ခဲ့ကြ​ရတယ်။ သူတို့​တစ်​တွေ ပညတ်​ကျမ်းကို နေ့တိုင်း ဖတ်​ရမယ်၊ ကူးရေး​ရမယ်၊ “ဤ​ပညတ်တရား စကားတော် အလုံးစုံ​တို့ကို ကျင့်​စောင့်” ရမယ်။တရားဟောရာ ၁၇:၁၈-၂၀ ကိုဖတ်ပါ။

၁၂ ဘုရား​စကားတော်​က ဦးဆောင်​သူတွေ​အပေါ် ဘယ်လို အကျိုးသက်ရောက်​ခဲ့​သလဲ။ ဘုရင်​ယောရှိ​အကြောင်း သုံးသပ်ကြည့်ပါ။ မောရှေ​ပညတ်​ပါ​ရှိတဲ့ မှတ်တမ်း​ကို တွေ့ရှိ​တဲ့အခါ ယောရှိ​ရဲ့ အတွင်းရေးမှူး​က ဖတ်ပြ​တ​ယ်။ * ဘုရင် ဘယ်လို တုံ့ပြန်​ခဲ့​သလဲ။ “ရှင်ဘုရင်​သည် ပညတ္တိကျမ်း​စကားကို ကြား​လျှင် မိမိ​အဝတ်​ကို ဆု​တ်” ခဲ့တယ်။ ဒါပေမဲ့ အဲ​ဒီထက်မက လုပ်ဆောင်​ခဲ့​ပါတယ်။ ဘုရား​စကားတော် လမ်းညွှန်မှု​အားဖြင့် ရုပ်တုကိုးကွယ်​မှုကို အင်တိုက်အားတိုက် ချေမှုန်း​ခဲ့​ပြီး အကြီးကျယ်ဆုံး ပသခါပွဲ​ကို ကျင်းပ​ခဲ့တယ်။ (၄ ရာ. ၂၂:၁၁။ ၂၃:၁-၂၃) ယောရှိ​နဲ့ တခြားသစ္စာရှိ​ခေါင်းဆောင်​တွေဟာ ဘုရား​စကားတော် လမ်းညွှန်မှု​ကြောင့် လိုလိုလားလား ပြုပြင်ပြောင်းလဲ​ကြရတယ်။ ဘုရား​လူမျိုး​ကို ရှင်းရှင်းလင်းလင်း ညွှန်ကြား​ပေး​ခဲ့ကြတယ်။ အဲ​ဒီအပြောင်းအလဲ​တွေ​က ဘုရားရဲ့ ရှေးခေတ်လူမျိုး​ကို အလိုတော်​နဲ့ ညီညွတ်​စေခဲ့တယ်။

၁၃။ ဘုရားသခင့်​လူမျိုး ခေါင်းဆောင်​တွေနဲ့ တိတ္ထိ​လူမျိုး​ခေါင်းဆောင်​တွေ ဘယ်လို ကွာခြား​သလဲ။

၁၃ ဒီ​သစ္စာရှိ​ဘုရင်​တွေဟာ အမြော်အမြင်​နည်း​တဲ့ လူ့ဉာဏ်​ပညာ​ရဲ့ လမ်းညွှန်​မှုကို ခံယူ​တဲ့ တခြား​လူမျိုး​ခေါင်းဆောင်​တွေနဲ့ ကွာခြား​လိုက်​လေ​ခြင်း။ ခါနာန်လူမျိုး ခေါင်းဆောင်​တွေ​အောက်မှာ လူတွေဟာ ရွံရှာဖွယ်​ရာ သွေး​နီး​ချင်း အိမ်ထောင်ပြုခြင်း၊ လိင်​တူ​ဆက်ဆံခြင်း၊ တိရစ္ဆာန်နဲ့ ကာ​မ​စပ်ယှက်​ခြင်း၊ ကလေးတွေကို ပူဇော်ခြင်း၊ ရုပ်တုကိုးကွယ်​ခြင်းတို့ကို ပြု​လုပ်ကြတယ်။ (ဝတ်. ၁၈:၆၊ ၂၁-၂၅) ဒီ့​အပြင် ဗာဗုလုန်​နဲ့ အီဂျစ်​ခေါင်းဆောင်​တွေဟာ အစ္စရေးလူမျိုး​ကို ဘုရား​ပေး​ခဲ့တဲ့ တစ်ကိုယ်ရေ​သန့်ရှင်းမှု ပညတ်​တွေကို မလိုက်နာ​ကြဘူး။ (တော. ၁၉:၁၃) ဘုရားရဲ့ ရှေးခေတ်လူမျိုး​တွေကတော့ ဝတ်ပြုရေး၊ စာရိတ္တ​ရေး၊ ကာယရေး​မှာ သန့်ရှင်း​ဖို့ သစ္စာရှိ​ခေါင်းဆောင်​တွေ လုပ်ဆောင်ကြ​ပုံကို မြင်တွေ့ကြရတယ်။ ယေဟောဝါ သူတို့ကို ဦးဆောင်​နေမှန်း ထင်ရှား​ပါတယ်။

၁၄။ ခေါင်းဆောင်​တချို့ကို ယေဟောဝါ ဘာကြောင့် ဆုံးမ​ခဲ့ရ​သလဲ။

၁၄ ရှေးခေတ် ဘုရား​လူမျိုး​ကို အုပ်ချုပ်​တဲ့​ဘုရင်​အားလုံး ဘုရား​လမ်းညွှန်ချက်​တွေကို လိုက်လျှောက်​ကြတာ​တော့ မဟုတ်ဘူး။ ယေဟောဝါကို မ​နာခံတဲ့​သူတွေက ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်၊ ကောင်းကင်​တမန်တွေ၊ ဘုရား​စကားတော် လမ်းပြ​မှုကို လက်မခံ​ကြဘူး။ အခြေအနေတချို့​မှာ ယေဟောဝါက အဲ​ဒီ​ခေါင်းဆောင်​တွေကို ဆုံးမ​ခဲ့ရတယ်၊ အစားထိုး​ခဲ့ရတယ်။ (၁ ရာ. ၁၃:၁၃၊ ၁၄) အချိန်တန်​တဲ့အခါ လူတွေ​ထက် သာလွန်​တဲ့၊ စုံလင်​တဲ့ ခေါင်းဆောင်​တစ်ဦးကို ခန့်အပ်​ပါလိမ့်မယ်။

စုံလင်​တဲ့ ခေါင်းဆောင်​တစ်ဦးကို ယေဟောဝါ ခန့်အပ်

၁၅။ (က) ထူးခြားတဲ့ ခေါင်းဆောင်​တစ်ယောက် ပေါ်လာ​မယ်လို့ ပရောဖက်​တွေ ဘယ်လို ဟော​ခဲ့ကြသလဲ။ (ခ) ကြိုဟော​ထားတဲ့ ခေါင်းဆောင်​က ဘယ်သူ​လဲ။

၁၅ မိမိလူ​မျိုး​အတွက် တကယ်​ထူးခြားတဲ့၊ အရည်အချင်း​ရှိတဲ့ ခေါင်းဆောင်​ကို ခန့်အပ်​မယ်လို့ ရာစုနှစ်​များစွာ ယေဟောဝါ ကြိုဟော​ခဲ့တယ်။ ‘သင်၏​ဘုရားသခင် ယေဟောဝါ​သည် သင်၏​အမျိုးသားချင်း​တို့​အထဲ​၌ ငါ​နှင့်​တူသော ပရောဖက်​တစ်ပါး​ကို သင့်​အဖို့ ပေါ်ထွန်း​စေတော်မူ​မည်။ ထို​ပရောဖက်​၏​စကားကို နားထောင်​ရမည်’ လို့ အစ္စရေး​တွေကို မောရှေ ပြောခဲ့တယ်။ (တရား. ၁၈:၁၅) သူဟာ ‘ခေါင်းဆောင်၊ အမိန့်ပေး​သူ’ ဖြစ်လာမယ်​လို့ ဟေရှာယ ကြိုဟော​ခဲ့တယ်။ (ဟေ​ရှာ. ၅၅:၄ကဘ) ရောက်လာ​မယ့် ‘ခေါင်းဆောင်​မေရှိယ’ အကြောင်း ရေးသား​ဖို့ ဒံယေလ လှုံ့ဆော်ခံ​ရတယ်။ (ဒံ. ၉:၂၅ကဘ) နောက်ဆုံးမှာ ယေရှုခရစ်​က ကိုယ့်ကိုယ်ကိုယ် ဘုရား​လူမျိုးရဲ့ “ခေါင်းဆောင်” အဖြစ် ဖော်ပြ​ခဲ့တယ်။ (မဿဲ ၂၃:၁၀ ကိုဖတ်ပါ။) ယေရှု​နောက်​ကို တပည့်​တွေ လိုလိုလားလား လိုက်​ခဲ့ကြတယ်။ ယေဟောဝါ ရွေးချယ်ထားသူ ဖြစ်ကြောင်း အခိုင်အမာ ဆို​ခဲ့ကြတယ်။ (ယော. ၆:၆၈၊ ၆၉) မိမိလူ​မျိုး​ကို ယေရှုခရစ်​ကတစ်ဆင့် ယေဟောဝါ ဦးဆောင်​တယ်လို့ ဘာကြောင့် သူတို့​ယုံကြည်စိတ်ချ​ခဲ့ကြသလဲ။

၁၆။ ယေရှုကို သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေး​ကြောင်း ဘာက သက်သေပြ​သလဲ။

၁၆ ​သန့်ရှင်းသော စွမ်းအားတော်​က ယေရှုကို ခွန်အားပေး​ခဲ့တယ်။ ယေရှု နှစ်ခြင်းခံ​ချိန်မှာ “ကောင်းကင်​ပွင့်လျက် စွမ်းအားတော်​သည် ချိုးငှက်​ကဲ့သို့ ဆင်းသက်” တာကို နှစ်ခြင်း​ဆရာ ယောဟန် မြင်တွေ့​ခဲ့တယ်။ အဲဒီနောက် ‘စွမ်းအားတော်​သည် ယေရှုကို တော​သို့ ထွက်သွား​စေ’ တ​ယ်။ (မာ. ၁:၁၀-၁၂) ယေရှု မြေကြီး​ပေါ် အမှုဆောင်ချိန်​တစ်လျှောက်​မှာ အံ့ဖွယ်အမှု​တွေ ပြု​လုပ်ဖို့၊ အခွင့်အာဏာ​ရှိရှိ ဟောပြော​ဖို့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်​က ခွန်အားပေး​ခဲ့တယ်။ (တ. ၁၀:၃၈) အဲဒီအပြင် မေတ္တာ၊ ရွှင်လန်းမှု၊ ခိုင်မာ​တဲ့ ယုံကြည်ခြင်း အပါအဝင် စုံလင်​တဲ့ အရည်အသွေး​တွေကို ယေရှု တင်​ပြဖို့ သန့်ရှင်းသော စွမ်းအားတော်​က ကူညီပေး​ခဲ့တယ်။ (ယော. ၁၅:၉။ ဟေဗြဲ ၁၂:၂) ဘယ်​ခေါင်းဆောင်​ကမှ ဒီလို​ယုံကြည်စိတ်ချ​ရတဲ့ အထောက်အထား​မျိုး မပြ​နိုင်ကြဘူး။ ယေရှုဟာ ယေဟောဝါ ရွေးချယ်ထားသူ​ပါပဲ။

ယေရှု နှစ်ခြင်းခံပြီးတဲ့အချိန်မှာ ကောင်းကင်တမန်တွေ ဘယ်လို ကူညီပေးခဲ့ကြသလဲ (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ ယေရှုကို ကူညီဖို့ ကောင်းကင်​တမန်တွေ ဘာ​လုပ်ခဲ့ကြ​သလဲ။

၁၇ ကောင်းကင်​တမန်တွေ ယေရှုကို ကူညီပေး​ခဲ့ကြတယ်။ ယေရှု နှစ်ခြင်းခံ​ပြီး​တာနဲ့ ‘ကောင်းကင်တမန်များ ရောက်လာ​၍ ပြုစု​ကြ’ တ​ယ်။ (မ. ၄:၁၁) မသေ​ဆုံး​ခင်​မှာလည်း ‘ကောင်းကင်တမန်​တစ်ပါး ထင်ရှား​လာပြီး အားပေး’ ခဲ့တယ်။ (လု. ၂၂:၄၃) ဘုရားအလိုတော် ပြီးမြောက်​ဖို့ လိုအပ်တဲ့​အခါတိုင်း ကောင်းကင်တမန်​ကို ယေဟောဝါ စေလွှတ်​မယ်​ဆိုတာ ယေရှု ယုံကြည်​တ​ယ်။—မ. ၂၆:၅၃

၁၈၊ ၁၉။ ယေရှုရဲ့ ဘဝနဲ့ သွန်သင်​မှုမှာ ဘုရား​စကားတော် ဘယ်လို လမ်းညွှန်​ခဲ့​သလဲ။

၁၈ ဘုရား​စကားတော်​က ယေရှုကို လမ်းညွှန်​ပေးတယ်။ အမှုဆောင်လုပ်ငန်း စ​တာနဲ့ ကျမ်းစာ​ရဲ့ လမ်းညွှန်မှု ခံယူ​ခဲ့တယ်။ (မ. ၄:၄) ဒုက္ခ​သစ်တိုင်​မှာ အသေခံ​တဲ့အထိ ဘုရား​စကား​တော်ကို နာခံခဲ့တယ်။ မသေ​ဆုံး​ခင် ပြောခဲ့တဲ့ နောက်ဆုံး​စကား​တွေမှာ မေရှိယ ပရောဖက်ပြုချက်​နဲ့​ဆိုင်တဲ့ စကား​တွေ ပါဝင်တယ်။ (မ. ၂၇:၄၆။ လု. ၂၃:၄၆) အဲဒီအချိန်​တုန်းက ဘာသာရေးခေါင်းဆောင်​တွေကတော့ ကိုယ်ပိုင်​ထုံးတမ်း​စဉ်​လာ​တွေနဲ့ ဆန့်ကျင်​တယ်ဆိုရင် ဘုရား​စကား​တော်ကို ပစ်ပယ်​လိုက်​ကြ​တ​ယ်။ ပရောဖက် ဟေရှာယ​စကားကို ကိုးကား​ပြီး သူတို့​အကြောင်း ယေရှု ဒီလို​ပြောခဲ့တယ်– “ဤ​လူမျိုး​သည် နှုတ်​ဖြင့်​သာ ငါ့ကို ရိုသေ​ကြ၏။ သူတို့၏​စိတ်နှလုံး​မူ​ကား ငါ​နှင့် ဝေး​လှ​၏။ သူတို့သည် လူတို့​၏​အယူဝါဒ​များကို သွန်သင်​သောကြောင့် ငါ့ကို ကိုးကွယ်​နေခြင်း​မှာ အချည်းနှီး​သာ​ဖြစ်၏။” (မ. ၁၅:၇-၉) မိမိလူ​မျိုး​ကို ဦး​ဆောင်ဖို့ ဒီလို​လူတွေကို ယေဟောဝါ ရွေးချယ်​ပါ့​မလား။

၁၉ ယေရှုဟာ လုပ်ရပ်​မှာ​သာမက သွန်သင်ချက်​မှာပါ ဘုရား​စကားတော်​ရဲ့ လမ်းညွှန်မှု ခံယူ​ခဲ့တယ်။ ဘာသာရေး အငြင်းပွားမှု​တွေ ကြုံရ​တဲ့အခါ ကိုယ်ပိုင်ဉာဏ်​ပညာ၊ အတွေ့အကြုံ​ကို အားမကိုး​ခဲ့ဘူး။ ကျမ်းစာကို​ပဲ စွဲကိုင်​ခဲ့တယ်။ (မ. ၂၂:၃၃-၄၀) သူ့ရဲ့ ကောင်းကင်​အသက်တာ အတွေ့အကြုံ​တွေ၊ စကြဝဠာ ဖန်ဆင်းခြင်း​အကြောင်း​တွေ ပြောပြီး ပရိသတ်​တွေကို ဆွဲဆောင်​မယ့်အစား “ကျမ်းစာ​၏​အနက်​ကို အပြည့်အဝ နားလည်စေ​ရန် သူတို့၏​အသိဉာဏ်​ကို ဖွင့်” ပေးခဲ့တယ်။ (လု. ၂၄:၃၂၊ ၄၅) ယေရှုဟာ ဘုရား​စကား​တော်ကို နှစ်သက်မြတ်နိုး​ပြီး တခြားသူတွေကို ပြောပြဖို့ စိတ်အားထက်သန်​ခဲ့တယ်။

၂၀။ (က) ဘုရားသခင်​ကို ယေရှု ဘယ်လို ဂုဏ်တင်​ခဲ့​သလဲ။ (ခ) ယေရှုနဲ့ ဟေရုဒ် အ​ဂရိ​ပ္ပ​မင်း ဘယ်လို ကွာခြား​သလဲ။

၂၀ “နှစ်​လို့​ဖွယ် နှုတ်တော်ထွက်​စကား” ကြောင့် ယေရှုကို လူတွေ အံ့ဩ​ချီးမွမ်း​ကြပေမဲ့ ယေရှုက​တော့ မိမိရဲ့​ဆရာ ယေဟောဝါကို​ပဲ ဂုဏ်တင်​ခဲ့တယ်။ (လု. ၄:၂၂) လူ​ချမ်းသာ​တစ်ယောက်က ယေရှုကို “ကောင်းမြတ်​သော​ဆရာ” လို့ ချီးမွမ်း​ခဲ့​ပေ​မဲ့ ယေရှုက​တော့ “ငါ့ကို ကောင်းမြတ်​သောသူ​ဟု အဘယ်ကြောင့် ခေါ်​သနည်း။ ဘုရားသခင်​မှတစ်ပါး ကောင်းမြတ်​သောသူ တစ်စုံ​တစ်ဦး​မျှ မရှိ” လို့ နှိမ့်ချ​စွာ ပြန်ပြော​ခဲ့တယ်။ (မာ. ၁၀:၁၇၊ ၁၈) နောက်​ရှစ်နှစ်​လောက်​အကြာ​မှာ ယုဒပြည်​ရဲ့ ခေါင်းဆောင်၊ ဘုရင် ဖြစ်​လာတဲ့ ဟေရုဒ် အဂရိပ္ပ​မင်း​နဲ့ ကွာခြား​လိုက်​လေ​ခြင်း။ သံတ​မန် အစည်းအဝေး​တစ်ခုမှာ ဟေရုဒ်​ဟာ “မင်းမြောက်တန်ဆာ” ဝတ်ဆင်​ထားတယ်။ သူ့ကို ကြည်ညိုလေးစား​တဲ့​လူအုပ်​က “ဤ​အသံ​သည် လူ​၏​အသံ မဟုတ်၊ ဘုရား၏​အသံ ဖြစ်​သည်” လို့​ကြွေးကြော်​ကြ​တ​ယ်။ ချီးမွမ်း​ခံရ​တာကို ဟေရုဒ် သဘောကျ​ခဲ့တယ်။ သူ ဘာဖြစ်​သွား​သလဲ။ “ဘုရား​သခင်၏ ဘုန်း​တော်ကို မ​ချီးမွမ်း​သောကြောင့် ယေဟောဝါဘုရား​၏ ကောင်းကင်တမန်​က ချက်ချင်း ဒဏ်ခတ်​သဖြင့် ပိုးစား​၍ ကွယ်လွန်” ခဲ့တယ်။ (တ. ၁၂:၂၁-၂၃) မှန်မှန်ကန်ကန် ရှုမြင်​တတ်တဲ့ လေ့လာသူ​တွေကတော့ ဟေရုဒ်​ကို ခေါင်းဆောင်​အဖြစ် ယေဟောဝါ မရွေး​ချယ်​ဘူးလို့ ကောက်ချက်ချ​မှာပဲ။ ယေရှုက​တော့ ဘုရားသခင် ခန့်အပ်​ထားသူ​ဖြစ်ကြောင်း ယုံကြည်စိတ်ချ​ရတဲ့ အထောက်အထား တင်ပြ​ခဲ့တယ်။ ယေဟောဝါကို မိမိလူမျိုးရဲ့ အကြီးမြတ်ဆုံး ခေါင်းဆောင်​အဖြစ် အမြဲတမ်း ဂုဏ်တင်​ခဲ့တယ်။

၂၁။ နောက်​ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်​ကြ​မလဲ။

၂၁ ယေရှုရဲ့ ခေါင်းဆောင်မှု​ဟာ နှစ်​အနည်းငယ်​အတွက်​ပဲ မဟုတ်ဘူး။ ရှင်ပြန်ထမြောက်​ပြီးနောက်​မှာ “ကောင်းကင်​နှင့် မြေကြီး​ပေါ်ရှိ အခွင့်အာဏာ​ရှိ​သမျှကို ငါ့အား အပ်နှင်း​ထား​ပြီ။ . . . ငါ​သည်လည်း ဤ​လောကစနစ် နိဂုံးပိုင်း​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်မပြတ် ရှိသည်” လို့ပြောခဲ့တယ်။ (မ. ၂၈:၁၈-၂၀) ဒါပေမဲ့ ကောင်းကင်မှာ မမြင်နိုင်​တဲ့​နာမ်​ဝိညာဉ်​သား ယေရှုက မြေကြီး​ပေါ်မှာ​ရှိတဲ့ ဘုရား​လူမျိုး​ကို ဘယ်လို ဦးဆောင်​မလဲ။ ယေရှုရဲ့ ဦးဆောင်မှု​အောက်မှာ လုပ်​ဆောင်ဖို့၊ မိမိလူ​မျိုး​ကို ဦး​ဆောင်ဖို့ ဘယ်​သူ့ကို ယေဟောဝါ အသုံးပြု​မလဲ။ ဘုရားရဲ့ ကိုယ်စားလှယ်​တွေကို ခရစ်ယာန်တွေ ဘယ်လို ခွဲခြားသိမြင်​နိုင်မလဲ။ နောက်​ဆောင်းပါးမှာ ဒီမေးခွန်း​တွေရဲ့ အဖြေကို ဆွေးနွေးသုံးသပ်​ကြပါ​မယ်။

^ စာပိုဒ်၊ 12 ဒီ​မှတ်​တမ်းဟာ မောရှေ​ရေး​ခဲ့တဲ့ မူရင်း​မှတ်တမ်း ဖြစ်နိုင်တယ်။