မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက’ မှန်ကန်တာကို အမြဲလုပ်ဆောင်

‘မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက’ မှန်ကန်တာကို အမြဲလုပ်ဆောင်

‘ဘုရားသခင်​ဟာ ကျောက်ဆောင်​ပဲ။ လုပ်ဆောင်​သမျှ ပြီးပြည့်စုံ​တ​ယ်။ နည်းလမ်းတော်​တွေ တရားမျှတ​တ​ယ်။’—တရား. ၃၂:၄ကဘ။

သီချင်း– ၁၁၂၊ ၈၉

၁။ ယေဟောဝါရဲ့ တရားမျှတ​မှုကို ယုံကြည်စိတ်ချ​ကြောင်း အာဗြဟံ ဘယ်လို ဖော်ပြ​ခဲ့​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

‘မြေတစ်ပြင်လုံး​ရဲ့ တရားသူကြီး​က မှန်ကန်​တာ​ကိုပဲ လုပ်​မှာပါ။’ (က. ၁၈:၂၅ကဘ) သော​ဒုံ​နဲ့ ဂေါ​မော​ရ​မြို့​ကိစ္စ​မှာ ယေဟောဝါ အပြည့်အဝ တရားမျှတ​မယ်လို့ အာဗြဟံ ယုံကြည်စိတ်ချ​ကြောင်း အဲ​ဒီ​စကား​တွေ​က ဖော်ပြတယ်။ ‘လူကောင်း​တွေကို လူဆိုး​တွေနဲ့​ရော​ပြီး ဖျက်ဆီး’ ခြင်းအားဖြင့် ယေဟောဝါ ဘယ်တော့မှ မတရား​လုပ်​မှာ မဟုတ်​ကြောင်း အာဗြဟံ ‘အသေအချာ’ ယုံကြည်​တ​ယ်။ နှစ်ပေါင်း ၄၀၀ လောက်​ကြာ​ပြီးနောက် မိမိ​ကိုယ်တိုင်​နဲ့ပတ်သက်ပြီး ‘ဘုရားသခင်​ဟာ ကျောက်ဆောင်​ပဲ။ လုပ်ဆောင်​သမျှ ပြီးပြည့်စုံ​တ​ယ်။ နည်းလမ်းတော်​တွေ တရားမျှတ​တ​ယ်။ သစ္စာ​ရှိတဲ့ဘုရား၊ မတရားမှု​ကင်း​တဲ့​ဘုရား၊ ဖြောင့်မတ်၊ မှန်ကန်တဲ့​ဘုရား​ပဲ’ လို့ ယေဟောဝါ ပြောတယ်။—တရား. ၃၁:၁၉။ ၃၂:၄ကဘ။

၂။ ယေဟောဝါ မတရား မလုပ်​ဘူးလို့ ဘာကြောင့် ပြောနိုင်​သလဲ။

ယေဟောဝါ အမြဲ ဖြောင့်မတ်​စွာ တရားစီရင်​မယ်လို့ အာဗြဟံ ဘာကြောင့် ယုံကြည်စိတ်ချ​နိုင်သလဲ။ ယေဟောဝါဟာ တရားမျှတမှု၊ ဖြောင့်မတ်မှု​ဆိုင်ရာ အကြီးမြတ်ဆုံး စံနမူနာရှင် ဖြစ်လို့​ပဲ။ ဟီဘရူး​ကျမ်းစောင်​တွေမှာ “တရားမျှတမှု၊” “ဖြောင့်မတ်မှု” လို့ပြန်ဆို​ထားတဲ့ စကားလုံး​တွေကို တွဲ​သုံး​လေ့ရှိတယ်။ အဲ​ဒီ​စကားလုံး​နှစ်လုံး​ဟာ ကွာခြားချက် မရှိဘူး။ ယေဟောဝါဟာ အကြွင်းမဲ့ ဖြောင့်မတ်​တဲ့အတွက် အမြဲ တရားမျှတ​စွာ စီရင်ဆုံးဖြတ်​ပါလိမ့်မယ်။ ဘုရားသခင်​က “ဖြောင့်မတ်​စွာ ကျင့်​ခြင်း​နှင့် တရား​သဖြင့်​စီရင်ခြင်း​ကို နှစ်သက်” တယ်လို့​လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာ. ၃၃:၅

၃။ ဒီနေ့ လောကမှာ ဖြစ်​နေတဲ့ မတရားမှု နမူနာ​တစ်ခု ဖော်ပြ​ပါ။

လောကမှာ မတရားမှု ပြည့်နေ​တဲ့အတွက် ယေဟော​ဝါ အမြဲ တရားမျှတ​မှန်း သိရတဲ့အခါ စိတ်ရင်းမှန်​သူတွေ နှစ်သိမ့်မှု ရရှိ​ကြ​တ​ယ်။ တစ်ခါ​တစ်ခါ လူတွေဟာ မတရား​မှု​ရဲ့ သားကောင်​တွေ ဖြစ်ကြ​ရတယ်။ ဥပမာ၊ လူ​တချို့ဟာ မတရား​သဖြင့် စီရင်ချက်ချ​ခံရပြီး ထောင်ချ​ခံ​ရတယ်။ ကိုယ်တိုင် မကျူးလွန်​တဲ့​ပြစ်မှု​အတွက် ဆယ်စုနှစ်​များစွာ ထောင်ကျ​ပြီးမှ မျိုးရိုးဗီဇ (DNA) စစ်​ချက်​ကြောင့်​သာ ပြန်​လွတ်​လာ​တာမျိုး​လည်း ရှိတယ်။ အဲဒီ​လို မတရား​ထောင်ချ​ခံရ​လို့ စိတ်ပျက်၊ ဒေါသထွက်​ကြရတယ်။ ခရစ်ယာန်​တွေကတော့ ပို​ခံရခက်​တဲ့ မတရားမှု​မျိုး ကြုံရ​နိုင်တယ်။

အသင်းတော်​ထဲမှာ

၄။ ခရစ်ယာန်​တစ်ယောက်​ရဲ့ ယုံကြည်ခြင်း ဘယ်လို စမ်းသပ်ခံရ​နိုင်သလဲ။

ခရစ်ယာန်​အသင်းတော်​ပြင်ပ​မှာ မတရားမှု​တချို့ ကြုံရ​မယ်လို့ ခရစ်ယာန်တွေ မျှော်လင့်​ထားကြ​တ​ယ်။ ဒါပေ​မဲ့ မတရား​ပုံ​ရတဲ့​အရာတွေ​ကို အသင်းတော်​ထဲမှာ မြင်ရ၊ ကြုံရ​တဲ့အခါ ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်နိုင်တယ်။ အသင်းတော်​မှာ​ဖြစ်စေ၊ ညီအစ်ကို/မတွေ​နဲ့​ဆက်ဆံ​ရာမှာ​ဖြစ်စေ မတရားမှု​တချို့ ကြုံရ​တဲ့အခါ သင်​ဘယ်လို တုံ့ပြန်​မလဲ။ တိုက်မိ​လဲသွား​မလား။

၅။ အသင်းတော်​ထဲမှာ မတရားမှု မြင်ရ၊ ကြုံရ​တဲ့အခါ ခရစ်ယာန်​တစ်ယောက် ဘာကြောင့် မအံ့ဩ​သင့်သလဲ။

ကျွန်တော်တို့အားလုံး မစုံလင်​လို့ အပြစ်ပြု​တတ်ကြ​တဲ့အတွက် အသင်းတော်​ထဲမှာ ကိုယ်တိုင် မတရားမှု ကြုံရ​နိုင်သလို ကိုယ့်​ကြောင့်​လည်း တခြားသူတွေ မတရားမှု ကြုံရ​နိုင်​ကြောင်း နားလည်​ထားကြ​တ​ယ်။ (၁ ယော.​ ၁:၈) အဲဒီလို ဖြစ်​ခဲ​ပေ​မဲ့ မတရားမှု ကြုံရ​တဲ့အခါ သစ္စာရှိ ခရစ်ယာန်တွေ မအံ့ဩ​ကြဘူး၊ တိုက်မိ​မလဲ​ကြဘူး။ ယုံကြည်သူချင်းတွေ​ကြောင့် မတရားမှု ကြုံရ​ရင်တောင် သမာဓိ ဆက်​တည်ကြည်​စေဖို့ လက်တွေ့ကျ အကြံ​ဉာဏ်​တွေကို ကျမ်းစာမှာ ယေဟောဝါ ဖော်ပြ​ပေးထားတယ်။—ဆာ. ၅၅:၁၂-၁၄

၆၊ ၇။ အသင်းတော်​မှာ ညီအစ်ကို​တစ်ယောက် ဘယ်လို မတရားမှု ကြုံခဲ့​ရသလဲ။ မှန်မှန်ကန်ကန် ဖြေရှင်း​နိုင်အောင် ဘယ်အရည်အသွေးတွေ​က ကူညီပေးခဲ့သလဲ။

ညီအစ်ကို ဝီလီ​ဒေးလ်​အကြောင်း သုံးသပ်ကြည့်ပါ။ ၁၉၃၁ ခုနှစ်​ကစပြီး ညီအစ်ကို ဒေးလ်ဟာ ဆွစ်​ဇာ​လန်​နိုင်ငံ၊​ ဘန်း​မြို့ ဗေသလ​မှာ သစ္စာရှိရှိ အမှုဆောင်​ခဲ့တယ်။ ၁၉၄၆ ခုနှစ်မှာ အမေရိကန်​နိုင်ငံ၊ နယူးယောက်​မြို့မှာ ရှစ်​ကြိမ်​မြောက် ဂိလဒ်သင်တန်း တက်ရောက်​ခဲ့တယ်။ သင်တန်းဆင်း​ပြီးနောက် ဆွစ်​ဇာ​လ​န်​နိုင်ငံ၊ တိုက်နယ်​လုပ်ငန်းမှာ တာဝန်ပေး​ခံ​ရတယ်။ “အိမ်ထောင်ပြု​ဖို့ အစီအစဉ်​ရှိကြောင်း ဘန်း​မြို့ ဌာနချုပ်​ကို ၁၉၄၉၊ မေလ​မှာ အကြောင်းကြား​ခဲ့တယ်” လို့ သူ့ရဲ့​ဘဝအတ္ထုပ္ပတ္တိ​မှာ ဖော်ပြထားတယ်။ ဘန်း​မြို့​ရုံး​က ဘယ်လို အကြောင်း​ပြန်​သလဲ။ “မှန်မှန်ရှေ့ဆောင်​ကလွဲလို့ တခြား​အခွင့်အရေး မရဘူး” လို့ပြောတယ်။ “ကျွန်တော် ဟောပြောချက်​တွေ ပေး​ခွင့်​မရ​တော့ဘူး။ . . . ကျွန်တော်​တို့ကို ညီအစ်ကို/မတွေ နှုတ်​မ​ဆက်​ကြ​တော့ဘူး။ နှင်ထုတ်​ခံရသူ​တွေလို ဆက်ဆံ​ကြ​တ​ယ်” လို့ ညီအစ်ကို ဒေးလ် ပြောပြတယ်။

ဒီ​အခြေအနေတွေကို ညီအစ်ကို ဒေးလ် ဘယ်လို ကိုင်တွယ်​ခဲ့​သလဲ။ “အိမ်ထောင်ပြု​တာဟာ ကျမ်းစာနဲ့ မညီ​တဲ့ကိစ္စ မဟုတ်မှန်း သိထား​လို့ ဆုတောင်းပြီး အားယူ​ခဲ့တယ်။ ယေဟောဝါကို ကျွန်တော်တို့ ယုံကြည်ကိုးစား​ခဲ့တယ်။” နောက်ပိုင်း လက်ထပ်​ထိမ်းမြားခြင်း​ဆိုင်ရာ အမြင်မှား​ကို တည့်မတ်ပေး​ခဲ့​ပြီး ညီအစ်ကို ဒေးလ်​လည်း​ လုပ်ငန်းတော် အခွင့်အရေး​တွေ ပြန်​ရရှိ​ခဲ့တယ်။ သူ့ရဲ့ သစ္စာစောင့်သိ​မှုကို ယေဟောဝါ ဆုချ​ခဲ့တယ်။ * ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးသင့်တယ်– ‘မတရားမှု ကြုံရ​ချိန်မှာ အလားတူ ဘုရားရေးရာ​အမြင်​မျိုး ရှိ​မလား။ ယေဟောဝါကို စိတ်ရှည်ရှည် စောင့်ဆိုင်း​မလား။ ကိုယ့်ဘာသာကိုယ် ဖြေရှင်း​လိုက်​မလား။’—သု. ၁၁:၂။ မိက္ခာ ၇:၇ ကိုဖတ်ပါ။ *

၈။ ကိုယ်တိုင်​ဖြစ်စေ၊ တခြားတစ်​ယောက်​ဖြစ်စေ မတရားမှု ကြုံနေ​ရတယ်​လို့ ဘာကြောင့် တလွဲယူဆ​မိ​နိုင်သလဲ။

ကိုယ်တိုင်​ဖြစ်စေ၊ အသင်းတော်မှာရှိတဲ့ တခြားတစ်​ယောက်​ဖြစ်စေ မတရားမှု ကြုံနေ​ရတယ်​လို့ တလွဲယူဆ​မိ​နိုင်တယ်။ မစုံလင်​တဲ့​အမြင်​ကြောင့်၊ အချက်အလက်​အားလုံးကို မသိ​တဲ့အတွက်​ကြောင့် အဲဒီလို ဖြစ်နိုင်တယ်။ ကိစ္စရပ်​တွေ​အပေါ် ကိုယ့်​နားလည်မှု မှန်​သည်​ဖြစ်စေ၊ မှား​သည်​ဖြစ်စေ ယေဟောဝါကို ဆုတောင်း​အားကိုး​တာ၊ သစ္စာစောင့်သိ​တာ​က ‘ယေဟောဝါကို စိတ်ဆိုး’ မိ​တာမျိုး မဖြစ်အောင် ကာကွယ်​ပေးပါ​လိမ့်မယ်။သုတ္တံ ၁၉:၃ ကိုဖတ်ပါ။ *

၉။ ဒီဆောင်းပါး​နဲ့ နောက်​ဆောင်းပါးမှာ ဘယ်​နမူနာ​တွေ ဆွေးနွေးသုံးသပ်​ကြ​မလဲ။

ကျမ်းစာ​ခေတ်​က ယေဟောဝါရဲ့ လူမျိုးအလယ်​မှာ ဖြစ်​ခဲ့တဲ့ မတရားမှု နမူနာ​သုံးခု​ကို သုံးသပ်ကြည့်​ကြစို့။ ဒီဆောင်းပါးမှာ အာဗြဟံ​ရဲ့ မြစ် ယောသပ်​အကြောင်း​ ဆွေးနွေးပါမယ်။ နောက်​ဆောင်းပါးမှာ အစ္စရေး​ဘုရင် အာဟပ်​နဲ့ ယေဟောဝါ ဆက်ဆံပုံ၊ ဆီးရီး​ယား​ပြည်၊ အန္တိအုတ်​မြို့မှာ တမန်တော် ပေတရု​ရဲ့ ဖြစ်ရပ်​တို့​အကြောင်း ဆွေးနွေးပါမယ်။ ဒီ​နမူနာ​တွေကို ဆွေးနွေး​ရင်း မတရားမှု ကြုံနေ​ရတယ်​လို့ ယူဆ​တဲ့အခါ ဘုရားရေးရာ​ကို အာရုံစိုက်​နေဖို့၊ ယေဟောဝါနဲ့ ဆက်ဆံရေးကို ဆက်​ထိန်းသိမ်း​ထား​ဖို့ ကူညီပေးမယ့် သင်ခန်းစာ​တွေကို ရှာဖွေ​ကြပါ​မယ်။

မတရားမှု​ရဲ့ သားကောင် ယောသပ်

၁၀၊ ၁၁။ (က) ဘယ်​မတရားမှုကို ယောသပ် ကြုံခဲ့​ရသလဲ။ (ခ) ထောင်​ထဲမှာ ယောသပ် ဘာ​အခွင့်အရေး ရခဲ့​သလဲ။

၁၀ ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန် ယောသပ်​ဟာ အပြင်လူ​တွေကြောင့်​သာမက အစ်ကို​တွေကြောင့်​ပါ မတရားမှု ကြုံခဲ့​ရတယ်။ ဆယ်ကျော်သက် နှောင်းပိုင်း​အရွယ်မှာ အစ်ကို​တွေ​က ယောသပ်​ကို ကျွန်​အဖြစ် ရောင်းစား​ခဲ့တဲ့​အတွက် အလို​မတူဘဲ အီဂျစ်ပြည်​ကို ရောက်​သွားခဲ့​ရတယ်။ (က. ၃၇:၂၃-၂၈။ ၄၂:၂၁) တိုင်းတစ်ပါး​မှာ ခဏ​နေ​ပြီးနောက် မုဒိမ်း​ကျင့်​ဖို့ ကြံစည်​တယ်လို့ မတရား စွပ်စွဲ​ခံရပြီး စုံစမ်း​စစ်ဆေးမှု မလုပ်ဘဲ ထောင်ချ​ခံ​ရတယ်။ (က. ၃၉:၁၇-၂၀) ကျွန်​နဲ့ ထောင်သား​အဖြစ် ၁၃ နှစ်လောက် ဒုက္ခခံ​ခဲ့ရတယ်။ ယုံကြည်သူချင်းတွေ​ကြောင့် မတရားမှု ကြုံနေ​ရ​ရင် ယောသပ်​ရဲ့ တွေ့ကြုံမှု​က​နေ ဘာသင်ယူနိုင်သလဲ။

၁၁ ယောသပ်​ဟာ မိမိရဲ့​အဖြစ်​ကို ထောင်သား​တစ်ယောက်​ဆီ ပြောပြ​ခွင့် ရခဲ့တယ်။ အဲ​ဒီ​ထောင်သား​ကတော့ ဘုရင့် ဖလားတော်ဝန် ဖြစ်ခဲ့​ဖူး​သူ​ပါ။ အတူ​ထောင်​ကျနေ​ချိန်​အတွင်း ဖလားတော်ဝန်​ရဲ့ အိပ်မက်​ကို ယောသပ် အနက်​ပြန်ပေး​ခဲ့တယ်။ ဖာရော​ရဲ့​နန်းတော်​မှာ ဖလားတော်ဝန် နဂို​ရာထူး​ပြန်​ရမယ်လို့ ယောသပ် ရှင်းပြ​တ​ယ်။ တစ်ချိန်​တည်းမှာ မိမိ​အခြေအနေကို​ပါ ထည့်​ပြောခဲ့တယ်။ ယောသပ် ပြောခဲ့​တာတွေ​ရော၊ မပြော​ခဲ့တာ​တွေကနေ​ပါ အဖိုးတန် သင်ခန်းစာ​တွေ သင်ယူနိုင်​ပါတယ်။​—က. ၄၀:၅-၁၃

၁၂၊ ၁၃။ (က) ယောသပ်​ဟာ အခြေအနေကို ဘာမှ​မလုပ်ဘဲ ငြိမ်ခံ​မနေ​ကြောင်း ဘာက​ဖော်ပြသလဲ။ (ခ) ဖလားတော်ဝန်​နဲ့ စကားပြော​ချိန်မှာ ဘယ်​အသေးစိတ် အချက်အလက်​ကို ယောသပ် ချန်​ခဲ့​သလဲ။

၁၂ ကမ္ဘာဦး ၄၀:၁၄၊ ၁၅ ကိုဖတ်ပါ။ မိမိ​ကို “ခိုးယူ” တယ်လို့ ယောသပ်​ပြော​ခဲ့တာ သတိပြု​ပါ။ မတရား​ခံ​ခဲ့ရ​မှန်း ထင်ရှားတယ်။ အပြစ်​မရှိဘဲ ထောင်ချ​ခံရ​တာပါ​လို့လည်း အခိုင်အမာ ပြောခဲ့​သေးတယ်။ ဒါကြောင့် ထောင်​က​လွတ်​အော​င် ဖာရော​ဆီ ပြော​ပေးဖို့ ဖလားတော်ဝန်​ကို တောင်းဆို​ခဲ့တယ်။

၁၃ ယောသပ်​ဟာ အခြေအနေကို ဘာမှ​မလုပ်ဘဲ ငြိမ်ခံ​နေ​သလား။ မဟုတ်ပါဘူး။ မတရား​ခံ​နေရမှန်း ကောင်းကောင်း သိထား​တဲ့အတွက် ကူညီပေး​နိုင်မယ့် အနေအထား​ရှိသူ ဖလားတော်ဝန်​ဆီ ရှင်းပြ​ခဲ့တယ်။ ဒါပေမဲ့ အစ်ကို​တွေကို ပြန်ပေးသမား​တွေအဖြစ် တစ်ယောက်ယောက်​ဆီ ပြောခဲ့တယ်​ဆိုတဲ့ ကျမ်းစာမှတ်တမ်း မရှိဘူး။ ဖာရော​ကို​တောင် မပြော​ပြခဲ့​ဘူး။ ဒါကြောင့် အီဂျစ်ပြည်​ကို အစ်ကို​တွေ ရောက်လာပြီး ယောသပ်​နဲ့ ပြန်သင့်မြတ်​ချိန်မှာ သူတို့ကို ဖာရော ကြိုဆို​ခဲ့တယ်။ အီဂျစ်​မှာ နေထိုင်ပါ၊ ‘တစ်ပြည်လုံး​မှာရှိတဲ့ အကောင်းဆုံး​အရာတွေ​ကို’ ပေးမယ်လို့ ကမ်းလှမ်း​ခဲ့တယ်။—က. ၄၅:၁၆-၂၀

အတင်းအဖျင်း ပြောဆိုခြင်း​က ပြဿနာ​ကို ဆိုး​စေနိုင် (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ အသင်းတော်​မှာ မတရားမှု ကြုံနေ​ရ​ရင်တောင် အတင်းအဖျင်း မပြော​မိအောင် ဘာက ကာကွယ်​ပေး​မလဲ။

၁၄ ခရစ်ယာန်​တစ်ယောက်​ဟာ မတရားမှု ကြုံနေ​ရတယ်​လို့ ယူဆ​တဲ့အခါ အတင်းအဖျင်း မပြော​မိ​ဖို့ သတိပြု​ရမယ်။ အသင်းတော်​ထဲမှာ တစ်ယောက်ယောက် ကြီးလေး​တဲ့​အပြစ် ကျူးလွန်​ထား​ရင် အကြီးအကဲတွေ​ဆီကနေ အကူအညီ တောင်း​သင့်တယ်။ အကြီးအကဲ​တွေကို အသိပေး​သင့်တယ်။ (ဝတ်. ၅:၁) ဒါပေမဲ့ ကြီးလေး​တဲ့ မှားယွင်းမှု မဟုတ်​ရင်​တော့ တခြားသူတွေ၊ အကြီးအကဲတွေ​တောင် မပါဝင်​စေ​ဘဲ ပြဿနာ​ကို ဖြေရှင်း​နိုင်တယ်။ (မဿဲ ၅:၂၃၊ ၂၄ နဲ့ ၁၈:၁၅ တို့ကို ဖတ်ပါ။) အဲ​ဒီကိစ္စ​တွေကို ကျမ်းစာမူ​တွေနဲ့​အညီ သစ္စာရှိရှိ ကိုင်တွယ်ဖြေရှင်း​ကြပါစို့။ တချို့​ကိစ္စ​တွေမှာ မတရားမှု ကြုံ​ရတာ မဟုတ်မှန်း နောက်ဆုံး​မှ သိလာ​တာမျိုး ဖြစ်နိုင်တယ်။ အဲဒီအခါ ခရစ်ယာန်ချင်း​တစ်ယောက်​အကြောင်း မဟုတ်မမှန် ပြောပြီး အခြေအနေ ပိုဆိုး​အော​င် မလုပ်​ခဲ့လို့ ကျေးဇူးတင်​နေ​ပါလိမ့်မယ်။ ကိုယ်​မှန်​သည်​ဖြစ်စေ၊ မှား​သည်​ဖြစ်စေ ထိခိုက်​နစ်နာ​စေတဲ့​စကားက အခြေအနေကို ပို​ကောင်း​မလာ​စေ​ကြောင်း သတိရပါ။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို သစ္စာစောင့်သိခြင်း​က အဲဒီလို​အမှား​မျိုး မလုပ်​မိအောင် ကာကွယ်​ပေးပါ​လိမ့်မယ်။ ‘အမှား​ကင်း​အော​င် နေတဲ့​သူ’ ဟာ ‘သူတစ်ပါး​အကြောင်း သွား​ပုပ်​လေလွင့် မပြောဘူး။ လူ​လူ​ချင်း​အပေါ် မကောင်းတာ ဘာမှ​မလုပ်​ဘူး။ မိတ်ဆွေတွေ​အကြောင်း​ မကောင်း​သတင်း မ​လွှင့်​တတ်​ဘူး’ လို့ ဆာလံဆရာ ပြောတယ်။—ဆာ. ၁၅:၂၊ ၃ကဘ။ ယာ. ၃:၅

အရေးကြီးဆုံး ဆက်ဆံရေးကို သတိရပါ

၁၅။ ယောသပ်​ဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း​ကြောင့် ဘာ​ကောင်းချီး ရခဲ့​သလဲ။

၁၅ ယောသပ်​နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး​က​နေ ပို​အရေးကြီးတဲ့ သင်ခန်းစာ တွေ့ရတယ်။ ဒုက္ခရောက်​ခဲ့တဲ့ ၁၃ နှစ်​အတွင်း ယောသပ်​ဟာ ကိစ္စရပ်​တွေကို ယေဟောဝါ ရှုမြင်​သလို ရှုမြင်​ခဲ့တယ်။ (က. ၄၅:၅-၈) မိမိ​အခြေအနေ​အတွက် ယေဟောဝါကို လုံးဝ အပြစ်မတင်​ခဲ့ဘူး။ ကြုံခဲ့​ရတဲ့ မတရားမှုကို မမေ့​ပေ​မဲ့ နာကြည်း​မနေ​ခဲ့ဘူး။ အရေးကြီးဆုံး​က​တော့ တခြားသူတွေရဲ့ မစုံလင်မှု​တွေ၊ အမှားတွေ​ကြောင့် ယေဟောဝါနဲ့ ဝေးကွာ​ခွင့် မပြု​ခဲ့ဘူး။ ယောသပ်​ဟာ သစ္စာစောင့်သိမှု​ကြောင့် မတရားမှုတွေကို ယေ​ဟော​ဝါ တည့်မတ်​ပေးတာ၊ မိမိ​နဲ့ မိသားစု​အပေါ် ကောင်းချီး​ပေးတာကို မြင်တွေ့ခွင့်ရခဲ့တယ်။

၁၆။ အသင်းတော်​မှာ မတရားမှု ကြုံနေ​ရ​ရင်တောင် ယေဟောဝါနဲ့ ပို​ရင်းနှီး​လာအောင် ဘာကြောင့် လုပ်ဆောင်​သင့်သလဲ။

၁၆ ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာ​ကို တန်ဖိုး​ထားပြီး ကာကွယ်စောင့်ရှောက်​ရမယ်။ ညီအစ်ကို/မတွေ​ရဲ့ မစုံလင်မှု​ကြောင့် ကိုယ်​ချစ်မြတ်နိုးပြီး ကိုးကွယ်​နေတဲ့ ဘုရားနဲ့ ဝေးကွာ​ခွင့် မပြု​သင့်​ဘူး။ (ရော. ၈:၃၈၊ ၃၉) ယုံကြည်သူချင်းတွေ​ကြောင့် မတရားမှု ကြုံနေ​ရ​ရင်တောင် ယောသပ်​ကို အတု​ယူပြီး ယေဟောဝါနဲ့ ပို​ရင်းနှီး​အော​င်၊ ကိစ္စရပ်​တွေကို ယေဟောဝါ ရှုမြင်​သလို ရှုမြင်​တတ်အောင် ကြိုးစားကြ​ပါစို့။ အခြေအနေကို ကျမ်းစာ​နည်းလမ်း​အတိုင်း အတတ်နိုင်ဆုံး ဖြေရှင်း​ပြီးပြီ​ဆိုရင် ယေဟောဝါက အချိန်တန်​တဲ့အခါ မိမိ​နည်းလမ်း​အတိုင်း ဖြေရှင်း​ပေးမယ်လို့ ယုံကြည်ပြီး ဘုရား​လက်ထဲ အပ်​ထား​ဖို့ လိုတယ်။

‘မြေတစ်ပြင်လုံး​ရဲ့ တရားသူကြီး’ ကို ယုံကြည်ကိုးစား​ပါ

၁၇။ ‘မြေတစ်ပြင်လုံး​ရဲ့ တရားသူကြီး’ ကို ယုံကြည်ကိုးစား​ကြောင်း ဘယ်လို ဖော်ပြ​နိုင်သလဲ။

၁၇ ဒီလောက​စနစ်​မှာ နေထိုင်​နေသရွေ့​တော့ မတရား​မှုတွေ ကြုံတွေ့​နေကြ​ရဦး​မှာပါ​ပဲ။ တစ်ခါတလေ အသင်း​တော်​ထဲမှာ ကိုယ်တိုင်​ဖြစ်စေ၊ ကိုယ်​သိထား​သူ တစ်ယောက်ယောက်​ဖြစ်စေ မတရားမှု ဖြစ်​ပုံ​ရတဲ့ အခြေအနေ တစ်မျိုးမျိုး မြင်ရ၊ ကြုံရ​နိုင်တယ်။ တိုက်မိ​မလဲ​ပါနဲ့။ (ဆာ. ၁၁၉:၁၆၅) အဲဒီအစား​ ဘုရားသခင်​ဆီ သစ္စာရှိရှိ အားကိုးတကြီး ဆုတောင်း​ပါ။ တစ်ချိန်​တည်းမှာ အချက်အလက်​အားလုံးကို မသိ​ကြောင်း နှိမ့်ချ​ကျိုးနွံစွာ အသိအမှတ်ပြု​ပါ။ ကိုယ့်ရဲ့ မစုံလင်​တဲ့​အမြင်မှာ အမှားတွေ ရှိနေ​နိုင်​ကြောင်း သိထား​ပါ။ ယောသပ်​ရဲ့ ပုံနမူ​နာကနေ သင်ယူ​ခဲ့တဲ့​အတိုင်း အတင်းအဖျင်း​ပြော​ခြင်းက အခြေ​အနေကို ပိုဆိုး​စေ​ရုံပဲ ရှိတဲ့​အတွက် ရှောင်ကြ​ရမယ်။ ကိစ္စရပ်​တွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်း​လိုက်​မယ့်အစား ယေဟောဝါ တည့်မတ်​ပေးတဲ့​အချိန်​အထိ သစ္စာရှိရှိ၊ စိတ်ရှည်ရှည် စောင့်ဆိုင်း​ကြပါစို့။ အဲဒါက ယောသပ်​ရဲ့ အဖြစ်​မှာ​လိုပဲ ယေဟောဝါရဲ့ နှစ်သက်မှု​နဲ့ ကောင်းချီး ရရှိ​စေ​မှာ သေချာ​ပါတယ်။ ‘မြေတစ်ပြင်လုံး​ရဲ့ တရားသူကြီး’ ယေဟောဝါရဲ့ ‘နည်းလမ်းတော်​တွေ တရားမျှတ’ တာ​မို့ မှန်ကန်​တာကို အမြဲ​လုပ်​မယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။—က. ၁၈:၂၅ကဘ။ တရား. ၃၂:၄ကဘ။

၁၈။ နောက်​ဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်​ကြ​မလဲ။

၁၈ ကျမ်းစာ​ခေတ် ယေဟောဝါရဲ့ လူမျိုးအလယ်​မှာ ဖြစ်​ခဲ့တဲ့ မတရားမှု နမူနာ​နှစ်ခု​ကို နောက်​ဆောင်းပါးမှာ သုံးသပ်​သွား​ကြပါ​မယ်။ နှိမ့်ချမှု၊ လိုလိုလားလား ခွင့်လွှတ်မှု​က ယေဟောဝါရဲ့ တရားမျှတမှု​နဲ့ ဘယ်လို ဆက်စပ်နေ​ကြောင်း သိလာ​ရပါလိမ့်မယ်။

^ စာပိုဒ်၊ 7 ၁၉၉၁၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် [အင်္ဂလိပ်] ပါ “ယေဟောဝါ​သည် ငါ​ကိုးစား​သော ဘုရားသခင် ဖြစ်” ဘဝအတ္ထုပ္ပတ္တိ​ကို ကြည့်ပါ။

^ စာပိုဒ်၊ 7 မိက္ခာ ၇:၇ (ကဘ)– ‘ကျွန်တော်က​တော့ ယေဟောဝါကို အမြဲ​မျှော်လင့်​နေမယ်။ ကယ်တင်ရှင် ဘုရားသခင်​ကို စိတ်ရှည်ရှည်​နဲ့ စောင့်နေ​မယ်။ ကျွန်တော်​ပြောတာကို ဘုရားသခင် ကြား​လိမ့်မယ်။’

^ စာပိုဒ်၊ 8 သုတ္တံ ၁၉:၃ (ကဘ)– ‘လူတွေ​က ကိုယ်တိုင်​ရဲ့ မိုက်မဲမှု​ကြောင့် လမ်းလွဲ​သွား​တဲ့အခါ ယေဟောဝါကို စိတ်ဆိုး​တတ်ကြတယ်။’