မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သစ္စာကတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့”

“သစ္စာကတိပြုသည်အတိုင်း ဝတ်ကို ဖြေလော့”

“ယေဟောဝါဘုရား​ထံ သစ္စာကတိ​ပြုမိ​လျှင် ထို​အတိုင်း ပြု​ရမည်။”—မ. ၅:၃၃

သီချင်း– ၆၃၊ ၅၉

၁။ (က) တရားသူကြီး ယေ​ဖ​သ​နဲ့ ဟန္န​မှာ ဘာ​တူညီချက်​တွေ ရှိ​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံ​ကို ကြည့်ပါ။) (ခ) ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို သုံးသပ်​သွား​မလဲ။

ယေ​ဖ​သ​က ရဲစွမ်းသတ္တိ​ရှိတဲ့ ခေါင်းဆောင်။ ဟန္န​က လက်အောက်ခံ​တတ်တဲ့ ဇနီး။ တစ်ယောက်က ရဲရင့်​တဲ့​စစ်သည်။ တစ်ယောက်က နှိမ့်ချ​တဲ့​အိမ်​သူ။ သူတို့​နှစ်ယောက်စလုံး ယေဟောဝါ​ဘုရားကို ကိုးကွယ်​တာ​ချင်း တူ​နေတဲ့​အပြင် နောက်ထပ် ဘာ​တူညီချက်​တွေ ရှိသေး​သလဲ။ နှစ်ယောက်စလုံး ဘုရားသခင်​ကို သစ္စာကတိ​ပြု​ထားပြီး သစ္စာကတိ​အတိုင်း လုပ်ဆောင်​ခဲ့ကြတယ်။ ယေဟောဝါ​ထံ သစ္စာကတိ​ပြု​ထားတဲ့ ဒီနေ့ခေတ် အမျိုးသား/သမီး​တွေအတွက် သိပ်ကောင်းတဲ့ စံနမူနာ​တွေပါ​ပဲ။ ဒါပေမဲ့ အရေးကြီးတဲ့ မေးခွန်း​တချို့ ပေါ်လာ​တယ်။ သစ္စာကတိ​ဆိုတာ ဘာလဲ။ ဘုရား​သခင်​ထံ သစ္စာကတိ​ပြုခြင်း​က ဘယ်လောက် အရေးကြီး​သလဲ။ ယေ​ဖ​သ​နဲ့ ဟန္န​ဆီကနေ ဘာတွေ သင်ယူနိုင်​သလဲ။

၂၊ ၃။ (က) သစ္စာကတိ​ဆိုတာ ဘာလဲ။ (ခ) ဘုရားသခင်​ဆီ သစ္စာကတိ​ပြု​တာနဲ့​ပတ်သက်ပြီး ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ။

ကျမ်းစာမှာ သုံးနှုန်းထား​ချက်​အရ သစ္စာကတိ​ဆိုတာ ဘုရားသခင်​ဆီ အလေး​အနက် ကတိပြု​တာ ဖြစ်တယ်။ တစ်ခုခု လုပ်ဖို့၊ ဆက်သ​ဖို့၊ အမှုတော်​တစ်မျိုးမျိုး ထမ်းဆောင်​ဖို့၊ တစ်ခုခုကို ရှောင်​ဖို့ လွတ်လပ်​စွာ ရွေးချယ်ခွင့်​အတိုင်း စိတ်လိုကိုယ်လျောက် သစ္စာကတိ​ပြု​တာ ဖြစ်တယ်။ တစ်ခုခုကို လုပ်​မယ်၊ မလုပ်​ဘူးဆိုပြီး ကတိပြု​တဲ့ ကျိန်ဆိုချက် ဖြစ်တာမို့ သစ္စာကတိ​ဟာ ဘုရားသခင်​ရှေ့မှာ မြင့်မြတ်​တ​ယ်။ (က. ၁၄:၂၂၊ ၂၃။ ဟေဗြဲ ၆:၁၆၊ ၁၇) ဘုရားသခင်​ဆီ သစ္စာကတိ​ပြုခြင်း​ရဲ့ အရေးကြီး​မှုကို ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ။

‘လူယောက်ျား​သည် ယေဟောဝါ​အား သစ္စာကတိ​ပြု​သော်လည်း​ကောင်း၊ . . . ကျိန်ဆိုခြင်း​ကို​ပြု​သော်လည်း​ကောင်း၊ မိမိ​ပြောသော​စကားကို မ​ဖျက်​ဘဲ မိမိ​နှုတ်ထွက်​ရှိသည်​အတိုင်း ပြု​ရမည်’ လို့ မောရှေ​ပညတ်​မှာ ဖော်ပြထားတယ်။ (တော. ၃၀:၂) နောက်ပိုင်း ရှောလမုန်​ကလည်း “ဘုရားသခင်​ထံ​တော်၌ သစ္စာကတိ​ပြုမိ​လျှင် သစ္စာ​ဝတ်​ကို မဖြေ​ဘဲ မနေ​နှင့်။ မိုက်​သောသူ​တို့ကို အားရနှစ်သက်​တော်​မ​မူ။ သစ္စာကတိ​ပြု​သည်​အတိုင်း ဝတ်​ကို​ဖြေ​လော့” လို့ ရေးခဲ့တယ်။ (ဒေ. ၅:၄) “‘ကျမ်းသစ္စာ ကျိန်ဆို​ချက်ကို မ​ဖျက်​ရ။ ယေဟောဝါဘုရား​ထံ သစ္စာကတိ​ပြုမိ​လျှင် ထို​အတိုင်း​ပြု​ရမည်’ ဟု​ရှေးခေတ်​လူတို့​အား ဆင့်ဆို​သော​စကားကို သင်တို့​ကြားဖူး​ကြပြီ” လို့ ယေရှု ပြောပြီး သစ္စာကတိ​ပြုခြင်း​ရဲ့ အရေးကြီး​မှုကို ဖော်ပြ​ခဲ့တယ်။—မ. ၅:၃၃

၄။ (က) ဘုရားသခင်​ဆီ သစ္စာကတိ​ပြု​တာ​က ဘယ်လောက် အရေးကြီး​သလဲ။ (ခ) ယေ​ဖ​သ​နဲ့ ဟန္န​ဆီကနေ ဘာသင်ယူနိုင်သလဲ။

ဘုရားသခင်​ဆီ ကတိပြု​ခြင်း​ဟာ အလွန်​အရေးကြီး​တာ​ ရှင်း​ပါတယ်။ သစ္စာကတိ​နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထား​က ယေဟောဝါနဲ့ ဆက်ဆံရေး​အပေါ် သက်ရောက်မှု ရှိ​နိုင်တယ်။ ‘ယေဟောဝါရဲ့ တောင်ပေါ်​ကို ဘယ်သူ တက်ခွင့်​ရှိ​သလဲ။ သန့်ရှင်းရာဌာန​မှာ ဘယ်သူ ရပ်နေ​ခွင့်​ရှိ​သလဲ။ . . . ဘုရားရဲ့​အသက်​ကို တိုင်တည်​ပြီး​ မဟုတ်မမှန် မ​ကျိန်ဆို​တဲ့သူ၊ အ​လိမ်​အ​ညာ​စကားတွေနဲ့ မကျိန်​ဆို​တဲ့သူ​ပဲ​ပေါ့’ လို့ ဒါဝိဒ်​ ရေးခဲ့တယ်။ (ဆာ. ၂၄:၃၊ ၄ကဘ) ယေ​ဖ​သ​နဲ့ ဟန္န​တို့ ဘာ​သစ္စာကတိ ပြု​ခဲ့ကြသလဲ။ သစ္စာကတိ​အတိုင်း လုပ်​ဆောင်ဖို့ လွယ်ကူ​ခဲ့သလား။

ဘုရားသခင်​ဆီ သစ္စာကတိ​ပြု​တဲ့အတိုင်း လုပ်ဆောင်​ခဲ့ကြ

၅။ ယေ​ဖ​သ ဘယ်လို သစ္စာကတိ​ပြု​ခဲ့​သလဲ။ ဘာဖြစ်​ခဲ့​သလဲ။

ယေ​ဖ​သ​ဟာ ဘုရား​လူမျိုး​တွေကို ခြိမ်းခြောက်​နေတဲ့ အ​မ္မုန်​တွေကို စစ်တိုက်​သွားချိန်မှာ ယေဟောဝါ​ဆီ သစ္စာကတိ ပြု​ခဲ့တယ်။ သစ္စာကတိ​အတိုင်း​လည်း လုပ်ဆောင်​ခဲ့တယ်။ (သူကြီး. ၁၀:၇-၉) အောင်ပွဲရ​ချ​င်​လွန်း​လို့ ‘အ​ကယ်​၍ ကိုယ်တော်​သည် အ​မ္မုန်​အမျိုးသား​တို့ကို အကျွန်ုပ်​လက်၌ အပ်​တော်မူ​လျှင် အကျွန်ုပ်​သည် အမ္မုန်​အမျိုးသား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်လာ​သောအခါ အကျွန်ုပ်​ကို ခရီးဦးကြို​ပြု​အံ့​သော​ငှာ အကျွန်ုပ်​အိမ်တံခါး​ဝ​မှ ထွက်လာ​သောသူ မည်​သည်ကို ယေဟောဝါ​အား အမှန်​ဆက်သ . . .ပါမည်’ လို့ ယေ​ဖ​သ သစ္စာကတိ​ပြု​ခဲ့တယ်။ ဘာဖြစ်​ခဲ့​သလဲ။ အ​မ္မုန်တွေ စစ်​ၡုံး​သွားတယ်။ အောင်ပွဲခံ​ပြီး​ ပြန်လာ​ချိန်မှာ ယေ​ဖ​သ​ကို ထွက်​ကြို​သူက တစ်ဦးတည်း​သော​သမီး ဖြစ်​နေတယ်။ သူ့ကို ယေဟောဝါ​ဆီ “ဆက်သ” ရတော့​မယ်။ (သူကြီး. ၁၁:၃၀-၃၄) ယေဖ​သ​ရဲ့ သမီး ဘာ​လုပ်​ရ​မလဲ။

၆။ (က) ဘုရားသခင်​ဆီ ပြု​ထားတဲ့ သစ္စာကတိ​အတိုင်း လုပ်​ဆောင်ဖို့ ယေ​ဖ​သ​နဲ့ သမီး​အတွက် လွယ်ကူ​သလား။ (ခ) ဘုရားသခင်​ဆီ သစ္စာကတိ​ပြုခြင်း​နဲ့ပတ်သက်ပြီး တရားဟောရာ ၂၃:၂၁၊ ၂၃ နဲ့ ဆာလံ ၁၅:၄ က​နေ ဘာသင်ယူနိုင်သလဲ။

ဖခင်​ရဲ့ သစ္စာကတိ​အတိုင်း လုပ်​ဆောင်ဖို့ ယေဖသ​ရဲ့ သမီး​က တဲတော်​မှာ ယေဟောဝါရဲ့ အမှု​တော်ကို အချိန်ပြည့် ထမ်းဆောင်​ရတော့​မယ်။ ယေ​ဖ​သ မဆင်မခြင် ကတိပြု​ခဲ့တာ​လား။ မဟုတ်ပါဘူး၊ မိမိ​ကို ထွက်​ကြို​မယ့်​သူဟာ သမီး​ဖြစ်နိုင်​မှန်း ကောင်းကောင်းသိထား​မှာပဲ။ သားအဖ​နှစ်ယောက်​အတွက် တကယ် စွန့်လွှတ်​အနစ်နာခံ​ရမယ့် စိတ်ထိခိုက်​စရာ အခြေအနေ​ပါပဲ။ သမီး​ကို တွေ့​တော့ “မိမိ​အဝတ်​ကို ဆု​တ်” ပြီး​ ရင်ကွဲ​ပါ​ပြီ​လို့ ပြောခဲ့တယ်။ သမီး​ကလည်း မိမိရဲ့ “အပျိုကညာ​ဖြစ်​ခြင်း​ကို ငိုကြွေးမြည်တမ်း” ခဲ့တယ်။ ဘာကြောင့်လဲ။ ယေ​ဖ​သ​မှာ သား​မရှိဘူး။ တစ်ဦးတည်း​သော​သမီး​ကလည်း အိမ်ထောင်သားမွေး​ မလုပ်​နိုင်​တော့ဘူး။ မိသား​စု​နာမည်၊ အမွေဆက်ခံ​မယ့်​သူ မရှိ​နိုင်​တော့ဘူး။ ဒါပေမဲ့ အဲဒါက အရေးကြီးဆုံး မဟုတ်ပါဘူး။ ‘ယေဟောဝါ​အား ငါ​လျှောက်ထား​ပြီ။ နု​တ်​ရသော​အခွင့် မရှိ’ လို့ ယေ​ဖ​သ ပြောတယ်။ သမီး​ကလည်း “လျှောက်ထား​သည်​အတိုင်း ကျွန်မ​၌ ပြုပါ” လို့ပြောတယ်။ (သူကြီး. ၁၁:၃၅-၃၉) ဘာကို​ပဲ ပေးဆက်​ရ​ပါစေ အမြင့်မြတ်ဆုံး​အရှင် ဘုရားသခင်​ဆီ ပြု​ထားတဲ့ သစ္စာကတိ​ကို ဘယ်တော့မှ မချိုးဖောက်​မယ့် သစ္စာရှိသူ​တွေပါ​ပဲ။တရားဟောရာ ၂၃:၂၁၊ ၂၃ နဲ့ ဆာလံ ၁၅:၄ တို့ကို ဖတ်ပါ။

၇။ (က) ဟန္န ဘယ်လို သစ္စာကတိ​ပြု​ခဲ့​သလဲ။ ဘာဖြစ်​ခဲ့​သလဲ။ (ခ) ဟန္န​ရဲ့ သစ္စာကတိ​ဟာ ရှမွေလ​အတွက် ဘာ​အဓိပ္ပာယ် ရှိသလဲ။ (အောက်ခြေမှတ်ချက်​ကို ကြည့်ပါ။)

ဟန္န​လည်း ယေဟောဝါ​ဆီ သစ္စာကတိ​ပြု​ထားတဲ့​အတိုင်း သစ္စာရှိရှိ လုပ်ဆောင်​ခဲ့တယ်။ အ​မြုံ​ဘဝနဲ့ မပြတ်​ကြုံနေ​ရတဲ့ ကဲ့ရဲ့မှု​ကြောင့် စိတ်သောက ရောက်နေ​ချိန်မှာ သူက​တိ​ပြု​ခဲ့တယ်။ (၁ ရာ. ၁:၄-၇၁၀၊ ၁၆) ‘အို​ကောင်းကင်​ဗိုလ်ခြေ​အရှင် ယေဟောဝါ၊ ကိုယ်တော်​၏​ကျွန်မကို မေ့လျော့​တော်​မ​မူ​ဘဲ ကိုယ်တော်​ကျွန်မ​၏ ဆင်းရဲခြင်း​ကို ကြည့်ရှု​အောက်မေ့​သဖြင့် သားယောက်ျား​ကို ပေးသနား​တော်မူ​လျှင် သူ၏​ဆံပင်​ရိတ်ခြင်း​ကို အ​လျှင်း​မပြု။ တစ်သက်လုံး ယေဟောဝါ​၏​ကျွန် ဖြစ်စေ​ခြင်း​ငှာ ကျွန်မ​အပ်​ပါမည်’ ဆိုပြီး ဘုရားသခင်​ဆီ သစ္စာကတိ​ပြု​ခဲ့တယ်။ * (၁ ရာ. ၁:၁၁) ဟန္န​ရဲ့ အသနားခံချက် ဖြေကြား​ခံရပြီး သားဦး​လေး မွေး​လာတယ်။ သူ သိပ်ပျော်​မှာပဲ။ ဒါပေ​မဲ့ ဘုရားသခင်​ဆီ ပြု​ထားတဲ့ သစ္စာကတိ​ကို မမေ့​ပါဘူး။ သားလေး မွေး​ချိန်မှာ “ယေဟောဝါဘုရား​ဆီ​မှာ တောင်း​လို့ ရလာတဲ့​သား​ပဲ” လို့ ပြောခဲ့တယ်။—၁ ရာ. ၁:၂၀ကဘ။

၈။ (က) သစ္စာကတိ​အတိုင်း လုပ်​ဆောင်ဖို့ ဟန္န​အတွက် လွယ်ကူ​ခဲ့သလား။ (ခ) ဆာလံ ၆၁ မှာ မှတ်တမ်းတင်​ထားတဲ့ ဒါဝိဒ်​ရဲ့ စကား​တွေဟာ ဟန္န​ရဲ့ စံပြ​သဘောထားကို ဘယ်လို အမှတ်ရ​စေ​သလဲ။

ရှမွေလ​လေး အသက် သုံးနှစ်​လောက်မှာ နို့​ကွာ​တာနဲ့ ဘုရားသခင်​ဆီ သစ္စာကတိ​ပြု​ထားတဲ့​အတိုင်း ဟန္န လုပ်ဆောင်​ခဲ့တယ်။ ပြောင်းလဲဖို့ လုံးဝ​တောင် မစဉ်းစား​ခဲ့ဘူး။ ရှိ​လော​မြို့ တဲတော်​က ပုရောဟိတ်မင်း ဧလိ​ဆီ ရှမွေလ​ကို ခေါ်​သွားပြီး “ဤ​သူငယ်​ကို ရမည်​အကြောင်း ဆုတောင်း​ပါ၏။ တောင်း​သည်​အတိုင်း ထာဝရဘုရား​သည် ပေးသနား​တော်မူပြီ။ ထို့​ကြောင့် ကျွန်မ​သည် သူ့ကို ထာဝရ​ဘုရား​အား ငှား​ပါ​ပြီ။ သူသည် တစ်သက်လုံး ထာဝရဘုရား​ထံ​တော်၌ အ​ငှား​ခံ​၍ နေရ​ပါမည်” လို့ပြောတယ်။ (၁ ရာ. ၁:၂၄-၂၈) အဲဒီမှာ ‘သူငယ်​ရှမွေလ​သည် ယေဟောဝါ​ရှေ့တော်​၌ ကြီးပွား’ လာတယ်။ (၁ ရာ. ၂:၂၁) ဒါပေမဲ့ ဟန္န​အတွက် ဘယ်လို​လဲ။ သားလေး​ကို သိပ်ချစ်​ပေ​မဲ့ နေ့တိုင်း မ​တွေ့ရ​တော့ဘူး။ သူ့ကို ပွေ့ဖက်​ဖို့၊ အတူ​ကစား​ဖို့၊ ကျွေးမွေးစောင့်ရှောက်​ဖို့၊ သားလေး ကြီးပြင်းလာတာ​ကို ကြည့်ပြီး ကြည်နူး​ရတဲ့ အမှတ်တရ​တွေကို သိမ်းထား​ဖို့ ဘယ်လောက်​တောင် တမ်းတ​လိုက်​လေ​မလဲ။ ဒါတောင် ဟန္န လုံးဝ နောင်တ မရ​ခဲ့ဘူး။ အဲဒီအစား ယေဟောဝါ​ကြောင့် စိတ်ရွှင်လန်း​ခဲ့တယ်။—၁ ရာ. ၂:၁၊ ၂ဆာလံ​ ၆၁:၁၊ ၅၊  ကိုဖတ်ပါ။

ယေဟောဝါဆီ သစ္စာကတိပြုထားတဲ့အတိုင်း သင် လုပ်ဆောင်နေသလား

၉။ ဘယ်မေးခွန်းတွေကို ဆက်​ဆွေးနွေးကြမလဲ။

ဘုရားသခင်​ဆီ သစ္စာကတိ​ပြုခြင်း​ရဲ့ အရေးကြီး​မှုကို နားလည်​လာ​ပြီ​ဖြစ်လို့ ဒီမေးခွန်း​တွေကို သုံးသပ်ကြည့်​ကြစို့– ခရစ်ယာန်တွေ​အနေနဲ့ ဘယ်​သစ္စာကတိ​တွေ ပြု​ရနိုင်​သလဲ။ သစ္စာကတိ​အတိုင်း လုပ်​ဆောင်ဖို့ ဘယ်လောက် စိတ်ပိုင်းဖြတ်​ထား​သင့်သလဲ။

ဆက်ကပ်အပ်နှံ သစ္စာကတိ

ဆက်ကပ်အပ်နှံ သစ္စာကတိ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ ခရစ်ယာန်​တစ်ယောက်​အတွက် အရေးကြီးဆုံး သစ္စာကတိ​က ဘာလဲ။ အဲဒီမှာ ဘာတွေ ပါသလဲ။

၁၀ ခရစ်ယာန်​တစ်ယောက်​အတွက် အရေးကြီးဆုံး သစ္စာကတိ​က​တော့ အသက်တာ​ကို ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံခြင်း​ပါပဲ။ ဘာကြောင့်လဲ။ ဘာဖြစ်​ဖြစ် ယေဟောဝါကို ထာဝရ ဝတ်ပြု​သွား​ပါမယ်​လို့ သီးသန့်​ဆုတောင်းပြီး အလေးအနက် ကတိပြု​ထားလို့ပါ​ပဲ။ ယေရှု​ရဲ့ စကား​အရ “ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်၊” လုပ်ပိုင်ခွင့်​တွေကို စွန့်လွှတ်​ပြီး ဘဝ​မှာ အရာရာ​ထက် ဘုရား​အလိုတော်​ကို ဦးစားထား​ပါမယ်​လို့ ကတိပြု​တာ​ဖြစ်တယ်။ (မ. ၁၆:၂၄) အဲ​ဒီနေ့​ကစပြီး သူ့ကို ‘ယေဟောဝါ ပိုင်’ သွား​ပြီ။ (ရော. ၁၄:၈) ‘ငါ၌​ ယေဟောဝါဘုရား ပြု​တော်မူသော ကျေးဇူး​အလုံးစုံ​တို့ကို အ​ဘယ်​သို့ ဆပ်​ရမည်​နည်း။ ယေဟောဝါဘုရား​အား သစ္စာကတိ​ထား​သည်​အတိုင်း ယေဟောဝါဘုရား​၏ လူများ​ရှေ့​၌ သစ္စာ​ဝတ်​ကို ဖြေ​မည်’ လို့ ပြောခဲ့တဲ့ ဆာလံဆရာ​လို ဆက်ကပ်အပ်နှံ သစ္စာကတိ​ပြုသူ​တိုင်း အလေးအနက် ထားရမယ်။—ဆာ. ၁၁၆:၁၂၊ ၁၄

၁၁။ သင်​နှစ်ခြင်းခံ​တဲ့​နေ့​မှာ ဘာဖြစ်​ခဲ့​သလဲ။

၁၁ သင်ဟာ ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံ​ပြီး နှစ်ခြင်းခံ​ထားသူ​လား။ ဒါဆို​ရင် သိပ်ကောင်း​တာပေါ့။ ကိုယ့်ကိုယ်ကိုယ် ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံ​ပြီးပြီ​လား၊ “သင့်ရဲ့ ဆက်ကပ်အပ်နှံခြင်း​နဲ့ နှစ်ခြင်း​ဟာ ဘုရားသခင့် စွမ်းအားတော် ညွှန်ကြား​ခံ အဖွဲ့အစည်း​ဝင် ယေဟောဝါသက်သေ​တစ်ဦး​အဖြစ်​ သင့်ကို သတ်မှတ်​ဖော်ပြ​ကြောင်း” နားလည်​သဘောပေါက်​သလား​လို့ နှစ်ခြင်းခံ​တဲ့​နေ့​မှာ မျက်မြင်​သက်သေတွေ​ရှေ့ မေးခဲ့တယ်။ ခိုင်မာပြတ်သားတဲ့ သင့်​အဖြေ​က အကြွင်းမဲ့ ဆက်ကပ်အပ်နှံ​ထားကြောင်း လူသိရှင်ကြား ကြေညာ​ရာ​ကျပြီး ယေဟောဝါရဲ့ ခန့်အပ်ခံ အမှုတော်ဆောင်​တစ်ဦး​အဖြစ် နှစ်ခြင်း​ခံဖို့ အရည်အချင်း ပြည့်မီ​ကြောင်း ဖော်ပြတယ်။ ယေဟောဝါ သိပ်ပျော်​ရွှင်​ခဲ့မှာပဲ။

၁၂။ (က) ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေး​သင့်သလဲ။ (ခ)  ဘယ်အရည်အသွေးတွေ ရှိ​သင့်တယ်​လို့ ပေတရု ပြောခဲ့​သလဲ။

၁၂ နှစ်ခြင်းခံ​တာဟာ အစ​ပဲ ရှိသေးတယ်။ ဆက်ကပ်အပ်နှံမှု​နဲ့အညီ ဘုရားသခင်​ကို သစ္စာရှိရှိ ဆက်​ဝတ်ပြု​သွား​ချ​င်​တ​ယ်။ ဒါကြောင့် ‘နှစ်ခြင်းခံချိန်​ကစပြီး ဘုရားရေးရာ​ဘက်မှာ ငါ ဘယ်လောက် တိုးတက်​လာ​သလဲ။ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဆက်​ဝတ်ပြု​နေရဲ့လား။ (ကော. ၃:၂၃) အတတ်နိုင်ဆုံး ဆုတောင်း၊ ကျမ်းစာ ဖတ်၊ အစည်းအဝေး တက်၊ အမှုဆောင် ထွက်​နေ​သလား။ အဲ​ဒီ​ဘုရားရေးရာ လုပ်ဆောင်မှု​တွေမှာ အားနည်းနေ​ပြီ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ယုံကြည်ခြင်း​အပေါ် အသိပညာ၊ ခံနိုင်ရည်၊ ဘုရားတရား ဆည်းကပ်ခြင်း​ကို ထပ်ဆင့်​ခြင်းအားဖြင့် အမှုတော်​မှာ မ​လှုပ်​မ​ရှား မဖြစ်အောင် ကာကွယ်​နိုင်​ကြောင်း တမန်တော် ပေတရု ရှင်းပြ​ခဲ့တယ်။၂ ပေတရု ၁:၅-၈ ကိုဖတ်ပါ။

၁၃။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံ​ပြီးသား ခရစ်ယာန်​တစ်ယောက် ဘာ​သိထား​ရ​မလဲ။

၁၃ ဘုရားသခင်​ဆီ ဆက်ကပ်အပ်နှံ သစ္စာကတိ​ပြု​ထားတာကို ရုပ်သိမ်း​ဖို့ နည်းလမ်း မရှိဘူး။ လူတစ်ယောက် ယေဟောဝါကို ဝတ်ပြု​ရတာ၊ ခရစ်ယာန်​လမ်းစဉ်​အတိုင်း အသက်ရှင်​ရတာ​ကို ငြီးငွေ့​လာ​လို့ တကယ် မအပ်နှံ​ခဲ့​ပါဘူး၊ နှစ်ခြင်းခံ​တာ​လည်း အ​တည်​မဟုတ်ပါဘူး​လို့ ပြော​လို့ မရဘူး။ * ဘာ​ပဲ​ဖြစ်ဖြစ် ဘုရားသခင်​ဆီ အကြွင်းမဲ့ ဆက်ကပ်အပ်နှံ​ထားကြောင်း လူ​အားလုံးကို အသိပေး​ခဲ့​ပြီ​ပဲ။ သူ​ကျူးလွန်မိ​နိုင်တဲ့ ကြီးလေး​တဲ့ အပြစ်​မှန်သမျှ​အတွက် ယေဟော​ဝါနဲ့ အသင်းတော်​ရှေ့ စာရင်းရှင်း​ရ​လိမ့်မယ်။ (ရော. ၁၄:၁၂) “ကနဦးမေတ္တာ ပျောက်ဆုံး” သွား​ပြီ​လို့ ဘယ်တော့မှ အပြော​မခံ​ရ​ပါစေ​နဲ့။ အဲဒီအစား “သင်၏​အကျင့်များ၊ သင်၏​မေတ္တာ၊ ယုံကြည်ခြင်း၊ ဓမ္မအမှု​နှင့် ခံနိုင်ရည်​တို့ကို ငါ​သိ​၏။ မကြာသေး​မီ​က သင်​ကျင့်​သော​အကျင့်များ​သည် ယခင်​က​ထက် သာ၍​များ​ကြောင်း​ကိုလည်း ငါ​သိ​၏” လို့ ယေရှု ပြောနိုင်​ပါစေ။ (ဗျာ. ၂:၄၊ ၁၉) ဆက်ကပ်အပ်နှံ သစ္စာကတိ​အတိုင်း၊ ယေဟောဝါ နှစ်သက်​တဲ့အတိုင်း ဆက်​အသက်ရှင်​သွား​ကြပါစို့။

အိမ်ထောင်ရေး သစ္စာကတိ

အိမ်ထောင်ရေး သစ္စာကတိ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ လူတစ်ယောက်​အတွက် ဒုတိယ အရေးကြီးဆုံး သစ္စာကတိ​က ဘာလဲ။ ဘာကြောင့်လဲ။

၁၄ လူတစ်ယောက်​အတွက် ဒုတိယ အရေးကြီးဆုံး သစ္စာကတိ​က​တော့ အိမ်ထောင်ရေး သစ္စာကတိ​ပါပဲ။ ဘာကြောင့်လဲ။ အိမ်ထောင်ရေး​ဟာ မြင့်မြတ်​တယ်။​ သတို့သား​နဲ့ သတို့သမီး​ဟာ ဘုရားသခင်​နဲ့ မျက်မြင်​သက်သေ​တွေရှေ့ သစ္စာကတိ​ပြု​ကြ​တ​ယ်။ “ဘုရားသခင့် အိမ်ထောင်ရေး အစီအစဉ်​အရ မြေကြီး​ပေါ်တွင် အတူတကွ အသက်ရှင်နေ​မည့် ကာလပတ်​လုံး” တစ်​ယောက်​ကို​တစ်ယောက် ချစ်ခင်၊ မြတ်နိုး​ပြီး လေးစား​သွား​ပါမယ်​လို့ သစ္စာကတိ​ပြု​လေ့ရှိတယ်။ တခြားသူ​တွေလည်း အဲဒီလို အတိအကျ မဟုတ်​ပေ​မဲ့ ဘုရားသခင်​ရှေ့ သစ္စာကတိ ပြု​ကြ​တ​ယ်။ အဲဒီနောက် အကြင်လင်မယား​ဖြစ်ကြောင်း ကြေညာ​တ​ယ်။ ရာသက်ပန် ပေါင်းသင်း​သွား​ကြ​ရမယ်။ (က. ၂:၂၄။ ၁ ကော. ၇:၃၉) “ထို့​ကြောင့် ဘုရား​သခင် တွဲဖက်​ထားသူ​တို့ကို” ယော​က်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ၊ တခြား “မည်သူမျှ မခွဲမခွာ​စေ​နှင့်” လို့ ယေရှု ပြောခဲ့တယ်။ ဒါကြောင့် ကွာရှင်း​ပြတ်စဲ​လို့​ရတယ်​ဆိုတဲ့ သဘောထားမျိုး မရှိ​ရဘူး။—မာ. ၁၀:၉

၁၅။ အိမ်ထောင်ရေး​ကို အလေး​မထားတဲ့ လောက​သဘောထားကို ခရစ်ယာန်တွေ ဘာကြောင့် ရှောင်​ရ​မလဲ။

၁၅ ပြီးပြည့်စုံ​တဲ့ အိမ်ထောင်ရေး​ဆိုတာ မရှိ​ပါဘူး။ အိမ်ထောင်​တိုင်း မစုံလင်သူ​နှစ်ဦး​နဲ့ ပေါင်းဖက်​ထား​လို့ “ကာယ​ဆင်းရဲဒုက္ခ” ခံရ​မယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (၁ ကော. ၇:၂၈) ဝမ်းနည်းစရာကတော့ လူများစွာ​ဟာ အိမ်ထောင်ရေး​ကို အလေးမထား​ကြ​တော့ဘူး။ ဆက်ဆံရေး တင်းမာ​လာ​ပြီ​ဆိုတာ​နဲ့ လက်လျှော့​ပြီး လမ်းခွဲ​လိုက်​ကြ​တ​ယ်။ အဲဒါ ခရစ်ယာန်​လမ်းစဉ် မဟုတ်ပါဘူး။ အိမ်ထောင်ရေး သစ္စာကတိ​ကို ချိုးဖျက်​တာဟာ ဘုရားသခင်​ကို လိမ်ညာ​ရာကျ​တယ်။ လိမ်ညာ​သူတွေကို ဘုရားသခင် မုန်း​တ​ယ်။ (ဝတ်. ၁၉:၁၂။ သု. ၆:၁၆-၁၉) “သင်သည် ဇနီး​နှင့် နှောင်ကြိုး​ဖွဲ့​ထား​သလော။ လွတ်ခြင်း​အခွင့်​ကို မ​ရှာ​နှင့်တော့”​ လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (၁ ကော. ၇:၂၇) သစ္စာဖောက် ကွာရှင်း​တာကို ယေဟောဝါ မုန်းတီး​မှန်း သိ​လို့ ပေါလု အဲဒီလို ရေးခဲ့​တာပါ။—မာ​လ. ၂:၁၃-၁၆

၁၆။ ကွာရှင်းပြတ်စဲခြင်း၊ ခွဲနေခြင်း​နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာ​ပြော​ထား​သလဲ။

၁၆ အပြစ်မဲ့​တဲ့ အိမ်ထောင်ဖက်​က ဖောက်​ပြန်တဲ့ အိမ်ထောင်ဖက်​ကို ခွင့်မလွှတ်​ဖို့ ဆုံးဖြတ်ခြင်း​ကသာ အိမ်ထောင်ရေး သစ္စာကတိ​ကို ဖျက်သိမ်း​နိုင်တဲ့ တစ်ခုတည်း​သော ကျမ်းစာ​အကြောင်းရင်း​ဖြစ်တယ်လို့ ယေရှု သွန်သင်​ခဲ့တယ်။ (မ. ၁၉:၉။ ဟေဗြဲ ၁၃:၄) ခွဲနေခြင်း​ကော ဘယ်လို​လဲ။ ဒီ​အကြောင်း​ကိုလည်း ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြော​ထားပါတယ်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁ ကိုဖတ်ပါ။) ခွဲ​နေဖို့ အကြောင်းရင်း​တွေကို ကျမ်းစာမှာ မဖော်ပြ​ထားဘူး။ ဒါပေမဲ့ ကြမ်းတမ်းရိုင်းစိုင်း​တဲ့ အိမ်ထောင်ဖက်၊ အယူဖောက်ပြန်​တဲ့ အိမ်ထောင်ဖက်​က အသက်အန္တရာယ် ကျ​ရောက်အောင်၊ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်အောင် အလွန်အကျွံ လုပ်ဆောင်​တာမျိုး​စတဲ့ အခြေအနေ​တွေမှာ ခွဲ​နေဖို့ ခရစ်ယာန် အိမ်ထောင်သည်​​တချို့ ဆုံးဖြတ်​ကြ​တ​ယ်။ *

၁၇။ ခရစ်ယာန်​မောင်နှံ​တွေဟာ အိမ်ထောင် တည်မြဲ​စေဖို့ ဘာ​လုပ်နိုင်​သလဲ။

၁၇ အိမ်ထောင်ရေး ပြဿနာတွေ​နဲ့ပတ်သက်ပြီး အကြီးအကဲတွေ​ဆီ အကူအညီ တောင်း​တဲ့အခါ အချစ်စစ်၊ အချစ်​မှန်​ဆိုတာ ဘာလဲ ဗီဒီယို ကြည့်​ပြီးပြီ​လား၊ ပျော်ရွှင်​တဲ့ မိသား​စု​ဘဝကို ဘယ်လို ပိုင်ဆိုင်​နိုင်မလဲ ဘရိုရှာ ဖတ်​ပြီးပြီ​လား​လို့ အကြီးအကဲတွေ မေးသင့်တယ်။ ဘာကြောင့်လဲ။ ဒါတွေ​က အိမ်ထောင်ရေး ခိုင်မြဲ​စေတဲ့ ကျမ်းစာမူ​တွေကို ဖော်ပြ​ပေး​လို့ပဲ။ “ဘရိုရှာ​ကို အတူ​လေ့လာချိန်​ကစပြီး ပို​ပျော်​လာတယ်” လို့ ဇနီးမောင်နှံ​တစ်စုံ ပြောတယ်။ အိမ်ထောင်သက် ၂၂ နှစ် ရှိနေ​ပြီး အိမ်ထောင်​ပြိုကွဲ​ခါ​နီး ဖြစ်​ခဲ့တဲ့ ဇနီး​တစ်ယောက်က “ကျွန်မတို့​နှစ်ယောက်စလုံး နှစ်ခြင်းခံ​ပြီးသား​ပါပဲ။ ဒါပေမဲ့ စိတ်ခံစားချက်​ချင်း မတူ​ကြဘူး။ ဗီဒီယို ထွက်လာ​တာ အချိန်​ကိုက်​ပါပဲ။ အခုတော့ ပို​အဆင်ပြေ​လာ​ပြီ” လို့ပြောတယ်။ သင်ဟာ အိမ်ထောင်သည်​လား။ အိမ်ထောင်​မှာ ယေဟောဝါရဲ့ စံနှုန်းတွေကို အတတ်နိုင်ဆုံး ကျင့်သုံးပါ။ ဒါက အိမ်ထောင်ရေး သစ္စာကတိ​အတိုင်း ပျော်ရွှင်​စွာ နေထိုင်​သွားဖို့ ကူညီပေး​ပါလိမ့်မယ်။

အထူး​အချိန်ပြည့် အမှုဆောင် သစ္စာကတိ

၁၈၊ ၁၉။ (က) ခရစ်ယာန်​မိဘများ​စွာ ဘာ​လုပ်​ဆောင်ခဲ့​ကြပြီ​လဲ။ (ခ) အထူး​အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​နေ​သူတွေနဲ့​ပတ်သက်ပြီး ဘာ​ပြောနိုင်​သလဲ။

၁၈ ယေ​ဖ​သ​နဲ့ ဟန္န​တို့မှာ နောက်ထပ်​တူညီချက် ရှိသေး​တယ်​ဆိုတာ သတိထား​မိ​သလား။ သူတို့ရဲ့ သစ္စာကတိ​တွေကြောင့် ယေ​ဖ​သ​ရဲ့ သမီး​နဲ့ ဟန္န​ရဲ့ သား တဲတော်​မှာ​ အထူး​မြင့်မြတ်​တဲ့​လုပ်ငန်း​အတွက် ပေးဆက်​ခဲ့ကြတယ်။ အဲဒါ​က ကျေနပ်စရာ အကောင်းဆုံး​ဘဝ လမ်းစဉ်​ပါပဲ။ ဒီနေ့လည်း ခရစ်ယာန်​မိဘများ​စွာ​ဟာ သားသမီးတွေကို အချိန်ပြည့်​လုပ်ငန်းမှာ ပါဝင်​ဖို့၊ ဘုရား​အမှု​တော်ကို အဓိကထား​ဖို့ အားပေး​နေကြတယ်။ သူတို့ကို တကယ် ချီးမွမ်းထိုက်​ပါတယ်။—သူကြီး. ၁၁:၄၀။ ဆာ. ၁၁၀:၃

အထူးအချိန်ပြည့်အမှုဆောင် သစ္စာကတိ (အပိုဒ် ၁၉ ကိုကြည့်ပါ)

၁၉ လောလောဆယ် ယေဟောဝါသက်သေများ​ရဲ့ ကမ္ဘာချီ အထူး​အချိန်ပြည့် အမှုဆောင် ၆၇,၀၀၀ လောက်​ရှိတယ်။ ဗေသလအိမ်သား၊ ဆောက်လုပ်ရေး လုပ်သား၊ တိုက်နယ်​အမှုထမ်း၊ သင်တန်းပို့ချ​သူ၊ အထူးရှေ့ဆောင်၊ အစည်းအဝေး​ပွဲ​ခန်းမ ဒါမှမဟုတ် ကျမ်းစာသင်တန်း အဆောက်အအုံ အမှုထမ်းတွေ ဖြစ်တယ်။ သူတို့အား​လုံး “နာခံမှု​နှင့် ချို့ငဲ့​မှု ခံဝန်ချက်” အောက်မှာ ရှိ​ကြ​တ​ယ်။ ဘုရားနိုင်ငံတော် အကျိုးစီးပွား တိုးတက်ရေး​အတွက် ပေးအပ်​တဲ့​တာဝန် မှန်သမျှကို ထမ်းဆောင်ဖို့၊ ရိုးရိုးရှင်းရှင်း နေထိုင်​ဖို့၊ ခွင့်ပြုချက်​မရဘဲ လောက​အလုပ် မ​လုပ်ဖို့ သဘောတူညီချက် ဖြစ်တယ်။ လူတွေကို မဟုတ်ဘဲ တာဝန်တွေကို​သာ အထူး​အဖြစ် ယူမှတ်​​တယ်။ အထူး​အချိန်ပြည့်​လုပ်ငန်းမှာ ရှိနေ​သရွေ့ ခံဝန်ချက် သစ္စာကတိ​အတိုင်း နှိမ့်ချ​စွာ နေထိုင်​ဖို့ အရေးကြီးကြောင်း သူတို့ သဘောပေါက်​ကြ​တ​ယ်။

၂၀။ “နေ့ရက်​အစဉ်​အတိုင်း” ဘာ​လုပ်သင့်​သလဲ။ ဘာကြောင့်လဲ။

၂၀ ဆွေးနွေး​ခဲ့တဲ့ သစ္စာကတိ​တွေထဲက ဘယ်​နှ​ခု​ကို သင် ဘုရားသခင်​ဆီ ကတိပြု​ထား​ပြီ​လဲ။ တစ်ခု​လား၊ နှစ်ခု​လား၊ သုံးခု​စလုံး​လား။ သင်​ပြု​ထားတဲ့ သစ္စာကတိ​တွေကို ပေါ့ပေါ့တန်တန် သဘော​မထား​သင့်​ကြောင်း သိထား​မှာ သေချာ​ပါတယ်။ (သု. ၂၀:၂၅) ယေဟောဝါအပေါ် ကတိမတည်​ရင်၊ သစ္စာကတိ​အတိုင်း မလုပ်​ရင် ကြီးလေး​တဲ့​အကျိုးဆက်​တွေ ခံစားရ​နိုင်ပါတယ်။ (ဒေ. ၅:၆) ဒါကြောင့် “နေ့ရက်​အစဉ်​အတိုင်း သစ္စာ​ဝတ်​ကို ဖြေ​ခြင်း​ငှာ နာမ​တော်ကို​အစဉ်​အမြဲ ထောမနာ​သီချင်း ဆို” ကြပါစို့။—ဆာ. ၆၁:၈

^ စာပိုဒ်၊ 7 ဟန္န​ရဲ့ သစ္စာကတိ​အရ ကလေး​ဟာ တစ်သက်လုံး နာဇရိ​လူ ဖြစ်​ရမယ်။ ယေဟောဝါရဲ့ မြင့်မြတ်​တဲ့​လုပ်ငန်း​အတွက် ရွေးချယ်ထားသူ၊ ဆက်ကပ်​ထားသူ၊ သီးသန့်​ဖယ်ထား​ခံရသူ​ကို ဆိုလိုတယ်။—တော. ၆:၂၊ ၅၊ ၈

^ စာပိုဒ်၊ 13 လူတစ်ယောက် နှစ်ခြင်း​ခံဖို့ အရည်အချင်း ပြည့်မီ​မ​မီ အကြီးအကဲတွေ ဆန်းစစ်​တဲ့ အဆင့်​တွေကို ကြည့်ရင် နှစ်ခြင်းခံ​တာ အ​တည်​မဖြစ်​ဘူးလို့ ပြော​စရာ​အကြောင်း မရှိ​သ​လောက်​ပါပဲ။

^ စာပိုဒ်၊ 16 “ဘုရားသခင့် မေတ္တာတော်၌ တည်​နေ​လော့” စာအုပ်၊ “ကွာရှင်းခြင်း၊ ခွဲနေခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာရှုထောင့်”နောက်ဆက်တွဲ ဆောင်းပါကို ကြည့်ပါ။