မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာတရား မခေါင်းပါးပါစေနဲ့

မေတ္တာတရား မခေါင်းပါးပါစေနဲ့

“မတရားမှုတွေ များသည်​ထက် များ​လာတဲ့အတွက် လူအတော်များများ​ဟာ မေတ္တာတရား ခေါင်းပါး​လာ​လိမ့်မယ်။” —မ. ၂၄:၁၂

သီချင်း– ၆၀၊ ၁၃၅

၁၊ ၂။ (က) မဿဲ ၂၄:၁၂ မှာပါတဲ့ ယေရှုရဲ့ စကား​တွေ​က ဘယ်သူ​တွေကို အရင်ဆုံး ရည်ညွှန်း​သလဲ။ (ခ) အစောပိုင်း ခရစ်ယာန်​အများစုဟာ မေတ္တာ တင်ပြ​နေကြ​ကြောင်း တမန်တော်ကျမ်း​က ဘယ်လို ဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

“လောကစနစ်​နိဂုံးပိုင်း” နဲ့ပတ်သက်ပြီး ယေရှု ပြောခဲ့တဲ့ နိမိတ်​တစ်ခုက​တော့ “လူအတော်များများ​ဟာ မေတ္တာတရား ခေါင်းပါး​လာ​လိမ့်မယ်” ဆိုတဲ့ နိမိတ်​ပါပဲ။ (မ. ၂၄:၃၊ ၁၂) ပထမရာစု​တုန်းက ဘုရားသခင့်​လူမျိုး​လို့ ပြောတဲ့​ဂျူးတွေ​ဟာ ဘုရားကို ချစ်တဲ့​မေတ္တာ ခေါင်းပါး​လာကြတယ်။

အဲဒီအချိန်​က ခရစ်ယာန်​အများစုက​တော့ ‘ခရစ်တော်​အကြောင်း သတင်းကောင်းကို ဟောပြော’ ခြင်း​မှာ အလုပ်များ​နေကြတယ်။ ဘုရားသခင်၊ ခရစ်ယာန်ချင်း၊ မယုံကြည်သူ​တွေကို ချစ်ကြောင်း တင်ပြ​နေကြတယ်။ (တ. ၂:၄၄-၄၇။ ၅:၄၂) ဒါပေမဲ့ ပထမ​ရာစု ယေရှု​နောက်လိုက်​တချို့ မေတ္တာ​ခေါင်းပါး​လာ​ခဲ့ကြတယ်။

၃။ ဘာကြောင့် ခရစ်ယာန်​တချို့ မေတ္တာ​ခေါင်းပါး​သွား​ရသလဲ။

‘ကနဦးမေတ္တာ ပျက်ပြယ်​သွား​လို့ အပြစ်​ဆို​စရာ ရှိတယ်’ ဆိုပြီး ဧဖက်မြို့​မှာ နေထိုင်တဲ့ ပထမရာစု ခရစ်ယာန်တွေကို ထမြောက်​လာပြီး​တဲ့ ယေရှုခရစ် ပြောခဲ့တယ်။ (ဗျာ. ၂:၄) အဲဒီလို​ဖြစ်​ရတဲ့ အကြောင်းရင်း​တစ်ခုက ဘာလဲ။ ခရစ်တော်ရဲ့ အစောပိုင်း တပည့်​တွေဟာ လောကစိတ်ဓာတ် လွှမ်းမိုး​ခံရ​တာ ဖြစ်နိုင်တယ်။ (ဧ. ၂:၂၊ ၃) အခုခေတ် မြို့ကြီး​များစွာ​လိုပဲ ပထမရာစု ဧဖက်မြို့​မှာ မကောင်းမှု​တွေ ပြည့်နေတယ်။ ဇိမ်ကျ​ကျ၊ သက်သောင့်သက်သာ၊ အေးအေးဆေးဆေး နေထိုင်တဲ့ ဘဝပုံစံ​ကို အလေးထား​တဲ့​လူတွေ နေထိုင်​ရာ ချမ်းသာကြွယ်ဝ​တဲ့​မြို့ ဖြစ်တယ်။ တစ်ကိုယ်​ကောင်းဆန်​တဲ့ အပျော်အပါး​တွေ​က ကိုယ်ကျိုးစွန့်​မေတ္တာ ပျောက်ဆုံး​သွားစေတယ်။ ဒါ့အပြင် မျက်နှာ​ပြောင်​တိုက်​ခြင်း၊ အကျင့်ပျက်​ခြင်းတို့​လည်း အပြည့်​ပဲ။

၄။ (က) ဒီနေ့ ဘယ်လိုနည်းတွေနဲ့ ချစ်ခြင်းမေတ္တာ ခေါင်းပါး​လာ​သလဲ။ (ခ) ဘယ်​ကဏ္ဍ​သုံးခု​မှာ ကျွန်တော်တို့ရဲ့ မေတ္တာ စမ်းသပ်ခံရ​နိုင်သလဲ။

မေတ္တာ ခေါင်းပါး​မယ်ဆို​တဲ့ ယေရှုရဲ့ ပရောဖက်ပြုချက်​က ကျွန်တော်တို့​ခေတ်​နဲ့လည်း သက်ဆိုင်​တယ်။ ဒီနေ့ လူတွေ ဘုရားကို ချစ်တဲ့​မေတ္တာ ပို​ပို​ခေါင်းပါး​လာ​နေတယ်။ လူ​သန်းနဲ့​ချီ​ဟာ လူသားတွေ​ရဲ့ ပြဿနာတွေ​ကို ဖြေရှင်း​ပေးဖို့ ဘုရားသခင်ကို အားမကိုး​တော့​ဘဲ လူ့အဖွဲ့အစည်း​တွေကို အားကိုးကြ​တယ်။ ဒါကြောင့် ယေဟောဝါဘုရား​ကို မကိုးကွယ်​တဲ့​လူတွေမှာ မေတ္တာတရား ဆက်​ခေါင်းပါး​လာ​နေ​တယ်။ ပထမရာစု ဧဖက်​အသင်းတော်ရဲ့ အခြေအနေ​အတိုင်း ဒီနေ့ ခရစ်ယာန်စစ်​တွေလည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်​လာနိုင်တယ်။ မေတ္တာ​လည်း ခေါင်းပါး​လာနိုင်တယ်။ ကျွန်တော်တို့ရဲ့ မေတ္တာ စမ်းသပ်ခံရ​နိုင်တဲ့ ကဏ္ဍ​သုံးခု​ကို သုံးသပ်ကြည့်​ကြစို့– (၁) ယေဟောဝါကို ချစ်တဲ့ မေတ္တာ၊ (၂) ကျမ်းစာအမှန်တရား မြတ်နိုးစိတ်၊ (၃) ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာ။

ယေဟောဝါကို ချစ်တဲ့ မေတ္တာ

၅။ ဘုရားသခင်ကို ဘာကြောင့် ချစ်​ရ​မလဲ။

မေတ္တာ​ခေါင်းပါး​လာမယ်​လို့ ယေရှု သတိပေး​ခဲ့တဲ့​နေ့ အစောပိုင်း​မှာပဲ မေတ္တာ​ဟာ အရေးကြီးဆုံး​ဖြစ်ကြောင်း အလေးပေး​ခဲ့တယ်။ “‘ယေဟောဝါဘုရား​ကို စိတ်​စွမ်း​ရှိသမျှ၊ ကိုယ်စွမ်း​ရှိသမျှ၊ ဉာဏ်စွမ်း​ရှိသမျှ​နဲ့ ချစ်​ပါ။’ ဒီ​ပညတ်​ဟာ ပထမဆုံး၊ အရေးကြီးဆုံး ပညတ်​ပဲ” လို့ ပြောခဲ့တယ်။ (မ. ၂၂:၃၇၊ ၃၈) ဘုရားကို နှစ်နှစ်ကာကာ ချစ်တဲ့​မေတ္တာ​က ယေဟောဝါရဲ့ ပညတ်တော်​တွေကို လိုက်နာ​ဖို့၊ ခံနိုင်ရည်​ရှိ​ဖို့၊ မကောင်း​တာ​ကို မုန်း​ဖို့ ကူညီပေးတယ်။ (ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။) စာတန်​နဲ့ လောက,က​တော့ ဘုရားကို ချစ်တဲ့ ကျွန်တော်တို့ရဲ့ မေတ္တာ အားနည်း​သွား​စေဖို့ ကြိုးစား​နေတယ်။

၆။ ဘုရားကို ချစ်တဲ့​မေတ္တာ ခေါင်းပါး​လာ​ရင် ဘာဖြစ်​သွား​မလဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်​လောက,က မေတ္တာကို တလွဲ​ရှုမြင်​စေနိုင်​တယ်။ လူတွေဟာ ဖန်ဆင်းရှင်ကို မချစ်​ဘဲ “ကိုယ့်ကိုယ်ကိုယ်​ပဲ ချစ်” ကြ​တယ်။ (၂ တိ. ၃:၂) စာတန် အုပ်ချုပ်နေတဲ့ ဒီလောက,က “သွေးသား​အလိုဆန္ဒ၊ မျက်စိ​ရဲ့ အလိုဆန္ဒ၊ မိမိ​စည်းစိမ်​အကြောင်း ဝါကြွားခြင်း” တို့ကို အားပေးအားမြှောက်​လုပ်​နေတယ်။ (၁ ယော. ၂:၁၆) တမန်တော် ပေါလုက သွေးသားဆန္ဒ​ကို တိုက်လှန်​ဖို့ ခရစ်ယာန်ချင်း​တွေကို သတိပေး​ခဲ့တယ်– “အပြစ်ရှိ​တဲ့​အရာတွေ​ဆီ စိတ်​ရောက်နေ​တာ​က သေစေနိုင်​တယ်။ . . . အပြစ်ရှိ​တဲ့​အရာတွေ​ဆီ စိတ်​ရောက်နေ​သူတွေဟာ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်သွား​တယ်။” (ရော. ၈:၆၊ ၇) ရုပ်​ဝတ္ထု​ပစ္စည်း​တွေကို လိုက်စား​ဖို့၊ လိင်ဆန္ဒ​တွေကို​ပဲ ဖြည့်ဆည်း​ဖို့ ကြိုးစား​နေ​သူတွေက စိတ်ပျက်​နာကျင်မှု​တွေနဲ့ အဆုံးသတ်​ကြရတယ်။—၁ ကော. ၆:၁၈။ ၁ တိ. ၆:၉၊ ၁၀

၇။ ဒီနေ့ ခရစ်တော်ရဲ့ နောက်လိုက်​တွေ ဘာ​အန္တရာယ်​တွေ ကြုံတွေ့​နေကြ​သလဲ။

ဘုရားမဲ့ ဝါဒီ​တွေ၊ ဘုရား​ရှိ​မှုကို သံသယဝင်​တဲ့သူ​တွေ၊ ဆင့်ကဲဝါဒီ​တွေ​က ဘုရားကို မချစ်​ဖို့​လောက်​သာ မဟုတ်ဘဲ ဘုရားသခင်ကို မယုံကြည်​ဖို့​လည်း စည်းရုံး​သိမ်းသွင်း​ကြ​တယ်။ ဖန်ဆင်းရှင်ကို ယုံကြည်သူ​တွေဟာ လူ​နုံ​လူ​အ၊ အသိဉာဏ်​မရှိတဲ့​သူတွေ​လို့ ပြော​ကြ​တယ်။ တစ်ချိန်​တည်းမှာ ဖန်ဆင်း​ရှင်​အစား သိပ္ပံပညာရှင်တွေ​ကို ပို​ကြည်ညိုလေးစား​လာကြတယ်။ (ရော. ၁:၂၅) အဲဒီ​သွန်သင်ချက်​တွေကို နားထောင်​မယ်ဆိုရင် ယေဟောဝါကို ကျောခိုင်း​မိ​သွားနိုင်တယ်၊ မေတ္တာ ခေါင်းပါး​လာနိုင်တယ်။—ဟီ. ၃:၁၂

၈။ (က) ဘယ်​စိတ်ပျက်​စရာ အခြေအနေ​တွေကို ယေဟောဝါရဲ့ လူမျိုး​ ကြုံတွေ့​နေရ​သလဲ။ (ခ) ဆာလံ ၁၃၆ မှာ ဘယ်​အာမခံချက် ပေးထား​သလဲ။

စိတ်ပျက်အားလျော့​သွား​ရင် ယုံကြည်ခြင်း အားနည်း​လာနိုင်တယ်၊ ဘုရားကို ချစ်တဲ့ မေတ္တာ ခေါင်းပါး​လာနိုင်တယ်။ စာတန် ထိန်းချုပ်​ထားတဲ့ ဒီ​စနစ်ဆိုး​ကြီး​မှာ တစ်ချိန်​မဟုတ် တစ်ချိန် စိတ်ပျက်​စရာ အခြေအနေ​တွေ ကြုံတွေ့​ရနိုင်​တယ်။ (၁ ယော. ၅:၁၉) အသက်အရွယ် အိုမင်း​လို့၊ ကျန်းမာရေး မကောင်း​လို့၊ စီးပွားရေး ကျပ်တည်း​လို့ လောလောဆယ် ပြဿနာတွေ ရင်ဆိုင်​နေကြ​ရတယ်။ အရည်အချင်း မပြည့်​မီ​ဘူး၊ မျှော်လင့်​တဲ့အတိုင်း ဖြစ်မလာ​ဘူး၊ ချွတ်ယွင်းချက် ရှိနေ​တယ်​ဆိုတဲ့ ခံစားချက်တွေ​နဲ့ တိုက်လှန်​နေရ​နိုင်တယ်။ ဒီ​အခြေအနေ​တွေ၊ ခံစားချက်တွေ​ကြောင့် ကျွန်တော်တို့​ကို ယေဟောဝါ စွန့်​လိုက်​ပြီ​လို့ ဘယ်တော့မှ မယူဆ​သင့်​ဘူး။ အဲဒီအစား ကျွန်တော်တို့​အပေါ်​ထားတဲ့ ယေဟောဝါရဲ့ တည်မြဲ​တဲ့ မေတ္တာ​အကြောင်း နှစ်သိမ့်မှု​ဖြစ်စေတဲ့ စကား​တွေကို တွေးတောဆင်ခြင်​သင့်တယ်။ “ဘုရားက ငါ​တို့ နိမ့်ကျ​သွား​တဲ့အခါ ငါ​တို့ကို သတိရ​တယ်။ ခိုင်မြဲ​တဲ့​မေတ္တာတော် ထာဝစဉ် တည်မြဲ​တယ်” လို့ ဆာလံ ၁၃​၆:၂၃ မှာ ဖော်ပြထားတယ်။ မိမိ​ကျေးကျွန်​တွေ​အပေါ် ထားရှိ​တဲ့ ယေဟော​ဝါရဲ့ ခိုင်မြဲ​တဲ့ မေတ္တာ​ဟာ ဘယ်တော့မှ မပြောင်းလဲ​ဘူး။ ဒါကြောင့် “အသနားခံ​တာ​ကို ဘုရား နားထောင်​ပေး” ကြောင်း၊ ဖြေဆို​ပေး​ကြောင်း စိတ်ချ​နိုင်တယ်။—ဆာ. ၁၁၆:၁။ ၁၃၆:၂၄-၂၆

၉။ ဘုရားကို ချစ်တဲ့​မေတ္တာ ထိန်းသိမ်း​ထား​ဖို့ ပေါလု​ကို ဘာက ခွန်အား​ပေး​ခဲ့​သလဲ။

ဆာလံဆရာ​လိုပဲ ပေါလု​လည်း ယေဟောဝါရဲ့ မပြတ်​တမ်း ထောက်မမှု​ကို ပြန်​စဉ်းစား​ပြီး ခွန်အားရ​ရှိခဲ့တယ်။ “ယေဟောဝါဟာ ကူညီမစရှင်​ဖြစ်တဲ့​အတွက် ငါ ဘာကို​မှ မကြောက်​ဘူး။ လူက ငါ့ကို ဘာ​လုပ်နိုင်​မှာ​လဲ” လို့ ပေါလု ရေးခဲ့တယ်။ (ဟီ. ၁၃:၆) ယေဟောဝါရဲ့ မေတ္တာပါ စောင့်ရှောက်မှု​ကို အခိုင်အမာ ယုံကြည်စိတ်ချမှု​က ဘဝပြဿနာ​တွေ ဖြေရှင်း​ရာမှာ ပေါလု​ကို ကူညီပေးတယ်။ ခက်ခဲတဲ့ အခြေအနေ​တွေကြောင့် စိတ်ဓာတ်မကျ​ခဲ့ဘူး။ ထောင်ကျ​နေတုန်းမှာ​တောင် အားပေးစာ​အတော်များများကို ပေါလု ရေးသားခဲ့တယ်။ (ဧ. ၄:၁။ ဖိ. ၁:၇။ ဖိ​လေ. ၁) အလွန်အမင်း ပင်ပန်း​နေတာ​တောင်မှ ဘုရားကို ချစ်တဲ့​မေတ္တာ ထိန်းသိမ်း​ထားခဲ့​တယ်။ အဲဒီလို​ထိန်းသိမ်းဖို့ ဘာက ခွန်အား​ရှိစေ​သလဲ။ ‘ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရ​တဲ့အခါ နှစ်သိမ့်ပေး’ တဲ့ “နှစ်သိမ့်ခြင်း​အမျိုးမျိုး​ရဲ့ အရှင်” ကို ဆက်​မှီခို​အားကိုးခြင်း​ပါပဲ။ (၂ ကော. ၁:၃၊ ၄) ပေါလု​ရဲ့ ပုံသက်သေ​ကို တုပ​ပြီး ယေဟောဝါကို ချစ်တဲ့​မေတ္တာ ဘယ်လို ထိန်းသိမ်း​ထား​နိုင်သလဲ။

ယေဟောဝါကို ချစ်ကြောင်း ပြပါ (အပိုဒ် ၁၀ ကိုကြည့်ပါ)

၁၀။ ယေဟောဝါကို ချစ်တဲ့​မေတ္တာ ဘယ်လို ဆက်​ခိုင်မြဲ​စေနိုင်​သလဲ။

၁၀ ယေဟောဝါကို ချစ်တဲ့​မေတ္တာ ဆက်​ခိုင်မြဲ​စေနိုင်​တဲ့ အဓိက​နည်း​ကို ပေါလု ဖော်ပြ​ခဲ့တယ်။ “အမြဲမပြတ် ဆုတောင်း​နေကြ​ပါ” လို့ ယုံကြည်သူချင်းတွေ​ဆီ စာရေးခဲ့တယ်။ နောက်ပိုင်းမှာ “ဇွဲမလျှော့​တမ်း ဆုတောင်း​ပါ” လို့ ထပ်​ရေးခဲ့တယ်။ (၁ သက်. ၅:၁၇။ ရော. ၁၂:၁၂) ဆုတောင်း​ဆက်သွယ်ခြင်း​ဟာ ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိစေ​တဲ့ အခြေခံ​အုတ်မြစ် ဖြစ်တယ်။ (ဆာ. ၈၆:၃) ကျွန်တော်တို့ရဲ့ အတွေး​တွေ၊ ခံစားချက်တွေ​ကို ယေဟောဝါ​ဆီ ပြောပြဖို့ အချိန်ယူ​မယ်ဆိုရင် “ဆုတောင်းသံ​ကို နားထောင်​တဲ့​အရှင်” ဖခင်​နဲ့ ပို​ရင်းနှီး​လာမယ်။ (ဆာ. ၆၅:၂) ဒီ့​အပြင် ဆုတောင်းချက်​တွေကို ယေဟောဝါ ဖြေကြား​ပေး​ကြောင်း သိလာတဲ့​အ​ခါ ဘုရား​ကို ပို​ချစ်​လာတယ်။ “ယေဟောဝါဟာ ဆုတောင်း​တဲ့သူ​တိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်း​သူ​တိုင်း​ရဲ့ အနီးအပါး​မှာ ရှိ” ကြောင်း ပို​သဘောပေါက်လာတယ်။ (ဆာ. ၁၄၅:၁၈) ယေဟော​ဝါရဲ့ မေတ္တာပါ ထောက်မမှု​ကို ယုံကြည်စိတ်ချ​ခြင်းက ရှေ့မှာ ကြုံတွေ့​ရနိုင်​တဲ့ ယုံကြည်ခြင်း စမ်းသပ်မှုတွေ​ကို ဖြေရှင်း​နိုင်အောင် ကူညီပေးတယ်။

ကျမ်းစာအမှန်တရား​ကို နှစ်သက်မြတ်နိုး​စိတ်

၁၁၊ ၁၂။ ကျမ်းစာ အမှန်တရားကို နက်နက်ရှိုင်းရှိုင်း မြတ်နိုး​ဖို့ ဘယ်လို လုပ်နိုင်​သလဲ။

၁၁ ခရစ်ယာန်တွေ​အနေနဲ့ အမှန်တရားကို နှစ်သက်မြတ်နိုး​ကြပါ​တယ်။ ဘုရား​စကားတော်​ဟာ အကြွင်းမဲ့ အမှန်တရား​ပါပဲ။ “အဖ​ရဲ့ တရားစကား​ဟာ အမှန်တရား ဖြစ်ပါတယ်” လို့ ဘုရားသခင်​ဆီ ယေရှု ဆုတောင်း​ခဲ့တယ်။ (ယော. ၁၇:၁၇) ဒါကြောင့် အမှန်တရားကို မြတ်နိုးခြင်း​က ဘုရား​စကားတော်​ပါ တိကျမှန်ကန်​တဲ့ အသိပညာ ဆည်းပူးခြင်း​နဲ့ အစပြု​တယ်။ (ကော. ၁:၁၀) ဒါပေမဲ့ အသိပညာ ဆည်းပူးခြင်း​ထက်မက လိုအပ်တယ်။ ကျမ်းစာအမှန်တရား မြတ်နိုးခြင်း​ရဲ့ အဓိပ္ပာယ်​ကို နားလည်ဖို့ ဆာလံ ၁၁၉ ရေးသူ​က ဘယ်လို ကူညီပေးတယ်​ဆိုတာ သတိပြု​ပါ။ (ဆာလံ ၁၁၉:၉၇-၁၀၀ ကိုဖတ်ပါ။) တစ်နေ့​တာ​လုံး ကျမ်းပိုဒ်​တွေကို တွေးတောဆင်ခြင်​နေဖို့ အချိန်ပေး​သလား။ ဘဝ​မှာ ကျမ်းစာအမှန်တရား ကျင့်သုံး​နိုင်တဲ့​နည်းတွေ​ကို တွေးတော​နေမယ်​ဆိုရင် ကျမ်းစာအမှန်တရား​ကို ပို​မြတ်နိုး​လာပါလိမ့်မယ်။

၁၂ “နှုတ်တော်ထွက်​စကားဟာ ကျွန်တော့်​ခံတွင်း​ထဲမှာ ချိုမြိန်​လိုက်တာ။ ပါးစပ်​ထဲမှာ ပျားရည်​ထက်​တောင် ချိုမြ​ပါတယ်” လို့ ဆာလံဆရာ ဆက်ပြော​တယ်။ (ဆာ. ၁၁၉:၁၀၃) အလားတူ​ပဲ ဘုရားသခင့် အဖွဲ့အစည်းထုတ် ကျမ်းစာအခြေပြု အကြောင်းအရာတွေ​ကို အရသာ​ခံ​တတ်လာ​နိုင်တယ်။ တစ်​စိမ့်စိမ့် အရသာ​ခံ စဉ်းစား​မယ်ဆိုရင် အမှန်တရား​ရဲ့ “နှစ်သက်ဖွယ် စကား​တွေ” ကို မှတ်မိ​လာနိုင်​မယ်၊ ဒါတွေ​နဲ့ တခြားသူတွေကို ကူညီပေး​နိုင်တယ်။—ဒေ. ၁၂:၁၀

၁၃။ ကျမ်းစာ အမှန်တရားကို နှစ်သက်မြတ်နိုး​ဖို့ ယေရမိ​ကို ဘာက ကူညီပေးခဲ့သလဲ။ ဘယ်လို အကျိုးသက်ရောက်​ခဲ့​သလဲ။

၁၃ ကျမ်းစာအမှန်တရား​ကို ပရောဖက် ယေရမိ နှစ်သက်​မြတ်နိုး​ခဲ့တယ်။ သူ့ရဲ့​စိတ်နှလုံး​မှာ ဘုရား​စကားတော် အကျိုးသက်ရောက်​ခဲ့​ပုံကို သတိပြု​ကြည့်ပါ။ “ဗိုလ်ခြေ​တို့ရဲ့​ဘုရား ယေဟောဝါ၊ နှုတ်တော်ထွက်​စကား​တွေကို တွေ့​တာနဲ့ ကျွန်တော် စား​လိုက်တယ်။ နာမတော်​ကို ခံယူ​ထားတဲ့အတွက် နှုတ်တော်ထွက်​စကား​တွေ​က ကျွန်တော့်ကို ရွှင်လန်း​စေတယ်။ ရင်​ကို ကြည်နူး​စေ​ပါတယ်။” (ယေ. ၁၅:၁၆) ယေရမိ​ဟာ ဘုရားသခင့် အဖိုးတန်​စကား​တွေကို လေးလေးနက်နက် ဖတ်ရှုလေ့လာ​ပြီး တ​စိမ့်စိမ့် တွေးတောဆင်ခြင်​ခဲ့တယ်။ ဒီနည်းအားဖြင့် ဘုရားနာမည် ကိုယ်စားပြု​ခွင့်​ရတာ​ကို အလွန်​လေးမြတ်​ခဲ့တယ်။ ကျမ်းစာအမှန်တရား​ကို မြတ်နိုးစိတ်​က ဘုရားသခင့်နာမည် ခံယူ​ရတာ၊ နောက်ဆုံးကာလ​မှာ ဘုရားနိုင်ငံတော်​အကြောင်း ဟောပြော​ရတာ​ကို အခွင့်ထူး​အဖြစ် ယူမှတ်​စေတယ်။

ကျမ်းစာအမှန်တရားကို နှစ်သက်မြတ်နိုးကြောင်း ပြပါ (အပိုဒ် ၁၄ ကိုကြည့်ပါ)

၁၄။ ကျမ်းစာ အမှန်တရားကို ဘယ်လို ပို​နှစ်သက်မြတ်နိုး​လာနိုင်​သလဲ။

၁၄ ကျမ်းစာနဲ့ ကျမ်းစာအခြေပြု စာပေ​တွေ ဖတ်ရှုခြင်း​အပြင် ဘယ်​အရာက​လည်း ကျမ်းစာအမှန်တရား​ကို နက်နက်ရှိုင်းရှိုင်း နှစ်သက်မြတ်နိုး​စေနိုင်​သလဲ။ အသင်းတော် အစည်းအဝေးတွေကို မှန်မှန် တက်ရောက်ခြင်း​က ကျမ်းစာအမှန်တရား​ကို ပို​နှစ်သက်မြတ်နိုး​စေနိုင်​ပါတယ်။ ကင်းမျှော်​စင် အကူအညီ​နဲ့ ပတ်စဉ် ကျမ်းစာလေ့လာခြင်း​ကလည်း ကျွန်တော်​တို့​ကို သွန်သင်ပေးတဲ့ နည်းတစ်နည်း​ပါပဲ။ လေ့လာတဲ့ ဆောင်းပါးကို နားလည်ဖို့ ကင်းမျှော်စင် သင်တန်း​တိုင်း​အတွက်​ ကောင်းကောင်း ကြိုတင်ပြင်ဆင်​ရမယ်။ ပြင်ဆင်​နိုင်တဲ့ နည်းတစ်နည်း​က​တော့ ရည်ညွှန်း​ထားတဲ့ ကျမ်းချက်​တိုင်း​ကို ဖွင့်ဖတ်​ခြင်း​ပါပဲ။ အခု​ချိန်မှာ ကင်းမျှော်စင်​ကို jw.org ဝက်ဘ်ဆိုက်​မှာ ကူးယူ​နိုင်တယ်။ JW Library မှာ ဘာသာစကား​များစွာ​နဲ့ ဖတ်ရှု​နိုင်တယ်။ လေ့လာရန် ဆောင်းပါး​တိုင်းမှာ​ပါတဲ့ ရည်ညွှန်း​ကျမ်းချက်တွေ​ကို အီလက်ထရောနစ်​ပုံစံ​နဲ့ အလွယ်တကူ ဖတ်နိုင်​တယ်။ ဘယ်နည်း​ပဲ​သုံး​သုံး ကျမ်းချက်တွေ​ကို သေသေချာချာ ဖတ်​ခြင်း၊ တွေးတောဆင်ခြင်ခြင်း​က ကျမ်းစာအမှန်တရား​ကို နက်နက်ရှိုင်းရှိုင်း နှစ်သက်မြတ်နိုး​စေပါလိမ့်မယ်။ဆာလံ ၁:၂ ကိုဖတ်ပါ။

ညီအစ်ကို/မတွေကို ချစ်​ပါ

၁၅၊ ၁၆။ (က) ယောဟန် ၁၃:၃၄၊ ၃၅ အရ ကျွန်တော်တို့မှာ ဘာ​တာဝန် ရှိ​သလဲ။ (ခ)  ညီအစ်ကို/မတွေကို ချစ်တဲ့​မေတ္တာ​က ဘုရားသခင်​နဲ့ ကျမ်းစာကို ချစ်မြတ်နိုးစိတ်​နဲ့ ဘယ်လို ဆက်စပ်နေ​သလဲ။

၁၅ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးည​မှာ တပည့်​တွေကို ဒီလို​ပြောခဲ့တယ်– “အချင်းချင်း ချစ်​ကြပါ​ဆိုတဲ့ ပညတ်​အသစ်​တစ်ခု ကျွန်တော် ပေးမယ်။ ခင်ဗျား​တို့ကို ကျွန်တော် ချစ်​သလို အချင်းချင်း ချစ်​ကြပါ။ အချင်းချင်း ချစ်​မယ်ဆိုရင် ခင်ဗျား​တို့ဟာ ကျွန်တော့်​တပည့်​တွေပဲ​ဆိုတာ လူတွေ သိ​လိမ့်မယ်။”—ယော. ၁၃:၃၄၊ ၃၅

၁၆ ညီအစ်ကို/မတွေကို ချစ်တဲ့​မေတ္တာနဲ့ ယေဟောဝါကို ချစ်တဲ့​မေတ္တာ​က ဆက်စပ်နေတယ်။ ဘုရားကို မချစ်​ရင် ညီအစ်​ကို/မတွေကို မချစ်​နိုင်​ဘူး။ “မြင်​နေရတဲ့ ညီအစ်ကို​ကို မချစ်​ရင် မမြင်​ရတဲ့ ဘုရားသခင်ကို မချစ်​နိုင်​ဘူး” လို့ တမန်တော် ယောဟန် ရေးခဲ့တယ်။ (၁ ယော. ၄:၂၀) ဒါ့အပြင် ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ချစ်တဲ့​မေတ္တာ​က ကျမ်းစာကို နှစ်သက်မြတ်နိုး​စိတ်နဲ့ ဆက်စပ်နေ​ပြန်​တယ်။ ဘာကြောင့်လဲ။ ကျမ်းစာအမှန်တရား​ကို နှစ်သက်မြတ်နိုး​စိတ်​က ဘုရားကို ချစ်​ပါ၊ ညီအစ်ကိုတွေ​ကို ချစ်​ပါ​ဆိုတဲ့ ကျမ်းစာ​ပညတ်​တွေကို လှိုက်လှိုက်လှဲလှဲ နာခံ​စေတယ်။—၁ ပေ. ၁:၂၂။ ၁ ယော. ၄:၂၁

ညီအစ်ကို/မတွေကို ချစ်ကြောင်း ပြပါ (အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ မေတ္တာပြ​နိုင်တဲ့ နည်းလမ်း​တချို့က ဘာတွေ​လဲ။

၁၇ ၁ သက်သာလောနိတ် ၄:၉၊ ၁၀ ကိုဖတ်ပါ။ အသင်းတော်​မှာ မေတ္တာပြ​နိုင်တဲ့ လက်တွေ့ကျ နည်းလမ်း​တချို့က ဘာတွေ​လဲ။ အသက်ကြီး ညီအစ်ကို/မ​တစ်ယောက်ယောက် အစည်းအဝေး ကြို​ပို့ပေး​ဖို့ လိုအပ်​နိုင်တယ်။ မုဆိုးမ​ရဲ့​အိမ်​ကို ပြင်ပေး​ဖို့ လို​နိုင်တယ်။ (ယာ. ၁:၂၇) စိတ်အား​ငယ်​နေတဲ့၊ စိတ်ဓာတ်ကျ​နေတဲ့၊ တခြား​အခက်အခဲ​တွေ ကြုံနေ​တဲ့ လူကြီးလူငယ် ညီအစ်ကို/မတွေ​ဟာ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှု၊ အားပေးမှု၊ နှစ်သိမ့်မှု​တွေ လိုအပ်​ကြ​တယ်။ (ပညာ. ၁၂:၂၅။ ကော. ၄:၁၁) “ယုံကြည်ခြင်းတူ​တဲ့သူ​တွေကို” အလွန်​အလေးထား​ကြောင်း အပြော​အလုပ်​နဲ့ ဖော်ပြ​တဲ့အခါ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ​ကို တကယ် ချစ်မြတ်နိုး​ကြောင်း သက်သေပြ​နေတာ​ပါပဲ။—ဂ​လ. ၆:၁၀

၁၈။ ခရစ်ယာန်ချင်း​တွေ​ကြားမှာ​ရှိတဲ့ အသေးအဖွဲ သဘောထားကွဲ​လွဲ​မှုတွေ​ကို ဖြေရှင်းဖို့ ဘာက ကူညီပေး​မလဲ။

၁၈ ဒီ​စနစ်ဆိုး​ရဲ့ “နောက်ဆုံးကာလ” မှာ လူတွေဟာ တစ်ကိုယ်ကောင်းဆန်​ကြ​မယ်၊ လောဘ​ကြီး​ကြ​မယ်လို့ ကျမ်းစာမှာ ကြိုဟော​ထားတယ်။ (၂ တိ. ၃:၁၊ ၂) ဒါကြောင့် ကျွန်တော်တို့ ခရစ်ယာန်တွေ​ဟာ ဘုရားကို ချစ်တဲ့​မေတ္တာ၊ ကျမ်းစာအမှန်တရား​ကို နှစ်သက်မြတ်နိုး​စိတ်၊ အချင်းချင်း ချစ်တဲ့​မေတ္တာ တိုးပွား​အောင် ကြိုးစား​ရမယ်။ ယုံကြည်သူချင်းတွေ​ကြားမှာ အသေးအဖွဲ သဘောထားကွဲ​လွဲ​မှုတွေ တစ်ခါ​တလေ ပေါ်လာ​နိုင်တယ်။ ဒါပေမဲ့ သဘောထားကွဲ​လွဲ​မှုတွေ​ကို ချစ်ခြင်းမေတ္တာ​နဲ့ ဖြေရှင်း​တဲ့အခါ အသင်းတော်တစ်ခု​လုံး ကောင်းချီးခံစား​ရ​ပါတယ်။ (ဧ. ၄:၃၂။ ကော. ၃:၁၄) ဒါကြောင့် ကျွန်တော်တို့ရဲ့ မေတ္တာ ဘယ်တော့မှ မ​ခေါင်းပါး​ပါစေ​နဲ့။ အဲဒီအစား ယေဟောဝါ၊ ကျမ်းစာ၊ ညီအစ်ကို/မတွေကို အားကြီးတဲ့မေတ္တာ​နဲ့ ဆက်​ချစ်မြတ်နိုး​သွား​ကြပါစို့။