မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား”

“ဒီဟာတွေထက် ကျွန်တော့်ကို ပိုချစ်သလား”

“ယောဟန်ရဲ့​သား ရှိမုန်၊ ဒီ​ဟာ​တွေ​ထက် ကျွန်တော့်ကို ပို​ချစ်​သလား။” ယော. ၂၁:၁၅

သီချင်း– ၁၂၈၊ ၄၅

၁၊ ၂။ တစ်ည​လုံး ငါးဖမ်း​ပြီးတဲ့နောက် ပေတရု ဘာ​ကြုံတွေ့​ခဲ့​သလဲ။

ယေရှုရဲ့ တပည့် ခုနစ်ယောက် ဂါလိလဲ​ပင်လယ်​မှာ တစ်ည​လုံး ငါးဖမ်း​နေကြတယ်။ ဒါပေမဲ့ တစ်ကောင်​မှ မရဘူး။ ထမြောက်​လာပြီး​တဲ့ ယေရှုဟာ သူတို့ကို ကမ်း​ပေါ်ကနေ လှမ်းကြည့်​နေတယ်။ “‘လှေ​ရဲ့​ညာဘက်​မှာ ပိုက်ကွန်​ချ​လိုက်ပါ။ ငါး​တွေ​ရ​လိမ့်မယ်’ လို့ ယေရှု ပြောတဲ့​အတွက် ပိုက်ကွန် ချ​လိုက်​တဲ့အခါ ပိုက်​ကို​တောင် မ​ဆွဲတင်​နိုင်​လောက်အောင် ငါး​တွေ​အများကြီး ဖမ်းမိ​တယ်။”—ယော. ၂၁:၁-၆

ယေရှုက သူတို့ကို မနက်စာ ကျွေး​ပြီး​တဲ့အခါ ရှိမုန်​ပေတရု​ဘက် လှည့်​ပြီး “ယောဟန်​ရဲ့​သား ရှိမုန်၊ ဒီ​ဟာ​တွေ​ထက် ကျွန်တော့်ကို ပို​ချစ်​သလား” လို့ မေးလိုက်​တယ်။ ဘာကို ဆိုလို​သလဲ။ ပေတရု​ဟာ ငါးဖမ်းခြင်း​ကို အတော်လေး တွယ်တာ​နေတယ်။ ဒါကြောင့် ဘာကို တကယ်​နှစ်သက်​တွယ်တာ​နေ​သလဲ​လို့ မေး​နေ​ပုံ​ရတယ်။ ယေရှုနဲ့ ယေရှုရဲ့ သွန်သင်ချက်​တွေ​ထက် ငါး​နဲ့ ငါးဖမ်း​လုပ်ငန်းကို ပေတရု ပို​နှစ်သက်​တွယ်တာ​ခဲ့သလား။ ပေတရု​က “ချစ်​တာပေါ့။ ကျွန်တော်​ချစ်​မှန်း သခင်​သိ​ပါတယ်” လို့​ပြန်ဖြေ​တယ်။ (ယော. ၂၁:၁၅) ပေတရု​ဟာ ပြောတဲ့​အတိုင်း​ပဲ တကယ်​နေထိုင်ခဲ့​တယ်။ အဲဒီအချိန်ကစပြီး တပည့်ဖြစ်စေ​ခြင်း​လုပ်ငန်းမှာ အလုပ်များ​နေခြင်း၊ ပထမ​ရာစု ခရစ်ယာန်​အသင်းတော်ရဲ့ အမာခံ​ဖြစ်​ခြင်းအားဖြင့် ခရစ်တော်​ကို ချစ်ကြောင်း သက်သေပြ​ခဲ့တယ်။

၃။ ခရစ်ယာန်တွေ ဘယ်​အန္တရာယ်​ကို သိထား​ရ​မလဲ။

ပေတရု​ကို ပြောခဲ့တဲ့ ယေရှုရဲ့ စကား​တွေကနေ ဘာသင်ယူနိုင်သလဲ။ ယေရှုကို ချစ်တဲ့​မေတ္တာ လျော့​မသွား​ဖို့၊ ဘုရားနိုင်ငံတော် အကျိုးစီးပွား​က​နေ အာရုံ​လွဲ​မသွား​ဖို့ သတိထား​ကြ​ရမယ်။ ဒီလောက​စနစ်​ရဲ့ စိုးရိမ်​ပူပန်မှု​တွေကြောင့် ဖြစ်လာ​တဲ့ ဖိအား​တွေကို ယေရှု ကောင်းကောင်း သိထား​တယ်။ မျိုးကြဲသူ ဥပမာ​မှာ ယေရှု​က တချို့သူ​တွေ “နိုင်ငံတော်သတင်း” ကို လက်ခံ​မယ်၊ အစပိုင်းမှာ တိုးတက်​လာ​ပေ​မဲ့ “ဒီလောက​စနစ်​ရဲ့ စိုးရိမ်ပူပန်​စရာ​တွေ၊ စည်းစိမ်ဥစ္စာ​ရဲ့ လှည့်စားမှု​တွေ” က “တရားစကား​ကို လွှမ်းမိုး​ပိတ်ဆို့” လိမ့်မယ်​လို့ ပြောခဲ့တယ်။ (မ. ၁၃:၁၉-၂၂။ မာ. ၄:၁၉) ကျွန်တော်တို့ သတိ​မထား​ဘူးဆို​ရင် ဘဝ​ရဲ့ နေ့စဉ် ပူပန်မှု​တွေကြောင့် ဘုရား​ရေးရာ​မှာ အားနည်း​သွားနိုင်တယ်။ ဒါကြောင့် တပည့်​တွေကို ‘စားကြူး​သောက်​ကြူး​တာ​တွေ၊ ဘဝ​ရဲ့ စိုးရိမ်ပူပန်​စရာ​တွေကြောင့် စိတ်နှလုံး ဝန်ပိ​မနေ​ဖို့ သတိထား​ကြပါ’ လို့ ယေရှု ပြောခဲ့တယ်။—လု. ၂၁:၃၄

၄။ ခရစ်တော်​ကို ချစ်တဲ့​မေတ္တာ​ရဲ့ အတိမ်အနက်​ကို ဆန်းစစ်​ဖို့ ဘာက ကူညီပေး​မလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

ပေတရု​လိုပဲ ကျွန်တော်တို့လည်း ယေရှု ပေးအပ်ခဲ့​တဲ့​လုပ်ငန်းကို ပထမ​နေရာမှာ ထားခြင်း​အားဖြင့် ယေရှုကို ချစ်ကြောင်း သက်သေပြ​ကြ​တယ်။ အဲဒီလို ဆက်​လုပ်ဆောင်​နေ​ကြောင်း ဘယ်လို သေချာ​စေနိုင်​သလဲ။ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဒီလို​မေး​ဖို့ လိုတယ်– ‘ငါ​ဘာကို တကယ်​နှစ်သက်​တွယ်တာ​နေ​သလဲ။ ငါ​ပျော်ရွှင်​တာဟာ ဘုရားရေးရာ လုပ်ဆောင်မှု​တွေကြောင့်​လား၊ တခြား​လုပ်ဆောင်မှု​တွေကြောင့်​လား။’ အဖြေ​ရဖို့ ခရစ်တော်​ကို ချစ်တဲ့​မေတ္တာ အားနည်း​သွား​စေနိုင်​တဲ့ ဘဝကဏ္ဍ​သုံးခု​ကို သုံးသပ်​ကြည့်​ကြစို့။ အဲဒါတွေက​တော့ လောကအလုပ်၊ အပန်းဖြေမှု၊ ရုပ်​ဝတ္ထု​ပစ္စည်း​တို့​ပါပဲ။

လောကအလုပ်​ကို တော်မှန်​တဲ့နေရာမှာ ထားခြင်း

၅။ အိမ်ထောင်ဦးစီး​တွေမှာ ဘယ်​ကျမ်းပေးတာဝန် ရှိ​သလဲ။

ငါးဖမ်းခြင်း​ဟာ ပေတရု​အတွက် ဝါသနာ​သက်သက် မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း​လုပ်ငန်း​လည်း ဖြစ်တယ်။ မိသားစု လိုအပ်ရာတွေကို ထောက်ပံ့​ဖို့ ကျမ်းပေးတာဝန်​ရှိကြောင်း ဒီနေ့ အိမ်ထောင်ဦးစီး​တွေ သိထား​ကြ​တယ်။ (၁ တိ. ၅:၈) ဒီ​တာဝန်ကို ကျေပွန်​ဖို့ ကြိုးစားကြ​ရမယ်။ ဒါပေမဲ့ ဒီ​နောက်ဆုံးကာလ​မှာ လောကအလုပ်​က စိုးရိမ်ပူပန်မှု​တွေ ဖြစ်ပေါ်​စေ​တတ်တယ်။

။ ဒီနေ့​လုပ်ငန်းခွင်​မှာ ဘာ​ဖိစီးမှု​တွေ ရှိ​သလဲ။

အလုပ်အကိုင် ရှားပါးမှု​ကြောင့် အပြိုင်အဆိုင် အလုပ်ရှာ​နေကြ​လို့ လစာ​နည်း​ရင်တောင် အလုပ်​အချိန်​များများ ပို​လုပ်​ရမယ်လို့ အလုပ်သမား​များစွာ ယူဆကြတယ်။ ထုတ်ကုန်များ​များ ထုတ်လုပ်​ရမယ်​ဆိုတဲ့ ဖိအား​ကြောင့် လူတွေဟာ ကာယပိုင်း၊ စိတ်ပိုင်း၊ ခံစားချက်​ပိုင်း ထိခိုက်​လာတယ်။ အလုပ်​အတွက် အဲဒီလို အ​နစ်နာ​မခံ​ချင်တဲ့ အလုပ်သမား​တွေ အလုပ်ပြုတ်​ကိန်း ရှိတယ်။

၇၊ ၈။ (က) ဘယ်သူ့​ကို အဓိက သစ္စာစောင့်သိ​ရ​မလဲ။ (ခ) ထိုင်း​နိုင်ငံ​က ညီအစ်ကို​တစ်ယောက် အလုပ်​က​နေ ဘယ်​အဖိုးတန်​သင်ခန်းစာ ရခဲ့​သလဲ။

ကျွန်တော်တို့ ခရစ်ယာန်တွေ​က အလုပ်ရှင်​ကို မဟုတ်ဘဲ ယေဟောဝါကို အဓိက သစ္စာစောင့်သိ​ရမယ်။ (လု. ၁၀:၂၇) လောကအလုပ်​ဟာ ကျွန်တော်တို့ရဲ့ အခြေခံလိုအပ်ရာ​တွေ ဖြည့်ဆည်း​ပေးဖို့၊ အမှုဆောင်လုပ်ငန်း​ကို ထောက်မ​ဖို့ သက်သက်​ပါပဲ။ ဒါပေမဲ့ သတိ​မထား​ဘူးဆို​ရင် လောကအလုပ်​ကြောင့် ဝတ်ပြုရေး​ကို ထိခိုက်​နိုင်တယ်။ ဥပမာ၊ ထိုင်း​နိုင်ငံ​က ညီအစ်ကို​တစ်ယောက် ဒီလိုပြောတယ်– “ကျွန်တော့် ကွန်ပျူတာ​ပြင်​တဲ့​အလုပ်​က သိပ်​စိတ်ဝင်စား​စရာ ကောင်းတယ်။ ဒါပေမဲ့ အချိန်​စား​တယ်။ ဒါကြောင့် ဘုရားရေးရာ​ကိစ္စတွေ​အတွက် အချိန်​မပေး​နိုင်​သလောက် ဖြစ်သွား​တယ်။ ဘုရားနိုင်ငံတော်​အကျိုးစီးပွား​ကို ဦးစားထား​ဖို့ အလုပ်​ပြောင်း​မှ ဖြစ်မယ်။” ဒီ​ညီအစ်ကို ဘာလုပ်ခဲ့သလဲ။

“တစ်နှစ်​လောက် စီစဉ်​ပြီးတဲ့နောက် လမ်းဘေး​မှာ ရေခဲမုန့် ရောင်းဖို့ ဆုံးဖြတ်​လိုက်တယ်။ အစပိုင်းမှာ​တော့ ငွေရေးကြေးရေး အဆင်မပြေ​လို့ စိတ်ဓာတ်ကျ​ခဲ့တယ်။ အရင်က အလုပ်ဖော်​တွေနဲ့ တွေ့​တဲ့အခါ ရေခဲမုန့်​ရောင်းတဲ့​အလုပ်​က အအေး​ခန်း​ထဲမှာ ကွန်ပျူတာ​နဲ့ လုပ်တာ​ထက် ပိုကောင်းတယ်​လို့ ဘာကြောင့် ယူဆ​သလဲ​လို့ ရယ်​ပြီး​မေး​ကြ​တယ်။ အခက်အခဲ​ကို ဖြေရှင်း​နိုင်​ဖို့၊ ဘုရားရေးရာ​လုပ်ငန်း​အတွက် အချိန်ပို​ပေးမယ်ဆိုတဲ့ ပန်းတိုင်​ကို ပြည့်မီ​ဖို့ ကူညီ​ပေး​ပါ​လို့ ယေဟောဝါ​ဆီ ဆုတောင်း​တယ်။ သိပ်​မကြာ​ခင်​မှာပဲ အခြေအနေ တိုးတက်​လာတယ်။ စားသုံးသူ​တွေ အကြိုက်ကို ပို​သိလာ​တယ်။ ရေခဲမုန့်​လုပ်တာ ပို​ကျွမ်းကျင်​လာတယ်။ မကြာခင်​မှာပဲ နေ့တိုင်း ရေခဲမုန့်​အကုန် ရောင်း​ရတယ်။ အခု ကွန်ပျူတာ​ပြင်​တဲ့​အလုပ်​ထက်​တောင် ဝင်ငွေ ပို​ကောင်း​နေ​ပြီ။ အရင်​အလုပ်​လို ဖိစီးမှု၊ ပူပန်မှု​တွေ မရှိတော့​လို့ ပို​ပျော်​တယ်။ အရေးကြီးဆုံး​က​တော့ အခု ယေဟောဝါနဲ့ ပို​ရင်းနှီး​လာတယ်။”မဿဲ ၅:၃၊  ကိုဖတ်ပါ။

၉။ လောကအလုပ်​နဲ့ပတ်သက်ပြီး မျှတတဲ့​အမြင် ဘယ်လို ထိန်းသိမ်း​နိုင်သလဲ။

အလုပ်ကြိုးစား​ခြင်းက ဘုရားရေးရာ အရည်အသွေးကောင်း​တစ်ခုပါ။ အလုပ်ကြိုးစား​တာ​က အကျိုးပေး​တယ်။ (ပညာ. ၁၂:၁၄) ဒါပေမဲ့ အထက်​မှာ ဖော်ပြခဲ့တဲ့ ညီအစ်ကို ပြော​သလိုပဲ လောကအလုပ်​ကို တော်မှန်​တဲ့နေရာမှာ ထား​ဖို့ လိုတယ်။ “ဘုရားသခင်ရဲ့ နိုင်ငံတော်​နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း​ကို အမြဲ​ဦးစားထား​ကြပါ။ နောက်​မှ အဲဒါ​တွေ [အခြေခံလိုအပ်ရာ​တွေ] ကို ဖြည့်ဆည်း​ပေး​လိမ့်မယ်” လို့ ယေရှု ပြောခဲ့တယ်။ (မ. ၆:၃၃) လောကီ​ရေးရာ​နဲ့ ဘုရားရေးရာ​အပေါ် မျှတတဲ့​အမြင် ရှိ​မရှိ သိနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့ လောကအလုပ်​က စိတ်ဝင်စား​စရာ၊ ပျော်စရာ​ကောင်းပြီး ဘုရားရေးရာ​အလုပ်တွေ​က​တော့ ပုံမှန်​လုပ်ရိုးလုပ်စ​ဉ်​လို ဖြစ်နေ​သလား။’ လောကအလုပ်​နဲ့ ဘုရားရေးရာ​အလုပ်အပေါ် ကျွန်တော်တို့ရဲ့ သဘောထားကို စဉ်းစား​တွေးတော​တာ​က ဘယ်အရာကို တကယ်​ချစ်ခင်တွယ်တာ​နေမှန်း သိအောင် ကူညီပေးတယ်။

၁၀။ ဦးစားထားရာ​တွေနဲ့​ပတ်သက်ပြီး ယေရှု ဘယ်​အဖိုးတန်​သင်ခန်းစာ သင်ပေး​ခဲ့​သလဲ။

၁၀ လောကအလုပ်​နဲ့ ဘုရားရေးရာ​အလုပ်ကို မျှတ​စေဖို့ ယေရှု သင်ပေးတယ်။ တစ်ခါ​က မာရိ​နဲ့ မာ​သ​တို့ ညီအစ်​မ​အိမ်​ကို ယေရှု လည်ပတ်​ခဲ့တယ်။ မာ​သ​က​တော့ သုတ်သုတ်​ပျာ​ပျာ ချက်ပြုတ်​နေတယ်။ မာရိ​က​တော့ ယေရှု​ရဲ့ ခြေရင်း​မှာ ထိုင်ပြီး နားထောင်​နေတယ်။ မာရိ မကူညီ​ပေး​လို့ မာ​သ အပြစ်တင်​တဲ့အခါ ယေရှုက “မာရိ​က​တော့ အကောင်းဆုံး​ကို ရွေး​လိုက်​ပြီ။ အဲဒါကို သူ့ဆီကနေ ဘယ်သူမှ လုယူ​လို့​မရဘူး” လို့​ပြန်ပြောတယ်။ (လု. ၁၀:၃၈-၄၂) မာ​သ​ကို အဖိုးတန်​သင်ခန်းစာ​တစ်ခု ယေရှု သင်ပေး​ခဲ့တယ်။ လောကအလုပ်​ကြောင့် အာရုံမများ​ဖို့၊ ခရစ်တော်​ကို ချစ်ကြောင်း သက်သေပြ​ဖို့ “အကောင်းဆုံး​ကို ရွေး” နေရ​မယ်။ ဘုရားရေးရာ​ကို ဦးစားထား​နေရ​မယ်။

အပန်းဖြေမှု​နဲ့ ဖျော်ဖြေမှု​အပေါ် ကျွန်တော်တို့ရဲ့ အမြင်

၁၁။ အပန်းဖြေ အနားယူခြင်း​နဲ့ပတ်သက်ပြီး ကျမ်းစာ ဘာသင်ပေးသလဲ။

၁၁ အလုပ်​ပင်ပန်း​လို့၊ အလုပ်များ​လို့ တစ်ခါတလေ အပန်းဖြေ​ဖို့၊ အနားယူ​ဖို့ လိုတယ်။ “စားတာ၊ သောက်​တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်​တာ​တွေကြောင့် ပျော်ရွှင်​ရတာ​ထက်​ကောင်းတာ ဘာမှ​မရှိဘူး” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဒေ. ၂:၂၄) တစ်ခါတလေ အနားယူ​ဖို့ လိုမှန်း ယေရှု သိတယ်။ တစ်ခါ​က ပင်ပင်ပန်းပန်း ဟောပြော​ပြီးနောက် “လူသူမရှိ​တဲ့​နေရာ​ဆီ သွားပြီး ခဏတစ်ဖြုတ်​ နား​ရ​အောင်” လို့​တပည့်​တွေကို ပြောခဲ့တယ်။—မာ. ၆:၃၁၊ ၃၂

၁၂။ အပန်းဖြေမှု၊ ဖျော်ဖြေမှု​နဲ့ပတ်သက်ပြီး ဘာကို သတိထား​ရ​မလဲ။ ဥပမာ​ပေးပါ။

၁၂ အပန်းဖြေမှု၊ ဖျော်ဖြေမှု​ကလည်း အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါတွေ​ကို အဓိကထား​မယ်ဆိုရင် အန္တရာယ်​ရှိတယ်။ ပထမရာစု​တုန်းက လူများစွာ​မှာ “စား​ကြ၊ သောက်​ကြစို့။ မနက်ဖြန် သေ​ရမှာ​ပဲ” ဆိုတဲ့ သဘောထားမျိုး ရှိခဲ့တယ်။ (၁ ကော. ၁၅:၃၂) ဒီနေ့ လောကမှာ​လည်း ဒီလို​သဘောထားမျိုး ပျံ့နှံ့​နေတယ်။ ဥပမာ၊ လွန်ခဲ့တဲ့​နှစ်တွေ​က အနောက်​ဥရောပ​က လူငယ်​တစ်ဦး ခရစ်ယာန် အစည်းအဝေးတွေကို စတက်​ခဲ့တယ်။ ဒါပေမဲ့ ဖျော်ဖြေရေး​ကို နှစ်သက်​လွန်း​တော့ ယေဟောဝါရဲ့​လူမျိုး​နဲ့ ဆက်​မ​ပေါင်း​တော့ဘူး။ ဖျော်ဖြေရေး​ကို အာရုံစိုက်​လွန်း​လို့ ပြဿနာတွေ၊ စိတ်ပျက်​စရာ​တွေ ကြုံရ​မှန်း သိလာ​တယ်။ ဒါကြောင့် ကျမ်းစာ ပြန်​လေ့လာ​တယ်။ သတင်းကောင်း ကြေညာသူ​ဖြစ်ဖို့ အရည်အချင်း ပြည့်မီ​လာတယ်။ နှစ်ခြင်းခံ​ပြီးနောက် ဒီလိုပြောတယ်– “ဒီလောက​ရဲ့ ဖျော်ဖြေရေး​ကို လိုက်စား​တာ​ထက် ယေဟောဝါကို အမှုဆောင်​တာ​က ပို​ပျော်ရွှင်​စေ​မှန်း မသိ​ခင်​က အချိန်​အများကြီး ကုန်ဆုံး​ခဲ့တာ​ကို နောင်တရ​မိတယ်။”

၁၃။ (က) အပန်းဖြေမှု၊ ဖျော်ဖြေမှု​နဲ့​ဆက်နွှယ်​တဲ့ အန္တရာယ်​တွေကို ဖော်​ပြပါ။ (ခ) အပန်းဖြေမှု၊ ဖျော်ဖြေမှု​အပေါ် မျှတတဲ့​အမြင် ထိန်းသိမ်း​ဖို့ ဘာက ကူညီပေး​နိုင်သလဲ။

၁၃ အပန်းဖြေ​ရတဲ့ ရည်ရွယ်ချက်​က လန်းဆန်း​အားပြည့်​လာဖို့​ပါပဲ။ ဒီတော့ အဲဒီ​အတွက် အချိန်​ဘယ်လောက် သုံးသင့်​သလဲ။ ဒီလို နှိုင်းယှဉ်​စဉ်းစားကြည့်ပါ– ကျွန်တော်တို့ အများစုက အချို​ပွဲ​တွေကို ကြိုက်​ကြ​တယ်။ ဒါပေမဲ့ ကိတ်မုန့်​နဲ့ သကြားလုံး​တွေကို အမြဲ​စား​ရင် ကျန်းမာရေး ထိခိုက်​စေ​မှန်း သိ​ကြ​တယ်။ ဒါကြောင့် အာဟာရရှိ​တဲ့ အစားအစာ​ကိုပဲ အဓိက စား​ကြ​တယ်။ အလားတူ​ပဲ အပန်းဖြေမှု၊ ဖျော်ဖြေမှု​ကို အဓိကထား​ရင် ဘုရားရေးရာ​မှာ အားနည်း​သွားမယ်။ အဲဒီလို​မဖြစ်​ဖို့ ဘုရားရေးရာ လုပ်ဆောင်မှု​တွေမှာ မှန်မှန် ပါဝင်ဖို့ လိုတယ်။ အပန်းဖြေမှု​အပေါ်​ မျှတတဲ့​အမြင် ရှိ​မရှိ ဘယ်လို သိနိုင်​သလဲ။ အစည်းအဝေး တက်​ခြင်း၊ အမှုဆောင်​မှာ ပါဝင်ခြင်း၊ ကိုယ်ပိုင်​နဲ့ မိသားစု ကျမ်းစာလေ့လာမှု လုပ်ခြင်း​စတဲ့ ဘုရားရေးရာ လုပ်ဆောင်မှု​တွေအတွက် အချိန်​ဘယ်လောက်​ပေးတယ်​ဆိုတာ တစ်ပတ်လောက် မှတ်ထား​ကြည့်ပါ။ ပြီးတော့ အားကစား၊ ဝါသနာ၊ ရုပ်မြင်သံကြား​ကြည့်ခြင်း၊ ဗီဒီယိုဂိမ်း ကစားခြင်း စတဲ့ အပန်းဖြေမှု​တွေအတွက် တစ်ပတ်​တာ အသုံးပြုခဲ့တဲ့​အချိန်နဲ့ နှိုင်းယှဉ်​ကြည့်ပါ။ ဘာ​အဖြေ​ ရသလဲ။ “အချို​ပွဲ” ကို လျှော့ချ​ဖို့ လို​နေ​သလား။ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။

၁၄။ အပန်းဖြေမှု၊ ဖျော်ဖြေမှု ရွေးချယ်​တဲ့အခါ ဘာက လမ်းညွှန်ပေး​သင့်သလဲ။

၁၄ ကျမ်းစာမူ​တွေနဲ့ ကိုက်ညီ​သ​ရွေ့ အပန်းဖြေမှု​တွေကို ကိုယ်​ကြိုက်နှစ်သက်​သလို တစ်ဦးစီ၊ အိမ်ထောင်ဦးစီး​တွေ လွတ်လွတ်လပ်လပ် ရွေးချယ်​နိုင်တယ်။ * အကျိုးပြု​တဲ့ အပန်းဖြေမှု​ဟာ “ဘုရားသခင်​ဆီကရတဲ့ လက်ဆောင်” ပါ။ (ဒေ. ၃:၁၂၊ ၁၃) အပန်းဖြေမှု ရွေးချယ်​ရာမှာ တစ်ယောက်​နဲ့ တစ်ယောက် မတူဘူး။ (ဂ​လ. ၆:၄၊ ၅) ဘယ်​ဖျော်ဖြေမှု​ကိုပဲ ရွေးချယ်​ပါစေ သင့်တော်​တဲ့နေရာမှာ ထား​တတ်ဖို့ လိုတယ်။ “ကိုယ့်​ဘဏ္ဍာ​ရှိတဲ့​နေရာမှာ ကိုယ့်​စိတ် ရောက်နေ​တတ်တယ်” လို့ ယေရှု ပြောတယ်။ (မ. ၆:၂၁) ဒါကြောင့် ယေရှုကို ချစ်တဲ့​မေတ္တာ​က ဘဝ​ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ​တွေ​ထက် ဘုရားရေးရာ​တွေကို အဓိကထား စဉ်းစား၊ ပြောဆို၊ လုပ်ဆောင်​ဖို့ လှုံ့ဆော်ပေး​ပါလိမ့်မယ်။—ဖိ. ၁:၉၊ ၁၀

ရုပ်​ဝတ္ထု​ပစ္စည်း အဓိကထား​ခြင်း​ကို တိုက်လှန်​ခြင်း

၁၅၊ ၁၆။ (က) ရုပ်​ဝတ္ထု​ပစ္စည်း အဓိကထား​ခြင်းက ဘယ်လိုနည်းနဲ့ ခရစ်ယာန်​တစ်ယောက်​အတွက် ထောင်ချောက် ဖြစ်သွား​နိုင်သလဲ။ (ခ) ရုပ်​ဝတ္ထု​ပစ္စည်း​နဲ့ပတ်သက်ပြီး ယေရှု ဘယ်​ပညာရှိ အကြံဉာဏ် ပေးခဲ့​သလဲ။

၁၅ ဒီနေ့ လူများစွာ​ဟာ နောက်ဆုံး​ပေါ် ဖက်ရှင်​တွေ၊ အီလက်ထရောနစ်​ပစ္စည်း​စတဲ့ အရာတွေ​ကို အစွဲအလမ်း​ကြီးလာ​ကြ​တယ်။ ဒါကြောင့် ခရစ်ယာန်​တစ်ဦးစီ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးမြန်းစစ်ဆေး​နေဖို့ လိုတယ်– ‘ရုပ်​ဝတ္ထု​ပစ္စည်း​တွေ​က ငါ့​အတွက် အလွန်​အရေးကြီး​လာ​လို့ အသင်းတော် အစည်းအဝေး​တွေအတွက် ပြင်ဆင်​ဖို့​ထက် နောက်ဆုံး​ပေါ် ကား၊ ဖက်ရှင်​တွေအကြောင်း ရှာဖွေ​စဉ်းစား​ဖို့ အချိန်ပို​ပေး​နေ​သလား။ ဘဝ​ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ​တွေကို​ပဲ အဓိကထား​လွန်း​လို့ ဆုတောင်း​ဖို့၊ ကျမ်းစာလေ့လာ​ဖို့ အချိန်​သိပ်​မပေး​တော့ဘူး​လား။’ ရုပ်​ဝတ္ထု​ပစ္စည်း နှစ်သက်​စွဲလမ်း​စိတ်​က ခရစ်တော်​ကို ချစ်တဲ့​မေတ္တာ​အပေါ် အုပ်​မိုး​သွား​မှန်း သိလာ​တယ်ဆိုရင် “လောဘ​ကြီး​ခြင်း​အမျိုးမျိုးကို သတိ​နဲ့ ရှောင်ကြ​ပါ” ဆိုတဲ့ ယေရှုရဲ့ စကားကို စဉ်းစား​သင့်တယ်။ (လု. ၁၂:၁၅) ဒီ​အရေးကြီးတဲ့ သတိပေး​စကားကို ယေရှု ဘာကြောင့် ပြောခဲ့​တာလဲ။

၁၆ “ဘယ်သူမှ သခင်​နှစ်ဦး​စီ​မှာ အစေခံ​လို့ မရဘူး။ . . . ဘုရားသခင်အတွက်​ရော စည်းစိမ်​အတွက်​ပါ တစ်ပြိုင်​တည်း အစေခံ​လို့ မရဘူး” လို့ ယေရှု ပြောခဲ့တယ်။ အကြောင်းကတော့ ‘သခင်​နှစ်ဦး​စလုံး’ က အကြွင်းမဲ့ ပေးဆက်​ဖို့ တောင်းဆို​လို့​ပါပဲ။ ဒါကြောင့် “သခင်​တစ်ဦးကို မုန်း​ပြီး နောက်​တစ်ဦးကို ချစ်​မှာပဲ။ တစ်ဦးကို သစ္စာရှိ​ပြီး တစ်ဦးကို မထီလေးစား လုပ်​မှာပဲ” လို့ ယေရှု ပြောခဲ့တယ်။ (မ. ၆:၂၄) ကျွန်တော်တို့ မစုံလင်သူ​တွေဟာ ရုပ်​ဝတ္ထု​ပစ္စည်း အဓိကထား​ခြင်း အပါအဝင် ‘အပြစ်ရှိ​တဲ့ အလိုဆန္ဒတွေ’ ကို ဆက်တိုက်​လှန်​နေကြ​ရမယ်။—ဧ. ၂:၃

၁၇။ (က) ဇာတိသဘော​ရှိတဲ့​သူတွေဟာ ရုပ်​ဝတ္ထု​ပစ္စည်း​အပေါ် မျှတ​တဲ့​အမြင် ပျိုးထောင်​ဖို့ ဘာကြောင့် ခက်​သလဲ။ (ခ) ရုပ်​ဝတ္ထု​ပစ္စည်း အဓိကထား​ချင်တဲ့​ဆန္ဒ​ကို တိုက်လှန်​ဖို့ ဘာက ကူညီပေးသလဲ။

၁၇ ဇာတိသဘော​ရှိတဲ့​သူတွေဟာ ရုပ်​ဝတ္ထု​ပစ္စည်း​အပေါ်​ မျှတတဲ့​အမြင် ပျိုးထောင်​ဖို့ ခက်တယ်။ အကြောင်းကတော့ သူတို့ရဲ့ ဘုရားရေးရာ​အာရုံ​တွေ ထုံထိုင်း​သွား​လို့​ပါပဲ။ (၁ ကောရိန္သု ၂:၁၄ ကိုဖတ်ပါ။) သူတို့ရဲ့ ပိုင်းခြားနိုင်စွမ်း မကြည်မလင်​ဖြစ်​လေ အမှားအမှန် ခွဲခြား​နိုင်​ဖို့ ပို​ခက်​လေ​ပဲ။ (ဟီ. ၅:၁၁-၁၄) ဒီလိုနဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်​ချင်စိတ်​ကို မထိန်းချုပ်​နိုင်​တော့​ဘဲ အလို​မပြည့်​နိုင်​တော့ဘူး။ (ဒေ. ၅:၁၀) ရုပ်​ဝတ္ထု​ပစ္စည်း အဓိကထား​ချင်တဲ့ အတွေးအခေါ်​ရဲ့ အဆိပ်သင့်​မှု​အတွက် ဖြေဆေး​က​တော့ ဘုရား​စကားတော် သမ္မာကျမ်းစာ​ကို မှန်မှန် မှီဝဲ​နေခြင်း​ပါပဲ။ (၁ ပေ. ၂:၂) ဘုရားရေးရာ အမှန်တရားကို တွေးတောဆင်ခြင်ခြင်း​ကြောင့် သွေးဆောင်မှု​ကို ယေရှု ငြင်းပယ်​နိုင်ခဲ့​သလို ကျမ်းစာမူ​တွေကို ကျင့်သုံးခြင်း​က ရုပ်​ဝတ္ထု​ပစ္စည်း အဓိကထား​ချင်တဲ့​ဆန္ဒ​ကို တိုက်လှန်​ဖို့ ကူညီပေး​ပါလိမ့်မယ်။ (မ. ၄:၈-၁၀) အဲဒီလို​လုပ်ခြင်း​အားဖြင့် ရုပ်​ဝတ္ထု​ပစ္စည်း မှန်သမျှ​ထက် ယေရှုကို ချစ်ကြောင်း ဖော်ပြ​ကြ​တယ်။

သင့်​ဘဝ​မှာ ဘာတွေ​ကို ဦးစားထား​နေ​သလဲ (အပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ ဘာ​လုပ်ဖို့ ဆုံးဖြတ်ထား​သလဲ။

၁၈ “ဒီ​ဟာ​တွေ​ထက် ကျွန်တော့်ကို ပို​ချစ်​သလား” လို့ ပေတရု​ကို ယေရှု မေး​တာ​က ဘဝ​မှာ ဘုရားရေးရာ​ကို ဦးစားထား​ဖို့ လို​ကြောင်း သတိပေး​နေတာ ဖြစ်တယ်။ “ကျောက်ဆောင်” လို့ အဓိပ္ပာယ်​ရတဲ့ ပေတရု​ဟာ ကျောက်ဆောင်​လို ခိုင်ခံ့တဲ့ အရည်အသွေး​တွေ တင်ပြ​ပြီး နာမည်​နဲ့​လိုက်​အောင် အသက်ရှင်​ခဲ့တယ်။ (တ. ၄:၅-၂၀) ဒီနေ့ ကျွန်တော်တို့လည်း လောကအလုပ်၊ အပန်းဖြေ​ခြင်း၊ ရုပ်​ဝတ္ထု​ပစ္စည်း​တွေကို တော်မှန်​တဲ့နေရာမှာ ထားခြင်း​အားဖြင့် ခရစ်တော်​ကို အမြဲချစ်​သွားမယ်​လို့ ဆုံးဖြတ်ထား​ကြပါ​တယ်။ “ကျွန်တော်​ချစ်​မှန်း သခင်​သိ​ပါတယ်” လို့ပြော​တဲ့ ပေတရု​ရဲ့ သဘောထားမျိုး​ရှိကြောင်း ကျွန်တော်တို့ရဲ့ ရွေးချယ်မှု​တွေ​က ဖော်ပြ​နိုင်ပါစေ။

^ စာပိုဒ်၊ 14 ၂၀​၁၁၊ အောက်တိုဘာ ၁၅ ကင်းမျှော်စင် ပါ “သင့်​အပန်းဖြေမှု​က အကျိုးပြု​သလား” ဆောင်းပါး၊ စာမျက်နှာ ၉-၁၂၊ အပိုဒ် ၆-၁၅ ကိုကြည့်ပါ။