မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ညီအစ်ကိုတွေကို ဂါယု ကူညီပေးပုံ

ညီအစ်ကိုတွေကို ဂါယု ကူညီပေးပုံ

ပထမရာစု​နှောင်းပိုင်း​မှာ ဂါယု​နဲ့ တခြား​ခရစ်ယာန်တွေ​ဟာ အခက်အခဲ​တွေ ရင်ဆိုင်​ခဲ့ကြ​ရတယ်။ မှားယွင်းတဲ့​အယူဝါဒ ဖြန့်​သူတွေက အသင်းတော်တွေ အားနည်း​သွား​အောင်၊ စိတ်ဝမ်းကွဲ​အောင် လုပ်ကြတယ်။ (၁ ယော. ၂:၁၈၊ ၁၉။ ၂ ယော. ၇) ဒယောတရပ်​ဆို​သူက တမန်တော် ယောဟန်​နဲ့ တခြားသူတွေ​အကြောင်း “မလို​တ​မာ​စိတ်နဲ့” ပြောဆို​နေတယ်။ နယ်လှည့်​ခရစ်ယာန်တွေကို ဧည့်​ဝတ်​မပြု​ချင်ဘူး။ သူ့လို လိုက်လုပ်​ဖို့ တခြားသူတွေကို​လည်း သွေးဆောင်​နေတယ်။ (၃ ယော. ၉၊ ၁၀) ဒါက ဂါယု​ဆီ ယောဟန် စာရေး​တုန်းက အခြေအနေ​ပဲ။ အေဒီ ၉၈ လောက်မှာ ရေးပို့​တဲ့ တမန်တော်​ရဲ့ စာ​ဟာ ခရစ်ယာန် ဂရိကျမ်းစောင်​မှာ “ယောဟန်တတိယစောင်” ပါပဲ။

အခက်အခဲ​တွေ ကြုံရ​ပေ​မဲ့ ဂါယု​ဟာ ယေဟောဝါကို သစ္စာရှိရှိ ဆက်​အမှုဆောင်​ခဲ့တယ်။ သစ္စာရှိ​ကြောင်း ဘယ်လို ပြခဲ့​သလဲ။ ဂါယု​ရဲ့ ပုံသက်သေ​ကို ဒီနေ့ ဘာကြောင့် တုပ​ချင်​ကြ​သလဲ။ ယောဟန်ရဲ့ စာ​က ဂါယု​ကို တုပ​ဖို့ ဘယ်လို ကူညီပေး​နိုင်သလဲ။

ချစ်ခင်​ရတဲ့ မိတ်ဆွေ​ထံ ပေးစာ

ယောဟန် တတိယ​စောင် ရေးသူ​က သူ့ကိုယ်သူ “အသက်ကြီးသူ” လို့ဆို​ထားတယ်။ ဒါကြောင့် တမန်တော် ယောဟန်​ပဲ​ဆိုတာ သား​လို ချစ်​ရတဲ့​ဂါယု သိ​လောက်​ပါတယ်။ ယောဟန်​က “မေတ္တာစစ်​နဲ့ ချစ်ခင်​ရတဲ့ ဂါယု” လို့ လှိုက်လှိုက်လှဲလှဲ ခေါ်ထား​တယ်။ ပြီးတော့ ဂါယု ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာ​ချမ်းသာ​ပါစေ​လို့ ဆန္ဒပြု​ထားတယ်။ မွန်မြတ်​တဲ့​သဘောထား၊ နှစ်သက်ဖွယ် စကားပါပဲ။—၃ ယော. ၁၊ ၂၊ ၄

ဂါယု​ဟာ အသင်းတော် ကြီးကြပ်မှူး ဖြစ်နိုင်​ပေ​မဲ့ စာထဲမှာ​တော့ တိတိကျကျ မဖော်ပြ​ထားဘူး။ မသိကျွမ်း​တဲ့ ညီအစ်ကိုတွေ​ကို​တောင် ဧည့်ဝတ်ပြု​လို့ ဂါယု​ကို ယောဟန် ချီးမွမ်းခဲ့တယ်။ ဒါဟာ ဂါယု​ရဲ့ သစ္စာရှိမှု​လို့ ယောဟန် သတ်မှတ်​ခဲ့တယ်။ ဧည့်ဝတ်ကျေပွန်မှု​ဟာ ဘုရားသခင့် ကျေးကျွန်​တွေရဲ့ အမှတ်အသား အမြဲ​ဖြစ်လို့​ပါပဲ။—က. ၁၈:၁-၈။ ၁ တိ. ၃:၂။ ၃ ယော. ၅

ညီအစ်ကိုတွေ​အတွက် ဂါယု​ရဲ့ ဧည့်ဝတ်ကျေပွန်မှု​ကို ချီးမွမ်း​ထားတဲ့ ယောဟန်ရဲ့ စကား​တွေကို ကြည့်ခြင်း​အားဖြင့် တမန်တော်​ယောဟန် နေတဲ့​နေရာ​နဲ့ အသင်းတော်တွေ​ဆီ ခရစ်ယာန်တွေ မှန်မှန် သွားလာ​နေကြ​ကြောင်း ဖော်ပြတယ်။ ဒီ​ခရီးသွား​တွေ​က ကြုံတွေ့​ခဲ့တာ​တွေအကြောင်း ယောဟန်​ကို ပြောပြ​ကြ​တယ်။ ဒါကြောင့် ယောဟန်​က အသင်းတော်တွေ​အကြောင်း ကြားသိ​ရတာ ဖြစ်နိုင်တယ်။

နယ်လှည့်​ခရစ်ယာန်တွေ​ဟာ ယုံကြည်သူချင်းတွေ​ဆီမှာ​ပဲ တည်းခို​ချင်​ကြ​တယ်။ တည်းခိုခန်း​တွေ​က ညံ့ဖျင်း​တဲ့ ဝန်ဆောင်​မှု၊ အကျင့်ပျက်မှု​တွေကြောင့် နာမည်ပျက်​နေတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပညာရှိ​တဲ့​ခရီးသွား​တွေဟာ မိတ်ဆွေတွေ​ဆီမှာ တည်းခို​ချင်​ကြ​တယ်။ နယ်လှည့်​ခရစ်ယာန်တွေ​ကလည်း ခရစ်ယာန်ချင်း​တွေဆီ​မှာပဲ တည်းခို​ချင်​ကြ​တယ်။

“ဘုရားသခင့်နာမည်​အကြောင်း ဟောပြော​ဖို့ ခရီးသွား”

ဧည့်ဝတ်ကျေပွန်​ဖို့ ဂါယု​ကို ယောဟန် ဆက်​အားပေးခဲ့တယ်။ “သူတို့ ခရီးဆက်​တဲ့အခါ ဘုရားသခင် နှစ်သက်​တဲ့အတိုင်း ကူညီပေး” ဖို့ တောင်းဆို​ခဲ့တယ်။ ခရီးဆက်​တဲ့အခါ ကူညီပေးဖို့​ဆိုတာက ရှေ့​ဆက်​မယ့် ခရီး​အတွက် ဧည့်သည်​တွေကို ကူညီပေးခြင်း၊ ခရီးဆုံး​တဲ့အထိ လိုအပ်သမျှ ဖြည့်ဆည်း​ပေးခြင်း​ကို ဆိုလိုတယ်။ အိမ်ရှင်​တွေရဲ့ မေတ္တာ၊ ယုံကြည်ခြင်း​အကြောင်း ယောဟန်ဆီ ပြောပြ​ကြ​လို့ ဧည့်သည်​တွေကို ဂါယု ဧည့်ဝတ်ပြု ကူညီပေး​ခဲ့ဖူး​တာ ထင်ရှား​ပါတယ်။—၃ ယော. ၃၊ ၆

ဧည့်သည်​တွေဟာ သာသနာပြု​တွေ၊ ယောဟန် စေလွှတ်​လိုက်​သူတွေ၊ နယ်လှည့်ကြီးကြပ်မှူး​တွေ ဖြစ်နိုင်တယ်။ ဘယ်လိုပဲ​ဖြစ်ပါ​စေ သူတို့​တစ်​တွေ သတင်းကောင်း​အတွက် သွားလာ​နေကြ​တာပါ။ “သူတို့ဟာ . . . ဘုရားသခင့်နာမည်​အကြောင်း ဟောပြော​ဖို့ ခရီးသွား​နေ​သူတွေ​ပါ” လို့ ယောဟန် ပြောခဲ့တယ်။ (၃ ယော. ၇) ဒါကြောင့် ခရစ်ယာန်​အသင်းသား ညီအစ်ကိုတွေ​ဟာ လှိုက်လှိုက်လှဲလှဲ ကြိုဆို​ခံထိုက်​ပါတယ်။ “အဲဒီလိုလူ​တွေကို ဧည့်ဝတ်ပြု​ရမယ့်​တာဝန် ရှိတယ်။ ဒါမှ ကျွန်တော်တို့ဟာ အမှန်တရား ကြေညာ​တဲ့​လုပ်ငန်းမှာ လုပ်ဖော်ဆောင်ဖက်​တွေ ဖြစ်ကြ​မှာပေါ့” လို့ ယောဟန် ရေးခဲ့တယ်။—၃ ယော. ၈

ခက်ခဲချိန်​မှာ ကူညီပေးခြင်း

ကျေးဇူးတင်ကြောင်း  ပြော​ဖို့​လောက်​ပဲ  ဂါယု​ဆီ ယောဟန် စာရေး​ခဲ့တာ မဟုတ်ဘူး။ ကြီးလေး​တဲ့ ပြဿနာ​တစ်ခုကို​လည်း ယောဟန် ကူညီဖြေရှင်း​ပေးချင်​နေတယ်။ အကြောင်း​တစ်ခုခု​ကြောင့် ဒယောတရပ်​ဆိုတဲ့ ခရစ်ယာန်​အသင်းသား​တစ်ယောက်က နယ်လှည့်​ခရစ်ယာန်တွေကို ဧည့်ဝတ်​မပြု​ချင်ဘူး။ တခြားသူတွေ ဧည့်ဝတ်ပြု​တာ​ကိုလည်း တားဆီး​နေတယ်။—၃ ယော. ၉၊ ၁၀

သစ္စာရှိ ခရစ်ယာန်တွေ​ဟာ ဖြစ်နိုင်​မယ်ဆိုရင် ဒယောတရပ်​ဆီမှာ မတည်း​ချင်​ကြဘူး။ သူက အသင်းတော်ရဲ့ ထိပ်ဆုံး​နေရာ ရချင်တယ်။ ယောဟန် ပြော​သမျှကို တလေးတစား​နဲ့ လက်မခံ​ဘူး။ တမန်တော် ယောဟန်​နဲ့ တခြားသူတွေ​အကြောင်း မလို​တ​မာ​စိတ်နဲ့ ပြောဆို​နေတယ်။ ဒယောတရပ်​ကို ဆရာ​အတုအယောင်​လို့ ယောဟန် တစ်ခါ​မှ မ​ခေါ်​ခဲ့​ပေ​မဲ့ တမန်တော်​ရဲ့ အခွင့်အာဏာ​ကို ဆန့်ကျင်​နေတယ်။ ဒယောတရပ်​ရဲ့ ထင်ပေါ်​ချင်တဲ့​ဆန္ဒ၊ ခရစ်ယာန် မ​ဆန်​တဲ့​သဘောထား​က သူ့ရဲ့​သစ္စာစောင့်သိမှု​ကို သံသယဝင်​စရာ ဖြစ်စေ​ခဲ့တယ်။ ရည်မှန်းချက်​ကြီးသူ​တွေ၊ မာနထောင်လွှား​သူတွေက အသင်းတော်​မှာ စိတ်ဝမ်းကွဲပြား​စေမယ်​ဆိုတာ ဒယောတရပ်​ရဲ့ အဖြစ်​က ဖော်ပြတယ်။ ဒါကြောင့် “အဆိုး​ကို အတု​မယူ​ပါနဲ့” လို့ ဂါယု​ကို ယောဟန် ပြောခဲ့တဲ့​စကားက ကျွန်တော်တို့ တစ်ယောက်ချင်း​စီ​နဲ့လည်း သက်ဆိုင်​တယ်။—၃ ယော. ၁၁

ကောင်းမွန်​တာ​ကို လုပ်ဆောင်​ဖို့ အကောင်းဆုံး အကြောင်းပြချက်

ဒယောတရပ်​နဲ့ မတူဘဲ ဒေ​မေ​တ​ရိ​လို့ခေါ်တဲ့ ခရစ်ယာန်​တစ်ယောက်က​တော့ ပုံသက်သေကောင်း​တယ်လို့ ယောဟန် ဖော်ပြ​ခဲ့တယ်။ “ဒေ​မေ​တ​ရိ​က​တော့ . . . နာမည်ကောင်း ရတယ်။ . . . ကျွန်တော်တို့​ကလည်း သူ့ကို ထောက်ခံ​ပါတယ်။ ကျွန်တော်တို့ ထောက်ခံ​တာ မှန်ကန်​မှန်း ခင်ဗျား​သိ​ပါတယ်” လို့ ယောဟန် ရေးခဲ့တယ်။ (၃ ယော. ၁၂) ဒေ​မေ​တ​ရိ​ဟာ ဂါယု​ရဲ့ အကူအညီ လိုအပ်​နေနိုင်​တယ်။ ယောဟန် တတိယ​စောင်​က တမန်တော်​ရဲ့ မိတ်ဆက်​စာ၊ ထောက်ခံ​စာ ဖြစ်နိုင်တယ်။ ဒေ​မေ​တ​ရိ​ကိုယ်တိုင် ဒီ​စာ​ကို ဂါယု​ဆီ ယူလာ​ပေးတာ ဖြစ်နိုင်တယ်။ ယောဟန် စေလွှတ်​လိုက်​သူ၊ နယ်လှည့်​ကြီးကြပ်မှူး တစ်ယောက်​အနေနဲ့ ဒေ​မေ​တ​ရိ​က ယောဟန် ရေးလိုက်တဲ့​စာ​ကို ပို​လေးနက်​စေနိုင်​တယ်။

ဧည့်ဝတ်ကျေပွန်​ပြီးသား ဂါယု​ကို ဆက်​ဧည့်ဝတ်ကျေပွန်​ဖို့ ယောဟန် ဘာကြောင့် တိုက်တွန်း​ခဲ့​သလဲ။ ဂါယု​ရဲ့ ရဲစွမ်းသတ္တိ​ကို အားဖြည့်ပေး​ဖို့ လို​နေ​ကြောင်း သိမြင်​လို့​လား။ အသင်းတော်တွေ ဧည့်​ဝတ်​တာ​ကို ဒယောတရပ် တားဆီး​နေတာ​ကြောင့် ဂါယု တွန့်ဆုတ်​သွား​မှာ တမန်တော် ယောဟန် စိုးရိမ်​လို့​လား။ ဘာကြောင့်​ပဲ​ဖြစ်ပါ​စေ “ကောင်းမွန်​တာ​ကို လုပ်​တဲ့သူ​ဟာ ဘုရားသခင်ရဲ့ ဘက်တော်သား​ပဲ” လို့ ဂါယု​ကို ယောဟန် အားပေးခဲ့တယ်။ (၃ ယော. ၁၁) ဒါဟာ ကောင်းမွန်​တာ​ကို လုပ်ဖို့၊ ဆက်လုပ်​နေဖို့ အကောင်းဆုံး အကြောင်းပြချက်​ပါပဲ။

ယောဟန်ရဲ့ စာ​က ဂါယု​ကို ဆက်​ဧည့်ဝတ်ကျေပွန်​ဖို့ တွန်းအား​ဖြစ်စေ​ခဲ့သလား။ ဖြစ်စေ​ခဲ့​ပုံ​ရ​ပါတယ်။ ယောဟန် တတိယ​စောင်​ကို ကျမ်းစာမှာ ထည့်သွင်း​ထားပြီး “အကောင်း​ကို အတုယူ” ဖို့ တခြားသူတွေကို လက်ဆင့်ကမ်း အားပေး​ထားလို့ပါ​ပဲ။

ယောဟန် တတိယ​စောင်​မှ သင်​ခန်​စာများ

ချစ်​ရတဲ့ ညီအစ်ကို​ကြီး ဂါယု​အကြောင်း နောက်ထပ် မသိ​ရတော့​ဘူး။ ဒါပေမဲ့ သူ့​ဘဝ​အကြောင်း အနည်းငယ်​က​နေ သင်ယူစရာ​များစွာ ရနိုင်​ပါတယ်။

ဘယ်လိုနည်းတွေနဲ့ “ဧည့်ဝတ်ပြုတတ်တဲ့အကျင့် ရှိအောင် လုပ်” နိုင်သလဲ

ပထမ၊ ကျွန်တော်တို့​အများစု အမှန်တရား သိအောင် လိုလိုလားလား ခရီးသွား​လာပြီး ကူညီပေး​တဲ့ သစ္စာရှိသူ​တွေ​အပေါ် ကျေးဇူး​ကြွေး တင်​နေကြတယ်။ ဒီနေ့ ခရစ်ယာန် အသင်းတော်သား​အားလုံးဟာ သတင်းကောင်း​အတွက် ခရီးဝေး​သွားလာ​နေ​သူတွေ မဟုတ်​တာ​တော့ မှန်ပါတယ်။ ဒါပေမဲ့ တိုက်နယ်ကြီးကြပ်မှူး​နဲ့ ဇနီး​စတဲ့ နယ်လှည့်​သွားလာ​သူတွေကို ဂါယု​လိုပဲ တစ်နည်းနည်း​နဲ့ အားပေးထောက်မ​နိုင်တယ်။ ပြည်တွင်းပြည်ပ​ရှိ ပိုလိုအပ်​တဲ့​ဒေသ​တွေမှာ ပြောင်းရွှေ့​အမှုဆောင်​နေတဲ့ ညီအစ်ကို/မတွေကို လက်တွေ့ကျ အကူအညီ ပေးနိုင်​ပါတယ်။ “ဧည့်ဝတ်ပြု​တတ်တဲ့​အကျင့် ရှိအောင် လုပ်” ကြပါစို့။—ရော. ၁၂:၁၃။ ၁ တိ. ၅:၉၊ ၁၀

ဒုတိယ၊ ဖြစ်တောင့်ဖြစ်ခဲ​အနေနဲ့ အသင်းတော်​မှာ အခွင့်အာဏာ ဖီဆန်​တာမျိုး ကြုံတွေ့​ရ​ရင် မအံ့ဩ​သင့်​ပါဘူး။ အဲဒီ​လို အခြေအနေ​မျိုး ယောဟန်​နဲ့ တမန်တော် ပေါလုတို့ ကြုံတွေ့​ခဲ့ရတယ်။ (၂ ကော. ၁၀:၇-၁၂။ ၁၂:၁၁-၁၃) အသင်း​တော်​အတွင်းမှာ အလားတူ​အခြေအနေ​မျိုး ကြုံတွေ့​လာ​ရင် ဘယ်လို တုံ့ပြန်​သင့်သလဲ။ “ဘုရားသခင်ရဲ့ ကျွန်​ဟာ ခိုက်ရန်​ဖြစ်စ​ရာ မလိုဘူး။ လူအားလုံး​နဲ့ ပြောဆိုဆက်ဆံ​တဲ့အခါ သိမ်မွေ့​တဲ့သူ၊ သွန်သင်​နိုင်စွမ်း​ရှိသူ၊ သူတစ်ပါး​ရဲ့​အမှား​ကို သည်းခံ​နိုင်​သူ၊ သဘောချင်း​မတူ​တဲ့သူကို နူးညံ့သိမ်မွေ့​စွာ သွန်သင်ပေးသူ ဖြစ်​ရမယ်” လို့ တိမောသေကို ပေါလု အကြံပေး​ခဲ့တယ်။ ဒေါသ​အ​ဆွ​ခံရတဲ့​အခါမှာ​တောင် နူးညံ့သိမ်မွေ့​မှု ဆက်​ပြ​မယ်ဆိုရင် အပြစ်တင်​ဝေဖန်သူ​တချို့​ရဲ့ သဘောထား တဖြည်းဖြည်း ပြောင်းလဲ​လာနိုင်တယ်။ ဒီလိုနဲ့ “သူတို့ နောင်တရ​ပြီး အမှန်တရား​နဲ့​ဆိုင်တဲ့ တိကျမှန်ကန်​တဲ့ အသိပညာ သိရှိ​လာအောင် ဘုရားသခင် အခွင့်အရေး​ပေးတာ ဖြစ်​ကောင်း​ဖြစ်​လိမ့်မယ်။”—၂ တိ. ၂:၂၄၊ ၂၅

တတိယ၊ ဆန့်ကျင်မှု​တွေ​ကြား ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်​နေတဲ့ ခရစ်ယာန်ချင်း​တွေကို အသိအမှတ်ပြု​ပြီး လှိုက်လှိုက်လှဲလှဲ ချီးမွမ်း​ပေး​သင့်ပါတယ်။ တမန်တော် ယောဟန်​က ဂါယု​ကို အားပေးခဲ့တယ်။ မှန်ကန်​ရာကို လုပ်ဆောင်​နေ​ကြောင်း စိတ်ချ​စေခဲ့တယ်။ အလားတူ​ပဲ ဒီနေ့ခေတ် အကြီးအကဲတွေ​က ညီအစ်ကို/မတွေကို ‘မမော​ပန်း’ အောင် အားပေးခြင်း​အားဖြင့် ယောဟန်ရဲ့ ပုံသက်သေ​ကို တုပ​သင့်ပါတယ်။—ဟေရှာ. ၄၀:၃၁။ ၁ သက်. ၅:၁၁

ဂါယု​ဆီ တမန်တော်​ယောဟန် ရေးတဲ့၊ ဂရိ​စာလုံး ၂၁၉ လုံး​ပဲ​ပါတဲ့ စာ​ဟာ အ​တို​ဆုံး ကျမ်းစာစောင်​ပါ။ ဒါပေမဲ့ ဒီနေ့ခေတ် ခရစ်ယာန်တွေ​အတွက် အလွန်​အဖိုးတန်​လှ​ပေ​တယ်။